အသက်ရှင်ဖို့ ပြေးရတဲ့နေ့
Vol. 119 Ch. 1780
အလိုလိုသိစိတ်အလျောက် တုံ့ပြန်ရင်း ကျိုးလျန်သည် စတီယာရင်ဘီးကို ဘယ်သို့ ဆတ်ကနဲ ရစ်ပတ်လိုက်ကာ ညာဘက်ကားဘီးအား လေပေါ်သို့ ပင့်တက်သွားစေခဲ့၏။
လင်းရီ မတုံ့ပြန်လိုက်နိုင်ခင်မှာဘဲ သူ၏ ဦးခေါင်းမှာ တံခါးဘောင်နှင့် ရုတ်တရက် သွားဆောင့်မိကာ နဖူးပေါက်ပြဲသွားခဲ့သည်။
" ခေါင်းဆောင် .... အဆင်ပြေရဲ့လား.... "
" ဘာမှမဖြစ်ဘူး... ဆက်ပြီးသာမောင်း... "
နဖူးထက်ရှိ သွေးများအား သုတ်ရင်း လင်းရီသည် သူ၏ သေနတ်အား လက်ထဲသို့ ပြန်ကိုင်လိုက်ကာ ပြတင်းပေါက်သို့ လှည့်၍ ကျိုးလျန်အတွက် ကာပစ်ပေးရန် ဟန်ပြင်သည်။
သို့သော် သူ့ကိုယ်သူ ကိုယ်ထင်ပြလိုက်သည့် အချိန်မှာပဲ ကျည်ဆံတို့က မိုးသီးမိုးပေါက်နှယ် အဆက်မပြတ် ကျရောက်လာပြီး ကား ကိုယ်ထည်သည်ပင် ကျည်ပေါက်ရာများ ဖြစ်သွားခဲ့၏။ လင်းရီမှာ ပြန်လည်ပစ်ခတ်ရန် အခွင့်အရေးပင် မရှိလိုက်ချေ။
" အားးး..... "
အော်ညည်းသံ တစ်ခု ကြားလိုက်ရပြီး ယင်းက ကျိုးလျန်၏ အသံပင်။
ကျည်ဆံက ၎င်း၏ လက်မောင်းသို့ ယှက်သန်းသွားပြီး ပြတ်ရှဒဏ်ရာ တစ်ခုအား ချန်ထားရစ်ခဲ့သည်။
ဒဏ်ရာ အရှိန်ကြောင့် ကျိုးလျန်သည် စတီယာရင်အား တည်ငြိမ်စွာ မထိန်းချုပ်နိုင်တော့ချေ။ ဘယ်ညာယိမ်းနွဲ့နေပြီး ကားရှေ့ခြမ်းမှာ ရှေ့ရှိ စတိုးဆိုင် ပြတင်းပေါက်သို့ ဝင်တိုက်မိသွားခဲ့ကာ အခြေအနေမှာ တဒင်္ဂမျှ ပရမ်းပတာ ဖြစ်သွားခဲ့၏။
“ ဘယ်လိုလဲ … မင်းမောင်းနိုင်သေးလား …”
“ ကျုပ်အဆင်ပြေတယ်.. ဒီတိုင်း အပေါ်ယံ ဒဏ်ရာလေးပါပဲ ….”
ကျိုးလျန် အံတင်းတင်းကြိတ်၍ ပြောလိုက်ပြီး “ ခေါင်းဆောင် ကျုပ်ကို စိတ်ပူဖို့ မလိုဘူး … ဂရုစိုက်ပြီး အဲ့ခွေးမသားတွေကိုသာ သတ်ပစ် …”
ထိုအခိုက်အတန့်၌ လင်းရီသည်လည်း ကျိုးလျန်၏ ဒဏ်ရာ အခြေအနေအား ခေါင်းထဲထည့်နေရန် အချိန်မရှိပါချေ။ လက်ရှိပုံစံ အတိုင်းဆိုပါက မည်သည့် ဖြတ်လမ်းကို အသုံးပြုစေကာမူ အကုန်လုံးက ဝိုင်းရံစောင့်ဆိုင်းနေမည်ဖြစ်ပြီး နှစ်ကောင်လုံး ဤနေရာ၌ ကိစ္စချောသွားလိမ့်မည်။
ကျိုးလျန် ကားမောင်းနေနိုင်သေးသရွေ့ သူ့ဘက်ကလည်း အကောင်းဆုံး ကြိုးပမ်းအားထုတ်ရမည် ဖြစ်၏။
လင်းရီ လှည့်၍ နောက်သို့ ကြည့်ရှုလိုက်ရာ အပြင်တွင် အုပ်စု လေးငါးခု ရှိနေပြီး မတူညီသည့် အဝတ်အစားများအား ဝတ်ဆင်ထားကြ၏။ မတူညီသည့် အဖွဲ့အစည်းများမှ ဖြစ်သည်မှာ သိသာလှသည်။
ယခုလေးတင် သူတို့နှင့် အပြန်အလှန် ပစ်ခတ်ခဲ့သည့် အနက်ရောင်မြွေ အဖွဲ့အစည်းသည်လည်း ၎င်းတို့အနက် တစ်အုပ်စု ဖြစ်၏။
ထို့ပြင် ယခု အချိန်တွင်တော့ ၎င်းတို့၏ တိုက်ခိုက်ချေမှုန်းစွမ်းအားက ပို၍ပင် ပြင်းထန် ကြမ်းတမ်းလာခဲ့တော့သည်။
သူတို့နှစ်ယောက်လုံးအား ပြင်ဆင်နိုင်ရန်အတွက် မည်သည့် အခွင့်အရေးကိုမျှ မပေးချေ။
ကားမောင်းနေသည့် ကျိုးလျန်မှာ နာကျင်မှုဝေဒနာကြောင့် ပို၍ပင် မတည်မငြိမ် ဖြစ်လာနေသည်။
အပစ်မခံလိုက်ရသော်လည်း ဘက်ဘက်လက်မောင်းမှာ ရှပ်ထိဒဏ်ရာ ရထားပြီး တည်ငြိမ်စွာ ကားမောင်းနိုင်သည့် သူ၏ စွမ်းရည်အပေါ် အကျိုးသက်ရောက်နေလျက်ရှိသည်။
“ ပြန်လှည့်ပြီး ဝင်တိုက် …”
“ ဟုတ်ကဲ့ …”
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီသည် ကျိုးလျန်နှင့် ယခု နေရာချင်း လဲလိုက်ချင်သည်။
သို့သော် ယခုလက်ရှိ အခိုက်အတန့်၌ နေရာလဲရန်အတွက် တိုတောင်းသည့် အချိန်လေးကိုပင် သူတို့မှာ မရရှိနိုင် ဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် ကျိုးလျန်အား ယခုလို ပြုလုပ်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်၏။ ရိုးရှင်းသည့် ပုံစံဖြင့် ထွက်ပြေးနေခြင်းက အသုံးမဝင်ပေ။
သူတို့ ရှေ့ဆက်တိုးမည်ဆိုပါကလည်း စောင့်ဆိုင်းနေသည့် ရန်သူတို့ ရှိနေနိုင်ပြီး လင်းရီတို့ နှစ်ယောက်အား ပို၍ပင် အလေးမသာသည့် အနေအထားသို့ ကျရောက်သွားစေလိမ့်မည်။
ယခု သူတို့၏ နည်းဗျူဟာက ရန်သူ၏ ဖွဲ့စည်းပုံကို ချေဖျက်ရန်ဖြစ်ပြီး ဤသည်က ၎င်းတို့အတွက် ကိုယ်ပိုင် အခွင့်အလမ်းကို ဖန်တီးနိုင်မည့် အဓိကသော့ချက်ပင်။
လင်းရီ၏ ညွှန်ကြားမှုအောက်တွင် ကျိုးလျန်သည် ယာဉ်အား ချက်ချင်းလှည့်၍ လူအုပ်ကြီးထံသို့ တန်းမတ်စွာ မောင်းနှင်လာခဲ့၏။ နေရာအနှံ့ နေရာယူထားသည့် နိုင်ငံခြား တပ်ဖွဲ့များမှ လင်းရီအပေါ် တရစပ်ပစ်ခတ်နေရင်း လန်ခရူဇာမှာ သူတို့ရှေ့တည့်တည့်သို့ အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာနေသည်ကို မြင်တော့ ထိတ်လန့်သည့် အမူအရာတို့အား လှစ်ဟာပြလာခဲ့ကာ ရှောင်ကြဉ်ရန်အတွက် အလျင်အမြန် လူစုခွဲသွားခဲ့ကြ၏။
နည်းဗျူဟာက ထိရောက်မှု ရှိသည်။ ကျိုးလျန်သည် အဆိုပါ အခိုက်အတန့်အား အခွင့်ကောင်းယူ၍ နောက်ထပ် အဖွဲ့အစည်းတစ်ခုထံသို့ ကားနှင့် ထပ်မံ ပြေးတိုက်၏။
လင်းရီသည် ၎င်းတို့၏ ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူ၍ ပစ်မှတ်များကို စနစ်တကျ ချိန်ရွယ်ကာ တစ်ယောက်ချင်း ပစ်ခတ်လိုက်သည်။ သူ၏ အမြင်တွင် တစ်ယောက်သေသည် ဆိုပါကလည်း သူတို့နောက် လိုက်လာမည့် လူတစ်ယောက် လျော့သွားလိမ့်မည်။ မတတ်နိုင်ပေ။ စစ်မြေပြင်တွင် ကိုယ့်အသက် လုံခြုံဖို့ရာအတွက် သူ့အသက်ကို စတေးပစ်ရမှာပဲ ဖြစ်၏။
“ ချီးပဲ …”
၎င်းတို့၏ အစီအစဉ်က ကနေဦး ခရီးရောက်နေစဉ်မှာပဲ အဝိုင်းပြားတစ်ခုက လေထဲသို့ ထက်ရှသည့် ဓားတစ်စင်းနှယ် ပျံသန်းလို့လာသည်။ ၎င်းက လင်းရီ၏ လက်ပေါ်သို့ ယှက်သန်းသွားခဲ့ပြီး ၂၀ စင်တီမီတာခန့်မျှ ရှည်လျားသည့် ဒဏ်ရာတစ်ခုအား ချန်ထားရစ်ခဲ့၏။
နီစွေးသည့် သွေးတို့က တာကျိုးသည့်နှယ် စီးဆင်းလာပြီး ထိုင်ခုံအောက်ခြေကို သွေးနီရောင် စွန်းထင်းသွားစေခဲ့သည်။
“ ခေါင်းဆောင် …”
“ လမ်းကိုသာ သေချာကြည့်မောင်း … ဒီလောက်ကတော့ အသက်နဲ့ အဝေးကြီး …”
နာကျင်မှုကြောင့်ရော၊ မောပမ်းမှုကြောင့်ရော လင်းရီသည် အသက်ကို အမောတကော ရှူနေရင်း ရှပ်အင်္ကျီ အနားစကို စုတ်ဖြဲ၍ လက်မောင်းကို စည်းထားလိုက်၏။
ဖိအားများစရာ အခြေအနေသို့ ကျရောက်နေသည့်တိုင် ဒဏ်ရာအခြေအနေကိုတော့ တည်ငြိမ်အောင် လုပ်ဖို့လိုအပ်၏။ ထိုမျှကြီးမားသည့် ဒဏ်ရာဖြင့်ဆိုပါက သင့်တင့်လျောက်ပတ်စွာ မစီမံထားလျှင် ပိုးဝင်ပြီး ဖြတ်တောက်လိုက်ရသည်အထိပင် ဖြစ်သွားနိုင်သည်။
“ ခေါင်းဆောင် … သေပြီပဲ … ရှေ့မှာ လူတွေ ရှိနေတယ်….”
“ ငါ-ိုးပဲ …” လင်းရီ ကျိန်ဆဲလိုက်ပြီး “ ငါ-ိုးမ တစ်ကမ္ဘာလုံးကလူတွေ အကုန်လာပြီး ငါ့ကို တိုက်ခိုက်နေကြတာလားဟ …”
“ ကြည့်ရတာ စကားနောက် တရားပါတယ်ဆိုတာ အမှန်ပဲထင်တယ်…” ကျိုးလျန် ကျယ်လောင်စွာ ပြောလိုက်ပြီး “ ကျုပ် အထက်တန်းကျောင်းတုန်းက ကျောင်းက ကောင်မလေးကို မင်းအတွက်သာဆိုရင် တစ်ကမ္ဘာလုံးနဲ့လည်း စစ်ခင်းရဲတယ်ဆိုပြီး လေကြီးခဲ့တာ .. ခုတော့ တကယ်ကြီး လုပ်နေရပြီ…”
“ ဒီလိုတွေတောင် ပြောနိုင်နေသေးတယ်ဆိုတော့ ကြည့်ရတာ မင်းက ငါ့ထက်တောင် တည်ငြိမ်နေတာပဲ ….”
“ တကယ်တော့ ခေါင်းဆောင် ကျုပ်ကို လမ်းကြောင်းပြောင်းပြီး လူအုပ်ဆီ ဝင်တိုက်ခိုင်းကတည်းကရင် ကျုပ်ရဲ့ ကံကြမ္မာကို လက်ခံလိုက်ပြီးပြီ … ဒီတိုင်း အသက်တစ်ချောင်းပဲမလား … ဆုံးရှုံးသွားလည်း တစ်ခုတည်းကိုပဲ …”
“ အပိုမပြောနဲ့ … အမိန့်ကိုနာခံ .. ပြီးတော့ မင်း မသေစေရဘူး …”
“ ဟားဟား ….”
ကျိုးလျန် အသိစိတ် ပြန်ဝင်လာသည်ကို အာရုံခံမိတော့ လင်းရီလည်း ပြုံးလိုက်မိသည်။
ဤကဲ့သို့ သန်မာသည့် စိတ်ဝိဉာဏ်ဖြင့် သူသည် နောင်အနာဂတ်၌ ကျုံးဝေ့တပ်ဖွဲ့နှင့် အံဝင်ဂွင်ကျ ဖြစ်မည်မှာ မလွဲမသွေပင်။
သို့သော် ထိုကဲ့သို့ မဆင်မခြင်နိုင်သည့် အမူအကျင့်က အန္တရာယ်လည်း များ၏။
သေမှာ မကြောက်သည်က ကောင်းသည်။ သို့သော် မကြောက်တိုင်းနှင့် ကမူးကရှူးနိုင်သည်ကတော့ ရူးနှမ်းခြင်း ဖြစ်၏။ မဟုတ်ပါက သေသွားမည်မှာ အနှေးနှင့်အမြန်ပင်။
ဟင်း …
ဒီနေ့ခေတ် အသင်းတွေက ဦးဆောင်ရ မလွယ်ကူတော့ဘူးပဲ …
“ ခေါင်းဆောင် … သူတို့ရောက်လာနေပြီ … ကျုပ် ဝင်တိုက်လိုက်တော့မယ်…”
“ ချ … ငါတို့မှာ ကျည်ဆံလည်း သိပ်မကျန်တော့ဘူး… ဒီထက်ပိုပြီး ဖြုန်းလို့ မဖြစ်တော့ဘူး …”
“ အိုကေ … သေချာလေးထိုင် …”
ကျိုးလျန်သည် လက်တစ်ဖက်နှင့် မောင်းရင်း ရှေ့သို့ ဟိန်းဟောက်လျက် တရကြမ်း ချီတက်သွားခဲ့သည်။ အကြောက်အလန့်ကင်းသည့် စစ်သည်တစ်ယောက်ကဲ့သို့ သူ့ရှေ့ရှိ လူအုပ်ကြီးထံ တိုးဝင်လာသည်။
ဤကဲ့သို့ အဆင်အခြင်မဲ့သည့် တိုက်ခိုက်မှုက လျင်မြန်စွာနှင့် ရလဒ်ကို ပြသလာခဲ့သည်။ မိမိတို့ကိုယ်မိမိ ကာကွယ်ရန် အလို့ငှာ နိုင်ငံခြားသားများမှ ပစ်ခတ်ခြင်းကို လက်လျော့လိုက်ပြီး ပြေးလာနေသည့် ကားအား ရှောင်တိမ်းလိုက်ကြ၏။
၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို အတည်ပြုပြီးတော့မှသာ အဖွင့်အနေအထားဖြင့် ပြန်လည်တိုက်ခိုက်ပြီး ဆက်လက် ပစ်ခတ်တော့၏။
အချိန်တစ်ခုထိတိုင်အောင် လင်းရီတို့နှစ်ဦး တတ်စွမ်းနိုင်သည့် အရာကား ဤတစ်ခုသာလျှင် ရှိသည်။ ဧရိယာမှာ ဝိုင်းရံခံထားရသည့် အတွက်ကြောင့် အက်ကွဲကြောင်းများကြားထဲမှ အခွင့်အရေးကို ရှာဖွေရုံသာ ရှိသည်။
အကယ်၍ သူတို့သာ အခွင့်အရေးကို အရင်ဦးဆုံး ရှာဖွေနိုင်ခဲ့မည်ဆိုပါက နှစ်ယောက်တွင် အသက်ဆက်ရှင်နိုင်မည့် အခွင့်အရေး ရှိသည်။ အကယ်၍ ရှာဖွေနိုင်ခဲ့ခြင်း မရှိခဲ့ဘူးဆိုရင်တော့ နှစ်ယောက်၏ အဖြူအမည်း ဓာတ်ပုံအား ရိုက်ကူးရန် ဓာတ်ပုံစတူဒီယိုသို့ ဦးတည်ရုံသာ ရှိတော့မည်။
“ ခေါင်းဆောင် … ငါတို့လာပြီ …”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း ….
သူတို့နှစ်ယောက် သေတော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပြီး နောက်မှ လိုက်ပါလာခဲ့သည်က ပစ်ခတ်သံ အတွဲလိုက်ပင်။
“ အစ်မယွီနဲ့ တခြားသူတွေ… အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဒီရောက်လာပြီပဲ …”
“ ငိုးပဲ … ဒီကောင်တွေ အချိန်ကိုက် ကွက်တိ ရောက်လာတယ် ပြောရမယ်…”
လင်းရီ လှမ်းမျှော်ကြည့်ဖို့ ကြိုးစားလိုက်တော့ ကားအစီးအနည်းငယ်က သူတို့ထံ မောင်းနှင်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
စွေ့ချန်၊ ရှောင်ပင်းနှင့် ကျန်သူများက အော်ဟစ်ရင်း ပစ်ခတ်နေပြီး လင်းရီတို့ နောက်ဆုတ်နိုင်ရန်အတွက် ကာပစ်ပေးနေလျက် ရှိ၏။
“ နောက်ဆုံးတော့ တပ်ကူတွေ ရောက်လာပြီပဲ …” သေခါနီး အခြေအနေမှ လွတ်မြောက်သွားသည့် လင်းရီမှ မချိပြုံး ပြုံးရင်း ပြောလိုက်သည်။
“ ခေါင်းဆောင် … ဒီမှာ လက်နက် …”
ကျောက်ယွင်ဟူသည် နောက်ဆုံးပေါ် လက်နက်တစ်လက်ကို ကားပြတင်းပေါက်မှတဆင့် လင်းရီထံသို့ ပစ်ပေးလိုက်၏။
ထိုအချိန်တွင်ပဲ နောက်ထပ် ပစ်ခတ်သံအတွဲလိုက် ထပ်မံ ပေါ်ထွက်လာလေသည်။ သိသာစွာဖြင့် လင်းရီထံသို့ ကမ်းပေးလာသည့် လက်နက်အား ပစ်မှတ်ထားလာခဲ့ခြင်းပင်။
ကျောက်ယွင်ဟူ ကမ်းပေးလာသည့် လက်နက်မှာ မြေပြင်သို့ ပြုတ်ကျသွားခဲ့ပြီး ပထမအကြိမ် ရရှိသည့် အထောက်အပံ့သည်လည်း နှောင့်ယှက်ခြင်းခံလိုက်ရသည်။
“ မီးခိုးဗုံး ဒီဘက်ပစ်လိုက် …”
“ သေစမ်း … အမြန်ပြန်ဆုတ် …”
လေထဲသို့ ပျံသန်းလာနေသည့် အရာဝတ္ထုကို မြင်တော့ လင်းရီ၏ မျက်လုံးအစုံတို့ ပြူးကျယ်သွားခဲ့၏။ သူနှင့် ကျောက်ယွင်ဟူက ငါးမီတာ မဝေးပေ။
အကယ်၍ နှစ်ဖက်လုံးသာ အလျင်အမြန် နောက်ပြန်မဆုတ်ဘူးဆိုပါက နှစ်ဖက်လုံး ပွဲသိမ်းပြီ ဖြစ်၏။
“ အခွင့်အရေး လာပြီ … တခြား ဘာမှ စိတ်မပူနဲ့ … အရင်ဆုံး နောက်ဆုတ် …” လင်းရီ အော်ဟစ်လိုက်ပြီး “ ယွီစီယင် … ငါတို့ကို ကာပစ်ထားပေး … သွားချင်လည်း ကိစ္စမရှိဘူး…”
“ အိုကေ …”
ဤ အနားရသည့် တဒင်္ဂနှင့်အတူ နှစ်ယောက်မှာ လက်မတင်လေး လွတ်မြောက်သွားခဲ့တော့သည်။
သို့သော်လည်းပဲ နှစ်ဖက်ရင်ဆိုင် ထိပ်တိုက်တွေ့ဆုံမှုသည်လည်း မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်သွားခဲ့လေသည်။
ယွီစီယင်နှင့် အစိုးရတပ်ဖွဲ့များကို ကြည့်ရင်း အနက်ရောင်မြွေ အဖွဲ့ ခေါင်းဆောင်မှ သူ့လူများအား လက်ကာပြလိုက်၏။
“ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်စရာ မလိုဘူး … သွားစို့ …”