နည်းဗျူဟာ အသစ်
Vol. 119 Ch. 1782
အန္တရာယ်တွင်းမှ အချိန်အတိုင်းအတာ တစ်ခုအထိ လွတ်မြောက်နေသော်လည်း လင်းရီ၏ လှုပ်ရှားမှုတို့က အမြဲတမ်း သတိအပြည့်နှင့်ပင်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသား အများအပြားက ဤနေရာသို့ ရောက်ရှိနေပြီး သူတို့ထဲ မည်သူကမျှ အရူးတစ်ယောက် မပါချေ။
သူတို့က အသင်း ၁ နှင့် ရင်ဆိုင် တိုက်ခိုက်ကြမှာ မဟုတ်ချေ။ တိုက်ပွဲကွင်းပြင်အား နည်းလမ်းရှာ၍ ရှောင်တိမ်းပြီး ၎င်းတို့အား ပြန်လည် ခြေရာခံသွားနိုင်ခဲ့မည်မှာ အချိန်တစ်ခုသာလျှင် ဖြစ်၏။
အကယ်၍ သူသာ ဤ အချိန်အတောအတွင်း အန္တရာယ်ကင်းသည့် နေရာသို့ မရောက်နိုင်ခဲ့ဘူးဆိုပါက ထွက်ပေါ်လာမည့် ရလဒ်သည် သည်းထိတ်ရင်ဖိုဖွယ်ရာပင်။
အသင်း ၁ အဖွဲ့သားများ အဖို့တော့ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်ရန်အတွက် အဆက်မပြတ် တိုက်ခိုက်နေရလိမ့်မည်။ အဆက်မပြတ် ဖြစ်ပွားနေသည့် တိုက်ပွဲတို့က အန္တရာယ်ကို တိုးပွားလာစေပြီး အသင်း ၁ အား စစ်ပမ်းသွားစေနိုင်သည်။
ထိုအချင်းအရာကို လင်းရီ မမြင်ချင်ဆုံးဖြစ်၏။
အချိန်တို့ တဖြည်းဖြည်း ရွေ့လျားလာသည်နှင့်အမျှ ကောင်းကင်သည်လည်း ဖြည်းဖြည်းချင်း မှောင်ရီပျိုးစ ပြုလာနေသည်။
လင်းရီသည် ဂရုတစိုက်နှင့် မောင်းနှင်နေပြီး ပတ်ဝန်းကျင်အား အဆက်မပြတ် သတိထားနေကာ မည်သည့် အသေးစိတ် အကြောင်းအရာကိုမှ သတိလက်လွတ် ဖြစ်သွားခဲ့ခြင်း မရှိပေ။
လုယက်သည့် ဖြစ်စဉ်တွင် ပေါ်ပေါ်ထင်ထင် မပါဝင်ဘဲ အမှောင်ထဲမှ နေ၍ အခွင့်အရေးအား စောင့်ဆိုင်းနေသည့် လူတို့ကလည်း ဒုနဲ့ဒေးပင်။ အကယ်၍ သူသာ ၎င်းတို့အား ဤနေရာတွင် ဆုံတွေ့ဖြစ်ခဲ့မည်ဆိုပါက ဖြစ်ပေါ်လာမည့် ရလဒ်ကိုတော့ ပြောနေရန် မလိုပေ။
သို့သော် လင်းရီအား စိုးရိမ်မှု ဖြစ်စေဆုံးက သူ့ရှေ့ရှိ ပရမ်းပတာ အခြေအနေ တစ်ရပ် မဟုတ်ပါဘဲ သတ္တုရိုင်းအတွက် ပေါ်ထွက်လာမည့် အနက်ဝတ်နှင့်လူပင်။
အကယ်၍ အနက်ဝတ်နှင့်လူသာ ပေါ်လာခဲ့မည်ဆိုပါက အရှေ့တွင် ဝံပုလွေ ၊ အနောက်တွင် ကျားရဲရိုင်းများနှင့် ၊ သူ့တွင် အသက်ရှင်သန်နိုင်မည့် အခွင့်အရေး နည်းနည်းလေးမျှပင် ရှိတော့မှာ မဟုတ်ချေ။
လင်းရီ၏ ဦးနှောက်မှာ အဆက်မပြတ် အလုပ်လုပ်နေပြီး လက်ရှိ အနေအထားအရ သူ့ရှေ့တွင် ရွေးချယ်စရာ သုံးလမ်း ရှိသည်။
ပထမ တစ်ခုက သံရုံးသို့ ရောက်ရှိနိုင်မည့် လမ်းအား ဖွေရှာသည်က စိတ်ကျေနပ်စရာ အကောင်းဆုံး ရလဒ်ကို ဖြစ်ပေါ်စေလိမ့်မည်။
သို့သော် လက်ရှိအခြေအနေတွင်တော့ ထိုအရာက အလုပ် ဖြစ်လိမ့်မည်လို့ မထင်ပေ။
ဒုတိယ တစ်ခုက အသင်း ၁ နှင့် ပြန်ဆုံရန်ပင်။
သို့သော် ပထမ တစ်ကြိမ် ပေါင်းစည်းရန် ကြိုးစားသည့် ဖြစ်စဉ်ကို ကြည့်ရှုမည် ဆိုပါက ဒုတိယ တစ်ကြိမ်တွင် ပိုပြီး ခက်ခဲမည်က မလွဲမသွေပင်။ အခြေအနေမဟန်ပါက သူတို့ဘက်မှ လူ အထိအခိုက် အကျအရှုံးတို့ပင် ရှိလာနိုင်သည်။
နိုင်ငံခြားသားများကလည်း အခြေအနေကို ကောင်းစွာ နားလည်ကြပြီး သူတို့သာ အသင်း ၁ နှင့် ဆုံတွေ့သွားခဲ့မည်ဆိုပါက သတ္တုရိုင်းအား ရရှိရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် အနှီ ချဉ်းကပ်နည်းလမ်းက အင်မတန်လည်း ခက်ခဲသလို အန္တရာယ်လည်း များသည်။
တတိယတစ်ခုက ပုန်းအောင်းရန် နေရာ တစ်ခု ရှာဖွေပြီး ဤလူများအား ခြေရာဖျောက်ပစ်ခဲ့ရန်ပင်။ ထို့နောက် ရှေ့ ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားသွားဖို့ လိုအပ်၏။
ပထမ ရွေးချယ်စရာ လမ်းနှစ်ခုနှင့် ယှဉ်၍ စဉ်းစားကြည့်လိုက်မည်ဆိုပါက ဤနည်းလမ်းသည် အန္တရာယ် အကင်းဆုံးပင်။ သို့ပေမယ့် ဤနည်းလမ်းက အဓိကကျသည့် ပြဿနာကိုတော့ မဖြေရှင်းပေးနိုင်ပေ။
ထိုအကြောင်း တွေးတောပြီးနောက် လင်းရီသည် ပထမ နည်းလမ်းနှစ်ခုကို အရင်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ အလုပ်မဖြစ်ပါက နောက်ထပ် အကောင်းဆုံး တစ်ခုကို ရွေးချယ်ရုံသာ တတ်နိုင်သည်။
အပြင်တွင် မှောင်နေပြီး ဖြစ်သည့် ကောင်းကင်ကို ကြည့်ရင်း လင်းရီ ဆီတိုင်ကီအား တစ်ချက်စစ်ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် ကျိုးလျန်မှာ ဉာဏ်ကောင်းပြီး ဆီအား အပြည့်ဖြည့်ခဲ့၍ပင်။ တစ်မြို့လုံး ပတ်မောင်းပြီးသည့်တိုင် ကျန်နေသေးသည့် ဆီဖြင့် နောက်ထပ် ကီလိုသုံးရာခန့် မောင်းဖို့ လောက်ငှသေး၏။ ထင်မှတ်မထားသည့် အရာများ မဖြစ်လာသရွေ့ ဤသည်က လုံလောက်သင့်လေသည်။
ယခု သူတို့ လုပ်ရန် လိုအပ်သည်ကား လမ်းရှာဖို့ပင်။
လင်းရီ ဂရုတစိုက်နှင့် ကားပတ်မောင်းနေသည်။
အနောက်ထိုင်ခုံတွင် ရှိနေသည့် ကျိုးလျန်မှာတော့ သူ့သေနတ်အား ပြတင်းပေါက်သို့ ချိန်ရွယ်ထားပြီး အန္တရာယ် တစ်စုံတစ်ရာကို သတိထားမိသည်နှင့် ပစ်ခတ်အရန် အသင့် ဖြစ်နေခဲ့၏။
သို့သော် လမ်းများစွာသို့ စမ်းမောင်းကြည့်ပြိးနောက် အကုန်လုံးက ပိတ်ဆို့ထားသည်ကို သတိထားမိလိုက်လေသည်။ အန္တရာယ်ကင်းသည့်ဇုန်သို့ ရောက်ရှိရန်က မဖြစ်နိုင်ပေ။
“ ခေါင်းဆောင် … အခြေအနေကတော့ မဟန်ဘူးပဲ …” ကျိုးလျန်သည် နှုတ်ခမ်းအား ကိုက်လိုက်ပြီး “ ကြည့်ရတာ သံရုံးပတ်ပတ်လည်ကို ချိတ်ပိတ်ထားတဲ့ပုံပဲ …”
“ ဆိုးရုံတင် ဘယ်ကမှာ …” လင်းရီ ပြောလိုက်ပြီး “ ငါ့စိတ်ထင် ပနားမားမြို့က လော့ဒေါင်း ချခံထားရလောက်ပြီ … အမေရိကန်ရဲ့ လှုံ့ဆော်မှုအောက်မှာ ငါတို့ ဟွာရှရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်လာမှာ ပိတ်ပင် ကန့်သတ်ထားမှာ အသေအချာပဲ … လက်ရှိ အနေအထားမှာ သံရုံးက လူတွေက ရေပုံးထဲက ရေတစ်စက်လောက်ပဲ ရှိတယ်… ပြဿနာကို ဖြေရှင်းဖို့ မလုံလောက်ဘူး …. ”
“ ဒါဆို ကျုပ်တို့နှစ်ယောက်လည်း ချောက်ကမ်းပါး အစွန်း ရောက်နေပြီလို့ ဆိုလိုတာပဲ မဟုတ်လား …”
“ အဲ့လောက်ကြီးလည်း အဆိုးမြင်မနေစမ်းပါနဲ့ … ခုချိန်ထိ မသေသေးတာကိုပဲ ကံကောင်းလှပြီ …”
“ အာ အာ အာ … ကျုပ် မျှော်နေတဲ့ မာဆတ်လေးကတော့ ….”
“ ဒီခုလို အခြေမှာတောင် မင်းက လခွမ်းတွေ တွေးနေနိုင်သေးတာလား ….” လင်းရီ ကျီစယ်သည့် သဘောဖြင့် ပိတ်ငေါက်လိုက်၏။
ကျိုးလျန်မှာ အရာအားလုံးကို လွှတ်ချလိုက်ပြီဟု သူခံစားနေရလေသည်။
“ ထွက်လမ်း မရှိမှတော့ ကျုပ်တို့တွေ ဒီမှာပဲ ဂုဏ်သိက္ခာအပြည့်နဲ့ သေရမှာပေါ့ …” ကျိုးလျန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး “ ဒါနဲ့ ကျုပ်တို့ အခုက ဘယ်ရောက်နေတာ … ကြည့်ရတာ ဆင်းရဲသားရပ်ကွက်ထဲ ရောက်နေသလိုပဲ . …”
“ သံရုံးကို သွားလို့ မဖြစ်လို့ ဆင်ခြေဖုံးဆီ မောင်းလာခဲ့လိုက်တာ … နေရာတစ်ခုရှာပြီး ခဏလောက် ပုန်းနေကြတာပေါ့ ….”
လင်းရီ ပတ်ဝန်းကျင်သို့ စူးစမ်းလေ့လာကြည့်လိုက်ရာ လူနေပြတ်လပ်ပြီး အဆောက်အဦးတို့ကလည်း အတော်လေး ယိုယွင်းပျက်စီးနေပြီကို မြင်တွေ့လိုက်ရသည်။
သူ အကြံပြုလိုက်၏။
“ အခု ငါတို့က ကိုယ့်ကိုယ်ကို တအား ထုတ်ဖော်ထားသလို ဖြစ်နေတယ်… တစ်နေရာမှာ ပုန်းနေပြီး သံရုံးနဲ့ ဘယ်လို ဆက်သွယ်ရမလဲ စဉ်းစားတာ အကောင်းဆုံးပဲ …”
“ ဒါပေမယ့် ကျုပ်အထင်တော့ သူတို့တွေ ကျုပ်တို့နှစ်ယောက်ကို ရှာမတွေ့တော့ဘူးဆိုရင် တစ်မြို့လုံးကို လော့ဒေါင်းချပြီး ပိုက်စိပ်တိုက်ရှာမှာ စိုးတာပဲ …” ကျိုးလျန် ပြန်ပြောလိုက်၏။
“ ကိစ္စမရှိဘူး … အဲ့လို စုံစမ်းမှုလေးက ငါတို့အတွက် မိုးဖွဲမိုးပေါက်လေးလိုပဲ … မခြိမ်းခြောက်နိုင်ဘူး …”
လင်းရီ၏ အမြင်တွင် တစ်ဖက်ရန်သူ လက်ထဲ၌ အကြီးစား ဖျက်အားပြင်း လက်နက်တို့ မပိုင်ဆိုင်ထားသရွေ့ သူနှင့် ကျိုးလျန်တို့၏ အစွမ်းအစများ အရ ၎င်းတို့အား ကိုင်တွယ်ရန်မှာ ပြဿနာ မရှိနိုင်ပေ။
ပနားမား မြို့တွင်းရှိ နိုင်ငံခြား တပ်ဖွဲ့များနှင့် ဖြစ်စေ၊ သို့မဟုတ် အမေရိကန် စစ်သားများနှင့်ဖြစ်စေ ၊ လက်ဗလာချင်း ယှဉ်ပြိုင် တိုက်ခိုက်ရမည်ဆိုပါက ၎င်းတို့သည် သူတို့နှစ်ဦးအား ခြိမ်းခြောက်နိုင်စွမ်း မရှိဟု လင်းရီ ယုံကြည်သည်။
လက်ရှိ လင်းရီ၏ စိတ်ထဲတွင် အစိုးရွံ့ဆုံးက ထိုလူအုပ်စု နှစ်ခု မဟုတ်ပါဘဲ အနက်ဝတ်နှင့် လူကိုသာ ဖြစ်၏။ ထိုလူ ပေါ်လာလိမ့်မည်လို့လည်း ၉၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိနေခဲ့သည်။
နောက်ဆုံးတစ်ခေါက် ဒူဘိုင်းတွင် အနက်ဝတ်လူနှင့် ဆုံတွေ့ခဲ့စဉ်က အနက်ဝတ်နှင့် လူသည် သူ့အတွက် ဝန်များလွန်း၏။ အကယ်၍ စုန့်ကျင်းမင်သာ အချိန်ကိုက် ရောက်လာခဲ့ခြင်း မရှိပါက နောက်သုံးလေးလသည် သူ၏ သေဆုံးမှု နှစ်ပတ်လည်နေ့ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် မိမိတို့အား ရှာမတွေ့မီ တစ်နေရာရှာပြီး ပုန်းအောင်းနေဖို့ လိုအပ်၏။ မဟုတ်ပါက သူနှင့် ကျိုးလျန်မှာ အသက်ရှင်နိုင်မည့် အခွင့်အရေးလေးပင် ရှိတော့မှာ မဟုတ်ချေ။
“ နားလည်ပြီ …
လင်းရီ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရင်း ကျိုးလျန်သည် ကားထဲရှိ ပစ္စည်းများအား သိမ်းဆည်း ထုပ်ပိုးလိုက်၏။
လင်းရီကတော့ ပနားမား၏ သူဆင်းရဲ ရပ်ကွက်လေးများအတွင်း လှည့်လည်ကားဆက်မောင်းနေလျက် ရှိကာ ပုန်းအောင်းရန် ကောင်းမည့် နေရာတစ်ခုအား ဆက်လက်ဖွေရှာနေသည်။
ကောင်းကင်မှာ ဖြည်းဖြည်းချင်း မှောင်မိုက်လာခဲ့ပြီး လ၏ အဆင်းသဏ္ဌာန်ကို ပြည့်ပြည့်ဝဝ မြင်တွေ့ရသည့် အခါမှ လူနေကင်းမဲ့သည့် နေရာကောင်းတစ်ခုအား ရှာတွေ့သွားခဲ့ကာ ကားအား ရပ်တန့်လိုက်တော့သည်။
“ ခေါင်းဆောင် .. ကျုပ်တို့ ကားပေါ်က ဆင်းတော့မှာလား …”
“ ကားဘေးနားမှာ ပလတ်စတစ် ပုံးတစ်ခု တွေ့တယ်… ဆင်းပြီး သွားယူခဲ့လိုက် …”
“ လခွမ်း .. ခေါင်းဆောင် .. ကျုပ်လို ဘီလီယမ်နာ သူဌေးသားကို ဆင်းပြီး အမှိုက်ကောက်စေချင်နေတာလား ….”
“ စောက်ပိုတွေ လာလုပ်မနေနဲ့ … သွားကောက်လာခဲ့ …” လင်းရီ ပြောလိုက်ပြီး “ အဲ့ဘေးနားမှာ ပိုက်လည်း ရှိတယ်… အဲ့တာပါ ကောက်လာခဲ့ …”
“ ကောင်းပြီလေ…”
ကျိုးလျန် အချိန်ဆက်လက် ဖြုန်းတီးမနေတော့ဘဲ လင်းရီ ညွှန်ကြားသည့်အတိုင်း ပလတ်စတစ် ရေပုံးနှင့် ပိုက်အား ကောက်ယူလာခဲ့လိုက်သည်။
“ အဲ့တာတွေ ရပြီဆိုရင် ဆီတိုင်ကီထဲက ဆီတွေ ထုတ်လိုက် … ငါတို့ကောင်တွေ အကြီးကြီး အသုံးချစရာရှိတယ်….” လင်းရီ ညွှန်ကြားလိုက်ပြီး “ မင်းပြီးရင် ကားထဲမှာ စောင့်နေ … ငါ ပြန်လာခဲ့မယ်…”
“ ဟုတ်ကဲ့ ….”
ညွှန်ကြားချက် ပေးပြီးနောက် လင်းရီသည် ငြိမ်ငြိမ်မနေခဲ့ချေ။
ကျဉ်းမြောင်းတိတ်ဆိတ်နေသည့် လမ်းဘက်ခြမ်းမှ ပြေးထွက်သွားခဲ့ကာ ကျယ်ဝန်းသည့် လမ်းတစ်နေရာသို့ ကူးပြောင်းသွာခဲ့၏။
ညအချိန်မတော် ဖြစ်သဖြင့် လမ်းအထက်၌ လူတို့ သိပ်မရှိချေ။ တစ်ခါတစ်ရံ ဖြတ်သွားဖြတ်လာပြုသည့် ယာဉ်အနည်းငယ်သာလျှင် ရှိ၏။
လင်းရီ၏ အကြည့်က လမ်းအပေါ်၌ သူနှင့် သင့်လျော်မည့် အစာအား ရှာဖွေနေသည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ပင်။ မိနစ် အနည်းငယ်ကြာပြီးနောက် အားကစား စွပ်ကျယ်တစ်ထည်နှင့် အမျိုးသား လူငယ် တစ်ယောက်က သူ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
ထိုလူငယ်ဘေး၌ အမျိုးသမီး နှစ်ဦး ရှိပြီး ထို ကောင်မလေး နှစ်ဦးအား သူ၏ ဖုန်းအသစ်ကို ကြွားဝါနေသည်။
ကြည့်ရသည်မှာတော့ ဟွာဝေးဖုန်း ဖြစ်ပုံရ၏။
ပစ်မှတ်အား ဆုံးဖြတ်ပြီးနောက် လင်းရီသည် ထိုလူငယ်လေးထံ တန်းမတ်စွာ လျှောက်တန်းသွား၍ ပခုံးအား ပုတ်လိုက်၏။
“ ကိုယ့်လူ … ကျုပ် အကူအညီ တစ်ခုလောက် တောင်းချင်လို့ …”
လူငယ်၏ ရှေ့တွင် မတ်တပ်ရပ်ရင်း လင်းရီသည် ရည်ရွယ်ချက်ရှိရှိ စပိန်ဘာသာစကားဖြင့် ပြောလိုက်၏။
ကြွားဝါနေသည့် လူငယ်လေးမှာ လင်းရီ ရုတ်ချည်း ထွက်ပေါ်လာသည်ကို မြင်တော့ သူ၏ မျက်ဝန်းထဲ၌ မောက်မာမှု အငွေ့အသက်တို့က တစွန်းတစ ထွက်ပေါ်လာသည်။
သူ့ဘေးရှိ အမျိုးသမီး နှစ်ယောက်ကလည်း လင်းရီအား ကျီစယ်လိုသည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြ၏။ မည်သူကမျှ စိတ်အားထက်သန်နေခြင်း မရှိကြချေ။
လူမျိုးနှင့် ယဉ်ကျေးမှု မတူညီခြင်းကြောင့် လင်းရီ၏ ဖြူဖွေးချောမောသည့် ရုပ်ရည်မှာ ဤနေရာတွင်တော့ အသုံးမဝင် ဖြစ်ရချေပြီ။
“ ဘာကိစ္စလဲ ….”
“ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ … ကျုပ်နာမည် ချင်းဟန်ပါ … ဒီမှာ အလုပ်လုပ်နေတဲ့ ဟွာရှနိုင်ငံသား တစ်ဦးပါ … ကျုပ် စန်မာလမ်းကို သွားချင်တာ ဘယ်ကနေ ဘယ်လို သွားရမှန်း မသိလို့ အဲ့တာ လမ်းလေး ညွှန်ပြပေးနိုင်မလားလို့ပါ …”