မင်းဖုန်းကို စိတ်၀င်စားတယ်
Vol. 119 Ch. 1783
လင်းရီ ပြောနေသည့် စန်မာလမ်းက သူနှင့် ကျိုးလျန်တို့ လက်ရှိ ရှိနေသည့် နေရာပင်။
“ ဒါပေါ့ …. ငါ မင်းကို အလကားတော့ ဘယ်ကူညီခိုင်းမှာ …” လင်းရီ ပြောလိုက်ပြီး “ ငါ့အိတ်ကပ်ထဲမှာ ဒေါ်လာ တစ်ရာ ရှိတယ်… မင်းသာ ကူညီပေးမယ်ဆိုရင် ဒီ တစ်ရာ မင်းကို ပေးမယ်…”
လင်းရီ လက်ထဲရှိ ဒေါ်လာ တစ်ရာကို မြင်တော့ လူငယ်လေးမှာ မျက်လုံးအရောင် လက်ခနဲ ဖြစ်လာသည်။
ဤနေရာက ဆင်းရဲသားရပ်ကွက်နှင့် အတော်လေး နီးကပ်နေပြီး အနီးတစ်ဝိုက်၌ နေထိုင်သူတို့၏ အခြေအနေမှာ သိပ်ကောင်းမွန်မှု မရှိလှချေ။
မဟုတ်ပါက ကောင်မလေး နှစ်ယောက်ရှေ့တွင် ဖုန်းတစ်လုံးကိုင်ပြီး ဟန်ရေးပြနေနိုင်မှာ မဟုတ်ချေ။
လင်းရီလက်ထဲရှိ အဆိုပါ ဒေါ်လာ တစ်ရာက လူငယ်လေး အဖို့တော့ အဆမတန် များပြားသည့် ပမာဏတစ်ခု ဖြစ်၏။
“ ငါ မင်းကို ပြောပြရင် ဒီတစ်ရာ ငါ့ကို ပေးမယ်ဆိုတာ တကယ်လား …” လူငယ်မှ အတည်ပြုကြည့်လိုက်၏။
“ ဒါပေါ့ … ဒေါ်လာ တစ်ရာက ငါ့အတွက် ဘာမှ မပေါက်ဘူး … မင်းကို လိမ်စရာ အကြောင်းကို မရှိတာ …”
လူငယ်လေးမှာ အပျော်လွန်သွားခဲ့ပြီး လင်းရီ အနောက်ရှိ လမ်းအား ညွှန်ပြလိုက်၏။
“ ဒီလမ်းအတိုင်း တည့်တည့်လျှောက်သွား … ပြီးရင် ဘယ်ဘက်ကိုချိုး … လမ်းဆုံ ရောက်ရင် ညာဘက်ချိုးလိုက် … ပြီးရင် တည့်တည့်ဆက်သွား … အဲ့လိုဆို ရောက်ပြီ … အခု ပိုက်ဆံပေးတော့ …”
“ နေဦး … ငါ့ စပိန်ဘာသာစကားက သိပ်မကောင်းတော့ မင်းပြောနေတာ သိပ်နားမလည်ဘူး … ငါ့ကို အဲ့နေရာဆီ ခေါ်သွားပေးလို့ မရဘူးလား ….”
“ မရဘူး … ငါ့မှာ ပိုအရေးကြီးတာတွေ လုပ်စရာ အများကြီးပဲ … ငါ့ကို အားယားနေတဲ့ ကောင်များ ထင်နေလား …” လူငယ်လေးမှ ကောင်မလေး နှစ်ဦး၏ ခါးများအား ဖက်ရင်း ၎င်းတို့၏ မျက်နှာတစ်ဖက်တစ်ချက်စီကို ပြုံးကြည့်ရင်း သဘောပေါက်နိုင်လောက်မည့် အပြုံးမျိုးဖြင့် ပြောလိုက်၏။
“ အဲ့ဒီအတွက်လည်း ငါ ပိုက်ဆံပိုပေးနိုင်တယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းသာ ငါ့ကို လမ်းလိုက်ပြပေးမယ်ဆိုရင် အပို ဒေါ်လာ ၅၀ ထပ်ပေးမယ်…”
“ မင်း သေချာလား ….” လူငယ်လေးမှာ အနည်းငယ် ဖျားယောင်းခြင်းခံလိုက်ရ၏။
“ ဒါပေါ့ … ငါမင်းကို ပြောပြီးပြီပဲဟာ … ငါ့မှာ အပေါဆုံးက ငွေပဲ … ဒေါ်လာ ၁၅၀ လောက်က ဘာမှ ပြောပလောက်တာ မဟုတ်ဘူး …”
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီသည် ဤထက်များပြားသည့် ငွေကြေး ပမာဏဖြင့် တစ်ဖက်လူအား ဖျားယောင်းချင်မိသည်။
သို့သော် အရာရာတိုင်းက ကိုယ်ထင်ထားသလိုတော့ ဖြစ်မလာချေ။ သူ့အိတ်ကပ်ထဲတွင် ဒေါ်လာ ၁၅၀ သာလျှင် ကျန်ရစ်တော့၏။
လူငယ်လေး၏ မျက်လုံးများမှာ စီးပွားရေး အခွင့်အလမ်းကောင်း တစ်ခုကို ရှာတွေ့သွားသည့်နှယ် ဂနာမငြိမ် ဖြစ်သွားခဲ့သည်။
“ မင်း ငါ့ကို ဒေါ်လာ ၁၅၀ ပေးမယ်ဆို ငါမင်းကို အဲ့နေရာ ခေါ်သွားပေးလို့ ရတယ်…”
“ သဘောတူတယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းငါ့ကို စန်မာလမ်းဆီ ရောက်အောင် ခေါ်သွားပေးသရွေ့ ဒီ ပိုက်ဆံက မင်းအပိုင်ပဲ ….”
“ သွားစို့ …”
ထိုသို့ ပြောပြီးနောက် လူငယ်လေးသည် သူ့ဘေးရှိ အဖော် အမျိုးသမီး နှစ်ယောက်အား ကြည့်င “ ငါ့ကို ဒီမှာ ခဏစောင့်နေ … ခဏနေ ပြန်လာခဲ့မယ်…”
“ ငါတို့လည်း လိုက်ခဲ့ချင်တယ်… ဒီမှာ နေရမှာ ပျင်းစရာကြီး …” ကောင်မလေး တစ်ယောက်မှ စောဒက တက်လိုက်၏။
“ အဲ့မှာက အရမ်း ညစ်ပတ်တယ်… မင်းတို့ မလိုက်လာတာ အကောင်းဆုံးပဲ … ဆယ်မိနစ် အတွင်း ပြန်လာမယ်လို့ ကတိပေးတယ် ဟုတ်ပြီလား …. ငါ မင်းတို့နှစ်ယောက်ကို ကြာကြာ မစောင့်ခိုင်းပါဘူး …”
“ ဒါဆိုလည်း ကောင်းပြီလေ… မြန်မြန်ပြန်လာနော်….”
လူငယ်လေးမှာ သူ၏ အဖော် ကောင်မလေး နှစ်ယောက်အား ဖြောင်းဖျပြီးနောက် လင်းရီအား သူ့နောက်ရှိ လမ်းသို့ ခေါ်ဆောင်သွားသည်။
လင်းရီမှာ ဤသည်က အတော်လေး မှော်ဆန်သည့် နိုင်ငံဖြစ်သည်ဟု ခံစားနေရလေသည်။ ဤနေရာတွင် တစ်စုံတစ်ယောက် ဖုန်းတစ်လုံး ရှိရုံမျှဖြင့် ရှိုးပြနိုင်ပြီး ငါးနှစ်ကောင်ကိုပင် ဖမ်းနိုင်နေလိုက်သေး၏။
ဟင်း … ဘယ်တတ်နိုင်မှာ။ ဟွာရှက ထုတ်တဲ့ ပစ္စည်းတွေဆိုတာ အမြဲတမ်း အကောင်းစားတွေချည်းပဲ ဟုတ်တယ်မလား။ ဟွာဝေး ဖုန်းဆိုတာလည်း အမိုက်စားပဲလေ။
နှစ်ယောက်သား လမ်းအတိုင်း လျှောက်လှမ်းလာရင်း လူငယ်မှာ လင်းရီအား သေချာလေး စေ့စေ့စပ်စပ် အကဲခတ်နေခဲ့၏။ လင်းရီလက်ထဲ၌ ပိုက်ဆံ ဘယ်လောက်များများ ရှိနေလဲဆိုတာ စူးစမ်းချင်နေဟန်ပင်။
သို့သော် သူတို့ လမ်းကြားထဲရောက်တော့ လူငယ်မှာ ရုတ်ချည်း ရှေ့သို့ ဆက်မလျှောက်တော့ချေ။
လင်းရီ နောက်သို့ လှည့်၍ “ ဘာလို့ ဆက်မလျှောက်တော့တာ …”
အပြုံးတစ်ခုက လူငယ်၏ မျက်နှာထက်၌ ထွက်ပေါ်လာပြီး ခါးမှ ဓားမြောင်အား ထုတ်၍ လင်းရီထံသို့ ခြိမ်းခြောက်လိုဟန်ဖြင့် လျှောက်လှမ်းလို့လာသည်။
တစ်ဖက်လူ လက်ထဲတွင် ရှိနေသည့် ဓားမြောင်အား ကြည့်နေရင်း ဤပုံစံက အတော်လေး ထူးဆန်းသည်ဟု လင်းရီ ခံစားလိုက်ရ၏။
ယင်းက ရာဇဝတ်မှုများ ကျူးလွန်ရန် ကိုင်ဆောင်ထားသည်မဟုတ်ပဲ သယ်သွားသယ်လာပြုရင်း ဟန်ထုတ်ရန်အတွက် ဆောင်ထားသည့်ပုံစံပင်။
“ အသားမနာချင်ဘူးဆိုရင် မင်းမှာပါတဲ့ ပိုက်ဆံ အကုန် ထုတ်လိုက် … ငါ မင်းကို မနာကျင်စေရဘူး ….”
“ ငါ့ကို ဓားပြတိုက်မယ်ပေါ့ ….”
လင်းရီ ဒေါသထွက်လွန်း၍ အော်ရယ်ချင်သွားခဲ့၏။
“ သေစမ်း … ငါကတော့ ဓားပြတိုက်ဖို့ကို ဒီလောက်ထိ အားစိုက်လိုက်ရတာ အခု မင်းထင်နေတာ ငါ့ထက် ခြေတစ်လှမ်း သာနေပြီလို့ ထင်နေတယ်ပေါ့ ဟုတ်လား ….”
“ ဟုတ်တယ်… မင်းမှာ ရှိသမျှ ပိုက်ဆံ အကုန်ထုတ်လာခဲ့ … ငါ့ကို အကြမ်းနည်းသုံးရအောင် မလုပ်နဲ့ … မင်းအတွက် ကောင်းမှာ မဟုတ်ဘူး ….”
“ ငါ့အိတ်ကပ်ထဲမှာ ဒေါ်လာ ၁၅၀ တည်းရှိတယ်… မင်း ထင်နေသလောက် မများဘူး … “
“ မင်း ငါ့ကို ကစားနေတာပဲ ….”
“ ဆိုတော့ သိတယ်ပေါ့ …” လင်းရီသည် နံရံအား မှီလိုက်ရင်း “ ငါ မင်းရဲ့ ဖုန်းကို စိတ်ဝင်စားတယ်… ဒီတော့ ငါနဲ့ ပူးပေါင်းပေးလိုက်ရင်ကော ဘယ်လိုလဲ ….”
“ ဟွာရှန့်ကောင်ကများ ငါ့ကို ဓားပြတိုက်ဝံ့နေတယ်… မင်းမှာ ဇတော့ ရှိသားပဲ ….”
လူငယ်လေးမှာ ဓားအား ဝှေ့ရမ်းရင်း လင်းရီထံသို့ တိုက်ခိုက်လိုက်၏။
သို့သော် ဓားအသွားက သူ့ထံသို့ မရောက်နိုင်ခင် အချိန်မှာပဲ လင်းရီသည် တစ်ဖက်သူ၏ လက်မောင်းအား ဖမ်းချုပ်ထားလိုက်၏။
“ ဒီစကေးလောက်လေးနဲ့ …. အိမ်ပြန်ပြီး ထပ်လေ့ကျင့်လိုက်ဦး … ငါ့ကို ဓားပြတိုက်ချင်တယ်ဆိုရင် အဝေးကြီး လိုသေးတယ်….”
လင်းရီ သူ၏ လက်မောင်းအား ဖမ်းချုပ်ထားရင်း အပေါ်သို့ ဆွဲလိမ်ပစ်လိုက်၏။ ထိုအခါ ဓားမှာ လူငယ်၏ လက်ထဲမှ ထွက်ကျလာပြီး လင်းရီသည် ကျစ်လျစ်စွာဖြင့် ဖမ်း၍ လူငယ်၏ ဝမ်းဗိုက်သို့ ထိုးသွင်းလိုက်၏။
လူငယ်မှာ အနာအား လက်ဖြင့် စမ်းရင်း သွေးစ သွေးနများကို မြင်တော့ သူ၏ မျက်ဝန်းတို့မှာ ရှော့ခ်ရမှုကြောင့် ပြူးကျယ်သွားခဲ့လေသည်။ ယခုလို ဖြစ်ပျက်လာလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ပါချေ။
သို့သော် မကြာမီအချိန်အတွင်းမှာပဲ မြေပြင်သို့ လဲကျသွားခဲ့ကာ အသိစိတ်အား ဆုံးရှုံးသွားခဲ့တော့၏။
သေသည် ရှင်သည်ကတော့ ၎င်း၏ ကံကောင်းမှုအပေါ်မှာပဲ မူတည်နေပါသည်။
လင်းရီသည် တစ်ဖက်သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းအားယူ၍ ညအတွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့ကာ ကျိုးလျန်နှင့် အပြေးအလွှား တွေ့ဆုံသည်။
လင်းရီ၏ စကေးဖြင့် လမ်းတွင် ကြုံရာလူထံ၌ ဖုန်းနှိုက်၍ ရသော်လည်း ဆူဆူညံညံ အသံဗလံများ မပြုလုပ်ချင်ပေ။ သူ၏ လုံခြုံမှုအား စိတ်ချနိုင်စေရေးအတွက် တစ်ချိန်လုံး သိုသိုသိပ်သိပ်နေရန် လိုအပ်၏။
“ ခေါင်းဆောင် … ခင်များ ဘယ်တွေ သွားနေတာ … ကျုပ် ဆီထုတ်ထားပြီးပြီ .. အထဲမှာ တစ်ကီလိုလောက် မောင်းဖို့တော့ လောက်သေးတယ်…”
“ အပြင်ထွက်ပြီး ဖုန်းရှာလာခဲ့တာလေ… သံရုံးရဲ့ နံပါတ် မင်း မှတ်မိလား ….”
“ 0057-837108-1 … ထင်တာပဲ …” ကျိုးလျန် ပြောလိုက်ပြီး “ လိုင်းပေါ် ရှာကြည့်လိုက်လေ….”
“ အာ … ဒီကောင်လေးက 4G နက်ဝေါ့ မရဘူးပဲ ….”
“ နေဦး … ကားထဲမှာ သံရုံးက ပေးတဲ့ လိပ်စာကတ်ရှိတာ ကျုပ်မှတ်မိပြီ … ချန်ချင်ဖုန်း ကျုပ်ကို ပေးထားတဲ့ဥစ္စာ …ရှိသေးလား တစ်ချက်သွားကြည့်လိုက်ဦးမယ်…”
ဖုန်းနံပါတ် မှန်ကန်မှုကို အတည်ပြုရန်အတွက် ကျိုးလျန်သည် လက်တင်သေတ္တာအတွင်း၌ လှန်လောရှာဖွေလိုက်ပြီး နာမည်ကတ်အား ရှာတွေ့သွားခဲ့သည်။
“ လွတ်လမ်းတစ်ခုကတော့ အမြဲတမ်း ရှိတာပဲ …” ကျိုးလျန် သက်ပြင်းမော ချလျက် ပြောလိုက်ပြီး “ ဖုန်းဝင်သွားတာနဲ့ ကျုပ်တို့တွေ လုံခြုံပြီ …”
လင်းရီသည် နာမည်ကတ်အား ယူ၍ နံပါတ်အား ရိုက်နှိပ်လိုက်သည်။
သို့သော် သူတို့အား စိတ်ပျက်သွားစေသည်က ဖုန်းမှာ ဝင်မသွားခဲ့ပါချေ။
ပေးထားသည့် မည်သည့် ဖုန်းသုံးလုံးကိုမျှ ဆက်သွယ်၍ မရချေ။ ထို့ပြင် အော်ပရေတာမှ ဆင်ခြေပေးသည့် မည်သည့် တစ်စုံတစ်ရာကိုမျှလည်း ကြားရခြင်း မရှိပါချေ။ မိနစ်ဝက်ကြာသည်နှင့် အလိုအလျောက် ချက်ချင်း ပြန်ပြုတ်ကျသွားခဲ့၏။
“ ဒီလို အရေးကြီးတဲ့ အဖွဲ့အစည်းကြီးက ဆင်ဂနယ် အားနည်းနေတယ်ဆိုတာ မဖြစ်နိုင်ပါဘူးနော…” ကျိုးလျန် စိတ်ပျက်လက်ပျက် ဖြစ်စွာဖြင့် မေးမြန်းလာခဲ့၏။
“ ဆင်ဂနယ်နဲ့ မဆိုင်ဘူး … ဘေးပတ်ဝန်းကျင်က လိုင်းဆင်ဂနယ်တွေ အကုန် ပိတ်ဆို့ခံထားရတာ ဖြစ်မယ်…” လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး “ အမေရိကန်က အတင်းအကြပ် ဝင်ပါနေတာပဲ … ဒါကြောင့်မို့ ဒီခုလိုတွေ ဖြစ်နေတာ … ငါတို့ ပြန်သွားနိုင်မယ့် နည်းလမ်း မရှိတော့သလို သူတို့ဘက်က ငါတို့ဆီ အကူ စေလွှတ်ပေးဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး …”
“ တောက် ... ဒီ ခွေးမသားတွေကတော့ကွာ…..”
“ တော်ပြီ .. ခုက ဒေါသထွက်နေရမယ့် အချိန်မဟုတ်ဘူး … အနည်းဆုံးတော့ ငါတို့ကောင်တွေ အခု အန္တရာယ် ကင်းနေတာပဲ … အဲ့တာ ကောင်းတဲ့ အရာပဲ … အခြေချဖို့ တစ်နေရာပြီး တစ်ခုခု စဉ်းစားကြတာပေါ့ …”
“ လက်ရှိ ပုံစံအတိုင်းဆို ဘယ်နေရာသွားသွား အန္တရာယ် ကင်းမယ် မထင်ဘူး …”
“ အဲ့လောက်ကြီးတော့လည်း မဟုတ်ပါဘူး .. ငါဆူလန်ဆိုတဲ့ နေရာတစ်ခု သိတယ်… ငါတို့ အဲ့ကို သွားလို့ရတယ်…”
“ ဆူလန်…” ကျိုးလျန် ရေရွတ်လိုက်ပြီး “ ကျုပ် ကြားဖူးတယ်… ဆင်းရဲသားရပ်ကွက်ပဲ မလား … ကြားမိတာတော့ တော်တော်လေး ရှုပ်ထွေးတဲ့ နေရာဆိုပဲ ….”
“ ငါတို့ ရှာနေတာလည်း အဲ့လို နေရာ အတိအကျပဲ မဟုတ်လား… ပုန်းဖို့အတွက် နေရာကောင်းပဲ …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ အဲ့မှာနေတဲ့လူတွေက အစိုးရ အရာရှိတွေကို မုန်းတီးဖို့ မွေးလာကြတဲ့ကောင်တွေ … ငါတို့ အဲ့လူတွေကို အသုံးချလို့လည်းရတယ်….”