ခိုင်မာသည့် ငွေကြေး
Vol. 119 Ch. 1784
“ ခေါင်းဆောင် .. ခင်များ ဘယ်လိုတောင် အားကိုးလို့ရတဲ့ လူလဲဗျာ … ခုလို အခြေအနေမှာတောင်မှာ အကြံဉာဏ်ကောင်းတွေ ထွက်လာနေသေးတုန်းပဲ …”
“ လက်သမားလုပ်တာ လျှော့ရင် ငါ့လို ဖြစ်လာလိမ့်မယ်…”
“ ဘယ်နားကသာ … ကျုပ် အလယ်တန်း ကျောင်းသားလောက်တုန်းကရင် အဲ့ဒီ အကျင့်ဖျောက်ပြီး ကိုယ့်ကျန်းမာရေးကိုယ် အများကြီး ဦးစားပေးခဲ့တာ …”
“ အထင်ကြီးစရာပဲ …” လင်းရီ ပြောလိုက်ပြီး “ ငါ အလယ်တန်းကျောင်းတုန်းကဆိုရင် ဂျပန်ကားတွေ တစ်ကားမှတောင် မကြည့်ဖူးသေးဘူး …”
“ ခေါင်းဆောင် .. ခုက အဲ့ဒီ ကိစ္စတွေ ဆွေးနွေးနေရမယ့် အချိန် မဟုတ်သေးဘူးလေ… ကျုပ်တို့ ဆူလန်ကို မြန်နိုင်သမျှ မြန်မြန်ရောက်ဖို့ လိုတယ်… အဲ့လိုမှပဲ ပိုပြီး အန္တရာယ်ကင်းမှာ …”
“ သွားစို့ …”
“ ဒီနဲ့ ဆူလန်က ဘယ်လောက်ဝေးလဲ ….”
“ အရမ်းကြီး မဝေးပါဘူး … ရှစ်ကီလိုမီတာလောက်ပဲ …”
လင်းရီ ပြောလိုက်ပြီး “ ဘယ်သူ ပိုမြန်မြန် ပြေးနိုင်မလဲ ပြိုင်မလား …”
“ လခွမ်း … အဲ့တာကတော့ မမျှတတာပဲ … ကျုပ်ကျတော့ ဆီပုံးလည်း သယ်ရဦးမယ်…”
လင်းရီ သူ့အကန့်အသတ်က ဘယ်လောက်ရှိသည်ကို မသိသော်လည်း ယခင်က အတော်လေးဝေးသည့် အကွာအဝေးတစ်ခုကို ၁၇ မိနစ် ၁ စက္ကန့်ဖြင့် ပြေးခဲ့ဖူး၏။
ယခု အရှေ့ရှိ ရှစ်ကီလိုမီတာမှာ သူ့အတွက် ပြောပလောက်ခြင်း မရှိပေ။ သို့သော် လမ်းအခြေအနေ မကောင်းမှုက သူ၏ အမြန်နှုန်းအပေါ်၌ ကြီးကြီးမားမား အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။
ထို့ပြင် ကျိုးလျန်ကိုလည်း ဆီပုံး ကူသယ်ပေးရသေး၏။ ဤသို့ဖြင့် နှစ်ယောက်မှာ တစ်နာရီနီးပါးလောက် အချိန်ကြာတော့မှ ဆူလန် ခရိုင်သို့ ရောက်ရှိလာလေသည်။
ဤသည်က ဆင်းရဲသား ရပ်ကွက်ဆိုသော်လည်း ယခုအချိန်၌ သူတို့နှစ်ယောက်အဖို့ ဤသည်က နတ်ဗိမ္မာန်ကြီးပင်။
ကွက်ကျားလင်းထိန်နေသည့် မီးအလင်းရောင်များအား ကြည့်ရင်း ကျိုးလျန်သည် မြေသားနံရံ တစ်ခုသို့ မှီ၍ အသက်ကို အမောတကော ရှူရှိုက်လိုက်သည်။
“ ဒီနေ့ …. ငြိမ်းချမ်းမှုက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ကျုပ် နားလည်သွားပြီ … နောင်ကျ နိုင်ငံခြားတိုင်းပြည်တွေ ကောင်းကြောင်း ကျုပ်အရှေ့ စကားလာပြောကြည့် … ပြောတဲ့ပါးစပ်ကို ဖြတ်ရိုက်ပစ်ဦးမယ်….”
စစ်မီးတောက်များနှင့် ကင်းဝေးနေသည်က ၎င်းတို့နှစ်ဦးအား သေခြင်းတရားမှ လွတ်မြောက်လာသည့် ခံစားချက်ကို ကောင်းကောင်းကြီး နားလည်သွားစေခဲ့သည်။
အနည်းဆုံးတော့ သူတို့ ကြောက်စရာလိုသည့် အရာကား မရှိတော့ချေ။ သူတို့၏ အသက်များက သူတို့လက်ထဲသို့ ပြန်ရောက်လာပြီး ကောင်းကောင်းမွန်မွန် အသက်ရှူ နေထိုင်နိုင်သည့် နေရာလည်း ရှိသည်။
လင်းရီသည် အိတ်ထောင်ထဲမှ စီးကရက်သေတ္တာအား ထုတ်၍ တစ်လိပ်အား ကျိုးလျန်ထံသို့ ပေးကာ သူတို့ရရှိနေသည့် ငြိမ်းချမ်းမှုအား အောင်ပွဲခံလိုက်ကြသည်။
နှစ်ယောက်မှာ အတူထိုင်၍ စီးကရက် ထိုင်ဖွာနေကြလေသည်။ ဤအခိုက်အတန့်လေးက အတော်လေး သက်တောင့်သက်သာ ဖြစ်လှ၏။
သို့သော် ထိုအချိန်၌ လူတော်တော်များက သူတို့ ထိုင်နေသည့် နေရာသို့ ဝိုင်းရံလာပြီး သူတို့နှစ်ယောက်အား သတိထားသည့် မျက်လုံးတို့ဖြင့် ကြည့်ရှုလာခဲ့ကြ၏။
ဤသည်က ဆင်းရဲသား ရပ်ကွက်ပင်။ ဒေသခံများအဖို့ အာရှလူမျိုး နှစ်ယောက်အား ဤနေရာ၌ မြင်တွေ့လိုက်ရသည်မှာ လမ်းပေါ် လျှောက်ပြေးနေသည့် ပန်ဒါအကြီးစား နှစ်ကောင်အား မြင်တွေ့လိုက်ရသည်နှင့် ထူးမခြားနားပင်။
သို့သော် ၎င်းတို့အား ဆွဲဆောင်သွားစေဆုံးကတော့ လင်းရီလက်ထဲ ခဲထားသည့် စီးကရက်ပင်။
ရပ်ကွက်ထဲ၌ အခြေခံ လူသုံးကုန် ပစ္စည်းများအား ပံ့ပိုးပေးနိုင်သော်လည်း သူတို့အဖို့ စီးကရက်များသည် အန္တိမ ဇိမ်ခံပစ္စည်းများ ဖြစ်ကာ စိတ်ရှိတိုင်း သုံးစွဲနိုင်သည့် အရာတစ်ခု မဟုတ်ချေ။
ခြေဗလာဖြစ်နေသည့် အနှီလူများအဖို့တော့ ဆေးရွက်ကြီးသည် အပြင်ကမ္ဘာ၌ လူတို့ ပြောနေကြသည့် ဇိမ်ခံ ဘရန်းများထက် ပိုမိုဆွဲဆောင်မှု ရှိသည့် အရာတစ်ခုပင် ဖြစ်လေသည်။ ခိုင်မာသည့် ငွေကြေးတစ်ခုဟု သုံးနှုန်းပြောဆိုလျှင်ပင် ချဲ့ကားရာ ကျလိမ့်မည် မဟုတ်ချေ။
လင်းရီ ၎င်းတို့အား ယဉ်ကျေးစွာ ခေါင်းညိမ့်ပြ၍ စီးကရက်သေတ္တာအား ပစ်ပေးလိုက်၏။
အဆိုပါ ခပ်နွမ်းနွမ်း အဝတ်များနှင့် လူများမှာ စိတ်လှုပ်ရှားသွားကြပြီး ကျန်ရစ်သည့် စီးကရက်အချို့ကို အညီအမျှ ခွဲဝေလိုက်ကြ၏။ တစ်လိပ်ကို လူသုံးလေးယောက်မှ တစ်လှည့်စီ ဖွာရသည့် အခိုက်အတန့်တို့ပင် ရှိ၏။
ဆေးရွက်ကြီး ကောင်းမှုဖြင့် လင်းရီသည် ဒေသခံများ၏ ရင်းနှီးမှုကို ရရှိသွားခဲ့ကာ ၎င်းတို့အား ရှုမြင်လာသည့် အကြည့်တို့က ယခင်နှင့် မတူညီတော့ချေ။ အနည်းငယ် ဖော်ဖော်ရွေရွေ ရှိလာသည်။
“ စီးကရက်လေး နည်းနည်းက ဒီလောက် ကြီးမားတဲ့ ကောင်းကျိုးတွေ ရှိလာမယ်လို့ ကျုပ် ထင်မထားဘူး …” ကျိုးလျန် ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
“ မင်းတို့ကောင်တွေက မဆင်းရဲဘူးတော့ ဒီလို ခံစားချက်မျိုးကို ဘယ်လိုလုပ် နားလည်နိုင်မှာ …”
“ ခင်များ မိသားစုကရော မချမ်းသာလို့လား …”
“ ငါက မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာတဲ့ကောင် .. ငါ့မိဘတွေဆိုတာ ကလေးတွေ ကျောင်းထားဖို့ သွေးဖောက်ပြီးတောင် ရောင်းခဲ့ရတယ်… အတော်လေး ခါးသီးခဲ့တဲ့ အတွေ့အကြုံတွေပေါ့ ….”
ကျိုးလျန်မှာ ထိုကဲ့သို့သော ဘဝမျိုးကို တစ်ခါမှ ခံစားကြုံတွေ့ခဲ့ရခြင်း မရှိသည့်အတွက်ကြောင့် လင်းရီအား မည်သို့ နှစ်သိမ့်ပေးရမှန်း မသိ ဖြစ်သွားခဲ့သည်။
“ ခက်ခဲတဲ့ အချိန်တွေလည်း ပြီးသွားပြီပဲဟာ … ခင်များက အခုဆို ဟွာရှရဲ့ နာမည်ကြီး တိုင်ကွန်းသူဌေးကြီး တစ်ယောက်တောင် ဖြစ်နေပြီပဲဥစ္စာ ဆိုးရွားတဲ့ အချိန်ကာလတွေ ကုန်ဆုံးသွားတော့ ကောင်းတဲ့ အချိန်ကာလတွေ ရောက်လာတယ်လေ….”
“ ဒါကြောင့်မို့ ငါသိချင်နေတာ မင်းလို ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ကောင်က သေခြင်း ရှင်ခြင်းကို ဘာလို့ အဲ့လောက်တောင် ထူးမခြားနား ဖြစ်နေရတာ ….”
“ ဘယ်သိမှာ … အသိဉာဏ်နဲ့ ဆင်ခြင်နိုင်တဲ့ အခြေအနေကနေ လွတ်ကင်းသွားပြီး သွေးပူသွားတဲ့ အခိုက်အတန့် ဖြစ်လို့နေမှာပေါ့ …” ကျိုးလျန် ပခုံးတွန့်လိုက်ပြီး ခြေတင်ချိတ်လိုက်ကာ တွေးတွေးဆဆနှင့် ပြော၏။
“ တစ်ခါတုန်းက ကျုပ် သူငယ်ချင်းတွေနဲ့ ထမင်းစားတုန်း အမျိုးသမီး တစ်ယောက် ရေနစ်လို့ ကယ်ပေးတဲ့ အမျိုးသား ရေနစ်ပြီး သေသွားတဲ့ သတင်းကို TV မှာ ကြားလိုက်ရတယ်… အဲ့အမျိုးသမီးက ကယ်တင်ခံလိုက်ရပေမယ့် ကယ်ပေးတဲ့ အမျိုးသားကတော့ သေသွားခဲ့တယ်…”
လင်းရီ စီးကရက်မှ ပြာအား အနည်းငယ်တောက်ချလိုက်ပြီး “ ငါလည်း အဲ့သတင်းကြားလိုက်သေးတယ်… ငါတော့ သူ့ကို တကယ်လေးစားတယ်…”
“ ဘာလေးစားစရာ ရှိလို့ … သူ့ကိုယ်ပိုင် အသက်တစ်ချောင်းကို မသိတဲ့ သူစိမ်းတစ်ယောက်အတွက်နဲ့ လဲလှယ်ပေးလိုက်တာ ရူးတာပဲ …” ကျိုးလျန် ပြောလိုက်သည်။
“ တခြားတစ်ဖက် အမြင်ကနေ ကြည့်မယ်ဆိုရင်တော့ မင်းပြောတာလည်း အဓိပ္ပယ် ရှိပါတယ်….”
“ တကယ်တော့ … ဒီနေ့မတိုင်ခင်တုန်းက ကျုပ်ရဲ့ အတွေးတွေက အဲ့အတိုင်းပဲ … အဲ့လိုလူမျိုးတွေကို ဦးနှောက်မရှိတဲ့ အရူးတွေလို့ပဲ ထင်နေခဲ့တာ … လူတွေမှာ ပါတာက အသက်တစ်ချောင်းတည်း … ရှင်သန်ဖို့ ကြိုးစားနေရမှာက တခြား အရာအားလုံးထက် အရေးကြီးတယ် မဟုတ်ဘူးလား …” ကျိုးလျန် ပြောနေရင်း အပြုံးတစ်ခု ဖြစ်ပေါ်လာကာ “ ဒါပေမယ့် ဒီနေ့မှာ ကျုပ် ရုတ်ချည်း နားလည်လိုက်တာက တစ်ခါတစ်လေ ခံစားချက်တွေကို ကျိုးကြောင်းသင့်တင့်တဲ့ ဆင်ခြေတွေနဲ့ ထိန်းချုပ်လို့မရဘူးဆိုတာ သိလိုက်ရတယ်…. ကျုပ်သာ ဒီရဲ့ ဘက်စ် သတ္တုရိုင်းတွေကို ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ကျုပ် အသက်ကလည်း အရေးမကြီးတော့ဘူး …”
“ မင်းတောင် ဘဝရဲ့ အဓိပ္ပာယ်တွေ နားလည်လာပြီပဲ …” လင်းရီ ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။
“ ခင်များကြည့်စမ်း .. ကျုပ်က ရင်ဘက်ကြီးနဲ့ စကားပြောနေတာကို လာရယ်နေတယ်….."
“ မင်းကို ရယ်တာ မဟုတ်ရပါဘူးကွာ …” လင်းရီ ပြောလိုက်ပြီး “ အမျိုးသားရေး အကျိုးစီးပွားနဲ့ နှိုင်းယှဉ်လာရင် ကိုယ်ကျိုး အကျိုးစီးပွားတွေက ဘာမှ အရေးမပါတော့ဘူး …”
“ အမှန်ပဲ … ဒါကြောင့်မို့ ကျုပ် ဒီနေ့ ဒီနေရာကို ရောက်လာခဲ့တာပဲ …”
လင်းရီသည် ကျိုးလျန်၏ ပခုံးကို ပုတ်လိုက်၏။
“ ဒီမှာ ခဏနေဦး … ရှေ့မှာ ဈေးဆိုင်တစ်ခု ရှိတယ်… ငါသွားပြီး တစ်ခုခု ဝယ်လိုက်ဦးမယ်… ဘာဆက်လုပ်မလဲ မစဉ်းစားခင် ဗိုက်အရင်ဖြည့်ကြတာပေါ့ ….”
“ များများဝယ်ခဲ့ … ကျုပ် ဗိုက် တော်တော်လေး ဆာနေတာ …”
“ ကြည့်ကြတာပေါ့ … ငါ့ အိတ်ကပ်ထဲလည်း ဒေါ်လာ ၁၀၀ ကျော်ပဲ ကျန်တော့တာ … အဲ့တာနဲ့ ရသလောက် ဝယ်ခဲ့လိုက်မယ်…” လင်းရီ မတ်တပ်ရပ်၍ သူနှင့် မျက်စောင်းထိုးနေရာရှိ ရိုးရှင်းသည့် ဈေးဆိုင်လေးထံသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။
လူတိုင်း၏ အကြည့်က လင်းရီထံသို့ ကျရောက်နေသည်။
၎င်းတို့၏ အမြင်၌ အာရှသားများ၏ နူးညံ့ဟန်ရှိမည့် ကိုယ်ထည်က ဓားပြတိုက်ဖို့ အကောင်းဆုံးသော ပစ်မှတ်များပင်။
လင်းရီကတော့ အခြားသူများ၏ အကြည့်ကို ဂရုစိုက်မနေဘဲ ဆိုင်အသေးလေးထံသို့သာ တန်းတန်းမတ်မတ် လျှောက်လှမ်းသွား၏။ ဆိုင်က ဟောင်းနွမ်းနေပြီး စင်ကို အုတ်ခဲ ၊ သစ်သား၊ အဆင်ပြေရာများဖြင့် တည်ဆောက်ထား၏။
ဘေးပတ်ဝန်းကျင်တွင် ဆိုးညစ်သည့် အနံ့အသက်တို့က ပြည့်နှက်နေပြီး ယင်ကောင်တို့ကလည်း အစုလိုက်အပြုံလိုက်ပင်။ ထောင့်များ၌ ပိုးဟပ်နှင့် ကြွက်များကိုပင် မြင်တွေ့နေရ၏။
ဆိုင်အသေးလေးထဲတွင် ရောင်းနေသည့် ပစ္စည်းတို့က အတော်လေး များပြားလှပြီး ထူးလည်း ထူးဆန်းသည်။ သို့သော် အစားအသောက် တော်တော်များများကတော့ လတ်ဆတ်ပါသည်။ သို့ပေမယ့် ထုပ်ပိုးသည့်ဟန်နှင့် ဒီဇိုင်းကတော့ သူ့အတွက် အထူးအဆန်း ဖြစ်နေခဲ့၏။
လင်းရီအား ပျော်ရွှင်သွားစေခဲ့သည်က ဆိုင်တွင် အစားအသောက်များအပြင် စီးကရက်နှင့် အရက်များလည်း ရောင်းချနေခြင်းကိုပင်။ သို့သော် အရည်အသွေးကတော့ သိပ်မကောင်းလှချေ။
သို့ပေမယ့်လည်း လက်ရှိ အချိန်က အရည်အသွေး ပြဿနာအား စဉ်းစားနေရမည့် အချိန်မဟုတ်ဘဲ ဗိုက်ပြည့်အောင် ဖြည့်ရမည့် အချိန်ဖြစ်၏။
ဈေးနှုန်း မေးမြန်းကြည့်ပြီးနောက် လင်းရီ ပိုလို့ပင် အံ့အားသင့်သွားခဲ့သည်။ ပစ္စည်းများက သူ့ကို အံ့ဩသွားစေလောက်သည်အထိ ဈေးပေါနေခဲ့၏။
အိတ်ကြီးတစ်လုံးဖြင့် အပြည့် ဝယ်ပြီးသည့်တိုင် သူ ဒေါ်လာ ၃၀ မျှသာ အသုံးပြုလိုက်ရလေသည်။ သူ့အိတ်ကပ်ထဲ ရှိသည့် ပိုက်ဆံက သူနှင့် ကျိုးလျန်ဖို့ ချွေတာ သုံးလျှင် တစ်ပတ်မျှ လောက်ငှသည်ဟု လင်းရီ ခံစားလိုက်ရ၏။
စားစရာများ ဝယ်လာပြီးနောက် ကျိုးလျန်အနားသို့ ပြန်လာကာ လင်းရီ ပြောလိုက်သည်။
“ မြန်မြန်စား … ခဏနေကျရင် ပုန်းဖို့ နေရာရှာကြမယ်…”
ကျိုးလျန်သည် ပေါင်မုန့်တစ်လုံးအား ယူ၍ ပါးစပ်ကျယ်ကျယ်ဟ၍ အကြီးကြီး ကိုက်လိုက်၏။ သို့သော် ဖြစ်ပွားလာနိုင်သည့် မည်သည့် မတော်တဆ ကိစ္စကိုမဆို ကာကွယ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ကိုတော့ မျက်လုံးအရှင်ဖြင့် သတိထား စောင့်ကြည့်နေလျက် ရှိသည်။
“ ဒီလူတွေက ကျုပ်တို့ကို ဘာလို့ မကောင်းတဲ့ အမူအရာတွေနဲ့ ကြည့်နေကြတယ်လို့ ခံစားနေရတာပါလိမ့်….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဒါကြောင့်မို့ မင်းကို မြန်မြန်စားလို့ ပြောတာပေါ့ … ငါတို့ဆီ အချိန်မရွေး ဓားပြလာတိုက်နိုင်တယ်…”
“ လာရဲတဲ့ကောင် လာကြည့်လိုက်လေ… ဘောတွေ တန်းစီ ဖြတ်ကန်ပစ်လိုက်မယ်….”