← Chapters

စတုတ္ထအကြိမ်ထူးကဲယင်ပြိုင်ပွဲ

Vol. 15 Ch. 210

စတုတ္ထအကြိမ်ထူးကဲယင်ပြိုင်ပွဲ

Vol. 15 Ch. 210

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုသည် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များဖြင့် ပြည့်လျှံနေသည်။

မီးဖို၏အတွင်းပိုင်းသည် အလွန်နှေးကွေးစွာ လည်ပတ်နေပြီး တိမ်တိုက်မြူခိုးများဖုံးအုပ်နေသည့်အတွက် အထဲတွင် ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို လည်ပတ်နေသည်ကို ရန်ကျောက်ကဲက အထူးအလေးအနက်ထားကာ အာရုံစိုက်နေသည်။

တစ်ချိန်တည်းမှာပင် သူ၏သိုင်းစွမ်းရည်နှင့် လိုက်ဖက်သော ၊ သူကိုယ်တိုင်ပြုလုပ်ရန် ရည်ရွယ်ထားသည့် ရတနာပစ္စည်းတစ်ခု ဖြစ်ပေါ်လာရေးကို ရန်ကျောက်ကဲ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။

ရန်ကျောက်ကဲစိတ်ထဲတွင် အစီအစဉ်က ရှိနေပြီးသားဖြစ်ရာ မြန်နိုင်သမျှမြန်မြန် ပြီးပြည့်စုံအောင် ပြုလုပ်ရန်သာ လိုအပ်သည်။ သို့သော် တစ်ကြိမ်တည်းဖြင့်ပြီးသွားမည့် ကိစ္စမဟုတ်ကြောင်းကိုလည်း သူ သိရှိ၏။

ထိုရတနာပစ္စည်းပြုလုပ်ရန် မီးပြင်းဖိုအသုံးပြုသည့် ဖြစ်စဉ်တွင် ရန်ကျောက်ကဲက ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိသလို အလျှင်လိုခြင်းလည်း မရှိပေ။ သူ မြင်တွေ့ရ‌သော ရလဒ်မျာအးပေါ် အခြေခံပြီး မူလစီစဉ်ထားသည့် အစီအစဉ်အတိုင်း အဆက်မပြတ် မြှင့်တင်ခဲ့သည်။

နောက်ပိုင်းရက်များတွင်တော့ ရန်‌ကျောက်ကဲသည် သိုင်းပညာကျင့်ကြံလိုက် ၊ အစီအရင်ပညာလေ့လာလိုက် ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဖြင့် ရတနာပစ္စည်းပြုလုပ်လိုက်ဖြင့် အေးအေးဆေးဆေးပင် နေထိုင်ခဲ့သည်။

ထိုသို့ဖြင့် လအနည်းငယ် ကြာမြင့်သွားခဲ့သည်။

ထိုအချိန်ကာလအတွင်း ရန်ကျောက်ကဲသည် သူ စိတ်နှစ်မြှုပ်ထားသည့် အချိန်များကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ အနောက်ဘက်သဲကန္တာရတွင် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း အားပျော့သွားပြီဖြစ်လေရာ သူ့အတွက် လှုပ်ရှားရန် အချိန်တန်ပေပြီ။

ရန်ကျောက်ကဲက ထိုင်ရာမှထကာ ပျင်းကြောတစ်ချက်ဆန့်လိုက်ရင်း...

“အားဟူ... လေနယ်မြေမှာရှိတဲ့ ငါတို့လူတွေကို အမြန်ဆက်သွယ်ပါ ၊ လိုအပ်တာတွေကိုလည်း ကြိုတင်ပြင်ဆင်ပါ”

အားဟူက ချက်ချင်းခေါင်းညိတ်ပြီး သူ့တာဝန်ကိုထမ်းဆောင်ရန် ထွက်ခွာသွားသည်။

ရန်ကျောက်ကဲ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ခေါင်းကိုမော့ကာ တောအုပ်ဆီသို့ လှမ်းကြည့်လိုက်သည်။  နေရောင်ခြည်က သစ်ကိုင်းသစ်ရွက်များကြားမှ တောအုပ်ထဲသို့ ကျိုးတိုးကျဲတဲ ဖြာကျနေသည်။

“စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတောင် ပြီးဆုံးတော့မှာပဲ ၊ ရလဒ်ဘယ်လိုရှိမလဲ သိချင်လိုက်တာ”

တွေးရင်းဖြင့် ရန်ကျောက်ကဲ တောအုပ်ကိုဖြတ်ကျော်ကာ လမ်းလျှော်ကလာသည်။

စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဝါဒတောင်က ပါဝင်ခြင်းမရှိသေးဘဲ ဘေးထွက်နေဆဲ ဖြစ်သည်။

ဖန်းယွင်ရှန်း ထူးကဲယင်ခန္ဓာ ပြန်လည်ရရှိပြီ ဖြစ်သော်လည်း သူမက ကျင့်ကြံနေဆဲ ကာလဖြစ်သည်။

ရန်ကျောက်ကဲသာမက ဖူအန်းစုနှင့် ဝါဒတောင်မှ အခြားသောအကြီးအကဲများကလည်း ဖန်းယွင်ရှန်းအတွက် အရေးကြီးသည့်အချိန်ကာလဟု ယူဆသဖြင့် ထူးကဲယင်ပြိုင်ပွဲတွင် သူမကို ပါဝင်ခွင့်မပြုခဲ့ပေ။ ဖန်းယွင်ရှန်းကလည်း အကြီးအကဲများ၏ ဆန္ဒသဘောထားကို နားလည်စွာဖြင့် စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မတောင်းဆိုခဲ့ပေ။

လွတ်သွားသည့် (၂)နှစ်တာကာလအတွက် ပြင်ဆင်မှုများပြုလုပ်ရန် ဖန်းယွင်ရှန်းအတွက် အချိန်ပိုမို လိုအပ်သည်။

သူမ၏ ပြိုင်ဘက်များသည်လည်း ရပ်တန့်မနေဘဲ အရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းမြင့်တက်နေမည်ဖြစ်ရာ ဖန်းယွင်ရှန်းအနေဖြင့် ပိုမိုအားစိုက်ထုတ်ရမည်ပင်။

ရန်ကျောက်ကဲ တွေးတောရင်း လမ်းလျှောက်လာစဉ် ဖန်းယွင်ရှန်းနေထိုင်သော ချိုင်ဝှမ်းဆီသို့ ရောက်ရှိလာသည်။

မျှော်လင့်ထားသည့်အတိုင်း မိန်းမပျိုလေးသည် လုံ့လဝီရိယရှိရှိဖြင့် ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။

ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားသည့် သူမ၏လက်ကတည်ငြိမ်နေပြီး သူမ၏မျက်ဝန်းများကတော့ မီးတောက်များအဟုန်းဟုန်းတောက်လောင်နေသည့်အလား ထင်မှတ်ရသည်။

အနိမ့်ဆုံးအဆင့်ရောက်အောင် ကျရှုံးသွားပြီးမှာ ဆုံးရှုံးသွားသောအရာများကို ပြန်လည်ရရှိရန် အခွင့်အရေးရရှိလာသူတစ်ယောက်တွင် မည်သို့သော စွမ်းအားမျိုးရှိသည်ကို အခြားသူများ နားလည်နိုင်မည် မဟုတ်ပေ။ ကိုယ်တိုင်တွေ့ကြုံခံစားရသည့် ဖန်းယွင်ရှန်းကိုယ်တိုင်သာလျှင် နားလည်ပေလမ့်မည်။

ဖန်းယွင်ရှန်းက စိတ်ဆန္ဒနှင့် ဆုံးဖြတ်ချက် အလွန်ကောင်းမွန်သူ ဖြစ်သည်။ သူမအပေါ်ကျရောက်သည့် ဖိအားများအားလုံးကို လှုံ့ဆော်မှုများအဖြစ်ပြောင်းလဲကာ အကန့်အသတ်ကိုကျော်လွန်သည်အထိ ကြိုးစားအားထုတ်ရန် သူမကို တွန်းအားပေးခဲ့သည်။

ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဝါဒတောင်က သူမကို စေလွှတ်ခြင်းမရှိသည့်တိုင် သူမကလည်း ကြိုးစားအားထုတ်မှုကို မရပ်တန့်ခဲ့ကြောင်း နားလည်နိုင်သည်။

ရန်ကျောက်ကဲသည် နေရာတွင် မတ်တတ်ရပ်ရင်း သိုင်းလေ့ကျင့်နေသည့် ဖန်းယွင်ရှန်းကို ကြည့်နေသည်။

ဖန်းယွင်ရှန်းနှင့် မနီးမဝေးတစ်နေရာတွင် ကောင်ငယ်လေးတစ်ယောက်သည်လည်း သိုင်းပညာကို စည်းစနစ်ကျနစွာ လေ့ကျင့်လျှက် ရှိ၏။

ထိုကောင်ငယ်လေးက အသက် (၁၂)နှစ်ပင် မပြည့်သေးသည့်တိုင် ကြယ်တာရာချီစွမ်းအားကို ထုတ်ဖော်သန့်စင်နိုင်သည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလေပြီ။

ထိုကောင်လေးက ယင်လုန်ထူမှလွဲပြီး အခြားသူ မဟုတ်ပေ။ ယင်လုန်ထူက ယခင်က ရန်တိရရှိခဲ့သော “အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်အငယ်ဆုံး သိုင်းပညာရှင်” ဆိုသည့် စံချိန်ကို ချိုးဖျက်သွားပြီး ဖြစ်သည်။

ယင်လုန်ထူက သိုင်းပညာကို အာရုံစူးစိုက်မှုအပြည့်ဖြင့် လေ့ကျင့်နေပြီး သူ့မျက်လုံးများက ပင်ပန်းနွမ်းနယ်သည့်အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ တဖျတ်ဖျတ်တောက်ပလျှက် ရှိသည်။ သူ၏ စိတ်အာရုံစူးစိုက်နိုင်မှုက ဖန်းယွင်ရှန်းထက် နိမ့်ကျခြင်း မရှိပေ။

ထိုသို့ သိုင်းလေ့ကျင့်နေသည့် အချိန်မျိုးတွင် သူ့ပုံစံက ဉာဏ်ရည်နှေးကွေးသူတစ်ယောက်နှင့် လားလားမှ မတူတော့ပေ။

သူ၏ ထိုးဖောက်သိမြင်နိုင်စွမ်း ၊ ကြံ့ခိုင်သောခန္ဒာကိုယ်နှင့် တဟုန်ထိုးမြင့်တက်နေသည့် ချီစွမ်းအားနှင့် သွေးလည်ပတ်မှုစွမ်းအားများက သူနှင့်အဆင့်တူ သိုင်းသမားများအားလုံးထက် သာလွန်သည်။

သူတို့ (၂)ယောက် သိုင်းလေ့ကျင့်နေသည်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။

ထိုအချိန် မြေကြီးပေါ်တွင် ငုတ်တုတ်ထိုင်ရင်း သူ့ပါးစပ်ထဲ အစာထည့်ရမည်ကိုပင်ပျင်းရိနေဟန်ရျိသော ဧရာမပန်ဒါကြီး ပန်ပန်မှာ ရန်ကျောက်ကဲကိုတွေ့သည်နှင့် မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး သူ့ထံ ပြေးလာတော့သည်။

“မင်း... ဂိုဏ်းတူညီမလေး’ဖန်း’ အနားရောက်နေတော့ အစားကောင်းအသောက်ကောင်းတွေ စားနေရမှာပေါ့လေ”

ရန်ကျောက်ကဲက ပြုံးရင်း ပန်ပန်ကို ပွေ့ဖက်လိုက်ပြီး သူ၏ ကြီးမားသည့် ဦးခေါင်းကြီးကို ပွတ်သပ်လိုက်၏။

ဖန်းယွင်ရှန်း၏ ခွေးနက်လေးဖြစ်သော အသားတုံးလေးမှာလည်း ရန်ကျောက်ကဲနှင့် ရင်းနှီးနေပြီ ဖြစ်သည်။ သူကတော့ ပန်ပန်ကဲ့သို့ ရန်ကျောက်ကဲအနား အလျှင်စလို ပြေးသွားခြင်းမျိုးမရှိဘဲ ဝမ်းသာအားရအမြီးလေးသာ နှံ့ပြနေသည်။

လက်သီးသိုင်းလေ့ကျင့်ပြီးသွားသည့် ယင်လုန်ထူက လက်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။

ရန်ကျောက်ကဲ ရောက်နေသည်ကိုတွေ့သည်နှင့် သူ့မျက်ဝန်းများတောက်ပသွားပြီး ရှက်ကိုးရှက်ကန်းပြုံးလိုက်ရင်း...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ဟု အော်ဟစ်နှုတ်ဆက်သည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဘယ်လိုလဲ... မင်းရဲ့ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိသေးလား”

ယင်လုန်ထူက ခေါင်းကိုကုတ်ရင်း ခဏမျှ စဉ်းစားနေသည်။

ပြီးမှ...

“အရင်က ဂိုဏ်းတူအစ်ကိုတစ်ယောက်ပြောတာတော့... သိုင်းကွက်တစ်ကွက်ထုတ်ဖော်တဲ့နေရာမှာ လျှင်မြန်မှုနဲ့စွမ်းအား (၂)ခုလုံးထုတ်ဖော်ဖို့ ခက်ခဲလိမ့်မယ်တဲ့ ၊ အဆုံးမဲ့တောင်တန်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကို ကြည့်မယ်ဆိုရင် အဲဒီအချက်ကို သိနိုင်မယ်လို့ ပြောတယ် ၊ ဒါပေမဲ့ ကျွန်တော့်အထင် သူ့စကားက တစ်ခုခုလွဲနေသလိုပဲ”

ရန်ကျောက်ကဲ ပြုံးလိုက်သည်။ ဟန်လုန်အာက အမှန်တကယ် ပွင့်လင်းသူဖြစ်ပါလျှက် ဤပြဿနာကို ထိုဂိုဏ်းတူအစ်ကိုအား အဘယ့်ကြောင့် တိုက်ရိုက်မမေးမြန်းရသည်ကို သူ မသိရှိပေ။

ရန်ကျောက်ကဲက...

“သူပြောတာ မှန်လည်းမှန်တယ် မှားလည်းမှားတယ်”

သူက ဆက်ရှင်းပြသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လျှင်မြန်မှုနဲ့စွမ်းအားကို တစ်ချိန်တည်းထုတ်ဖော်နိုင်ဖို့ဆိုတာ မသေချာတဲ့ ကိစ္စတစ်ခုပဲ ၊ မင်း လက်သီးထိုးလိုက်တဲ့အခါ... မင်းလက်သီးချက်က လျှင်မြန်သလို လက်သီးထဲမှာပါဝင်တဲ့စွမ်းအားကလည်း အားနည်းနေမှာ မဟုတ်ဘူး ၊ ကောင်းကင်မိုးကြိုးခန်းမရဲ့ တိုက်ခိုက်မှုကို လူတွေ ဘယ်လိုပြောကြသလဲ စဉ်းစားကြည့်လေ ၊ လျှပ်စီးလက်သလို လျှင်မြန်ပြီး မိုးကြိုးသွားဆင်းသက်လာသလို ပြင်းထန်တယ်လို့ ဆိုကြတယ် ၊ ဒီစကားကိုကြည့်ရင် ပထမတစ်ပိုင်းက လျှင်မြန်မှုကို ရည်ညွှန်းပြီး ဒုတိယတစ်ပိုင်းက တိုက်ခိုက်စွမ်းအားကို ရည်ညွှန်းတာ ဖြစ်တယ်”

ရန်ကျောက်ကဲက လက်ဖဝါးကို အသာမြှောက်ပြီး ရှေ့သို့ တွန်းထုတ်လိုက်သည်။

“ဒါပေမဲ့ ငါတို့ သိုင်းကွက်ထုတ်ဖော် တိုက်ခိုက်တဲ့အခါ တွန်းအားဆိုတာ ရှိတယ် ၊ စုစည်းထားတဲ့စွမ်းအားနဲ့ တွန်းထုတ်လိုက်တဲ့စွမ်းအား နှစ်ခုလုံးပေါင်းစပ်နိုင်မှ အမှန်တကယ် သိုင်းကွက်ထုတ်နိုင်တယ်လို့ ခေါ်တယ် ၊ ဒါပေမဲ့ စုစည်းထားတဲ့စွမ်းအားကို ထုတ်လွှတ်တဲ့အခါမှာ လျှင်မြန်မှုနဲ့ စွမ်းအားကြားမှာ ရွေးချယ်မှုတစ်ခု ပြုလုပ်ရတယ် ၊ အများစုကတော့ စုစည်းထားတဲ့စွမ်းအားများလေ သိုင်းကွက်ထုတ်တဲ့အချိန်က ပိုရှည်ကြာသွားလေ ဖြစ်တတ်တယ်”

ရန်ကျောက်ကဲက ယင်လုန်ထူကို ကြည့်ရင်း...

“အဆုံးမဲ့တောင်တန်းနဲံ ကောင်းကင်မိုးကြိုးခန်းမရဲ့ သိုင်းလမ်းစဉ် ကွဲပြားသွားတဲ့ အဓိကအချက်က အဲဒီနေရာမှာ တည်ရှိတာပဲ”

ယင်လုန်ထူက မှင်တက်စွာ ခေါင်းညိတ်လိုက်ရင်း...

“ဒါဆို သိုင်းကွက်ထုတ်‌ဖော်တဲ့ ဖြစ်စဉ်တစ်ခုလုံးမှာ စွမ်းအားနဲ့လျှင်မြန်မှုကြား ရွေးချယ်ရမယ့် နေရာတစ်ခု တည်ရှိနေတာပေါ့ ၊ စွမ်းအားအများကြီးစုစည်းထားတဲ့အခါ လျှင်မြန်မှုက အပြည့်အဝ လွတ်လပ်မှု မရှိတော့ဘူးပေါ့”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အမှန်ပဲ ၊ အဆုံးမဲ့တောင်တန်းနဲ့ ကောင်းကင်မိုးကြိုးခန်းမရဲ့ ခြားနားမှုက သူတို့ရဲ့ သိုင်းပညာတွေရဲ့ လျှငမြန်မှုအပေါ်မူတည်ပြီး ခြားနားသွားတာပဲ ၊ ပြောရမယ်ဆိုရင် လျှင်မြန်မှုကို ထုတ်ဖော်တဲ့နေရာမှာ ကွာခြားချက်ရှိနေတယ်လို့ ဆိုရမယ်”

သူက ဆက်ပြောသည်။

“စွမ်းအားထုတ်ဖော်တဲ့နည်းလမ်းအရဆိုရင် သူတို့နှစ်ဂိုဏ်းလုံး လျှောက်လှမ်းတဲ့လမ်းက ခက်ခဲလွန်းတယ် ၊ ဒါကြောင့် ကောင်းကင်မိုးကြိုးခန်းမရဲ့ တိုက်ခိုက်မှုက လျှင်မြန်ပြင်းထန်ပြီး အဆုံးမဲ့တောင်တန်းကတော့ စွမ်းအားကြီးမားလွန်းတယ်”

သူတို့ (၂)ယောက် စကားပြောနေစဉ် ချိုင့်ဝှမ်းနေရာသို့ အားဟူ ရောက်ရှိလာသည်။

သူက ရန်ကျောက်ကဲကို ကြည့်ရင်း ပွင့်ပွင်းလင်းလင်းပင် ရယ်မောနှုတ်ဆက်သည်။

“သခင်လေး... ၊ သခင်လေး ညွှန်ကြားတဲ့တိုင်း လေနယ်မြေဘက်ကို ဆက်သွယ်ပြီးပါပြီ”

သူရရှိသည့် ပုံမှန်သတင်းများကို ရန်ကျောက်ကဲအား ပြောပြပြီးနောက် အားဟူက စကားဆိုသည်။

“စတုတ္ထထူးကဲယင်ပြိုင်ပွဲ ရလဒ်ထွက်လာပြီ သခင်လေး ၊ ဒီတစ်ခေါက် နေသူတော်စင်ဂိုဏ်းက မန်ဝမ် ရှုံးနိမ့်သွားတယ်”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...

“အဲဒီအကြောင်းကို အသေးစိတ်တင်ပြစမ်း...”

အားဟူက ဝမ်းသာအားရ ရယ်မောလိုက်ရင်း...

“မန်ဝမ်ကိုယ်တိုင် တစ်ခုခု ပြဿနာဖြစ်နေပုံရတယ် ၊ အဲဒါကြောင့် နောက်ဆုံးပြိုင်ပွဲမှာ သူ ရှုံးနိမ့်သွားတယ်”

ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်ရင်း...

“ပြိုင်ပွဲကိုသွားတဲ့ ငါတို့ဂိုဏ်းက ဂိုဏ်းတူအစ်ကိုက အဲဒီပြိုင်ပွဲကို မှတ်တမ်းတင်ခဲ့သလား”

အားဟူက ‌ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်ကဲ့...”

မှတ်တမ်းတင်ထားသည့် တိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲက ပျော်ရွှင်ခြင်းအလျဉ်းမရှိဘဲ မျက်နှာပင် သိသိသာသာ ပျက်ယွင်းသွားသည်။

“ငါ စိုးရိမ်နေတဲ့ကိစ္စ တကယ်ဖြစ်လာပြီပဲ ၊ ဒီ အဆိုးဆုံးအဖြစ်အပျက်က တကယ်ထွက်ပေါ်လာခဲ့ပြီ”

***

All Chapters