ဖန်းယွင်ရှန်း၏ဆုံးဖြတ်ချက်
Vol. 15 Ch. 211
မှော်ဝင်ပစ္စည်းဖြင့် ဖမ်းယူလာသည့် တိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲမျက်နှာက ရှားရှားပါးပါး တည်ကြည်လေးနက်သွားသည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်မှ အကြီးအကဲများအားလုံးက ဖန်းယွင်ရှန်းကို စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်ခွင့် မပြုခဲ့ကြပေ။
အခြားသူများထက် နောက်ကျကျန်ရစ်ခဲ့သည့် (၂)နှစ်တာကာလအတွက် အခြားသော ထူးကဲယင်မိန်းမပျိုများကို အမီလိုက်နိုင်ရန် ဖန်းယွင်ရှန်းအတွက် အချိန်ပေးထားခဲ့သည်။
အထူးသဖြင့် နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်နှင့် သူမအကြား ကွာဟချက်ကို ဖြည့်ဆည်းနိုင်ရန် အထူးလိုအပ်၏။
နည်းလမ်းမျိုးစုံအသုံးပြုကာ ရန်ကျောက်ကဲက သူမစွမ်းအားများ ခုန်ပျံကျော်လွှား ရရှိလာစေရန် ကူညီပေးခဲ့သော်လည်း နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်က ဆီမရှိသော မီးခွက်တစ်ခု မဟုတ်ပေ။ အနည်းဆုံး ထူးကဲယင်သရဖူကို နှစ်ကြိမ်တိတိ ရယူထားခဲ့သူ ဖြစ်သည်။
ထူးကဲယင်သရဖူသည် ထူးကဲယင်မိန်းမပျိုများကျင့်ကြံရာတွင် လက်မလွှတ်နိုင်သော ကြီးမားသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ဖန်းယွင်ရှန်းအနေဖြင့် ထူးကဲယင်ပြိုင်ပွဲတွင် အနိုင်ရလိုပါက စိတ်ရှည်ရန်လိုအပ်သည် ၊ ကြိုးစားရန်လိုအပ်သည် ၊ အချိန်ပိုမိုလိုအပ်သည်။
စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် သူမ ပါဝင်မည်ဆိုပါက အောင်ပွဲခံနိုင်မည်မဟုတ်ဘဲ အဖြည့်ခံသက်သက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
အောင်ပွဲခံနိုင်မှသာ ထူးကဲယင်သရဖူကို ရရှိမည်ဖြစ်ပြီး အောင်ပွဲမခံနိုင်ပါက ဘာမှဖြစ်လာမည်မဟုတ်သလို အကျိုးလည်း မရှိပေ။
အမှန်တရားက ရက်စက်ပြင်းထန်သော်လည်း ဤသည်က ထူကဲယင်ပြိုင်ပွဲ၏ တကယ့်အဖြစ်မှန်သာပင်။
သေသေချာချာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ရန်ကျောက်ကဲ ၊ ဖူအန်းစုနှင့် အခြားအကြီးအကဲများက ဖန်းယွင်ရှန်းကို ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုပြိုင်ပွဲမတိုက်ခင်အချိန်များတွင်တော့ ဖန်းယွင်ရှန်းအနေဖြင့် စိတ်ရှည်သည်းခံစွာဖြင့် ကျင့်ကြံနေရပေလိမ့်မည်။
ရန်ကျောက်ကဲ ခန့်မှန်းထားသည်မှာ ပဉ္စအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဖန်းယွင်ရှန်းအနေဖြင့် အနိုင်မရနိုင်သေးပေ။ သို့သော် သူမအနေဖြင့် အခြားသောထူးကဲယင်မိန်းမပျိုများဖြင့် တိုက်ခိုက်ရေးအတွေ့အကြုံ ရရှိနိုင်မည် ဖြစ်သည်။
အချိန်ကာလ သိပ်မကြာလေရာ ဝါဒတောင်အနေဖြင့် စောင့်ဆိုင်းနိုင်ပေသည်။ လက်ရှိ ကမ္ဘာ့အရေးကလည်း အနည်းငယ်မငြိမ်သက်သဖြင့် ဖိအားများကလည်း ရှိနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့ အထူးစိုးရိမ်ခဲ့ကြသည်မှာ နေသူတော်စင်ဂိုဏ်း၏ အရှေးအရပ်မှထွက်သောနေ “ဟွမ်ကွမ်လီ” တံခါးပိတ်ကျင့်ကြံရမှာ အချိန်မရွေး ထွက်ပေါ်လာနိုင်သည်ဆိုသော အချက်ဖြစ်သည်။
အကယ်၍ ဟွမ်ကွမ်လီ ကျင့်ကြံခြင်းအဆင့်တက်ပြီး ပြန်လည်ထွက်ပေါ်လာပါက ဝါဒတောင်အပေါ် အတော်လေး ဖိအားများမည် ဖြစ်သည်။
ထို့ပြင် ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် ရှုံးနိမ့်သွားခြင်းကြောင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်တို့က အလံလှဲပြီး လက်မြှောက်အရှုံးပေးသွားကြသည် မဟုတ်ပေ။ သူတို့၏လုပ်ရပ်များက ရပ်တန့်သွားမည် မဟုတ်ပေ။
ထို့ကြောင့် အချိန်အကန့်အသတ် ရှိနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကြီးကြီးမားမား ပြဿနာများ မရှိပါက ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဖန်းယွင်ရှန်းက တောက်ပသည့် ကြယ်တစ်ပွင့်ပမာ အနိုင်ရရှိရန် အခွင့်အရေး မြင့်မားသည်။
သို့ပေသိ ယခုတော့ ကြီးကြီးမားမား ပြဿနာတစ်ခု ဖြစ်သွားခဲ့လေပြီ။
ကြီးမားသောပြဿနာက ဖန်းယွင်ရှန်းနှင့် ဝါဒတောင်တွင် မဟုတ်ဘဲ အခြားသောနေရာတွင် ဖြစ်နေသော ပြဿနာဖြစ်၏။
လင်ကျိုးနှင့်ထိပ်တိုက်ရင်ဆိုင်ရစဉ်က လင်ကျိုးအနေဖြင့် ဖန်းယွင်ရှန်း၏ဇာစ်မြစ်ကိုထုတ်ဖော်ပြောကြားခဲ့သည်။ ရန်ကျောက်ကဲက သူမ၏ ထူးကဲယင်ခန္ဓာပြန်လည်ရရှိရန် တိမ်လွှာတောင်ရှိ ယင်ယန်တိမ်တိုက်စမ်းချောင်းကို အသုံးပြုနေသည်ကိုပင် လင်ကျိုးက သိရှိခဲ့သည်။
သူ့စိတ်ထဲ လင်ကျိုး၏နောက်ခံအကြောင်းကို တွေးတောရင်း ဖန်းယွင်ရှန်းနှင့်ပတ်သက်ပြီး လင်ကျိး မည်သို့သိရှိခဲ့ကြောင်း အမြဲတမ်းသိချင်နေခဲ့သည်။
ရန်ကျောက်ကဲသိသလောက် သူသာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိလျှင် ဖန်းယွင်ရှန်းသည် ဝါဒတောင်သို့ ရောက်လာမည် မဟုတ်ပေ။ နေသူတော်စင်ဂိုဏ်းလက်မှ လွတ်မြောက်ရန် ကျောက်စိမ်းပင်လယ်မြို့တော်တွင်သာ ခိုလှုံမည် ဖြစ်သည်။
သူမသည် နေသူတော်စင်ဂိုဏ်း၏ ထူးကဲယင်မိန်းမပျိုတစ်ယောက် ဖြစ်သော်လည်း သူမ၏ ထူးကဲယင်ခန္ဓာ ဆုံးရှုံးခဲ့သည်ကို တစ်ကမ္ဘာလုံးက သိရှိထားပြီး ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲက ယင်နှင့်ယန်အတူတကွတည်ရှိမှုကိုအသုံးပြုပြီး ထူးကဲယင်ခန္ဓာပြန်လည်ရရှိစေရန် ဖန်းယွင်ရှန်းကို ကူညီပေးနေကြောင်း လင်ကျိုးက မည်သို့သိရှိရပါသနည်း။
ကျောက်စိမ်းပင်လယ်မြို့တော်တွင် အလားတူ နည်းလမ်းတစ်ခု ရှိနေပါသလား။
သို့မဟုတ် လင်ကျိုးကိုယ်တိုင် ထိုသို့သောနည်းလမ်းတစ်ခု တီထွင်ခဲ့လေသလား။
ရန်ကျောက်ကဲ စိုးရိမ်သည်က ထိုပြဿနာများ မဟုတ်ပေ။ သူစိုးရိမ်သည်က အခြားတစ်ယောက်က ထိုနည်းပညာကို တီထွင်ပြီး လင်ကျိုးက ထိုသူမှတစ်ဆင့် သိရှိလာခြင်းကိုပင် ဖြစ်သည်။
လင်ကျိုးက ထိုအကြောင်းကိုသိရှိရုံဖြင့် ပြဿနာမရှိပေ။ ကောင်းကင်မိုးကြိုးခန်းမမှ ထူးကဲယင်မိန်းမပျိုကလည်း စွမ်းအားမြင့်မားလှသည်မဟုတ်လေရာ စိုးရိမ်စရာ မရှိပေ။ အရေးကြီးဆုံးအချက်မှာ ထိုနည်းလမ်းကိုသိရှိသူ မူလပိုင်ရှင် မည်သူဖြစ်ပါသနည်းဆိုသည့်အချက်ပင်။
ကျောက်စိမ်းပင်လယ်မြို့တော်ဆိုလျှင် ပြဿနာမရှိပေ။ သို့ပေသိ အဆိုးဆုံးအချက်မှာ ထိုနည်းလမ်းကို သုတေသနလုပ်နေသူမှာ နေသူတော်စင်ဂိုဏ်း ဖြစ်နိုင်ခြေ မြင့်မားသည်။
နံပါတ် (၁)အနေဖြင့် နေသူတော်စင်ဂိုဏ်း၏ ကျင့်စဉ်လမ်းက သန့်စင်သည့်ယန်စွမ်းအားကို အသုံးပြု ကျင့်ကြံကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းကို သုတေသနပြုရန် နက်နဲသည့်အချက်အလက်များကို စဉ်းစားမိနိုင်သည်။ နံပါတ် (၂)အနေဖြင့် သူတို့က ထူးကဲယင်သရဖူကို အချိန်ကြာမြင့်စွာ ပိုင်ဆိုင်ခွင့်ရရှိထားသူများဖြစ်လေရာ သုတေသနပြုလုပ်ရန် အချိန်ပိုမိုရရှိပေသည်။
နေသူတော်စင်ဂိုဏ်း၏ ရင်းမြစ်များတွင် မဟာကပ်ဘေးကြီးမတိုင်ခင် ကျန်ရစ်ခဲ့သော သတင်းအချက်အလက်များနည်းပါးသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ ပညာရှင်များ ဝီရိယရှိရှိ သုတေသနပြုလုပ်ပါက နေသူတော်စင်ဂိုဏ်းအနေဖြင့် ထိုသို့သောရလဒ်များ ထွက်ပေါ်လာနိုင်ပေသည်။
ထိုအချက်သည် ရန်ကျောက်ကဲစိတ်ထဲ အမြဲစွဲမှတ်နေခဲ့ပြီး ယခုတော့ သူ၏ အဆိုးဆုံးသောခန့်မှန်းချက် အမှန်တကယ် ဖြစ်ပေါ်လာခဲ့လေပြီ။
မန်ဝမ်နှင့် လှိုင်းနက်ဂေဟာမှ ထူးကဲယင်မိန်းမပျို၏ တိုက်ပွဲကို ဂရုတစိုက်ကြည့်ရင်း မန်ဝမ်နှင့်အတူ ပြဿနာကြီးတစ်ခုသည်လည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း ရန်ကျောက်ကဲ တပ်အပ်ဆိုနိုင်သည်။ မန်ဝမ် ယခုတစ်ကြိမ် ဒဏ်ရာရရှိထားခြင်းက ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲနှင့် တူညီခြင်း မရှိပေ။
မန်ဝမ်ကိုကြည့်ရသည်မှာ ယင်ယန်ပေါင်းစပ်ခြင်းနည်းစနစ်ကို စတင်လုပ်ဆောင်ရင်း လုံလောက်စွာတိုးတက်မှု မရှိသေးသည့်အတွက် အားနည်းသလို ဖြစ်နေခြင်း ဖြစ်သည်။
ထိုနည်းလမ်းကို သိရှိသူက လင်ကျိုးဆိုလျှင် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက မဟာမိတ်များ ဖြစ်သည့်တိုင် လင်ကျိုးအနေဖြင့် ထိုနည်းလမ်းကို နေသူတော်စင်ဂိုဏ်းအား ထုတ်ဖော်ပြသမည် မဟုတ်ပေ။ ထို့ကြောင့် နည်းလမ်းပိုင်ရှင်သည် နေသူတော်စင်ဂိုဏ်းသာလျှင် ဖြစ်ရပေမည်။
နောက်တစ်ချက်မှာ ကောင်းကင်မိုးကြိုးခန်းမမှ ထူးကဲယင်မိန်းမပျိုသည်လည်း မန်ဝမ်ကဲ့သို့ အားနည်းသည့် လက္ခဏာမျိုးကို ပြသနေသည်။ သို့ပေသိ မန်ဝမ်လောက်တော့ ထင်သာမြင်သာ မရှိပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် လင်ကျိုးသည် ယင်ယန်ပေါင်းစည်းခြင်းနည်းစနစ်များကို အတိအကျ နားမလည်သေးကြောင်း သက်သေပြနေသည်။ ကြည့်ရသည်မှာ ကောင်းကင်မိုးကြိုးခန်းမက ထိုနည်းလမ်းကို မကြာခင်ကမှ စတင်စမ်းသပ်ခဲ့ဟန် ရှိ၏။
နေသူတော်စင်ဂိုဏ်းမှ နည်းလမ်းကတော့ ရန်ကျောက်ကဲ၏ နည်းလမ်းကို မမီသေးသည့်တိုင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက် မတော်တဆ ဒဏ်ရာရခြင်းမျိုးနှင့် မတူဘဲ ယခုတစ်ကြိမ် မန်ဝမ် ထူးကဲယင်သရဖူကို ဆုံးရှုံးလိုက်ရခြင်းသည် လက်ခံနိုင်ဖွယ်ဆုံးရှုံးမှုတစ်ခုဟု နေသူတော်စင်ဂိုဏ်းမှ ခန့်မှန်းထားသည်ပင်။
ခဏမျှ ငြိမ်သက်တိတ်ဆိတ်နေခြင်းက အနာဂတ်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်မှုများနှင့် အားသာချက်များကို ရယူရန် ဖြစ်သည်။
လက်ရှိတွင်တော့ နေသူတော်စင်ဂိုဏ်းအနေဖြင့် ထူးကဲယင်သရဖူကို ဆုံးရှုံးရသည့်အပြင် ဟွမ်ကွမ်လီသည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးလေရာ အနည်းဆုံး အချိန် (၁)နှစ်ခန့်ကတော့ ပုံမှန်အတိုင်း ရှိနေဦးမည် ဖြစ်သည်။
သို့ပေသိ နေသူတော်စင်ဂိုဏ်း နောက်တစ်ကြိမ်ဦးမော့လာလျှင်တော့ ကြောက်မက်ဖွယ်ရာ စွမ်းအားပေါက်ကွဲမှုများပါ ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ပြင် စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် အနိုင်ရသွားသူက ကြားနေဝါဒကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော လှိုင်းနက်ဂေဟာမှ ဖြစ်လေရာ နေသူတော်စင်ဂိုဏ်းအတွက် ဖိအားသိပ်မရှိလှပေ။
အမှန်တော့ လှိုင်းနက်ဂေဟာမှ ထူးကဲယင်မိန်းမပျိုက ထူးကဲယင်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး သူမ၏ ကြိုးစားမှုအောင်ပွဲအနေဖြင့် သရဖူကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်ကလည်း မန်ဝမ်က ပြဿနာရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။ လှိုင်းနက်ဂေဟာမှ ထူးကဲယင်မိန်းမပျိုက ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ ထူးကဲယင်မိန်းမပျိုများကိုလည်း အနိုင်ယူခဲ့သည်ဖြစ်ရာ ပွဲဦးထွက်တွင် အနိုင်ရခဲ့ခြင်းဟု ဆိုနိုင်သည်။ ထိုသို့ စွမ်းရည်ပြသနိုင်ရန်အတွက် သူမကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရသည် မဟုတ်လား။
လှိုင်းနက်ဂေဟာက ကြားနေဝါဒကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့်တိုင် အရှေ့ပင်လယ်ရှိ မီးတောက်မိစ္ဆာများ၏ ခြိမ်းခြောက်ခြင်းကို ခံနေရပြီး ကျောက်စိမ်းပင်လယ်မြို့တော်နှင့်အတူ တိုက်ပွဲဝင်နေခဲ့ရသည်။ ထို့ကြောင့် သူတို့ ထူးကဲယင်သရဖူ ရရှိသွားခြင်းက တိုက်ပွဲအတွက် များစွာအထောက်အကူ ဖြစ်ပေမည်။
သို့သော် နောက်ထပ် မျှော်လင့်မထားသည့်ကိစ္စများ ဖြစ်မလာဘူးဆိုလျှင် သူတို့အနေဖြင့် ထူးကဲယင်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခြင်းမှာ ယခုတကြိမ်သာလျှင် ဖြစ်နိုင်သည်။
နောက်တစ်ကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ် ပြန်လည်အားကောင်းလာပါက သူမသည် သရဲဖူ၏ အုပ်စိုးရှင်နေရာကို ပြန်လည်ရယူပေလိမ့်မည်။
ရန်ကျောက်ကဲမျက်ခုံးများကို တွန့်ချိုးထားရင်း...
"ဒီတစ်ခါတော့ တော်တော်ဆိုးတာပဲ..."
ဟု တွေးလိုက်သည်။
သူ အတွေးနက်နေစဉ် ဓားသိုင်းလေ့ကျင့်နေသည့် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ ရောက်နေသည်ကို သတိပြုမိသွားပြီး ပြုံးရယ်နှုတ်ဆက်လိုက်သည်။
ရန်ကျောက်ကဲက သူမကို ပြုံးရယ်ပြရင်း ချီးကျူးစကားဆိုလိုက်သည်။
“ကောင်းလိုက်တဲ့ ဓားသိုင်းဗျာ...”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲ ဘယ်သူအနိုင်ရလဲ သိရပြီလား ၊ ဝမ်လေးပဲ အနိုင်ရသွားတာလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး”
ဖန်းယွင်ရှန်း အနည်းငယ်အံ့အားသင့်သွားတော့ ရန်ကျောက်ကဲက သက်ပြင်းချလိုက်ရင်း...
“ဒါပေမဲ့ မန်ဝမ် ဆက်တိုက်အနိုင်ရတာထက် ပိုဆိုးတဲ့ အခြေအနေမျိုးပဲ”
ထို့နောက် ဖြစ်ကြောင်းကုန်စင်ကို ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ရှင်းပြလိုက်သည်။ သူ့စကားများကို နားထောင်ရင်း ဖန်းယွင်ရှန်းမျက်နှာပျက်သွားသော်လည်း စိတ်အစဉ်ကတော့ တည်ငြိမ်နေဆဲပင်။
သူမက လက်ထဲမှဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း...
“ကျွန်မ သေသေချာချာ ပိုပြီးကြိုးစားမယ်”
သူမ၏ခိုင်မာသောသန္နိဋ္ဌာန်စကားကိုကြားရသည့်တိုင် သူက အခြေအနေအပေါ် အကောင်းမြင်နိုင်ခြင်း မရှိသေးပေ။ သူမ အတတ်နိုင်ဆုံး ကြိုးစားရန်သာရှိသည်။
ဖန်းယွင်ရှန်း ရန်ကျောက်ကဲကို လှမ်းကြည့်လာသည်။
အမြဲတမ်း ကြံ့ခိုင်ပြီး အမှီအခိုကင်းကာ အခြားသူများကို အားကိုးလိုစိတ်မရှိသော ဖန်းယွင်ရှန်းသည် ယခုတော့ ရန်ကျောက်ကဲကို ပထမဆုံးအကြိမ် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ရှင့်မှာ တခြားနည်းလမ်းရှိသေးလား”
ရန်ကျောက်ကဲက မျက်ခုံးများတွန့်ချိုးထားရင်း...
“မရှိဘူး...”
ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲ စကားမဆိုဖြစ်တော့ဘဲ တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာပင် စိုက်ကြည့်နေကြသည်။
အချိန်အတန်ကြာမှ ဖန်းယွင်ရှန်းက...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မ နောက်မဆုတ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ် ၊ ကျွန်မ မျှော်လင့်ချက်အကြီးကြီးထားတယ် ၊ စိတ်ကူးတွေယဉ်တယ် ၊ ဒါပေမဲ့ ဒီအချိန် ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်ရချင်တာက ကျွန်မရဲ့ ကိုယ်ရေးကိုယ်ခံစားချက် မဟုတ်ပါဘူး”
သူမက ဆက်ပြောသည်။
“ကျွန်မကို လက်ခံထားတဲ့ ဝါဒတောင်ဂိုဏ်းအတွက် ၊ ကျွန်မကို ပညာသင်ပေးတဲ့ ဆရာအတွက် ၊ ပြီးတော့... ရှင့်အတွက်... ၊ ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အာမခံပေးတဲ့ ရှင့်အတွက်... ထူးကဲယင်ပြိုင်ပွဲကို ကျွန်မ သေချာပေါက် အနိုင်ယူရမယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲမျက်နှာကို စေ့စေ့ကြည့်လိုက်ရင်း...
“ဘယ်လိုအခက်အခဲတွေပဲ ရှိပါစေ ကျွန်မ စမ်းကြည့်ချင်တယ် ၊ ဘယ်လောက်ခက်ခဲပါစေ ၊ ဘယ်လောက်နာကျင်ပါစေ ၊ ခံနိုင်ရည်ရှိအောင် ကျွန်မ ကြိုးစားမယ် ၊ မဟုတ်ဘူး... ကျွန်မ ခံနိုင်ရည်ရှိမယ်ဆိုတာ သေချာပါတယ်”
***