← Chapters

ရန်ကျောက်ကဲ၏နည်းလမ်း

Vol. 15 Ch. 212

ရန်ကျောက်ကဲ၏နည်းလမ်း

Vol. 15 Ch. 212

ရန်ကျောက်ကဲ ဖန်းယွင်ရှန်းကို ငေးကြည့်နေသည်။

သူမ၏မျက်ဝန်းများထဲတွင် ပူပန်မှုများကို မတွေ့မြင်ရဘဲ အေးစက်ပြတ်သားမှုများကိုသာ တွေ့မြင်ရသည်။

ဖန်းယွင်ရှန်းက စကားလုံးတစ်လုံးချင်း ပြတ်သားစွာဆိုသည်။

“ကျွန်မရဲ့ရွေးချယ်မှုအတွက် ကျွန်မကိုယ်တိုင် တာဝန်ယူမယ်”

အတန်ကြာ ငြိမ်သက်နေပြီးမှ ရန်ကျောက်ကဲက ဖြည်းညင်းစွာဆိုသည်။

“နည်းလမ်းတစ်ခုတော့ ရှိတယ်”

ရန်ကျောက်ကဲက သူတော်ကောင်းယောင်ဆောင်သူမဟုတ်သလို ဖန်းယွင်ရှန်းကိုယ်တိုင် တောင်းဆိုလာသည်အထိ ကိစ္စရပ်များကို ခက်ခဲအောင် ပြုလုပ်မည် မဟုတ်ပေ။

သူ့တွင် အစီအစဉ်တစ်ခု ရှိနေခဲ့ပြီး ထိုအစီအစဉ်ကို သူ တကယ်ပဲ အသုံးမပြုချင်ခဲ့ပေ။

“ဒါပေမဲ့ မင်းဘက်က အလျှင်စလို ဆုံးဖြတ်ချက် မချစေချင်ဘူး”

ရန်ကျောက်ကဲက ဖြည်းညင်းစွာခေါင်းခါယမ်းရင်း...

“ရိုးတွင်းခြင်ဆီအေးစိမ့်အပ် အကြောင်း မင်းကြားဖူးလား”

ဖန်းယွင်ရှန်းက နားမလည်သလိုကြည့်လာတော့ ရန်ကျောက်ကဲက စကားဆက်ပြောသည်။

“မင်း အဲဒါကို မကြားဘူးတာ သဘာဝကျပါတယ် ၊ ဒါပေမဲ့ ဝိညာဉ်အလင်းမီးအိမ်အကြောင်းတော့ ကြားဖူးတယ် မဟုတ်လား”

ထိုအကြောင်းကိုတော့ ဖန်းယွင်ရှန်း ကြားဖူးသည် အမှန်ပင်။

“ကောလဟလကြားဖူးတာတော့ အဲဒါက မဟာကပ်ဘေးကြီးမတိုင်ခင်က ညှင်းပန်းနှိပ်စက်တဲ့နည်းလမ်းတဲ့ ၊ လူတွေကို သေချင်လို့လည်း သေလို့မရဘဲ ထာဝရဒုက္ခခံရအောင် နှိပ်စက်ကြတာဆို”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ‌လေးနက်စွာကြည့်ရင်း ခေါင်းညိတ်သည်။

“ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နဲ့ ဝိညာဉ်အလင်းမီးအိမ် နှစ်ခုလုံးက မဟာကပ်ဘေးကြီးမတိုင်ခင်က မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေပဲ”

သူက ဆက်ပြောသည်။

“ဒီနည်းလမ်းက လူတစ်ယောက်ရဲ့ ရိုးတွင်းခြင်ဆီထဲအထိ အေးစိမ့်သွားစေတယ် ၊ ဒါပေမဲ့ အေးလွန်းလို့ ထုံကြည်သွားတာမျိုး မဟုတ်ဘဲ အေးစိမ့်တဲ့ အပ်ပေါင်းများစွာနဲ့ထိုးဖောက်နေသလို နာကျင်မှုကို ခံစားရမှာ ၊ အဲဒီလို နှိပ်စက်ခံနေရတဲ့အချိန် နာလွန်းလို့ သတိလစ်သွားချင်ရင်တောင် သတိလစ်မသွားနိုင်တဲ့ အနေအထားမျိုးပဲ”

ရန်ကျောက်ကဲက တိုးလျသည့် လေသံဖြင့်...

“ဒီနည်းလမ်းနဲ့ရင်ဆိုင်ရရင် စိတ်ဓာတ်ခိုင်မာလို့ အံတင်းတင်းကြိတ်ထားရုံနဲ့ ခံနိုင်ရည်ရှိတဲ့အရာမျိုး မဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ အသွေးအသားခန္ဓာသာမက ဝိညာဉ်ထိပါ အပ်နဲ့ထိုးဖောက်သလို ခံစားရမှာ မို့လို့ပဲ ၊ စိတ်ရောကိုယ်ရော တဖြည်းဖြည်းအားနည်းလာမယ် ၊ ဒါပေမဲ့ သေလည်းမသေနိုင်ဘဲ ထာဝရငရဲကျနေသလို ခံစားရမယ် ၊ အချိန်တိုင်း ခန္ဓာကိုယ်အတွင်းအပြင် ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံး နာကျင်နေလိမ့်မယ် ၊ မင်းရဲ့ မွေးညင်းပေါက်တိုင်းမှာ အပ်တွေနဲ့ ထိုးစိုက်ထားသလို ခံစားရလိမ့်မယ် ၊ နာကျင်ခံစားမှုက ခန္ဓာကိုယ်အတွင်းအပြင် နေရာတိုင်းမှာ ရှိနေလိမ့်မယ်”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို အကဲခတ်လိုက်ရင်း...

“လူရဲ့ခန္ဓာကိုယ်မှာ အချို့အစိတ်အပိုင်းတွေက ခံနိုင်ရည်ရှိပြီး အချို့အစိတ်အပိုင်းတွေကအားနည်းတယ် ၊ ဥပမာ မျက်လုံးလိုနေရာမျိုးဆိုရင် ခံနိုင်ရည်စွမ်း အားနည်းတယ်လေ ၊ ဒါပေမဲ့ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်တွေကတော့ ဘာကိုမှ အရေးမစိုက်ဘဲ အဲဒီလိုအားနည်းတဲ့အစိတ်အပိုင်းတွေကိုပါ ထိုးနှက်လိမ့်မယ် ၊ ဒါကြောင့် အဲဒီလိုနေရာတွေမှာ ပိုပြီး နာကျင်ခံစားရလိမ့်မယ်”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲပြောသည့်စကားများကို တိတ်တဆိတ် နားထောင်နေသည်။

ရန်ကျောက်ကဲက...

“ပြီးတော့ မင်းက ထူးကဲယင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာကြောင့် ရိုးတွင်းခြင်ဆီအေးစိမ့်အပ် ထိုးစိုက်ခံရတဲ့အခါ သာမန်လူတွေထက် ပိုပြီးဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်”

“ဒါပေမဲ့ ဒီနည်းလမ်းက မင်းရဲ့ ထူးကဲယင်ခန္ဓာကိုယ်ကို တကယ်ပဲ အားကောင်းလာစေလိမ့်မယ် ၊ မင်းရဲ့ တစ်နေ့တာ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ပေးနိုင်ပြီး နောက်တစ်ဆင့်ထိ မြှင့်ပေးနိုင်တယ် ၊ ဒါပေမဲ့ အဲဒါကိုအသာထား... နာကျင်မှုကို ခံနိုင်ရည်ရှိဖို့ အရင်ဆုံး လိုအပ်တယ်”

အားလုံးရှင်းပြပြီးသည်နှင့် ရန်ကျောက်ကဲက စကားတစ်ခွန်းမှ မဆိုတော့ဘဲ ပါးစပ်ပိတ်လိုက်သည်။

ရန်ကျောက်ကဲက ယခုနှစ်ပိုင်းအတွင်း ဖန်းယွင်ရှန်း၏ တိုးတက်မှုအရှိန်အဟုန်ကို စောင့်ကြည့်နေရင်း ဤနည်းလမ်းကိုတော့ အစကတည်းက အသုံးပြုရန် လုံးဝ မရည်ရွယ်ခဲ့ပေ။

နေသူတော်စင်ဂိုဏ်းက ယင်ယန်ပေါင်းစပ်ခြင်းနည်းလမ်းဖြင့် မန်ဝမ်၏စွမ်းအားကို မြှင့်တင်ရန် ကြိုးစားနေကြောင်း သိရှိခဲ့ပြီးသည့်တိုင် ရန်ကျောက်ကဲသည် အခြားနည်းလမ်းများကိုသာ ရသလောက်စဉ်းစားခဲ့ပြီး ဤနည်းလမ်းကို မစဉ်းစားခဲ့သေးပေ။

ရန်ကျောက်ကဲကိုယ်တိုင်ပင် ဤနည်းလမ်းကို ခံနိုင်ရည်ရှိမည်ဟု ယုံကြည်ချက် မရှိခဲ့ပေ။

“ကျွန်မ ကြိုးစားကြည့်ချင်တယ်”

ရန်ကျောက်ကဲ၏ စကားများကို နားထောင်ပြီးသည့်နောက် ဖန်းယွင်ရှန်းက တည်ငြိမ်စွာပင် ပြန်ဖြေသည်။

ရန်ကျောက်ကဲက သူကို လှည့်ကြည့်လာသည့်အခါ ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“တခြားနည်းလမ်း မရှိတော့ဘူး မဟုတ်လား”

သူမက ဆက်ပြောသည်။

“အချိန်နဲ့ဒီရေက လူကိုမစောင့်ဘူးတဲ့ ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’မှာ ပိုကောင်းတဲ့နည်းလမ်းရှိရင်တော့ အကောင်းဆုံးပေါ့ ၊ ဒါပေမဲ့ အခုတော့ ဒီ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းလမ်းကိုပဲ စမ်းကြည့်ကြတာပေါ့”

ဖန်းယွင်ရှန်းသည် အချိန် (၂)နှစ် အလဟသ ဆုံးရှုံးလိုက်ရသဖြင့် မန်ဝမ်က သူမထက် သာလွန်သွားခဲ့သည်။

လက်ရှိတွင် မန်ဝမ်က ပိုမိုစွမ်းအားမြင့်မားလာစေရန် ယင်ယန်ပေါင်းစည်းခြင်းနည်းလမ်းကို အသုံးပြုနေသဖြင့် သူမကိုအမီလိုက်ရန်အတွက် ဖန်းယွင်ရှန်းနှင့် ဝါဒတောင်၏ မျှော်လင့်ချက်များ ဝေးကွာသွားခဲ့ရသည်။

သူတို့ (၂)ယောက်၏ စမှတ်က ဝေးကွာခဲ့ပြီး လက်ရှိတွင် နှစ်ယောက်လုံးက မရပ်မနားတိုးတက်နေသည်ဖြစ်ရာ မန်ဝမ်ကို အမီလိုက်ရန်အတွက် ဖန်းယွင်ရှန်း၏ တိုးတက်မှုက အဆမတန်မြင့်မားနေမှ ရပေလိမ့်မည်။

ထိုသို့မဟုတ်လျှင် သူမ အဆက်မပြတ်တိုးတက်နေသည့်တိုင် ဘယ်အချိန်မှ မန်ဝမ်ကို အမီလိုက်နိုင်မည်လဲ မသေချာပေ။

လက်ရှိ မငြိမ်မသက်ဖြစ်နေသော ကမ္ဘာအရေးများကြောင့် ဖန်းယွင်ရှန်းနှင့် ဝါဒတောင်အတွက် အချိန်များစွာ ကျန်ရှိနေသည်ကတော့ အမှန်ပင်။

သူမက နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပေမယ့် အဲဒီနာကျင်မှုကို ခံနိုင်ရည်ရှိပါ့မလားဆိုတာတော့ ယုံကြည်မှု မရှိဘူး”

သူမက ဆက်ပြောသည်။

“မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်ထဲမှာ ပါဝင်တယ်ဆိုတော့ ညှင်းပန်းနှိပ်စက်ခြင်းမပြုခင်ကတည်းက ပြစ်မှုကို ဝန်ခံလာအောင် အသုံးပြုတဲ့နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ အဲဒါကို လွယ်လွယ်နဲ့ ခံနိုင်ရည်ရှိမယ်ဆိုရင် ညှင်းပန်းနှိပ်စက်မှုလို့ ဘယ်ယူဆလို့ရတော့မလဲ”

သူမက ခဏနားပြီးမှ...

“ဒါပေမဲ့ ကျွန်မ ကြိုးစားကြည့်ချင်တယ်”

ဖန်းယွင်ရှန်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း...

“ကျွန်မ ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်ရချင်တယ် ၊ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနာကျင်ရပါစေ... ကျွန်မ ခံနိုင်ရည်ရှိတယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ထို့နောက် အချိန်ကြာမြင့်စွာ စကားမဆိုဘဲ နှုတ်ဆိတ်နေမိသည်။

ဖန်းယွင်ရှန်းမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး...

“ဆရာနဲ့ တခြားအကြီးအကဲတွေကို မပြောနဲ့ဦးနော်”

ရန်ကျောက်ကဲ သက်ပြင်းချလိုက်ရင်း...

“ကောင်းပြီ”

ဆုံးဖြတ်ချက်ချပြီးသွားသည့်အခါ တင်းမာနေသောလေထုက အနည်းငယ် ပြေလျော့သွားသည်။

စောစောက နှစ်ယောက်သား စကားပြောနေစဉ် သူတို့ပတ်ဝန်းကျင်ကို မမြင်ရသော အရံအတားတစ်ခု ပြုလုပ်ထားပြီး အခြားသူများအနားမကပ်နိုင်ရန် လုပ်ဆောင်ထားခဲ့သည်။

ယခု အရံအတားကို ဖယ်ရှားလိုက်သည့်အခါ အသားတုံးလေးက ဖန်းယွင်ရှန်းဆီသို့ ရွှင်မြူးစွာဖြင့် ပြေးလာ၏။

သို့သော် လမ်းတစ်ဝက်တွင် ကြီးမားသည့် အရိပ်မည်းကြီးတစ်ခုက ခွေးနက်လေးအပေါ်မှ ဖြတ်ကျော်သွားပြီး လျှင်မြန်လွန်းသည့်အရှိန်ဖြင့် ဖန်းယွင်ရှန်းရှေ့သို့ ရောက်ရှိသွားသည်။

ပန်ပန်က မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဖန်းယွင်ရှန်းကို နှုတ်ဆက်သည်။ သူက အစားပုတ်သူဖြစ်လေရာ ဖန်းယွင်ရှန်းကျွေးသမျှကိုစားသောက်ပြီး ဖန်းယွင်ရှန်းကို သံယောဇဉ်တွယ်နေပြီ ဖြစ်သည်။

ဖန်းယွင်ရှန်းက ရယ်မောလိုက်ရင်း အသားတုံးလေးကို လက်ဝှေ့ယမ်းပြရင်း ပန်ပန်၏ခေါင်းကို အသာပွတ်သပ်လိုက်သည်။

အသားတုံးလေးက ခုန်ပေါက်ရောက်လာပြီး ဖန်းယွင်ရှန်း ရင်ခွင်ထဲသို့ ခုန်တက်သွားသည်။

သူက ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ပျင်းကြောတစ်ချက်ဆန့်ရင်း ပန်ပန်ကို သွားဖြဲပြလိုက်ပြီး ဂုဏ်ယူစွာဖြင့် ခေါင်းကိုလှည့်ကာ ပန်ပန်ကို အရေးမစိုက်တော့ပေ။

ခန္ဓာကိုယ်ကြီးမားသော ပန်ပန်မှာ အသားတုံးလေးကဲ့သို့ ဖန်းယွင်ရှန်းကိုယ်ပေါ်သို့ ခုန်တက်ရန် မဖြစ်နိုင်ပေ။

ပန်ဒါတစ်ကောင်အလား မျက်ဝင်းတစ်ဝိုက်အနက်ရောင်အကွင်းများရှိနေသော ပန်ပန်သည် အသားတုံးလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။

ထို့နောက် ခေါင်းတစ်ချက် ခါယမ်းလိုက်ရာ အဖြူရောင်ရေများနှင့် အနက်ရောင်မီးတောက်များ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားပြီး ခပ်တိုးတိုး အော်မြည်သံတစ်ချက် ပြုလိုက်သည်။

ထို့နောက် စောစောက သာမန်ပန်ဒါတစ်ကောင်အရွယ်အစားရှိသော ပန်ပန်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး အသားတုံးလေးကဲ့သို့ အရွယ်အစားထိ သိသိသာသာသေးငယ်သွားသည်။

ပန်ပန် ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီးနောက် မြေပြင်ထက်မှ ခုန်တက်ကာ ဖန်းယွင်ရှန်းရင်ခွင်ထဲ ဝင်ရောက်သွားတော့၏။

အသားတုံးလေးမှာ မည်သို့မှ မတတ်နိုင်ဟန် သူ့သခင်မကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်ပြီး ပန်ပန်ကို မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်သည်။

ဖန်းယွင်ရှန်းမှာ ထိုသတ္တဝါ (၂)ကောင်ကို လက်တစ်ဖက်စီဖြင့် ပွေ့ဖက်ထားရင်း ခေါင်းခါယမ်းကာ သက်ပြင်းချရသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်များ လွင့်မျောသွားသလို ခံစားရသည်။

သူ့ရင်ထဲ အတွေးတစ်ခု ဖျတ်ခနဲ ဝင်ရောက်လာသည်။

သူသာ အနည်းငယ် ပိုမိုစွမ်းအားမြင့်မားလျှင် မိန်းမပျိုလေး ဖန်းယွင်ရှန်းအတွက် သေချာပေါက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများ ရှာဖွေပေးနိုင်မည် ဖြစ်သည်။

ထိုသို့ တောက်ပပျော်ရွှင်ပြီး စွမ်းရည်ထက်မြက်သည့် မိန်းမပျိုလေးကို သူက ဘာမှ ပင်ပင်ပန်းပန်း မလုပ်စေဘဲ ပန်ပန် ၊ အသားတုံးလေးတို့ဖြင့် ပျော်ရွှင်စွာဆော့ကစားနေသည်ကိုသာ မြင်ချင်မိသည်။

သူမဦးခေါင်းထက် ထူးကဲယင်သရဖူကို ဆင်မြန်းရမည့် အရေးကြီးကိစ္စကြီးတစ်ခုသာ မရှိခဲ့ဘူးဆိုလျှင်...။

ရန်ကျောက်ကဲ ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး လွင့်မျောနေသည့် အတွေးများကို ထိန်းချုပ်ကာ စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

သူက မည်သို့မှ မတတ်နိုင်စွာ ရယ်မောလိုက်မိရင်း...

“တခြားသူတွေအတွက်တော့ ကောင်းကင်ဘုံကပေးထားတဲ့ဆုလာဘ်အတွက် ဘာမှ သိပ်ပြီးအားထုတ်စရာမလိုဘူး ၊ သူကတော့ နည်းနည်းကြိုးစားရမယ်ထင်တာပဲ”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို လှည့်ကြည့်လာချိန် သူက ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း...

“ဇွဲရှိသူတွေကို ကောင်းကင်ဘုံကဆုချတယ်လို့ ဆိုရိုးရှိတယ် ၊ ဒါပေမဲ့ ကြိုးစားသူတိုင်းလည်း ဆုမရတတ်ကြပါဘူး ၊ အဲဒီလိုအဖြစ်အပျက်တွေ ငါ အများကြီးတွေ့မြင်ဖူးတယ်”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းကတော့ ထူးကဲယင်သရဖူကို ဦးခေါင်းထက်ဆင်မြန်းခွင့်ရမှာပါကွာ...”

***

All Chapters