← Chapters

ဖြတ်ကျော်ခုန်တက်

Vol. 15 Ch. 213

ဖြတ်ကျော်ခုန်တက်

Vol. 15 Ch. 213

ရိုးတွင်းခြင်ဆီအေးစိမ်အပ်နည်းပညာဆိုသည်မှာ လူကိုထိုးစိုက်ရန်အတွက် အစစ်အမှန် အပ်များကို အသုံးပြုရသည် မဟုတ်ပေ။ အထူးဆေးဝါးများဖြင့် အားဖြည့်ထားသော အထူးနည်းပညာတစ်ခုဖြစ်ပြီး လူတစ်ယောက်၏ ချီစွမ်းအားနှင့်သွေးကြောများထဲတွင် အအေးဓာတ်များ ပြင်းထန်စွာ ထွက်ပေါ်လာစေရန် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး အပ်ဖြင့်ထိုးစိုက်ခံရသည့်အလား နာကျင်မှုကို ခံစားရစေသည့်အတွက် “ရိုးတွင်းခြင်ဆီအေးစိမ့်အပ်” ဟု အမည်ပေးထားခြင်း ဖြစ်၏။

ဖန်းယွင်ရှန်းက ဆုံးဖြတ်ချက်ပြတ်သားပြီး ထိုနည်းလမ်းလမ်းကို စမ်းသပ်ကြည့်ချင်သည်။ ခံနိုင်ရည်ရှိအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်သည်။

ယခုတော့ အေးစိမ့်သည့်အဖြူရောင်ချီစွမ်းအားများက အဖြူရောင်ရေခဲအလွှာများအလား သူမခန္ဓာကိုယ်တစ်ခုလုံးသို့ ဖုံးလွှမ်းနေသည်။

သူမခန္ဓာကိုယ်နှင့် ထိတွေ့သမျှ အရာအားလုံး အေးခဲသွားမည့်အလား ထင်မှတ်ရသည်။

ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းလမ်းက သူမခန္ဓကိုယ်ထဲတွင် အေးစိမ့်ချီစွမ်းအားများကို တံဆိပ်ခတ်ထားပြီး သေးငယ်သည့် အစိတ်အပိုင်းလေးတစ်ခုကိုပင် အလွတ်ပေးမည်မဟုတ်ဘဲ အပ်ဖြင့်ထိုးစိုက်သည့်အလား နာကျင်စေမည် ဖြစ်သည်။

ထိုအချိန်မျိုးတွင် ဖန်းယွင်ရှန်း၏ ချီစွမ်းအားနှင့် သွေးလည်ပတ်မှုများက အစီအစဉ်တကျ မရှိတော့သောကြောင့် နာကျင်မှုကို ခံနိုင်ရည်ရှိစေရန် ချီစွမ်းအားလှည့်ပတ်ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

သူမခံစားနေရသည့် နာကျင်မှုဝေဒနာကို စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။

ထို့ပြင် ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းပညာ၏ ထူးခြားချက်မှာ နာကျင်မှုကို အပြည့်အဝခံစားရစေရန်အတွက် သတိလစ်သွားခြင်းမရှိဘဲ စိတ်အာရုံများ ကြည်လင်စူးရှစွာ အရာအားလုံးကို အာရုံခံမိနေပေလိမ့်မည်။

အစတက တင်ပျဉ်ခွေထိုင်နေသော ဖန်းယွင်ရှန်းမှာ နကျင်လွန်းသဖြင့် မဟန်နိုင်တော့ဘဲ မြေပြင်ထက်လဲကျသွားပြီး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးပမာ ကွေးလိမ်ထားတော့သည်။

သူမက အံကိုတင်းတင်းကြိတ်ရင်း အသံတစ်စက်မထွက်ဘဲ နောက်ဆုံးအချိန်ထိ ဆံးဖြတ်ချက်ခိုင်မာမှုကို ပြသသွားသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲက မည်သည့်ခံစားချက်ကိုမှ ထုတ်ဖော်မပြဘဲ ဖန်းယွင်ရှန်းရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

ဘေးနားတွင်ရပ်နေသည့် အားဟူက ဖန်းယွင်ရှန်းကို လေးနက်သည့်အမူအရာဖြင့်ကြည့်နေသည်။

“သခင်လေး... ‘ဖန်း’မိန်းကလေးက အရမ်းတော်တာပဲ”

ဟု အားဟူက ဆိုသည်။

ရန်ကျောက်ကဲက စကားပြန်မပြောဘဲ သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ အချိန်ကို တွက်ချက်နေ၏။

အနားတွင်စောင့်ဆိုင်းနေသည့် ယင်လုန်ထူ ၊ ပန်ပန်နှင့် အသားတုံးလေးတို့မှာ ထိတ်လန့်သည့်အကြည့်များဖြင့် သူမကို ကြည့်နေကြသည်။ ဖန်းယွင်ရှန်းက သူတို့ကို ကြိုတင်ပြောပြထားသည့်တိုင် သူတို့စိတ်ထဲတွင် သူမအနားသို့ အပြေးသွားချင်စိတ်များ ဖြစ်ပေါ်နေကြသည်။

“ဒီနေ့တော့ လုံလောက်ပါပြီ ၊ ဒီထက်ကြာသွားရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလိမ့်မယ်”

ရန်ကျောက်ကဲက ရေရွတ်လိုက်ပြီး လက်ဝါးတစ်ဖက်ကို ဖန်းယွင်ရှန်းကျောပြင်ထက်သို့ လှစ်ခနဲ ဖိကပ်လိုက်သည်။

ဖန်းယွင်ရှန်း၏ ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားပြီး သူမခန္ဓကိုယ်ထဲမှ အေးစိမ့်ချီစွမ်းအားများပျောက်ကွယ်သွားကာ သူမခန္ဓာကိုယ်ထက်မှ ရေခဲအလွှာများ ကွာကျသွားသည်။

မိန်းမပျိုသည် စကားတစ်ခွန်းပင် မဆိုနိုင်တော့ဘဲ သတိလစ်သွားတော့၏။

ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းလမ်းဖြင့် ညှင်းပန်းနှိပ်စက်ခံရသူများအဖို့ သတိလစ်သွားခြင်းက အမှန်တကယ်ပင် စိတ်ချမ်းသာစရာ ဖြစ်သည်။

ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းကျောပြင်ထက် လက်ဖဝါးကို ဆက်လက်ဖိကပ်ထားပြီး သူမခန္ဓာကိုယ်ထဲမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများကို အဆက်မပြတ် ထိန်းညှိပေးနေသည်။

လူတစ်ယောက်က ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းလမ်းဖြင့် ညှင်းပန်းနှိပ်စက်ခံရပါက ရပ်တန့်လိုက်သည့်တိုင် ခံစားရသည့်ဝေဒနာကတော့ အဆုံးသတ်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်း မလိုအပ်ဘဲ နာကျင်မှုများ ဆက်လက်မခံစားရစေရန် ကူညီပေးနေခြင်း ဖြစ်သည်။ ဖန်းယွင်ရှန်း ဤမျှ ကြီးမားစွာပေးဆပ်ခြင်းသည် အကျိုးအမြတ်များစွာနှင့် ဆုလာဘ်ကောင်းများစွာ ရရှိစေရန် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက နာကျင်မှုသက်သာစေရန် ကူညီပေးသည့်တိုင် ခန္ဓာကိုယ်ထဲမှ အအေးဓာတ်များကိုတော့ ဖယ်ရှားမပစ်ခဲ့ပေ။ အအေးဓာတ်များဖယ်ရှားကာ ခန္ဓာကိုယ်ကို နွေးထွေးစေမည်ဆိုပါက သူမ၏ စွန့်လွှတ်အနစ်နာခံမှု အလကားဖြစ်သွားနိုင်သည်။

အချိန်အတန်ကြာမှ ဖန်းယွင်ရှန်း သတိရလာသည်။ နာကျင်မှုက လုံးဝ ပျောက်ကင်းမသွားသေးသည့်တိုင် ခံနိုင်ရည်ရှိသည့်အဆင့်သို့ ရောက်ရှိနေပေပြီ။

သူမက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲ လမ်းညွှန်ပေးသည့်အတိုင်း ချီစွမ်းအားနှင့် သွေးလည်ပတ်မှုများကို ထိန်းညှိနေသည်။ သူမက တင်ပျဉ်ခွေထိုင်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်နေသည်။

ရန်ကျောက်ကဲက...

“မင်း သေချင်လောက်အောင် နာကျင်ခံစားရပေမယ့် ချက်ချင်းလက်ငင်း အကျိုးရလဒ်တွေကို အမှန်အတိုင်း တွေ့မြင်နိုင်မှာပါ”

ဖန်းယွင်ရှန်းက ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ပြီး ရန်ကျောက်ကဲကို အားနည်းစွာ ပြုံးပြသည်။

ရန်ကျောက်ကဲက...

“ထိုက်ယင်းကျင့်စဉ်ကျမ်းကို အခြေခံပြီး ယင်ယန်ပေါင်းစည်းခြင်းနည်းပညာကို ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းပညာနဲ့ ပေါင်းစပ်အသုံးပြုမယ်ဆိုရင် မင်းရဲ့ ထူးကဲယင်စွမ်းအားရော ကျင့်ကြံခြင်းအဆင့်ပါ အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လေးလေးနက်နက်ကြည့်ရင်း...

“ဒီနည်းပညာက မင်းခံနိုင်ရည်ရှိသရွေ့ အချိန်ကြာကြာ အသုံးပြုလို့ရတယ် ၊ အချိန်အကန့်အသတ်ရှိရင်တောင်မှ အကျိုးသက်ရောက်မှုတွေက အရမ်းထင်ရှားပါတယ်”

ဖန်းယွင်ရှန်းကပြုံးလိုက်ရင်း...

“အရမ်းခက်ခဲပေမယ့် အရာအားလုံးကို ပေးဆပ်ပြီး အစွမ်းကုန် ကြိုးစားပါ့မယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အခုတော့ မင်းအတော်လေး အားနည်းနေတယ် ၊ အခုချိန်ကျင့်ကြံတာက မင်းရဲ့ခန္ဓာကိုယ်ကို ဒုက္ခရောက်စေနိုင်တယ် ၊ ဒါ့ကြောင့် အရင်ဆုံး ကောင်းကောင်းအနားယူပါ ၊ စိတ်ကိုလည်း တည်ငြိမ်အောင်ထား ၊ မလောနဲ့”

ဖန်းယွင်ရှန်းက သူမထံသို့ အပြေးအလွှားရောက်လာသော အသားတုံးလေးကို ပွေ့ဖက်ထားလိုက်ရင်း...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ စိတ်ချပါ ၊ ကျွန်မ နားလည်ပါတယ်”

ပန်ပန်လည်း အနားရောက်လာပြီး ဖန်းယွင်ရှန်းကို ခေါင်းဖြင့်ဝှေ့တော့ မိန်းကလေးက ပြုံးလိုက်သည်။

ဘေးနားတွင် ရပ်နေသည့် ယင်လုန်ထူက...

“ဂိုဏ်းတူအစ်မ... ဘာမှမဖြစ်ပါဘူးနော်”

ဟု မေးလိုက်သည်။

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“စိတ်မပူနဲ့ ဟန်လုန်အာ ၊ ငါ အဆင်ပြေတယ်”

ရန်ကျောက်ကဲက...

“အနားယူပြီးရင် ပုံမှန်အတိုင်း ဆက်ပြီးကျင့်ကြံနိုင်တယ် ၊ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းလမ်းက အချိန်မခြားဘဲ ခဏခဏ အသုံးပြုရင် မကောင်းဘူးလေ ၊ တစ်ကြိမ်အသုံးပြုပြီးရင်လည်း သက်ရောက်မှုက အကြာကြီးခံပါတယ် ၊ ဒီတစ်ခေါက် သေသေချာချာ ကျင့်ကြံပြီး အားသာချက်ကို ရယူပါ”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“နားလည်ပါပြီ”

ထို့နောက် သူမက ရန်ကျောက်ကဲကို စိတ်အားထက်သန်စွာ ကြည့်ရင်း...

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“တကယ်တော့ အဓိကရင်ဆိုင်ရတဲ့သူက မင်းပါကွာ...”

ဖန်းယွင်ရှန်းကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ သူ နေထိုင်ရာနေရာသို့ လမ်းလျှောက်ပြန်လာခဲ့သည်။

ခေါင်းခါယမ်းရင်း သူ တွေးလိုက်သည်။

“တကယ့်ကို မကောင်းလိုက်တာကွာ ၊ နေသူတော်စင်ဂိုဏ်းကို ကောင်းကင်ဘုံက မျက်နှာသာပေးနေသလား ထင်ရတယ်”

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်၏ ကျူးကျော်မှုကြောင့် ထိပ်သီးသိုင်းဂိုဏ်းကြီးများကြားမှ အခြေအနေတင်းမာမှုများ အနည်းငယ် လျော့နည်းသွားသည်။

လူတိုင်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်ကို သတိထားနေကြပြီး ဖြစ်နိုင်ခြေရှိသော သူလျှိုများကို ရှင်းလင်းရန် လုပ်ဆောင်နေကြသည်။

မီးတောက်မိစ္ဆာများအပြင် အခြားကမ္ဘာတစ်ခုမှ ဘုံရန်သူတစ်မျိုး ထပ်မံရောက်ရှိလာပြီဖြစ်ရာ ထိပ်သီးသိုင်းဂိုဏ်းများကြား သဘောထားမတိုက်ဆိုင်မှုများ ခဏမျှ ပြေလျော့သွားခဲ့သည်။

ထို့ကြောင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် ထူးကဲယင်သရဖူကို ဆုံးရှုံးလိုက်ရခြင်းက ပြဿနာကြီးကြီးမားမား မရှိတော့ပေ။ အနည်းငယ် သိုသိုသိပ်သိပ်နေမည်ဆိုလျှင် အခြားသောထိပ်သီးသိုင်းဂိုဏ်းများကလည်း သူတို့ကို ပြဿနာရှာမည် မဟုတ်တော့ပေ။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ၊ ငရဲကိုးထပ်ပြဿနာများသာ မရှိပါက ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော် မဟာမိတ် (၃)ဖွဲ့က အင်အားများပေါင်းစည်းကာ နေသူတော်စင်ဂိုဏ်းဋ္ဌာနချုပ်တည်ရှိရာ “ကမ္ဘာအလင်းတောင်ထွတ်” သို့ ချီတက်တိုက်ခိုက်မည် ဖြစ်သည်။

ထိုသို့တိုက်ခိုက်ခြင်းက အနည်းဆုံး ဟွမ်ကွမ်လီကို တံခါးပိတ်ကျင့်ကြံနေရာမှ စောစီးစွာထွက်လာစေရန် ဖိအားပေးမည် ဖြစ်၏။

သို့ပေသိ ယခုတော့ ထိုအစီအစဉ်အတိုင် အကောင်အထည်ဖော်ရန် ခက်ခဲသွားပေပြီ။

ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက မီးတောက်မိစ္ဆာကမ္ဘာနှင့် ပူးပေါင်းကြံစည်ခဲ့လေရာ ယခုအချိန်ထိ အရှေ့ပင်လယ်တွင် မီးတောက်မိစ္ဆာများ သောင်းကြမ်းနေခြင်းကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်သေးပေ။

ရန်ကျောက်ကဲမျက်ဝန်းများ လေးနက်သွားပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။

“သံပူချောင်းနဲ့ ပြိုင်ရိုက်ဖို့ဆိုတာ ကိုယ်တိုင်ကလည်း မာကျောနေမှ ဖြစ်မှာ ၊ အဖေလည်း ကောင်းကင်ပြောင်းပြန်ဆေးလုံး ရလဒ်ကောင်းအမြန်ထွက်လာပါစေ မျှော်လင့်တယ်”

ရန်ကျောက်ကဲ တွေးတောရင်း သူနေထိုင်ရာနေရာသို့ ပြန်ရောက်လာသည်။ ထို့နောက် ကျင့်ကြံမှုများကို စတင်ပြုလုပ်သည်။

သူ့လက်ထဲတွင် ရေခဲပြာကျောက်စိမ်းပေါ်လာသည်။ ရေခဲနဂါးသူတော်စင်၏ အမွေအနှစ်များကို ရှာဖွေရန် ရှီတိယူဆောင်သွားခြင်းဖြစ်ပြီး ယခု ကိစ္စပြီးသွားပြီ ဖြစ်သဖြင့် ရန်ကျောက်ကဲကို ပြန်ပေးလိုက်ခြင်း ဖြစ်၏။

ရေခဲပြကျောက်စိမ်းအတွင်းမှ သန့်စင်သည့်ချီစွမ်းအားများကို ရန်ကျောက်ကဲက အားလုံးနီးပါး စုပ်ယူပစ်လိုက်သည်။

သူ့လက်ထဲတွင် ရေခဲပြာကျောက်စိမ်းကို ဆုပ်ကိုင်ထားရင် ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားများကို လှည့်ပတ်လိုက်သည်။

ရန်ကျောက်ကဲ ခန္ဓာကိုယ်တွင်းမှ အေးစိမ့်နေသော ကြယ်တာရာချီစွမ်းအားများ အားကောင်းလာသည်နှင့်မျှ ရေခဲပြာကျောက်စိမ်းမျက်နှာပြင်ထက်မှ တောက်ပမှု မှိန်‌ဖျော့သွားသည်။ ရန်ကျောက်ကဲ ခန္ဓာကိုယ်ထဲတွင် များပြားလှစွာသော ရေခဲနဂါးများ ဖြစ်တည်လာပြီး အဆက်မပြတ် ကြုံးဝါးသံများ ပြုလုပ်ကြသည်။

အရင်က ရေခဲနဂါးအရိုးဝိညာဉ်အတွင်းမှ သန့်စင်သောချီစွမ်းအားများကို ရန်ကျောက်ကဲ စုပ်ယူခဲ့ပြီး ယခု ရေခဲပြာကျောက်စိမ်းအတွင်းမှ ချီစွမ်းအားများကို စုပ်ယူခဲ့သည်။

အစစ်အမှန်လီမီးတောက်မျိုးစေ့နှင့် ကောင်းကင်မီးတောက်ကျမ်းစာမှ စုပ်ယူထားသည့် ချီစွမ်းအားများထက် အရည်အသွေးကနိမ့်ကျသော်လည်း ပမာဏကတော့ ပိုမိုများပြားသည်။

စွမ်းအားမြင့်မားလှသော ကြယ်တာရာချီစွမ်းအား (၂)ခုဖြစ်သည့် အပူစွမ်းအားနှင့် အအေးစွမ်းအားတို့က ရန်ကျောက်ကဲ ခန္ဓာကိုယ်အတွင်း နဂါးဟိန်းသံများထုတ်လွှတ်ရင်း လှည့်ပတ်လျှက် ရှိသည်။

ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်စည်ပင်လယ်အတွင်းရှိ ကြည်လင်သောချီစွမ်းအားများက ဘေးဘက်သို့ ပျံနှံ့သွားပြီး ပရမ်းပတာချီအစုအဝေး ထွက်ပေါ်လာသည်။ ရေခဲနှင့် မီးစွမ်းအားများ အဆက်မပြတ်ထွက်ပေါ်လာပြီး သူ၏ ကြယ်တာရာချီစွမ်းအားက ပိုမိုအားကောင်းလာကာ ထိန်းချုပ်ရသည်မှာလည်း ချောမွေ့လာ၏။

တောင်ပေါ်သို့ပြန်ရောက်ပြီး နှစ်ဝက်မပြည့်မီမှာပင် အိမ်တွင်းအောင်းကာ မရပ်မနား ကျင့်ကြံနေသော ရန်ကျောက်ကဲသည် မြင့်မားသောကျင့်ကြံခြင်းအဆင့်တစ်ခုဆီသို့ ဖြတ်ကျော်ခုန်တက်ရန် ဟန်ပြင်နေပြီ ဖြစ်လေသည်။

***

All Chapters