ဓားပညာ၏သံစဉ်တစ်ပုဒ်
Vol. 016 Ch. 1532
ကောင်းကင်ထက်တွင် နားလည်သိမြင်ခြင်းသစ်ပင်ရှေ့မှ အားလုံးသောလူများ၏မျက်လုံးများမှာ ရီဖူရှင်းထံသို့ ကျရောက်နေကြသည်။
သည်ဓားချက်ကား အမှန်ပင် သူ့အား သစ်ပင်အောက်၌ သစ်သီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရှိသင့်ပေသည်။
သို့သော်လည်း ရီဖူရှင်းကား နောက်ကျမှ ရောက်လာ၏။
လုချင်းယောင်၏မျက်လုံးများက အေးစက်နေ၏။ သူမအနီးမှ လူငယ်က မေးသည် “ဒီလူက ညီမဆီက စမ်းချောင်းကို လုယူခဲ့တဲ့သူလား”
“အင်း...” လုချင်းယောင်က ခေါင်းညိတ်သည်။ ချက်ချင်းပင် နတ်နန်းတော်မှ တပည့်အများအပြား ရီဖူရှင်းကို လှမ်းကြည့်ကြသည်။
သည်တစ်ကြိမ်ကား များစွာသော ထိပ်သီးအင်များစုများမှ အတော်ဆုံးသော တပည့်များ ရှိနေ၏။ ရွှေရောင်နတ်နိုင်ငံမှ ကိုက်ရှီကား အလွန်ထူးချွန်ကာ မောက်မာ၏။ သူကား နတ်နန်းတော်တွင်ပင် ဝင်ရောက်လေ့ကျင့်လိုခြင်းမရှိပေ။ သို့သော်လည်း သူ၏တိုကခိုက်ရေးစွမ်းအားသည် နတ်နန်းတော်တပည့်များ၏အောက်၌ မရှိပေ။ သည်မှာ ရှိနေသူများအားလုံးထဲတွင် မည်သူမှ ကိုက်ရှီကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိကြပေ။
ချင်ကျန်းကား ကောင်းကင်နှစ်မြုတ်ကလန်မှ ဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားသည်လည်း တူညီစွာဖြင့် အားကောင်း၏။ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အားကောင်းကာ ပြိုင်ဘက်ကင်းသည်။
ယခု ထိုက်ရွှမ်တောင်မှ လာသော ဓားသမားသည် အလွန်သန်မာဟန်ရှိသ်။ ထို့အပြင် သူသည် ထိုက်ရွှမ်တောင်မှ မှော်ဂီတပညာရှင်ဟု ဆို၏။ သို့တိုင်အောင် သူ၏ဓားတစ်ချက်က ရှီလန်နတ်မြို့မှ ကျင့်ကြံသူများအားလုံးကို ချိုးနှိမ်နိုင်သည်။
ပိုဆိုးသည်မှာ သည်လူသည် နတ်နန်းတော်မှ တပည့်များကိုပင် လုယက်ရဲ၏။
ကိုက်ရှီနှင့်သူ့လူများကလည်း ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြသည်။ ထိုက်ရွှမ်တောင်တိုက်ပွဲ၌ ကိုက်ရှီသည်လည်း ထိုနေရာ၌ ရှိနေခဲ့၏။ ရှီလင်နတ်မြို့မှ တပည့်များအား အနိုင်ယူခဲ့သော ဓားကို သူလည်း မြင်ခဲ့၏။ ထိုစဉ်က လူအများအပြားက ထိုဓားမှာ ရန်ဟောင်တစ်ပါး၏ဓားဟု တွေးခဲ့ကြသေးသည်။ ယခုကြည့်ရသည်မှာ သည်လူ၏ဓားပင်။
သို့ဆိုလျှင် သည်လူက အရှင်ထိုက်ရွှမ်၏တပည့်အသစ်လား။ သူ့ကြောင့် မိမိအား တပည့်အဖြစ် လက်ခံရန် ငြင်းဆန်ခဲ့သည်လား။
ဓားပညာနှင့်ပတ်သက်လျှင် ရှန်ကျင်းကား အမှန်ပင် သူ့ထက် သင့်တော်ပေသည်။
သူ၏ဓားပညာကား အံ့မခန်းအားကောင်း၏။ သို့တိုင်အောင် သူ့အနေဖြင့် အပေါ်သို့ အတင်းတက်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
“မင်းအတွက် ဒီမှာ နေရာမရှိဘူး” နတ်သစ်ပင်ရှေ့တွင် လီချင်းယောင်ဘေးမှ လူငယ်က ငြိမ်သက်စွာ ပြောသည်။ ရုတ်တရက် နတ်နန်းတော်မှ တပည့်များအားလုံးက သူ့အား အထင်အမြင်သေးစွာ ကြည့်ကြသည်။
သူက ထိုသို့ စွမ်းအားကြီးမားလျှင်ပင် တစ်နေရာရမည်မဟုတ်ပေ။
သူက နေရာမရှိဟုပြောလျှင် ရီဖူရှင်းအတွက် မျှော်လင့်ချက်မရှိပေ။
ရီဖူရှင်းက အပေါ်ကို မော့ကြည့်လိုက်၏။ သူ့အတွက် နေရာမရှိဘူးလား။
သူက လေထဲကို တက်လိုက်ကာ ပြုံးလျှက်ပြောသည် “ကျုပ်က လက်မလျှော့ဘူးဆိုရင်ရော...”
“ဒါဆိုလည်း မင်းကြိုးစားကြည့်ပါ။ မင်းသိလိမ့်မယ်...” နတ်နန်းတော်မှ လူငယ်က ဆက်ပြောသည်။ သူ၏လေသံကား ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
လက်မလျှော့ဘူးလား..။
အကယ်၍ သူသာ ပြန်လည်မွေးဖွားခြင်းအဆင့်၌ ရှိပါက တိုက်ခိုက်ရန် အခွင့်အလမ်းရှိနိုင်ပေသည်။ သို့သော် သံသယကင်းစင်ခြင်းအဆင့်တစ်ဦးအနေဖြင့် သူ့တွင် ထိုသို့ ထိုက်တန်မှု မရှိပေ။
ရီဖူရှင်းက အပေါ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ လောယို့မင်ထံသို့ လျှောက်သွားလိုက်သည်။ သူက ပြောသည် “မင်းမှာရှိတဲ့လမ်းစဉ်သစ်သီးတွေ ပေးစမ်း”
“…”
လောယို့မင်က သူ့အား အလွန်အမင်း နက်မှောင်သော မျက်နှာဖြင့် ကြည့်၏။
ရီဖူရှင်းအား ဓားတစ်လက် လှည့်ပတ်နေဆဲဖြစ်သည်။ လေခွင်းသံနှင့်အတူ ဓားသည် ရှေ့ကို တက်လာ၏။ ယခု ဓားသည် ဒဏ်ရာပြင်းထန်စွာ ရထားသော လောယို့မင်အား လာရောက်ရစ်ပတ်၏။
“ကျုပ်သာ ကိုယ်တိုင်လုပ်ရမယ်ဆိုရင် မင်းရဲ့လမ်းစဉ်သစ်သီးတွေထက် ဆုံးရှုံးတာတွေ များလိမ့်မယ်” ရီဖူရှင်းက ထပ်ပြောသည်။ သူတို့က သူ၏လမ်းစဉ်သစ်သီးများကို လိုချင်တပ်မက်ခဲ့ရာ ပြန်လည်ပေးဆပ်ရမည့်တန်ဖိုးလည်း ရှိသင့်ပေသည်။
လောယို့မင်ကား အားနည်းသူမဟုတ်ပေ။ ရှီလင်နတ်မြို့မှ ကျင့်ကြံသူများနှင့်ဆိုပါက သူတို့သည် လမ်းတွင် သစ်သီးအချို့ ရရှိခဲ့ရပေမည်။
“မင်းက အဲဒါတွေကို လိုချင်တာ သေချာလား” လောယို့မင်က ရီဖူရှင်းအား စိုက်ကြည့်သည်။
ဝှစ်...
ဓားသည် လောယို့မင်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။ လောယို့မင် မျက်နှာတစ်ချက်ပျက်သွားကာ လက်ဆန့်တန်းလိုက်လျှင် လမ်းစဉ်သစ်သီးသုံးလုံးပေါ်လာသည်။ သူက ရီဖူရှင်းအား ပစ်ပေးလိုက်၏။
ရီဖူရှင်းက သစ်သီးများအား ဖမ်းကာ သိမ်းဆည်းလိုက်သည်။ သူက ပြုံးလျှက် လောယို့မင်အား ပြောသည် “မင်းရဲ့အင်အားနဲ့ဆို သုံးလုံးတည်းရှိတာ မဖြစ်နိုင်ဘူး”
“ကြည့်ရတာ ငါက ကိုယ်တိုင် စစ်ဆေးရမယ့်ပုံပဲ” ရီဖူရှင်းက ရှေ့ကို တက်လာခဲ့သည်။ လောယို့မင်၏မျက်နှာက နက်မှောင်စွာဖြင့် ပြောသည် “ရှန်ကျင်း... ငါမင်းနာမည်ကို မှတ်ထားမယ်”
ထို့နောက်တွင် သူက သစ်သီးများအား တစ်လုံးပြီးတစ်လုံး ထုတ်ကာ ရီဖူရှင်းထံသို့ ပစ်ပေးသည်။ စုစုပေါင်း ငါးလုံး ရှိပေသည်။
“ဒါဆိုလည်း ကောင်းကောင်းမှတ်ထားပါ” ရီဖူရှင်းက သစ်သီးများကို လက်ဝှေ့ယမ်းသိမ်းဆည်းလျှက်ပြောသည်။ စုစုပေါင်း သစ်သီးရှစ်လုံး ရရှိခဲ့ရာ သူ့အနေဖြင့် စိတ်ကျေနပ်သွားပြီးဖြစ်သည်။
“သူက တော်တော်အလုပ်ဖြစ်တာပဲ” အနီးမှ လူများက မဟန်နိုင်ပဲ တွေးမိကြသည်။ တခြားလူများအတွက်ကား လမ်းစဉ်သစ်သီးတစ်လုံးရရန်ပင် အသက်ဖြင့်ရင်းကာ တိုက်ခိုက်ကြရပေသည်။
ရီဖူရှင်းက ရှီလင်နတ်မြို့မှ လူများအား အနိုင်ယူကာ လမ်းစဉ်သစ်သီးရှစ်လုံး ရရှိခဲ့၏။
သူ့တွင်ရှိနေပြီးသားသစ်သီးများဖြင့်ဆိုပါက သူသည် ထိုမျှ ရက်ရောနေခြင်းမှာ မထူးဆန်းတော့။ သူက သူ့ရှေ့မှ မိန်းကလေးကို သစ်သီးနှစ်လုံး သည်အတိုင်း လက်ဆောင်ပေးခဲ့၏။
ကျွင်းမူ၏မျက်နှာက သိပ်မကောင်းတော့ပေ။ ရီဖူရှင်းက ပိုမိုထူးချွန်လေလေ သူ၏အနေအထားက ပိုမိုကသိကအောက်ဖြစ်လေလေပင်။ သူ့အနီးမှ လူများ၏အမူအရာများ ပြောင်းလဲလာသည်ကို သူမြင်နေရ၏။ ရှန်ကျင်းတွင် ထိုမျှသစ်သီးများ ရှိနေပါက ဝမ်ရှိုးရီနှင့်လောယွဲ့တို့မှာလည်း အနည်းနှင့်အများ အကျိုးကျေးဇူးများ ရရှိမည်ဟု သူတို့အားလုံး တွေးနေကြသည်။
ယခုတွင် ကျွင်းမူတွင်ရှိသော သစ်သီးနှစ်လုံးက သူတို့အားလုံးအတွက် မလုံလောက်ပေ။
ထိုသစ်သီးနှစ်လုံးမှာကား ကျွင်းမူကိုယ်တိုင်အတွက်ပင် လုံလောက်ဟန်မရပေ။ သူက ထိုသစ်သီးများကိုလည်း ထုတ်ပေးမည့်ပုံမရှိပေ။
ရီဖူရှင်းက သစ်သီးများကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ရှေ့ကို တက်သွားပြီး ဝမ်ရှိုးရီကို မျက်နှာချင်းဆိုင်ကာ ပြောသည် “ငါမင်းကို သံစဉ်တစ်ပုဒ်လက်ဆောင်ပေးရင် ငါနဲ့အတူတိုက်ခိုက်ရဲလား...”
ဝမ်ရှိုးရီ အံ့အားသင့်သွားသည်။ ရီဖူရှင်းက သူ့အား သူနှင့်အတူ တိုက်ခိုက်ရန် မေးမြန်းနေသည်။
အပေါ်မှ လူများထဲတွင် လီနတ်ဓားကလန်မှ လီစွမ်းသည် သူ့အား အနိုင်ယူဖူး၏။ ထို့အတူ ကောင်းကင်နစ်မြုတ်ကလန်ချင်ကျန်း၊ ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီနှင့် နတ်နန်းတော်မှ တပည့်များမှာလည်း သူ့ထက် သန်မာကြသည်။
သို့သော် ရီဖူရှင်းက သူ့အား တိုက်ခိုက်စေလိုသည်။
သိသာစွာပင် ရီဖူရှင်းက သူ၏ဓားပညာကို မှော်ဂီတပညာဖြင့် ထောက်ပံ့ပေးပေလိမ့်မည်။
အံကြိတ်ကာ ဝမ်ရှိုးရီက ပြောသည် “ဘာကြောက်စရာရှိလို့လဲ”
သူက လက်ကိုဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် ဓားဝိညာဉ်ပေါ်လာ၏။ သူ၏လက်က ဓားသွားကို ထိလိုက်လျှင် သွေးစက်များကျလာ၏။ ဓားထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်၏။
ကောင်းကင်ထက်တွင် အဆုံးအစမဲ့သော ဓားစွမ်းအားများ လှုပ်ရှားဖြစ်ပေါ်လာခဲ့သည်။
“ဓား... လာစမ်း...” ဝမ်ရှိုးရီက အော်ဟစ်လိုက်လျှင် အဆုံးအစမဲ့သော ဓားအသိများသည် သူ့ခန္ဓာကိုယ်သို့ စီးဆင်း၏။ ဓားစွမ်းအားများသည် ဓားဝိညာဉ်ထဲသို့ စီးဝင်ကာ နတ်ဓားတစ်လက်အဖြစ်ပြောင်းလဲစေ၏။ သူ၏ခန္ဓာကိုယ်သည် ဓားတစ်လက်အလား ထက်ရှလာခဲ့သည်။ လူနှင့်ဓားကား တစ်သားတည်းဖြစ်သွားလေပြီ။
ဝမ်ရှိုးရီ၏နောက်တွင် ရီဖူရှင်းသည် လေထဲတွင်ထိုင်ကာ ကု့ချင်းအား ထုတ်လိုက်၏။ ဂီတသံထွက်ပေါ်လာည်နှင့် လူအများအပြားမှာ သူတို့၏ဆံပင်များ ထောင်တက်သွားသလို ခံစားလိုက်ကြရသည်။ သူတို့၏ခန္ဓာကိုယ်များတောင့်တင်းသွားပြီး စိတ်နှလုံးများ တုန်ခါလာကြသည်။ ကောင်းကင်ထက်တွင် တိမ်နှင့်လေများ ပြင်းထန်စွာ တိုက်ခတ်လှုပ်ရှားလာကြသည်။ သံစဉ်သည် ဝမ်ရှိုးရီ၏ခေါင်းထဲကို ဝင်ရောက်လာသောအခါ သံစဉ်နှင့်ဓားသည် တစ်သားတည်းဖြစ်သွား၏။ ထိုအခိုက်တွင် ဝမ်ရှိုးရီသည် သူရှုံးနိမ့်မည်ဟု မှတ်ထင်ထားသော်လည်း ကြောက်ရွံ့စိတ်များအားလုံး ပျောက်ကွယ်သွားသည်။ မဟာလမ်းစဉ်က မပြည့်စုံသော်လည်း သူသည် အတားအဆီးကို ကျော်ဖြတ်ကာ ကောင်းကင်နှင့် ယှဉ်ပြိုင်ရပေဦးမည်။
ထိုအခိုက်တွင် သူသည် ကောင်းကင်ကိုကြွေးကြော်လိုသည်။ ကု့ချင်းသံစဉ်က သူ၏စိတ်သဏ္ဌာန်နှင့် ပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ရာ သူ၏ဓားသည်လည်း ပြည့်စုံသွားခဲ့သည်။
“ကျေးဇူးပဲ...”
ရီဖူရှင်းက လေထဲကို တစ်ချက်ကြည့်ကာ ရှေ့ကို လှမ်းတက်လိုက်သည်။ သူက ရီဖူရှင်းအား ကျေးဇူးတင်၏။
နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သည်သံစဉ်ဖြင့် သူ့ဓားအား အထောက်အပံ့ပြုခြင်းက အရာအားလုံးအတွက် လုံလောက်ခဲ့ပြီဖြစ်သည်။
“မဖြစ်နိုင်ဘူး...”
ကျွင်းမူကား မဟန်နိုင်ဘဲ အသံထွက်၍ပင် မှတ်ချက်ချမိသည်။ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ကာ ရီဖူရှင်းအား လေးနက်စွာ ကြည့်သည်။ ဤကား မဖြစ်နိုင်ပေ။
လီကျစ်ရင်နှင့် ချန်းယွီတို့မှာလည်း ကြီးစွာ စိတ်လှုပ်ရှားသွားကြသည်။ ရီဖူရှင်းနှင့်ပတ်သက်သမျှသူတို့သည် အစစ်အမှန်ဟုပင် မယုံကြည်နိုင်တော့။
သူတို့သည် ထိုက်ရွှမ်တောင်၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသော်လည်း မည်သူမှ သည်သံစဉ်ကို တီးခတ်သည်အား မမြင်ဖူး။
ရီဖူရှင်းက မည်သို့တီးခတ်နိုင်သနည်း။
သည်သံစဉ်ကား အမှန်တကယ်ပင် အရှင်ထိုက်ရွှမ်ကျင့်ကြံဆင့်တက်စဉ်က တီးခတ်ခဲ့သော သံစဉ်ဖြစ်နေသည်။ အရှင်ထိုက်ရွှမ်ထုတ်ဖော်ခဲ့သော အနုပညာရသသိကို မမှီသော်လည်း အတော်အသင့်ပြည့်စုံသည်ဟု ဆိုနိုင်သည်။
ဤကား နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်...
ရှန်ကျင်းသည် အရှင်ထိုက်ရွှမ်၏တိုက်ရိုက်တပည့်များလား။
ထိုက်ရွှမ်တောင်၏တပည့်များသာ သံသယဝင်သည်မဟုတ်၊ ကိုက်ရှီနှင့် တခြားသောလူများသည်လည်း ထိုနည်းတူပင်။
ယနေ့ လမ်းစဉ်သက်သေပြခြင်းခရီးကြမ်း၌ တစ်စုံတစ်ယောက်သည် နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်အား တီးခတ်ခဲ့သည်။
ဓားပညာသံစဉ်တစ်ပုဒ်...။
ဝမ်ရှိုးရီ၏ဓားသည် လေထဲကို တက်သွားခဲ့သည်။ ထိုအခိုက်တွင် သူသည် မှော်ဝင်အာရုံဝင်စားခြင်းသို့ ရောက်ရှိသွားခဲ့၏။ လမ်းစဉ်က ရှင်းလင်းသွားသောအခါ သေဆုံးခြင်းတရားသည် ထိုမျှ ကြောက်စရာမကောင်းတော့။ ထိုအခိုက်တွင် လမ်းစဉ်သည် သူ့အပေါ် ကျဆင်းလာခဲ့သည်ဟု ခံစားရသည်။
လီနတ်ဓားကလန်မှ လီစွမ်းသည် သူ့မျက်လုံးများမှနေ၍ စူးရှသော ဓားအလင်းများကို ထုတ်လွှတ်၏။ သူက ရှေ့ကို တစ်လှမ်းတက်လိုက်လျှင် မရေမတွက်နိုင်သော နတ်ဓားများ အောက်ကို ကျဆင်းလာခဲ့ကာ ဝမ်ရှိုးရီထံသို့ ဦးတည်လာခဲ့ကြ၏။
ဝမ်ရှိုးရီက သူ၏ဓားကို ဝှေ့ယမ်းလိုက်လျှင် ဓားသည် မဟာလမ်းစဉ်ကို တားဆီးသည်။ လီစွမ်း၏ဓားများသည် အစိတ်စိတ်အမွှာမွှာကြေပျက်သွား၏။ အလင်းတန်းတစ်ခုနှင့်အတူ ကောင်းကင်သည် ပွင့်ဟာသွား၏။
***