← Chapters

ရှန်ထျန်းနှောင်းပိုင်းအဆင့်သို့ရောက်ရှိပြီ

Vol. 16 Ch. 214

ရှန်ထျန်းနှောင်းပိုင်းအဆင့်သို့ရောက်ရှိပြီ

Vol. 16 Ch. 214

ရန်ကျောက်ကဲ၏ နဂါးသဏ္ဌန်ရှိသော ကြယ်တာရာချီစွမ်းအားများ လှိုင်းလုံးများပမာ မြင့်တက်လာပြီး မီးနှင့်ရေခဲများ ရောနှောကာ ယင်နှင့်ယန်ကို လိုက်လျောညီထွေ ဖြစ်ပေါ်လာစေသည်။

သူ၏ များပြားပြည့်လျှံနေသော ကြယ်တာရာချီစွမ်းအားများက တဖြည်းဖြည်း ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်အတွင်း၌ ပရမ်းပတာချီစွမ်းအားများ မထင်မရှားဖြစ်တည်လာသည်။

ထိုချီစွမ်းအားများက အရာအားလုံးကို ခံနိုင်ရည်ရှိပြီး အရာအားလုံးကို မွေးဖွားပေးနိုင်သလို အရာအားလုံးကို သုတ်သင်ပစ်နိုင်သည်။

သူ့ခန္ဓာကိုယ်ကို အာရုံခံကြည့်ရင်း ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။

တွေးထားသည့်အတိုင်းပင် ရန်ကျောကက်ကဲ ခန္ဓာကိုယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားများ ရုတ်ချည်းတုန်လှုပ်သွားပြီး တစ်သားတည်းပေါင်းစပ်သွားသည်။

သူ့အတွေးဆန္ဒများအတိုင်း ကြယ်တာရာချီစွမ်းအားများက လိုက်လျောညီထွေ မရပ်မနား ခန္ဓာကိုယ်အနှံ့သို့ ဖြတ်သန်းသွားသည်။

ထိုခဏတွင် ကြယ်တာရာချီစွမ်းအားများသည် သူ့ရုပ်ခန္ဓာ အစိတ်အပိုင်းတစ်ခုအလားဖြစ်နေပြီး လက်မောင်းနှင့်ဆက်စပ်နေသည့် လက်ချောင်းများကို ထိန်းချုပ်ရသည့်ပမာ ကြိုက်သလောက် စုစည်းလိုက် ဖြန့်ခွဲလိုက် ပြုလုပ်၍ရသည်။

ချီစွမ်းအားများက နက်ရှိုင်းသည့်ပင်လယ်အလား ခံစစ်ပြင်းထန်သလို မိုးကြိုးသွားအလား တိုက်စစ်ပြင်းထန်သည်။

ဤသည်မှာ ကြယ်တာရာချီစွမ်းအားကို သန့်စင်ပြီး ရှန်ထျန်း အလယ်ဆင့်မှ ရှန်ထျန်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီဆိုသော သင်္ကေတပင် ဖြစ်သည်။

ပရမ်းပတာ ကြယ်တာရာချီစွမ်းအားများသည် သူ အလိုရှိသည့်အတိုင်း ပုံစံပြောင်းလဲနိုင်ပြီး လွင်ပြင်များကိုသာမက ကောင်းကင်တစ်ခုလုံးကိုပင် မီးတောက်များဖုံးလွှမ်းသွားတော့မည့်ပမာ လျှင်မြန်စွာ လှည့်ပြောင်းတည်ရှိနေသည်။

ထို့နောက် ကြယ်တာရာချီစွမ်းအားများက အေးခဲသွားပြီး ရေခဲလွင်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ခဏကြာပြီးနောက် အအေးဓာတ်ကြယ်တာရာချီစွမ်းအားများ နှစ်ပိုင်းကွဲသွားကာ တစ်ပိုင်းက ရေခဲပမာတည်ရှိပြီး ကျန်တစ်ပိုင်းကတော့ တောင်လောင်နေသည့် မီးတောင်များအသွင် ဖြစ်တည်လာသည်။

ကြယ်တာရာချီစွမ်းအား (၂)ခု အတူတကွ လှည့်ပတ်ပြီး ကျယ်ပြောကြည်လင်သော ချီပင်လယ်ဖြစ်တည်လာသည်။ ထိုချီပင်လယ်က မိုးကောင်းကင်ပမာ အဆုံးမရှိ ကျယ်ပြန့်လှသည်။ ဤသည်ကား ဝါဒတောင်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော နက်ရှိုင်းချီစွမ်းအားကျင့်စဉ်၏ စွမ်းအားပင် ဖြစ်၏။

ကြည်လင်သောချီစွမ်းအားစီးကြောင်းများစွာက ကြီးကျယ်ခမ်းနားလွန်းသည့်တိုင် ထိုစီးကြောင်းများထဲမှ တစ်ခုက လျှင်မြန်စွာပင် မှိန်ဖျော့သွားကာ အောက်ဘက်သို့ တဖြည်းဖြည်း နစ်မြုပ်သွား၏။

တစ်ချိန်တည်းမှာပင် နောက်ကျိသောချီစွမ်းအားများက ရန်ကျောက်ကဲ သွေးကြောများထဲ ပျံ့နှံ့သွားပြီး သူ့အထက်တွင်ရှိနေသည့် ကြည်လင်သည့်ချီစွမ်းအားနှင့် ဆန့်ကျင်လှစွာ ကမ္ဘာမြေပမာ လေးလံလွန်းလှသည်။

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း...

“အရင်ကသိခဲ့တဲ့ နိယျာမတွေအတိုင်း အကုန်မှန်တယ်”

ဟု တွေးလိုက်သည်။

ထိုအချိန်မှာပင် ကြည်လင်သည့်ချီစွမ်းအားနှင့် နောက်ကျိသည့် ချီစွမ်းအား (၂)ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ ပရမ်းပမာအခြေအနေ ပြန်လည်ဖြစ်တည်လာသည်။

ရန်ကျောက်ကဲ မတ်တတ်ရပ်ရင်း ရှည်လျားသည့်အသက်တစ်ချက် ရှူထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များအားလုံး တစ်ညီတစ်ညွတ်တည်း လှုပ်ခါနေပြီး အတွင်းထဲတွင် ကြီးမားလှသောစွမ်းအားကြီးက ကြုံးဝါးမြည်ဟည်းလျှက် ရှိသည်။

“အခုချိန်က အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း အားပျော့တဲ့အချိန်ပဲ ၊ အနောက်ဘက်သဲကန္တာရဆီကို သွားရမယ့်အချိန်ရောက်ပြီ”

ရန်ကျောက်ကဲ တွေးလိုက်၏။

သူ အိမ်ထဲမှ ထွက်လာသည့်အခါ အိမ်အပြင်တွင် မတ်တတ်ရပ်နေသည့် အားဟူကို တွေ့ရသည်။

အားဟူက လက်နှစ်ဖက်နောက်ပစ်ရင်း နေကို မျက်နှာမူကာ ကြည့်နေသည်။

ပုံမှန်ဆိုလျှင် အားဟူတစ်ယောက် အေးအေးလူလူ နေပူဆာလှုံနေသည့်ဟန်ပင်။

သို့သော် ရန်ကျောက်ကဲကတော့ ထူးခြားချက်ကို တွေ့မြင်သည်။ အားဟူ၏ ဦးခေါင်းထက်တွင် အလွန်ထက်ရှသည့် ထောင့်ချွန်များနှင့်ပြည့်နေသော ရောင်စဉ်ကုဗတုံးတစ်ခုက အခြားတူများနားမလည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။

အားဟူ၏မျက်ခုံးများက နေရောင်ချည်နှင့် တိုက်ရိုက်ထိတွေ့ကာ ကောင်းကင်ထက်ရှိ သဏ္ဌန်မရှိသော မျဉ်းဖြောင့်တစ်ကြောင်းဖြင့် ချိတ်ဆက်ထားပြီး ဦးနှောက်ထဲထိ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နေသည်။

နေရောင်ခြည်တမ်းအပေါ်ဘက် မိုးကုတ်စက်ဝိုင်းက ရွေ့လျားသွားပြီး အနေအထားက စက္ကန့်တိုင်း ပြောင်းလဲနေသည်။ သို့သော် အပြောင်းအလဲက အလွန်သေးငယ်လှသဖြင့် အခြားသူများ လုံးဝ သိမြင်နိုင်ခြင်း မရှိပေ။

သို့သော် အားဟူကတော့ ပြောင်းလဲမှုအတိုင်း တိကျပြတ်သွားစွာ ဆုပ်ကိုင်နိုင်ပြီး ဦးခေါင်းထက်မှ ကုဗတုံးထောင့်စွန်းများဖြင့် လိုက်လံချိန်ညှိနေသည်။

ရန်ကျောက်ကဲ ထွက်လာသည်ကိုမြင်တော့  အားဟူက ဦးညွှတ်နှုတ်ဆက်ရင်း ခါတိုင်းလိုပင် ရိုးရှင်းစွာဖြင့် ပြုံးရယ်ပြသည်။

“သခင်လေး ၊ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ ရက်နည်းနည်းကြာတယ်နော်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ရလဒ်အောင်မြင်သွားပြီလေ”

အားဟူမျက်လုံးများ တောက်ပသွားပြီး...

“သခင်လေး... ရှန်ထျန်း နှောင်းပိုင်းအဆင့်ကို အဆင့်တက်သွားပြီလား”

ရန်ကျောက်ကကဲ ခေါင်းညိတ်ပြသည့်အခါ အားဟူက သက်ပြင်းထပ်ခါချရင်း ချီးကျူးစကားဆို၏။

“သခင်လေးက အတော်မြန်တာပဲ ၊ အား... သခင်လေးနဲ့ယှဉ်ရင် ကျွန်တော်တို့အားလုံးကတော့ အသုံးမကျတဲ့ သစ်သားနွားတွေ သစ်သားမြင်းတွေလိုပါပဲဗျာ”

သူက ဆက်ပြောသည်။

“သခင်လေးက အိမ်တော်သခင်ရဲ့ အငယ်ဆုံးသိုင်းဆရာသခင်ဆိုတဲ့စံချိန်ကို မချိုးဖျက်နိုင်သေးပေမယ့် သိုင်းပညာရှင်အဆင့်မှာ အဆင့်တက်နှုန်းကတော့ သူ့ထက်အများကြီး သာသွားပြီ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒီတစ်ခေါက် ငါ့တိုးတက်မှုအတွက် အရမ်းကျေနပ်ပေမယ့် သိုင်းဆရာသခင်အဆင့်ရောက်တဲ့အထိတော့ အရာအားလုံးကို စောင့်ရမှာပဲပေါ့”

ထို့နောက် သူက အားဟူကို အကဲခတ်လိုက်ရင်း...

“မင်းရဲ့ ကျင့်ကြံခြင်းရော အခြေအနေဘယ်လိုလဲ”

အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...

“တစ်ခုခု လိုနေသေးတယ်လို့ ခံစားရတယ်”

ရန်ကျောက်ကဲက...

“အဲဒါက ကိစ္စမရှိပါဘူး ၊ တကယ်တော့ မင်း ကောင်းကင်ချိတ်ဆက်အဆင့်ကိုရောက်တာ တစ်နှစ်လောက်ပဲ ရှိသေးတာ မဟုတ်လား ၊ ဒါပေမဲ့ မင်းရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် အခုဆို အဆင့်တက်ဖို့ နောက်ဆုံးခြေတစ်လှမ်းပဲ လိုတော့တယ် ၊ အဲဒါကို ဖြတ်ကျော်နိင်တာနဲ့ မင်းရှေ့က မိုးမြေတစ်ခုလုံး အသစ်ဖြစ်သွားလိမ့်မယ်”

အားဟူက ရယ်မောလိုက်ရင်း...

“ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရတယ် ၊ ကျွန်တော် အစ်ကို’ဖေး’ကို အမြန်ဆုံး အမီလိုက်မှ ထင်တယ်”

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ပါဝင်ခဲ့ကြသည့် ပါရမီရှင်လူငယ်များအားလုံး အတွေ့အကြုံများစွာ ရရှိခဲ့ကြသည်။ ငရဲကိုးထပ်ကျူးကျော်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ကလည်း သူတို့အားလုံးအတွက် လေ့ကျင့်ပေးသည့်ပုံစံအဖြစ် အကျုံးဝင်ခဲ့သည်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ ပြီးဆုံးသည့်နောက် ရန်ကျောက်ကဲ တံခါးပိတ်ကျင့်ကြံခဲ့သည်။ အခြားလူငယ်များအားလုံးသည်လည်း သူကဲ့သို့ပင် ဆက်လက်ကျင့်ကြံနေခဲ့ကြသည်။

ကောင်းကင်ချိတ်ဆက်အဆင့် ကျင့်ကြံသူများဖြစ်ကြသည့် ရွှီဖေး ၊ ထန်ယုံဟောင်နှင့် စုန့်ချောင်တို့အားလုံး ကျင့်ကြံခြင်းတစ်ဆို့မှုများကို ကျော်ဖြတ်ကာ သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိလာကြသည်။

ကောင်းကင်ချိတ်ဆက်အဆင့်မှ သိုင်းဆရာသခင်အဆင့်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ထို ထိပ်တန်းတပည့်များသည် သူတို့ရှေ့မှ သိုင်းဆရာသခင်များစွာကို တွေ့ရှိကြမည် ဖြစ်သည်။

ထို့ကြောင့် အဆင့်အသစ်တွင် သူတို့အားလုံးသည် အတွေ့အကြုံမရှိသည့် လူငယ်လေးများပမာ ဖြစ်လာကြပေလိမ့်မည်။

သို့ပေသိ သိုင်းဆရာသခင်အဆင့်ဆိုသည်က ကြီးမားသည့်အချိုးအကွေ့တစ်ခုကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်လေရာ လူအများ သူတို့အပေါ်ထားရှိသည့် သဘောထားအမြင်သည်လည်း ပြောင်းလဲသွားကြသည်။ လူငယ်မျိုးဆက်များကို ကြည့်သည့်အကြည့်မျိုးဖြင့် သူတို့ကို မည်သူမှ ကြည့်ရှုကြတော့မည် မဟုတ်ပေ။

ရွှီဖေး ၊ ထန်ယုံဟောင်နှင့် စုန့်ချောင်တို့ဆိသည်က ကျင့်ကြံခြင်းအဆင့်တူများကြားတွင်ပင် အရည်အချင်းနှင့်စွမ်းအား သာလွန်သူများဖြစ်လေရာ သူတို့ရှေ့တွင် ရှည်လျားခမ်းနားသည့်လမ်းတစ်ခုက စောင့်မျှော်နေကြောင့် မည်သူမဆို မှန်းဆနိုင်သည်။

သိုင်းဆရာသခင် ဖြစ်လာြခင်းက သူတို့အတွက် အသစ်သောအချိုးအကွေ့ဖြစ်သည့်တိုင် သူတို့၏အနာဂတ်များက တုနှိုင်းမမီအောင် တောက်ပနေပြီ ဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ သိုင်းပညာရှင်အဆင့်ဆိုသည်က ကျင့်ကြံသူများအတွက် ကြီးမားသည့်အချိုးအကွေ့တစ်ခု ဖြစ်ပြီး ထိုအဆင့်မှ ရှေ့မဆက်နိုင်ဘဲ ကျန်ရစ်ခဲ့သူ များစွာရှိကြသည်။

သိုင်းပညာရှင်အဆင့်မှ သိုင်းဆရာသခင်အဆင့်ဆိုသည်ကလည်း ကြီးမားသည့် အချိုးအကွေ့ကြီးတစ်ခု ဖြစ်သည်ပင်။ ရှန်ထျန်းအဆင့် ၊ သို့မဟုတ် ကောင်းကင်ချိတ်ဆက်အဆင့်တွင် ရပ်တန့်သွားပြီး ရှေ့ဆက်မတက်နိုင်တော့သည့် ကျင့်ကြံသူများ များစွာရှိကြဆဲ ဖြစ်၏။

ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ တိုက်ရိုက်ပင်မတပည့် အထက်တန်းလွှာများဖြစ်ကြသော ရွှီဖေးနှင့် အခြားသူများသည် ထိုကဲ့သို့ နိမ့်ကျသည့်ကျင့်ကြံခြင်းအဆင့်တွင် ရပ်တန့်နေသူများ မဟုတ်ကြပေ။ အသက် (၃၀)ကျော်ဖြင့် သိုင်းဆရာသခင်အဆင့်သို့ တက်ရောက်နိုင်သည်ဆိုကတည်းက ရှားပါးဖြစ်ရပ်ဖြစ်ရာ မမြင်နိုင်သောပြဿနာများ ဖြစ်မလာသရွေ့ သူတို့၏ အနာဂတ်သည် အကန့်အသတ်မရှိ လှပနေမည် ဖြစ်သည်။

ရန်ကျောက်ကဲက အားဟူပခုံးကို ပုတ်လိုက်ရင်း...

“လာ... ငါတို့လေနယ်မြေကို ခရီးထွက်ကြမယ် ၊ အနောက်ဘက်သဲကန္တာရကြီးက ဘေးဆိုးတွေက လောလောဆယ် အားနည်းနေတယ်လို့ ပြောလို့ရတယ်”

ဖခင်ဖြစ်သူ ရန်တိနှင့် ဂိုဏ်းချုပ်ကြီး ယွမ်ကျန်းဖုန်းကို သတင်းပို့ပြီးနောက် ရန်ကျောက်ကဲနှင့် အားဟူက အခြားကိုယ်ရံတော်များနှင့်အတူ တောင်ပေါ်မှ ထွက်ခွာလာခဲ့ကြသည်။

ထို့ပြင် ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းပညာ အသုံးပြုနိုင်ရန်အတွက် ဖန်းယွင်ရှန်းသည်လည်း သူနှင့်အတူ လိုက်ပါလာခဲ့သည်။ ယခုတစ်ကြိမ် ရန်ကျောက်ကဲ ခရီးထွက်သည်က မည်မျှအချိန်ကြာမြင့်မည်ကို မသိရသည့်အတွက် သူမကိုအတူတူ ခေါ်ဆောင်လာရခြင်း ဖြစ်သည်။

ဝါဒတောင်မှ အကြီးအကဲများက ဖန်းယွင်ရှန်း အန္တရယ်ရှိမည်ကို အလွန်စိုးရိမ်သည့်အတွက် ရန်ကျောက်ကဲနှင့်အတူ ခရီးမထွက်စေချင်ခဲ့ပေ။ သို့သော် ထူးကဲယင်မိန်းမပျို၏ ကျင့်ကြံခြင်းအဆင့်မြင့်တက်ရန်မှာ ဝါဒတောင်အတွက် အလွန်တရာ နက်ရှိုင်းစွာ အရေးကြီးပါသဖြင့် အဆုံးသတ်တွင်တော့ သူမကို ရန်‌ကျောက်ကဲနှင့်အတူ လိုက်ပါခွင့်ပေးလိုက်ရသည်။

ထို့ပြင် ယခုအချိန်တွင် ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲများသည် ရန်ကျောက်ကဲအပေါ် အလွန်ယုံကြည်ကြသည်။

ယခုသွားမည့် ခရီးလမ်းကလည်း အနောက်ဘက်ကန္တာရမှလွဲပြီး ကျန်နယ်မြေများမှာ ဝါဒတောင်မှ ကျင့်ကြံသူများနေထိုင်ကြသည့် ဝါဒတောင်ပိုင်နက်ဖြစ်သည်။

တောင်ပေါ်မှဆင်းသွားသည်နှင့် အလယ်ပိုင်းကောင်းကင်ဒေသမှ အနောက်ဘက်သို့ ဦးတည်လျှင် အနောက်ကောင်းကင်ဒေသသို့ ရောက်ရှိမည် ဖြစ်သည်။ အနောက်ကောင်းကင်ဒေသဆိုသည်က ကောင်းကင်နယ်မြေ ဒေသ (၅)ခုမှ တစ်ခု ဖြစ်သည်။ ထိုမှ အနောက်သို့ဆက်သွားမည်ဆိုလျှင် ကောင်းကင်နယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားပြီး လေနယ်မြေ၏ ဒေသ (၄)ခုထဲမှ ကန္တာဒေသသို့ ရောက်ရှိမည် ဖြစ်သည်။

ကန္တာဒေသကို လက်ရှိတွင် ဝါဒတောင်က ထိန်းချုပ်ထားပြီး ထိုနေရာတွင် ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်က တာဝန်ယူ အုပ်ချုပ်သည်။

လေနယ်မြေ၏ ဒေသ (၄)ခုမှာ ပထဝီဝင်အနေအထားအရ မြောက်မှတောင်သို့ တစ်တန်းတည်းတည်ရှိကာ အနောက်ဘက်သဲကန္တာရကြီးဆိုသို့ တစ်ပြိုင်နက်တည်း နယ်နိမိတ်ထိစပ်လျှက်ရှိသည်။

အနောက်ဘက်သဲကန္တာရကြီးသည် သက်ရှိများ မည်သည့်နည်းနှင့်မှ အသက်မရှင်သန်နိုင်သည့် ဒေသတစ်ခု ဖြစ်၏။ ယခင်အချိန်က အနက်ရောင်အိပ်မက်ဆိုးတောင်အပါအဝင် မည်သည့်ထိပ်သီးသိုင်းဂိုဏ်းကြီးမှ ထိုကန္တာရကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြပေ။

ကောလဟလများအရ ထိုသဲကန္တာရကြီးက မဟာကပ်ဘေးကြီး၏ ကြွင်းကျန်ရစ်သော ဘေးဆိုးအပိုင်းအဆစတစ်ခုဟု ဆိုကြသည်။ ထို့ကြောင့် ထိုနယ်မြေကို ထိန်းချုပ်ရန် အစွမ်းအစရှိသည်ဆိုဦးတော့ ဘေးအန္တရယ်နှင့် ဒုက္ခများစွာ ရင်ဆိုင်ရမည် ဖြစ်သည်။

လေနယ်မြေကို ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းတို့က သိမ်းပိုက်ထားရာတွင် ထို အနောက်ဘက်သဲကန္တာရာကြီးနှင့် အတိုင်းအတာတစ်ခုအထိ အကွာအဝေးထားရှိပြီး အဓိက ဒေသ (၄)ခုကိုသာ ပစ်မှတ်ထားခဲ့သည်။

သို့ပေသိ...

ရန်ကျောက်ကဲတစ်ယောက်ကတော့ ထို သဲကန္တာရကြီးကို အတော်လေး စိတ်ဝင်စားနေမိလေ၏။

***

All Chapters