← Chapters

အရင်ကရန်ကျောက်ကဲမဟုတ်တော့

Vol. 16 Ch. 215

အရင်ကရန်ကျောက်ကဲမဟုတ်တော့

Vol. 16 Ch. 215

သဘာဝရာသီဥတုကွဲပြားမှုကြောင့် လေနယ်မြေ၏ ရှုခင်းများသည် ကောင်းကင်နယ်မြေနှင့် လုံးဝကွဲပြားသည်။ လေနယ်မြေတစ်ခုလုံးက ကြည့်လေရာရာတွင် သဲကန္တာရများကိုသာ တွေ့မြင်ရ၏။

အနောက်ဘက်သဲကန္တာရကြီးတစ်ခုသာမဟုတ်ဘဲ လေနယ်မြေ၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် သဲကန္တာရများသာဖြစ်ကြသည်။

ကန္တာရဒေသအားလုံး အန္တရယ်များစွာ ရှိသည့်တိုင် စွန့်ပစ်နယ်မြေတစ်ခုအဖြစ် တည်ရှိသော အနောက်ဘက်သဲကန္တရာကြီးကဲ့သို့ ဆိုးရွားခြင်း မရှိပေ။

ဖန်းယွင်ရှန်းက အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်း...

“လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ကျွန်မ လေနယ်မြေကို ရောက်ဖူးတယ်”

ရန်ကျောက်ကဲက...

“နေသူတော်စင်ဂိုဏ်းက မင်းကို လေ့ကျင့်ပေးတုန်းက မဟုတ်လား”

ဖန်းယွင်ရှန်းက ပေါ့ပေါ့ပါးပါးဟန်ဖြင့်ပင်...

“အမှန်ပဲ ၊ ကျွန်မက ထူးကဲယင်မိန်းမပျိုတစ်ယောက်ဆိုတော့ ကျွန်မလှုပ်ရှားမှုတွေကို ဖုံးကွယ်နိုင်ဖို့နဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေရဖို့ အများကြီးလေ့ကျင့်ရတယ်လေ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“မင်းသွားတာ ကန်းဒေသလား ချင်ဒေသလား”

အရှေ့ထန်စစ်ပွဲမတိုင်ခင်က နေသူတော်စင်ဂိုဏ်း၏ နယ်မြေစိုးမိုးမှုက ကြီးမားခဲ့သည်။ မီးနယ်မြေနှင့် တိုက်ရိုက်ထိစပ်နေသော လေနယ်မြေ၏ မြောက်ပိုင်း ချင်ဒေသအပြင် ကန်းဒေသသည်လည်း နေသူ‌တော်စင်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။

ထိုစဉ်က ဝါဒတောင်က ကန်းဒေသ၏ မြောက်ဘက်တွင်ရှိသော ကန္တာဒေသကို ထိန်းချုပ်ထားပြီး အဆုံးမဲ့တောင်တန်းကတော့ မြောက်ဘက်အစွန်းတွင်ရှိသည့် ငွေရောင်ဒေသကို ထိန်းချုပ်ထားသည်။ ထိပ်သီးသိုင်းဂိုဏ်းကြီး (၃)ခုက လေနယ်မြေကို သို့နှယ်ခွဲဝေထိန်းချုပ်ခဲ့ကြသည်။

အရှေ့ထန်တိုက်ပွဲတွင် ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်က မီးနယ်မြေကို စီးနင်းခဲ့သည့်အပြင် လေနယ်မြေမှ ပိုင်နက်ဒေသများကိုလည်း တိုက်ခိုက်ခဲ့သည်။

ဟွမ်ကွမ်လီ စိတ်အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် နေသူတော်စင်ဂိုဏ်းက အံကြိတ်သည်းခံကာ တိုက်ပွဲတွင် နောက်ဆုတ်လက်လျှော့သွား၏။

ထို့ကြောင့် လေနယ်မြေတွင် သူတို့ထိန်းချုပ်ထားခဲ့သော ချင်ဒေသနှင့် ကန်းဒေသတွင် ကန်းဒေသက ဝါဒတောင်လက်ထဲသို့ လုံးဝ ကျရောက်သွားခဲ့သည်။

တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ်က ထူးကဲယင်သရဖူကို ဆွတ်ခူးခဲ့ပြီးနောက် နေသူတော်စင်ဂိုဏ်း စွမ်းအားခိုင်မာသွားပြီး သူတို့ဆုံးရှုံးခဲ့သည့်နယ်မြေများကို ရဲရဲဝံ့တံ့ ပြန်လည်ရယူခဲ့သည်။

မီးနယ်မြေထဲတွင် ဝါဒတောင်က သိမ်းပိုက်ထားသည့် ဒေသများအားလုံးကို ပြန်လည်တိုက်ယူနိုင်ခဲ့ပြီး လေနယ်မြေ ၊ ကန်းဒေသကို ပြန်လည်သိမ်းယူချိန်တွင် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းတို့ ပဋိပက္ခထပ်မံဖြစ်ပွားခဲ့သည်။

ထိုအချိန် ရန်ကျောက်ကဲက မိုးကြိုးဒြပ်စင်နည်းပညာဖြင့် အဆုံးမဲ့တောင်တန်းကို အပိုင်ချည်နှောင်လိုက်ရာ ကောင်းကင်နယ်မြေ ၊ ရေနယ်မြေနှင့် တောင်တန်းနယ်မြေတို့ မဟာမိတ် (၃)ဖွဲ့ ပြုလုပ်လိုက်ကြသည်။ ထို့ကြောင့် အဆုံးမဲ့တောင်တန်းနှင့် ရင်ဆိုင်ရန် ကောင်းကင်မိုးကြိုးခန်းမဘက်မှ အားသာချက်လျော့နည်းသွားလေရာ နေသူတော်စင်ဂိုဏ်းသည်လည်း လေနယ်မြေတွင် ဆက်ပြီးတောင့်ခံမထားနိုင်တော့ဘဲ ဝါဒတောင်ကို အလျှော့ပေးခဲ့ရသည်။

လက်ရှိတွင်တော့ လေနယ်မြေ၏ ဒေသ (၄)ခုတွင် အလယ်ပိုင်းတွင်ရှိသော ကန်းဒေသနှင့် ကန္တာဒေသတို့က ဝါဒတောင် ထိန်းချုပ်မှုအောင်တွင် ရှိနေပြီ ဖြစ်သည်။ နေသူတော်စင်ဂိုဏ်းက တောင်ဘက်အစွန်းကျသော ချင်ဒေသကို ချုပ်ကိုင်ထားပြီး ၊ ချင်ဒေသကို ထိန်းထားနိုင်သည်ကပင် သူတို့အနေဖြင့် မိုးနှင့်မြေကို ကျေးဇူးတင်သင့်နေပေပြီ။

ဖန်းယွင်ရှန်းက...

“ကန်းဒေသက အနောက်ဘက်သဲကန္တာရကြီးနဲ့ နယ်နိမိတ်ကို သွားခဲ့တာ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

နေသူတော်စင်ဂိုဏ်းက သူတို့၏ တပည့်များကို ပြုစုပျိုးထောင်ရာတွင် စိတ်ဓာတ်ခိုင်မာစေရန် ၊ အတွေ့အကြုံနှင့် အသိပညာမြင့်မားစေရန် အာရုံစိုက်ပြီး ပင်ကိုယ်စွမ်းရည်ထွက်ပေါ်လာစေရန် လှုံ့ဆော်ပေးသည်။ စစ်မှန်သည့် ဓားသိုင်း ၊ လှံသိုင်းများကိုသာမက အတွေ့အကြုံနှင့် အသိပညာ မြင့်မားလစေရန် ဦးစားပေးသည်။ တပည့်များကို ပျိုးထောင်ရာတွင် အလွန်တရာ အားစိုက်ထုတ်ခဲ့သည်မှာ ငြင်းစရာမရှိပေ။

“ပြောရရင် အနက်ရောင်အိပ်မက်ဆိုးတောင်ကို ကျွန်မတို့ဂိုဏ်းက ဖျက်ဆီးပစ်ခဲ့တာ မဟုတ်လား ၊ အခု အဲဒီတောင်ရဲ့ အကြွင်းအကျန်တွေက ဘယ်လိုအခြေအနေလဲဆိုတာ သိချင်နေတာ”

ထိုစကားကိုပြောပြီးနောက် တစ်စုံတစ်ခုကို နားလည်လိုက်ဟန် ဖန်းယွင်ရှန်း ပြုံးလိုက်သည်။

သူမပြောသည့် “ကျွန်မတို့ဂိုဏ်း” ဆိုသည်မှာ ဝါဒတောင်ကို ပြောခြင်းဖြစ်ပြီး နေသူတော်စင်ဂိုဏ်းကို ဆိုလိုခြင်း မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ငါတို့ဘိုးဘေး ဟန်ထျန်းပုဂ္ဂိုလ်မြတ် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ နောက်ဆုံးတောင်သခင်က ဝါဒတောင်ကို လာပြီးတိုက်ခိုက်တယ် ၊ အဲဒါကို နေသူတော်စင်ဂိုဏ်းက ‘ခရမ်းရောင်နေ’ ဆိုတဲ့ ကျန်းမျိုးနွယ်က ဘေးကနေ ဝမ်းသာအားရ ထိုင်ကြည့်နေတာ”

သူက ဆက်ပြောသည်။

“ဟန်ထျန်းပုဂ္ဂိုလ်မြတ်လည်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာရော အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ တောင်သခင်ကို နေရာမှပင်သတ်ပစ်လိုက်တယ် ၊ ပြီးတော့ လေနယ်မြေအထိ လိုက်သွားပြီး အနက်ရောင်အိပ်မက်ဆိုးတောင်ကို ဖျက်ဆီးပစ်လိုက်တယ် ၊ အဲဒီအချိန်ကစပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ထိပ်သီးသိုင်းဂိုဏ်းကြီး (၇) ဂိုဏ်းရှိရာကနေ (၆) ဂိုဏ်းပဲ ကျန်တော့တာပေါ့”

“ခရမ်းရောင်နေ ‘ကျန်း’က ဘာမှမလုပ်ဘဲ အချောင်စောင့်နေတာလေ ၊ ဟန်ထျန်းပုဂ္ဂိုလ်မြတ်လည်းထွက်လာရော သူက အမြီးခွေပြီး ပြေးတော့တာပဲ ၊ အဲဒါကြောင့် ငါတို့ဘိုးဘေးက သူ့ကိုတောင်ပေါ်အထိ လိုက်မတိုက်ဘဲ လွှတ်ပေးလိုက်တာ ၊ မဟုတ်ရင် အခုချိန် နေသူတော်စင်ဂိုဏ်းတောင် ရှိပါတော့မလား မသေချာဘူး”

ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ ဆိုသည်က သမိုင်းတွင်သည့် ဒဏ္ဍာရီလာ သိုင်းသူတော်စင်တစ်ပါးဖြစ်ပြီး ယခုအချိန်ထိ သေလားရှင်လား မသိရသေးပေ။

ဝါဒတောင် အင်အားဆုတ်ယုတ်သွားပြီး ကြီးမားသည့်ထိုးနှက်ချက်ခံရချိန်တွင် ခရမ်းရောင်နေသူတော်စင်က နေသူ‌တော်စင်ဂိုဏ်း အင်အားကြီးမားလာစေရန် ဆောင်ရွက်ခဲ့ပြီး ၊ နံပါတ် (၁) ထိပ်သီးသိုင်းဂိုဏ်းကြီး ဖြစ်လာသည်အထိ ဦး‌ဆောင်နိုင်ခဲ့သည်။

ကျန်းချောင်၏ ဖိအားပေးမှုများကြောင့် ဝါဒတောင် ယနေ့အခြေအနေထိရောက်ရန် အလွန်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ အစ်ကိုဖြစ်သူ ကျန်းဒေါင်ဂီ၏အရိပ်အောက်တွင် ပုန်းကွယ်နေခဲ့သော ကျန်းရှီလော့ ရှေ့ထွက်လာခဲ့ပြီး ၊ သူ၏ထက်မြက်မှုကြောင့်သာမဟုတ်လျှင် ဝါဒတောင်သည် ယနေ့အခြေအနေသို့ပင် ရောက်ရန် လွယ်ကူမည် မဟုတ်ပေ။

ဖန်းယွင်ရှန်းမျက်နှာထက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန် အမူအရာဖြင့်...

“ဘိုးဘေးဟန်ထျန်း ပုဂ္ဂိုလ်မြတ်က သူ့ရဲ့စွမ်းအးနဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို အုပ်စိုးနေတဲ့အချိန် သူ့ဘေးမှာရှိတဲ့ ဘိုးဘေးကောင်းကင်ခန့်မှန်းသူက သိုဝှက်ပြီးနေခဲ့တယ်နော် ၊ အဲဒီတုန်းက ကျွန်မတို့ဂိုဏ်းက တကယ့်အထွတ်ထိပ်အခြေအနေ မဟုတ်လား”

သူမက ဆက်ပြောသည်?

“မဟာကပ်ဘေးကြီးနောက်ပိုင်းခေတ်မှာ စွမ်းအားအမြင့်မားဆုံး ထိပ်သီးသိုင်းဂိုဏ်းကြီးအဖြစ် ရပ်တည်ခဲ့တာ အခုချိန်ထိ ဘယ်သူမှ မယှဉ်နိုင်သေးဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အင်း... သမိုင်းမှတ်တမ်းတွေအရ ပြောရရင် ဘိုးဘေးကောင်းကင်ခန့်မှန်းသူက တမင်သက်သက် သိုဝှက်ပြီးနေထိုင်တာ မဟုတ်ပါဘူး ၊ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက နူးညံ့သိမ်မွေ့တယ် ၊ သိုင်းတာအိုနဲ့ မဟာကပ်ဘေးကြီးမဖြစ်ခင် ယဉ်ကျေးမှုတွေကို သုတေသနပြုနေတာကြောင့် သိုဝှက်ပြီးနေထိုင်သလို ဖြစ်သွားတာ”

သူက ဆက်ပြောသည်။

“ငါတို့ဂိုဏ်းမှာရှိတဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်နဲ့ လွန်ပြီးကာလအကြောင်း သုတေသနပြုထားတဲ့ ကျမ်းစာအများစုဟာ သူ့လက်ရာတွေပဲပေါ့ ၊ တကယ်တော့ ဟန်ထျန်းပုဂ္ဂိုလ်မြတ်သာ ကွယ်လွန်မသွားခဲ့ရင် ငါတို့ဂိုဏ်းမှာ ကောင်းကင်ခန့်မှန်းသူ ဘယ်လောက်တော်လဲဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး”

သူ့စကားကြားတော့ ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“စိတ်မကောင်းစရာက သူတို့ (၂)ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးခဲ့ကြရတယ် ၊ မဟုတ်ရင် ဘယ်လောက်အမြင့်ထိ ရောက်နေမလဲဆိုတာ ဘယ်သူသိနိုင်မတဲ့လဲ”

ဖန်းယွင်ရှန်းက စစ်ခုန်ချင်းကဲ့သို့ သိုင်းတာအိုမှ သိုင်းတာအို တန်းတန်းစွဲ မဟုတ်သည့်တိုင် သူမသည်လည်း သိုင်းတာအိုကို စွဲလန်းသည်ပဲ ဖြစ်သည်။

သူမသာ မဟုတ် ၊ ရန်ကျောက်ကဲသည်လည်း ထို့အတူပင်။

“အတိတ်ကပြီးသွားပါပြီလေ ၊ လက်ရှိကိုပဲ အာရုံစိုက်ကြရအောင်”

ရန်ကျောက်ကဲက မိုးကုတ်စက်ဝိုင်းတည်ရှိရာ မြောက်ဘက်စူးစူးကို ညွှန်ပြရင်း...

“လေနယ်မြေရဲ့ ထိပ်သီးသိုင်းဂိုဏ်းဖြစ်တဲ့ အနက်ရောင်အိပ်မက်ဆိုးတောင် မူလတည်ရှိခဲ့တဲ့နေရာက အဲဒီလမ်းကြောင်းအတိုင်းသွားရတယ် ၊ အဲဒီသိုင်းဂိုဏ်းက ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကြောင့် ပျက်စီးသွားခဲ့ပြီဆိုတော့ ဘာမှမကျန်ရှိတော့ပါဘူး ၊ အဲဒီကိုသွားရင် ဆိုးရွားတဲ့ရာသီဥတုကိုပဲ တွေ့ကြုံရလိမ့်မယ်”

ဖန်းယွင်ရှန်းက အားဟူကိုလှည့်ကြည့်ပြီး ပြုံးရယ်လိုက်သည်။

“ကျွန်မကြားတာတော့ အစ်ကိုကြီး’ဟွမ်’က အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ ထိပ်တန်းသိုင်းပညာကို ကျင့်ကြံနေတာဆို...”

အားဟူက ပြုံးလိုက်ရင်း...

“အိမ်တော်သခင်က အနက်ရောင်အိပ်မက်ဆိုးတောင်က ကျန်ရစ်ခဲ့တဲ့ သိုင်းပညာတွေကို ကျွန်တော့်ကို လွှဲပေးခဲ့တယ်လေ”

ရန်ကျောက်ကဲက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့်...

“အေး ဟုတ်သား ၊ အနက်ရောင်အိပ်မက်ဆိုးတောင်က ဖျက်ဆီးခံလိုက်ရတာကြာပြီဆိုပေမယ့် မျိုးဆက်အကြွင်းအကျန်တွေ ပုန်းအောင်းနေကြတုန်းပဲ မဟုတ်လား ၊ အရင်တုန်းက သူတို့တွေ အနောက်ဘက်သဲကန္တာရထဲကို ထွက်ပြေးသွားကြတာလို့ ကြားဖူးတယ်”

“နှစ်တွေကြာလာတာနဲ့အမျှ သူတို့မျိုးဆက် အားအင်နည်းပါးလာကြပေမယ့် အချို့ကတော့ ကျန်ရှိနေတုန်းပဲ ၊ ငါတို့အနေနဲ့ လေနယ်မြေကို ခရီးထွက်လာတာ နေသူတော်စင်ဂိုဏ်းအပြင် အဲဒီမျိုးဆက်အကြွင်းအကျန်တွေနဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအန္တရယ်ကိုလည်း သတိထားရလိမ့်မယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“နားလည်ပါပြီ”

ထို့နောက် သူတို့အားလုံး အနားပင်မယူဘဲ အနောက်ကောင်းကင်ဒေသကို ဖြတ်ကျော်ကာ ကန္တာဒေသသို့ ခရီးဆက်ခဲ့ကြသည်။

ကန္တာဒေသကို ဝါဒတောင်မှ ပထမအဆင့် ထိပ်တန်းအကြီးအကဲဖြစ်သော သိုင်းကျင့်ကြံသူတစ်ယောက်က အုပ်ချုပ်သည်။

ထို ပထမအဆင့် ထိပ်တန်းအကြီးအကဲလက်အောက်တွင် များစွာသော နယ်မြေများကို ဦးစီးဦးဆောင်ပြုရသည့် မူဝါဒအကြီးအကဲများနှင့် လုပ်ငန်းဆိုင်ရာ အကြီးအကဲများ ရှိကြသည်။

လမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲသည် နယ်မြေတာဝန်ခံများနှင့် မကြာခဏ နှုတ်ဆက်စကားဆိုရတတ်သည်။

အချိန် (၁)နှစ်ကျော်သာ ရှိသေးသည့်တိုင် လက်ရှိရန်ကျောက်ကဲသည် အရှေ့ထန်သို့မသွားခင် ရန်ကျောက်ကဲနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်၏။

သူက ရှန်ထျန်းနှောင်းပိုင်းအဆင့် သိုင်းကျင့်ကြံသူဖြစ်လေရာ လုပ်ငန်းဆိုင်ရာအကြီးအကဲများထက်ပင် ကျင့်ကြံခြင်းအဆင့်မြင့်မားနေခဲ့သည်။ ထိုအချက်ကို မဆိုထားနှင့် ၊ မဆိုနှင့် သိုင်းဆရာသခင်အဆင့်ရှိသည့် မူဝါဒအကြီးအကဲများသည်ပင် သူ့ကို လူငယ်မျိုးဆက်တစ်ယောက်အနေဖြင့် မဆက်ဆံကြဘဲ အကြီးအကဲတစ်ယောက်နေဖြင့် ဆက်ဆံကြသည်။

အတိအကျဆိုရသော် အရှေ့ထန်တိုက်ပွဲတွင် ရန်ကျောက်ကဲ စတင်နာမည်ကြီးလာခဲ့သည်။ တိမ်လွှာတောင်ကိစ္စအပြီးတွင်တော့ သူ၏ရပ်တည်မှုက အရင်ကနှင့်လုံးဝ မတူညီတော့အောင် ဖြစ်လာသည်။

တိမ်လွှာတောင်မှ အရှေ့နှင်းတောင်သို့သွားရောက်ပြီးနောက် ကြည်လင်လျှို့ဝှက်ရေကန်သို့ သွားရောက်ကာ ကောင်းကင်နယ်မြေသို့ ပြန်လာခဲ့သည်။ ဝါဒတောင်တွင် အချိန်တစ်ခုအထိ ကျင့်ကြံနေခဲ့ပြီး ကောင်းကင်နယ်မြေအပြင်ဘက် ၊ ဝါဒတောင်ထိန်းချုပ်နယ်မြေသို့ ထပ်မံခရီးထွက်လာခဲ့သည်။

ဝါဒတောင်မှ စေလွှတ်ထားသော ဒေသဆိုင်ရာ အကြီးအကဲများ၏ သဘောထားများသည် ရန်ကျောက်ကဲအပေါ်တွင် အတော်လေး ပျော့ပြောင်းကြသည်။

ဖခင်ဖြစ်သူရန်တိနှင့် ပတ်သက်ဆက်နွယ်သူများကို မဆိုထားနှင့် ဒုတိယဆရာဦးလေးဖန်းကျွင်းနှင့် ပတ်သက်ဆက်နွယ်သူများကပါ ရန်ကျောက်ကဲကို လေးလေးစားစား ဆက်ဆံကြသည်။ သူတို့အတွင်းစိတ်ထဲ မည်သို့ရှိမည် မသိသည့်တိုင် အပေါ်ယံတွင်တော့ ရန်ကျောက်ကဲအပေါ် အတော်လေး လေးစားသမှု ရှိကြ၏။

အဘယ်ကြောင့်ဆိုသော် ယခု လူငယ်လေးရန်ကျောက်ကဲသည် ရန်တိကို အပြစ်ရှာတိုက်ခိုက်ရန် သူတို့ အသုံးချနိုင်သည့် အတိတ်က ရန်ကျောက်ကဲ မဟုတ်တော့သောကြောင့်ပင်။

ယခုဆိုလျှင် ရန်ကျောက်ကဲသည် ဝါဒတောင်တွင် ရာထူးနေရာတစ်ခုကိုပင် စတင်ရရှိနေသည့် လူငယ်တစ်ယောက်ဖြစ်နေသည်မှာ သိသာထင်ရှားနေသည် မဟုတ်ပါလား။

***

All Chapters