← Chapters

မည်သူမှ မထူးခြား

Vol. 016 Ch. 1533

မည်သူမှ မထူးခြား

Vol. 016 Ch. 1533

ဓားဝိညာဉ်နှင့်အတူ အဆုံးအစမဲ့သော ဓားအသိသည် ကောင်းကင်မှ ဆင်းသက်လာခဲ့လျှင် လီစွမ်း၏အမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားခဲ့၏။

“ပွင့်စမ်း...”

လီစွမ်းက အော်ဟစ်လိုက်လျှင် ဓားတစ်လက်ကျဆင်းလာ၏။ သူ၏ဓားကား နတ်ဘုရားကဒ်ဘေးဓားဖြစ်သည်။ တချိန်တည်းမှာပင် ဝမ်ရှိုးရီ၏ဓား ရောက်ရှိလာလျှင် ဓားနှစ်လက်သည် ပြင်းထန်စွာ ရင်ဆိုင်မိ၏။ ဓားမုန်တိုင်းများဖြစ်ပေါ်လာခဲ့ကာ အားလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွား၏။

လီစွမ်း၏ဓားသည် နတ်ဘုရားကဒ်ဘေးဓားဖြစ်ကာ အရာအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်၏။ ဝမ်ရှိုးရီ၏ဓားသည် ပြောင်းပြန်ဓားဖြစ်သည်။ နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်သည် မဟာလမ်းစဉ်၏မပြည့်စုံမှုကို ဖော်ညွန်းကာ တစ်ခုတည်းသော ပြည့်စုံမှုကား ဓားဖြစ်သည်။

ကု့ချင်းသံအား လေထဲတွင် ပျံ့လွင့်နေခဲ့ကာ မရေမတွက်နိုင်သော သံစဉ်တို့သည် ဓားနှင့်ပေါင်းစည်းသွားခဲ့ပြီး ပြောင်းပြန်ဓားစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ရှိရှိသမျှသောဓားတို့သည် လီစွမ်းထံသို့ ပြန်လည်စီးဆင်းသွားကြ၏။

ဝှီး... ဝှီး...

လီစွမ်း၏ဓားသည် နောက်သို့ လှည့်သွားပြီး သူကိုယ်တိုင်က နောက်သို့ လွင့်စင်သွားခဲ့ကာ ဝမ်ရှိုးရီမှာကား အဆုံးအစမဲ့သော ဓားအသိများဖြင့် ဝန်းရံထားသည်ကို အားလုံးက မြင်ကြရသည်။ ဝမ်ရှိုးရီက ရှေ့ကို တစ်လှမ်းတက်လိုက်ကာ ဓားကို ဆန့်တန်းလျှက် ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ ဓားစွမ်းအားသည် အပေါ်သို့ တက်သွားကာ မိုးကောင်းကင်ကိုပင် ဖြိုဖျက်ရန် ကြိုးစား၏။

လီစွမ်း၏အမူအရာကား အလွန်အမင်း ပျက်ယွင်းနေသည်။ သူကား သည်မတိုင်ခင်က တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ယခု ရီဖူရှင်းနှင့် ဝမ်ရှိုးရီတို့ ပူးပေါင်းကာ သူ့အား အနိုင်ယူခဲ့၏။ ယခု ဤသံစဉ်သည်ကား သည်မတိုင်ခင်က တီးခတ်ခဲ့သော သံစဉ်ထက် ပိုအားကောင်းပေသည်။ ဝမ်ရှိုးရီ၏ဓားသည်လည်း ပိုမိုအားကောင်းလာလေသည်။

ထိုအခိုက်တွင် နောက်တစ်ယောက်က စတင်လှုပ်ရှားလိုက်၏။ ချင်ကျန်း၏လက်ဝါးသည် ကောင်းကင်ပြင်ပြိုဆင်းလာသည့်အလား အောက်ကို ကျဆင်းလာခဲ့၏။ လက်ဝါးနှင့်အတူ ကျောက်တုံးကြီးများဖြစ်ပေါ်လာခဲ့ကာ ကျောက်တုံးများပေါ်တွင်လည်း ထူးဆန်းသော အမှတ်အသားများပါဝင်နေသည်။

ချင်ကျန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် ကျောက်တုံးများသည် ဝမ်ရှိုးရီအနီးသို့ လာရောက်လှည့်ပတ်ကြ၏။ တစ်ချိန်တည်းမှာပင် ထူးဆန်းသော အမှတ်သင်္ကေတများသည် ရွှေရောင်အလင်းတန်းများအလား ဝမ်ရှိုးရီထံသို့ တိုးဝင်လာကြသည်။

ဘုန်း... ဘုန်း...

မရေမတွက်နိုင်သော သင်္ကေတများအောက်တွင် ဝမ်ရှိုးရီမှာ ပိတ်မိနေဟန်ရသည်။ များစွာသော ကျောက်တုံးများသည် သူ့အပေါ်ကို ပုံကျလာကာ သူ့အား မြှုတ်နှံရန် ကြိုးစားကြသည်။

ကောင်းကင်နှစ်မြှုတ်ကလန်သည် မဟာလမ်းစဉ်၏နှစ်မြုတ်ခြင်းနည်းလမ်းများကိုလေ့ကျင့်ကာ အလွန်မောက်မာကြသည်။ ချင်ကျန်းကား အလွန်သန်မာပေသည်။ သူကား ပြန်လည်မွေးဖွားခြင်းအဆင့်၏အမြင့်ဆုံး၌ ရောက်နေကာ ရန်ဟောင်ဖြစ်ရန် သိပ်မလိုတော့ပေ။ သူ၏ခွန်အားကို ခန့်မှန်းနိုင်၏။

မဟာလမ်းစဉ်ကား ထိုအထဲတွင် နစ်မြုတ်နေသည်။ မရေမတွက်နိုင်သော ရွှေရောင်အလင်းများသည် ဝမ်ရှိုးရီထံသို့ တိုးဝင်သွားကြကာ သူ၏ဓားကို ရစ်ပတ်ဖျက်ဆီးကြ၏။

သို့သော်လည်း သံစဉ်ကား ပိုမိုမြန်ဆန်လာခဲ့သည်။ ဝမ်ရှိုးရီက သူ၏လက်ဝါးဖြင့် ဓားသွားကို ပွတ်လိုက်လျှင် သွေးအချို့ယိုစီးကျလာ၏။ တဖန်ဓားသည် စူးရှလင်းလက်လာခဲ့၏။

ထိုအခိုက်တွင် ဝမ်ရှိုးရီသည် မျက်လုံးများကို မှိတ်လိုက်၏။ သူက ဓားကို မေ့လျော့လိုခဲ့ကာ သံစဉ်နှင့်အတူ ဓားပညာ၌ နစ်မြောလို၏။ ဤကား စစ်မှန်သော လမ်းစဉ်ဖြစ်သည်။

ကြီးမားသော အားအင်တစ်ခုသည် သူ့ထံသို့ သတ်ဖြတ်ရန် ရောက်လာနေရာ ဝမ်ရှိုးရီက ဓားချက်ကို ထုတ်လိုက်လျှင် ဓားသည် ကောင်းကင်ကို ပွင့်ဟသွားစေသည်။ ချက်ချင်းပင် ဓားအလင်းအောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ အရာအားလုံး ရပ်တန့်သွားသည်ဟု ထင်ရသည်။ ထိုအခိုက်တွင် ရှိရှိသမျှသော ကျောက်တုံးများအားလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရ၏။

“စီနီယာအစ်ကိုဝမ်”

အောက်တွင်လော့ယွဲ့သည် ထိုမြင်ကွင်းကို ကြည့်ကာ ကြီးစွာ ထိတ်လန့်သွား၏။ သူမ၏စိတ်နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်နေခဲ့ပြီး မျက်လုံးများကမူ ကောင်းကင်ထက်တွင် အလှပဆုံးသော ဓားချက်အား စူးစိုက်ကြည့်နေခဲ့သည်။

“တစ်ဒင်္ဂဓား...”

လော့ယွဲ့က ရေရွက်မိသည်။ ဤကား တစ်ဒင်္ဂဓား။ အချိန်များဖြတ်သန်းသွားလျှင် အရာအားလုံး ဟောင်းနွမ်းပျောက်ကွယ်သွားရမည်။

တစ်ဒင်္ဂ၏ခဏတာ အငွေ့အသက်ဖြစ်သော်လည်း မည်သို့ဆိုစေ အလွန်အမင်း စွမ်းအားကြီးမားနေသေးရာ ချင်ကျန်း၏ပြင်းထန်သော တိုက်ခိုက်မှုများအားလုံးက ခဏချင်း၌ ပျောက်ကွယ်သွားစေခဲ့သည်။

သို့သော်လည်း စီနီယာအစ်ကိုဝမ်သည် တစ်ဒင်္ဂဓား၏ဒုတိယအဆင့်ကို အပြည့်အဝနားမလည်သေးပါဘဲနှင့် မည်သို့ ထုတ်လွှတ်နိုင်သနည်း။

ဂီတသံစဉ်ကြောင့်လား။

သံစဉ်ကား နတ်ဘုရားတို့ ပျောက်ဆုံးခြင်းသံစဉ်...။

သည်သံစဉ်က ဝမ်ရှိုးရီအား စစ်မှန်သော လမ်းစဉ်ကို သိရှိခံစားမိစေသည်။ သူက လမ်းစဉ်အား ခံစားမိပြီးမှတော့ တစ်နေ့တွင် ထိုဓားအား သေချာပေါက် တတ်မြောက်မည်ဖြစ်သည်။

နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်က ထိုမျှ ထူးဆန်းအံ့ဖွယ်ကောင်းပါသည်လား။

အရှင်ထိုက်ရွှမ်သည် သံစဉ်ကို နားလည်ခြင်းဖြင့် များစွာသော ထူးခြားစွမ်းရည်များနှင့် တစ်ဒင်္ဂဓားကို တတ်မြောက်ခဲ့သည်ဟု သူမ၏အဖေက ပြောသည်ကို ကြားဖူးသည်။ ထိုသံစဉ်ကို နားလည်ဆင်ခြင်ခြင်းတစ်ခုတည်းဖြင့် သူသည် ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်နိုင်ခဲ့သည်။

ကျောက်တုံးများအားလုံးကြေပျက်သွားကာ ဝမ်ရှိုးရီသည် အပေါ်ကို တက်သွား၏။ နောက်ထပ် ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်လျှင် သိမြင်နားလည်ခြင်းနတ်သစ်ပင်သည်ပင် အသံအချို့အော်မြည်၏။ သူ့လှုပ်ရှားမှုကို မြင်သည်တွင် တခြားလူများအားလုံး၏အမူအရာများက ပြောင်းလဲသွားသည်။ အပေါ်မှ များစွာသော ရွှေရောင်လျှပ်စီးတန်းများ ကျဆင်းလာခဲ့သည်။ ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာခဲ့ကာ ဝမ်ရှိုးရီ၏ရှေ့၌ လာရပ်၏။ သူကား ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီဖြစ်သည်။

ရွှေရောင်လှံများ တစ်လက်ပြီးတစ်လက် လေထုကို ခွင်းကာ ဝမ်ရှိုးရီထံသို့ ဦးတည်လာကြသည်။ ကောင်းကင်နှင့်မြေပြင်သည် ကြီးမားသော ဖျက်ဆီးအားကြောင့် ငိုချင်းချသည့်အလား တုန်ခါလာသည်။ အဆုံအစမဲ့သော လှံများသည် သတ်ဖြတ်ခြင်းအငွေ့အသက်များပြင်းထန်စွာဖြင့် ဆင်းသက်လာကြ၏။ သို့သော်လည်း တစ်ဒင်္ဂဓား၏အောက်တွင် ပကတိပျောက်ကွယ်သွားကြရ၏။

သို့သော်လည်း ထိုမျှလောက်ဖြင့် ပြီးဆုံးသွားသည်တော့ မဟုတ်ပေ။ ကောင်းကင်ထက်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး ရပ်နေခဲ့ကာ ကိုက်ရှီနှင့် ပေါင်းစပ်သွား၏။ သူကား ယခင်ထက် ပိုမိုစွမ်းအားကြီးလာခဲ့သည်။

ရှေးဟောင်းနတ်ဘုရားက လက်ဆန့်တန်းလိုက်လျှင် မရေမတွက်နိုင်သော ရွှေရောင်လှံများသည် တစ်ချောင်းတည်းအဖြစ် ပြောင်းလဲသွားခဲ့ကာ နတ်ဘုရားလှံတစ်လက်ဖြစ်သွား၏။

နတ်ဘုရားလှံအား အဆုံးအစမဲ့သော လျှပ်စီးများ ရစ်ပတ်ထားကာ အောက်ကို ဆင်းသက်လာလျှင် ကမ္ဘာမြေကြီးသည် ပြင်းထန်စွာ တုန်ခါ၏။

ဝမ်ရှိုးရီကား နောက်ဆုတ်ခြင်းမရှိသေးပေ။ ဓားသည် လှံရှည်ထံသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။ တစ်ဒင်္ဂဓားသည် နတ်ဘုရားလှံရှည်နှင့် ရင်ဆိုင်မိလျှင် မရေမတွက်နိုင်သော လျှပ်စီးများ ပျက်ပြယ်သွားသလို ဓားသည်လည်း နောက်ကို ဆုတ်သွားရ၏။

“ဘယ်လောက်သန်မာလိုက်သလဲ”

လူအုပ်သည် ကိုက်ရှီ၏ရွှေရောင်လှံကို ကြည့်လိုက်ကြသည်။ လှံချက်ကား ပြင်းထန်လွန်းရကား နေရာတိုင်းတွင် မုန်တိုင်းများထန်နေခဲ့သည်။

“နိုးထစမ်း...” လေထဲတွင် နတ်နန်းတော်တပည့် ပိုင်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဝမ်ရှိုးရီသည် မသက်မသာခံစားလိုက်ရ၏။ သူ၏အာရုံက ကန့်သတ်ခံရသလိုဖြစ်သွားသည်။

သို့သော်လည်း ဝမ်ရှိုးရီကား နောက်ဆုတ်ခြင်းမရှိသေးပေ။ သူက မျက်လုံးများမှိတ်ထားလျှက်ပင် ဓားကို လေထဲသို့ ဦးတည်လိုက်၏။

ကု့ချင်းသံကား ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ တားဆီးခြင်းခံရသည်ဖြစ်စေ သူ၏နားထဲတွင် လွန်စွာ ကြည်လင်ပြတ်သားပေသည်။ ယခုကား ရလဒ်သည် ရှုံးခြင်းဖြစ်စေ၊ နိုင်ခြင်းဖြစ်စေ သူ့အနေဖြင့် လက်ခံနိုင်ပြီဖြစ်သည်။

ဘုန်း...

ကိုက်ရှီကလည်း လှုပ်ရှား၏။ နတ်လှံသည် ကောင်းကင်နှင့်မြေပြင်အကြားတွင် ဖြတ်သန်းလာခဲ့သလို တခြားသော ကျင့်ကြံသူများကလည်း တိုက်ခိုက်လိုက်ကြ၏။ သို့သော်လည်း ဝမ်ရှိုးရီကား ရှေ့ကို တက်သွားကာ သူ၏နောက်ဆုံးဓားချက်ကို ထုတ်လိုက်၏။

ထိုအခိုက်တွင် အားလုံးသောလူများသည် အလှပဆုံးသော ဓားအလင်းကို မြင်လိုက်ကြရ၏။ ထိုအခိုက်တွင် လူတိုင်းမှာ ဓားအလင်း၏ဖမ်းစမ်းမှုကြောင့် ရင်သပ်ရှုမောဖြစ်ကြရ၏။

ဓားအလင်းကျဆင်းလာသည်နှင့် အရာအားလုံးမှာ ဟောင်းနွမ်းပျောက်ကွယ်သွားခဲ့ကာ မည်သည့်စွမ်းအားမဆို ဗဟာနတ္တိဖြစ်သွား၏။

နတ်လှံသည်ပင် တစ်ဆစ်ချင်း ကြေပျက်သွားခဲ့ကာ နောက်ဆုံး လုံးဝ ပျက်စီးသွားခဲ့သည်။

“ဓားတစ်လက်က အရာအားလုံးကို ခြေပျက်နိုင်တယ်” ထိုမြင်ကွင်းကို ကြည့်မြင်ရသူတိုင်းမှာ ဆွံ့အရသည်။ ဝမ်ရှိုးရီကား အမှန်ပင် ထိုသို့သော ဓားချက်ကို ထုတ်ဖော်နိုင်သည်။

“အဟွတ်...”

ခြောင်းတစ်ချက်ဆိုးကာ ဝမ်ရှိုးရီ၏ပါးစပ်မှ သွေးများစီးကျလာသည်။ သူ၏အသက်ရှုနှုန်းက အားနည်းသွားခဲ့ကာ သူသည်ကား ဆက်လက်၍ တိုက်ခိုက်နိုင်စွမ်းရှိပုံမရတော့။

အမှန်တကယ်အားဖြင့် လီစွမ်းနှင့်တိုက်ပွဲကတည်းက သူသည် ဓားဝိညာဉ်အား သွေးဖြင့် အားဖြည့်ခဲ့ကာ အကျိုးဆက်အဖြစ် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားနည်းလာခဲ့သည်။

သူက ဆက်လက်၍ မတိုက်ခိုက်နိုင်တော့သော်လည်း ဝမ်ရှိုးရီက နှိုက်ခြှိုက်စွာ ပြုံးသည်။ ဤကား ဓားပညာ...။ နောက်ဆုံးတွင် သူနားလည်ခဲ့ပြီဖြစ်သည်။

“ကျုပ် ဉာဏ်အလင်းရခဲ့ပြီ” ဝမ်ရှိုးရီက ပြောလိုက်ကာ ဆက်လက်တိုက်ခိုက်လိုဟန်မရတော့ဘဲ နောက်လှည့်ထွက်သွားရန်ပြင်သည်။

တခြားလူများက သူ့အား ဆက်လက်မတိုက်ခိုက်ကြတော့ပေ။ သူတို့အားလုံးမှာ အင်အားစုများမှ နာမည်ကျော်ပါရမီရှင်များဖြစ်ကြ၏။ သူတို့က ဝမ်ရှိုးရီနှင့်မရင်းနှီးသော်လည်း ကျင့်ကြံသူတစ်ဦးအတွက် ဉာဏ်အလင်းရသောအခိုက်အတန့်၌ တိုက်ခိုက်ရန်သည်အထိတော့ အောက်တန်းမကျပေ။

ဝမ်ရှိုးရီသည် ဂီတ၏အထောက်အပံ့ဖြင့်ဆိုလျှင်ပင် သူသည် ဤတိုက်ပွဲနှင့်ပတ်သက၍ ဂုဏ်ယူဝမ်းမြောက်သင့်ပေသည်။

ဝမ်ရှိုးရီသည် ရီဖူရှင်း၏ဘေးကို ရောက်လာကာ ဦးညွတ်ပြီး ပြောသည် “ကျေးဇူးအများကြီးတင်ပါတယ်”

“အစ်ကိုဝမ်က ကျုပ်ကို အရင်တုန်းက အများကြီး လမ်းညွန်ပေးဖူးတာပဲ။ ကျုပ်က လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက လမ်းစဉ်သစ်သီးနှစ်လုံးအား ထုတ်ပေးကာ ပြောသည် “စားလိုက်ပါ”

ဝမ်ရှိုးရီက ရီဖူရှင်းအား ကြည့်သည်။

“ခင်ဗျား ဒီသစ်သီးတွေကို တကယ်လိုနေတာ” ရီဖူရှင်းက ပြောသည်။ ရှားရှင်းယွန်အတွက် လိုအပ်သည်များကိုတော့ အပေါ်သို့ ရောက်သည့်အခါ ရရှိပေလိမ့်မည်။

ဝမ်ရှိုးရီက မငြင်းဆန်တော့။ သူက သစ်သီးများကို ယူကာ တိုက်ရိုက်စားသုံးလိုက်သည်။ သူ၏အားနည်းသော အသက်ရှုနှုန်းမှာ မြန်ဆန်စွာပင် သက်သာလာနေ၏။

ဖီးနစ်ကား ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် မနာလိုဖြစ်သည်။ သူမအတွက်ကော...။

သူမက မိန်းကလေးတစ်ယောက်နှင့် မယှဉ်ပြိုင်နိုင်ခဲ့။ ယခု ယောက်ျားတစ်ယောက်နှင့်လည်း မယှဉ်နိုင်ပြန်....။

“ရှင် ဘယ်တုန်းက သင်လိုက်တာ...” လော့ယွဲ့က ချိတုံ့ချတုံဖြင့် ရီဖူရှင်းကို မေးသည်။ သူမက နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်နှင့်ပတ်သက်၍ မေးမြန်းလို၏။

“အရှင်ထိုက်ရွှမ်တစ်ကြိမ်တီးခဲ့ဖူးတယ်လေ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“ထိုက်ရွှမ်တောင်ပေါ်မှာတုန်းကလား...။ ဒါပေမဲ့ အဲဒါ တစ်ကြိမ်တည်းလေ” လော့ယွဲ့က ပြောသည်။

“ဘာလို့လဲဆိုတော့ ငါက မှော်ဂီတပညာမှာ ထူးချွန်တယ်လေ။ ငါ့မှာ လုံလောက်တဲ့ အခြေခံရှိတော့ အရှင်ထိုက်ရွှမ်တီးတဲ့သံစဉ်ကို လိုက်တုနိုင်တယ်။ ဒါက တကယ့် မူလသံစဉ်ကို လိုက်မမှီဘူးဆိုပေမဲ့ အပေါ်ကလူတွေကို ရင်ဆိုင်ဖို့တော့ သိပ်ပြဿနာမရှိပါဘူး”

လော့ယွဲ့ကား ရီဖူရှင်း၏စကားကို ကြားလျှင် ဆွံ့အရသည်။ သူမ မှားနေသည်လား။

ရီဖူရှင်းသည် အရှင်ထိုက်ရွှမ်၏တပည့်မဟုတ်ဘူးလား။

သို့ဆိုလျှင် သူ၏ပါရမီကား ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။

ရီဖူရှင်းက လော့ယွဲ့ကား ကြည့်ကာ ရှေ့ကို တက်သွားသည်။ သူ၏သက်စောင့်ဟောင်နန်း၌ ကမ္ဘာသစ်ပင်သည် ယိမ်းခါကာ ဓားပညာလမ်းစဉ်စွမ်းအားများ စတင်ဖြစ်ပေါ်လာ၏။ အတွေးတစ်ချက်က သူ့အား ဓားသမားအဖြစ်သို့ ပြောင်းလဲစေ၏။

သူက သိမြင်နားလည်ခြင်းသစ်ပင်ထံသို့ လျှောက်သွားကာ အပေါ်ကို မော့ကြည့်လျှက်ပြောသည် “မင်းတို့တွေထဲက ဘယ်သူမှ နေရာမပေးချင်တော့ ကျုပ်က ကိုယ်တိုင်ယူရတော့မှာပေါ့”

ပြောရင်းဖြင့်ပင် သူက တောင်ပေါ်သို့ တက်လိုက်သည်။

နတ်နန်းတော်မှ တပည့်များကား သိပ်အလေးထားဟန်မရပေ။ သည်လူကား အလွန်မောက်မာလွန်းပေသည်။ သူက နတ်နန်းတော်မှ တပည့်များကိုပင် လုယက်ရဲ၏။

သူသည် နတ်နန်းတော်၏တိုက်ရိုက်တပည့်ဖြစ်သော လုချင်ယောင်အား လုယက်ခဲ့သည်။

ပိုင်ရှုက ရီဖူရှင်းအား ထီမထင်စွာ ကြည့်သည်။ သူ့မျက်လုံးများမှ မမြင်ရသော အားလှိုင်းများ စတင်စီးဆင်းလာနေသည်။ ထိုမျက်လုံများက ရီဖူရှင်းထံသို့ ရောက်လာသောအခါ သူ၏သက်စောင့်ဝိညာဉ်ပိတ်ဆို့ခံရသလို ခံစားရ၏။

နတ်နန်းတော်တပည့် ပိုင်ရှုကား စိတ်ဝိညာဉ်ကို တိုက်ခိုက်ရာတွင် ထူးချွန်သူဖြစ်သည်။

ထို့အတူ ရီဖူရှင်းကလည်း အပေါ်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းအောင် ညို့မှိုင်းသွားကာ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားဖြစ်သွားသည်။ သူ့အကြည့်က ပိုင်ရှု၏မျက်လုံးများကို တိုက်ရိုက်ထွင်းဖောက်သွားပြီး ပိုင်ရှု၏အမူအရာကို ပြောင်းလဲသွားစေသည်။

“ဘယ်သူပဲ လှုပ်ရှားပါစေ... အဲဒီလူရဲ့နေရာကို ကျုပ်ယူမယ်” ရီဖူရှင်းက ပြောကာ ရှေ့ကို ဆက်တက်သွားသည်။

***

All Chapters