ရန်ကျောက်ကဲ၏ပြောင်းလဲသွားသည့်အဆင့်အတန်း
Vol. 16 Ch. 216
လေနယ်မြေတွင်ရှိနေသည့် ဝါဒတောင်မှ သိုင်းကျင့်ကြံသူများအနေဖြင့် ရန်ကျောက်ကဲ၏ အဆင့်အတန်းပြောင်းလဲသွားမှုကို ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ လက်ခံခဲ့ကြရသည်။
အရင်က နေသူတော်စင်ဂိုဏ်းသည် ကန်းဒေသကိုကျူးကျော်ပြီး ဝါဒတောင်ကို တိုက်ခိုက်စဉ် ထိုသတင်းက တောင်တန်းနယ်မြေသို့ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် အဆုံးမဲ့တောင်တန်းက ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်တို့နှင့်လက်တွဲပြီး နေသူတော်စင်ဂိုဏ်းကို ဖိအားပေးခဲ့သည်။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းသည် သူတို့ဆုံးရှုံးခဲ့ရသည့် ကန်းဒေသကို ပြန်လည်ရယူနိုင်ခြင်းမရှိဘဲ ချင်ဒေသသို့ ပြန်လည်ဆုတ်ခွာခဲ့ရ၏။
ဝါဒတောင်၏ ဂိုဏ်းချုပ်ကြီးဖြစ်သော ယွမ်ကျန်းဖုန်းနှင့် သူ့လက်အောက်မှ အကြီးအကဲအားလုံးက ရန်ကျောက်ကဲကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ အထူးသဖြင့် တိမ်လွှာတောင်တွင် အကျိုးဆောင်ခဲ့သည့် ရန်ကျောက်ကဲ၏လုပ်ရပ်က အတော်လေး ထင်ရှားလွန်းသည်။
အဆုံးမဲ့တောင်တန်းအနေဖြင့် နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမတို့ဖြင့် လမ်းလွဲသွားပြီးသည့်နောက် ဒေသများစွာတွင် ဝါဒတောင်ဘက်မှ အားသာချက်များ ရရှိခဲ့သည်။
သေချာသည့်တစ်ခုကို ဆိုရလျှင် တိမ်လွှတောင်တွင် ရန်ကျောက်ကဲက မိုးကြိုးဒြပ်စင်ပညာကို အသုံးပြုလိုက်သည့်အခါ မိုင်ထောင်ပေါင်းများစွာဝေးကွာသည့် လေနယ်မြေမှ နယ်မြေလုပွဲများကိုလည်း များစွာအထောက်အကူ ဖြစ်ခဲ့သည်။
သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ကမ္ဘာကြီး၏အခြေအနေကို ပြောင်းလဲပစ်နိုင်ခြင်းမှာ ရိုးရှင်းလှသည်တော့ မဟုတ်ပေ။
ကမ္ဘာ့အခြေအနေအချို့ ပြောင်းလဲသွားခြင်းက လေနယ်မြေ၏ ဒေသဆိုင်ရာအခြေအနေများကို မိုးမြေပြောင်းပြန်လှန်လိုက်သည့်ပမာ သက်ရောက်မှု ရှိခဲ့၏။
ထို့ပြင် ထိုအပြောင်းအလဲက အလွန်ကြီးမားလေရာ နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီကို တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာစေသည်အထိ ဦးတည်သည်။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခု ပိုင်ဆိုင်ထားသည့်တိုင် ခံစစ်သာလျှင် နေခဲ့ရသည်။
လူတစ်ယောက်၏အခြေအနေပြောင်းလဲသွားသည်နှင့် အခြားသူများ၏ ရပ်တည်ချက်နှင့် ဆုံးဖြတ်ချက်များသည်လည်း ပြောင်းလဲသွားသလို အမြင်များလည်း မတူညီကြတော့ပေ။
ရန်ကျောက်ကဲ၏ဖခင် ရန်တိက အစကတည်းက ချမ်းသာကြွယ်ဝပြီး နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်သည်။ ယခု ရန်ကျောက်ကဲက ဖခင်ဖြစ်သူအရှိန်အဝါဖြင့် မဟုတ်ဘဲ သူ၏ကိုယ်ပိုင်စွမ်းရှည် ကျော်ကြားမှုများဖြင့် ရပ်တည်နေခဲ့ရာ သူ၏အောင်မြင်မှုက ရန်တိကိုပင် လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။
အရှေ့ထန်တိုက်ပွဲတွင် ရန်တိက နေသူတော်စင်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲ ဖန်းပေါ်ထိုင်ကို လွှမ်မိုးအနိုင်ယူခဲ့ပြီး သိုင်းဆရာသခင်အဆင့်တွင် ပြိုင်ဘက်ကင်း’ရန်’ “ရန်ဝူတိ” ဆိုသည့်ဂုဏ်ပုဒ်ကို ထပ်မံပေါ်လွင်စေခဲ့သည်။
ကိစ္စများစွာပေါင်းစုံသွားသော် ဝါဒတောင်၏ နောက်ထပ်ဂိုဏ်းချုပ်နေရာအတွက် မူလချိန်ခွင်လျှာက တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
ရန်တိသည် သူ၏ ဂိုဏ်းတူအစ်ကို ဖန်ကွှင်းကိုကျော်တက်သွားခဲ့ပြီ ဖြစ်၏။
အထူးသဖြင့် ရန်တိက လူငယ်အဖွဲ့ကို ဦးဆောင်သွားခဲ့သည့် ကြည်လင်လျှို့ဝှက်ရေကန် ခရီးစဉ်တွင် အခြေအနေများက အတော်လေး ထူးခြားခဲ့သည်။ ရန်ကျောက်ကဲ၏ ထက်မြက်သည့်စွမ်းရည်ကြောင့်သာ မဟုတ်ပါက မဟာငရဲကိုးထပ်တံခါး ပွင့်သွားပြီး ဆိုးရွားသည့်ရလဒ်များက မထင်မှတ်လောက်အောင် ဆိုးရွားသွားမည် ဖြစ်သည်။
ဖန်ကျွင်းကိုယ်တိုင်က မည်သည့်အမှားမှ မလုပ်ခဲ့သည့်တိုင် ရန်တိ၏သား ရန်ကျောက်ကဲကတော့ ထူးခြားစွာ နာမည်ကြီးလာခဲ့သည်။
ကမ္ဘာကြီး၏ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားမှု၏ တိုက်ရိုက်ရလဒ်မှာ ဝါဒတောင်ရှိ ကြားနေပုဂ္ဂိုလ်အချို့ စိတ်မခိုင်တော့ဘဲ သဘောထားများ ယိမ်းယိုင်သွားခြင်းဖြစ်သည်။ သူတို့က ဖန်ကျွင်းတို့အုပ်စုကို ဆက်လက်ထောက်ခံခြင်း မရှိတော့ပေ။
အချို့မပြောင်းလဲသေးသူများဆိုလျှင်လည်း အမူအရာများ သိသိသာသာပြောင်းလဲသွားပြီး ရန်တိနှင့် ရန်ကျောက်ကဲအပေါ် တဖြည်းဖြည်းနွေးနွေးထွေးထွေး ဆက်ဆံလာကြသည်။ ယနေ့ မျက်နှာလွှဲခဲ့ဦးတော့ မနက်ဖန်တွင် ရယ်မောပြကြသည်ပင်။
ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ ပိုမိုယဉ်ကျေးစွာ ဆက်ဆံလာကြသည်။
ပွင့်ပွင့်လင်းလင်း မဟုတ်သေးသည့်တိုင် ရန်ကျောက်ကဲစိတ်ထဲ ထိုအချက်ကို အလိုလို ခံစားနိုင်သည်။
ရန်ကျောက်ကဲ၏ စိတ်နေသဘောထားကတော့ အရင်အတိုင်း မပြောင်းလဲခဲ့ပေ။ ဖော်ရွေရန်လိုအပ်သူများကို ဖော်ဖော်ရွေရွေ ဆက်ဆံမည်ဖြစ်ပြီး သွားရောက်တွေ့ဆုံရန်လိုအပ်သူများကို သွားရောက်တွေ့ဆုံသည်။
သို့ပေသိ ယခုတစ်ကြိမ် ခရီးထွက်လာသည့် အဓိကပစ်မှတ်မှာ အနောက်ဘက်သဲကန္တာရတွင် တည်ရှိနေသည့် ကျောက်စာတိုင်ကိုတူးဖော်ရန်ဖြစ်ရာ လမ်းခရီးတွင် အချိန်ကြာမြင့်စွာ မရပ်နားခဲ့ပေ။ အနောက်ဘက်သဲကန္တာရကြီး၏ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းသည့် အများအားဖြင့် ပြင်းထန်နေတတ်လေ့ရှိပြီး အားနည်းသွားသည့်အချိန်က အကန့်အသတ်ရှိသည်။ ထိုအချိန်ကို လွတ်သွားပါက နောက်နှစ်ကိုစောင့်ဆိုင်းရပေလိမ့်မည်။
ကြိုတင်တွက်ချက်မှုများ ပြုလုပ်ခဲ့သည့်တိုင် ထိုကျောက်စာတိုင်ကို သဲကန္တာရကြီးအတွင်းမှ အောင်မြင်စွာသယ်ယူနိုင်ရန် အချိန်မည်မျှလိုအပ်မည်ကို ယခုချိန်ထိ မသိရသေးပေ။
ရန်ကျောက်ကဲသည် အလုပ်တစ်ခုလုပ်လျှင် အချိန်အလုံအလောက်ယူတတ်သည့် အလေ့အထရှိသည်။
ကန္တာဒေသက အနောက်ဘက်သဲကန္တာရကြီးနှင့် နယ်နိမိတ်ဖြစ်ပြီး ထိုနေရာတွင် ကျက်စားသည့် စွမ်းအားကြီး သိုင်းဂိုဏ်းတစ်ခု ရှိသည်။ ထိုသိုင်းဂိုဏ်းအမည်က လေလှိုင်းဓားဂိုဏ်းဖြစ်သည်။ ဝါဒတောင်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲသည် ထို လေလှိုင်းဓားဂိုဏ်းတည်ရှိနေရာတွင်ပင် ရုံးထိုင်လေသည်။
ဝါဒတောင်၏လုပ်ငန်းများလည်းလည်ပတ်လျှက်ရှိပြီး အနောက်ဘက်ကန္တာရကြီးနှင့် အနီးကပ်ဆုံးဖြစ်သော ဒေသမှာ စုကျိုးမြို့ဖြစ်သည်။
စုကျိုးမြို့သည် အနောက်ဘက်သဲကန္တာရကြီးသို့ မမေရာက်ခင် ကန္တာဒေသ၏ အစွန်းဘက်အကျဆုံး မြို့ဖြစ်ပြီး ဝါဒတောင်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိသည့် အနောက်ဘက်အကျဆုံးနယ်မြေဟုလည်း ယူဆနိုင်သည်။
ထိုမြို့တွင် အနောက်ဘက်ကန္တာရကြီးအတွင်းသို့ ဝင်ရောက်သူများနှင့် ထွက်ခွာသူများ အရောင်အဝယ် ပြုလုပ်ကြသည့် ကြီးမားသည့် စျေးကွက်တစ်ခု ရှိသည်။
မြေကမ္ဘာနယ်မြေကဲ့သို့ပင် အနောက်ဘက်သဲကန္တာရကြီးသည် အန္တရယ်များဖြင့် ပြည့်နေသည့်တိုင် ထိုနေရာတွင် အခြားနေရာများနှင့်မတူသည့် ထူးဆန်းရှားပါးသော ရတနာပစ္စည်းများ ပေါများလေရာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများကို အထူးဆွဲဆောင်သည်။ ထို့ကြောင့် သိုင်းသမားများစွာ လာရောက်ကြလေရာ စုကျိုးသည် အရောင်းအဝယ်ကောင်းသည့် မြို့တစ်မြို့ ဖြစ်လာ၏။
စုကျိုးမြို့တွင်ရှိသော ဝါဒတောင်၏ လုပ်ငန်းဆိုင်ရာအကြီးအကဲက “လီ” မျိုးနွယ် ဖြစ်ပြီး ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင် ဖြစ်သည်။
ရန်ကျောက်ကဲတို့အဖွဲ့ရောက်လာသည့်အခါ အကြီးအကဲ’လီ’က နွေးထွေးရင်းနှီးစွာ ကြိုဆိုသည်။ ပန်ပန်၏ ကျောပေါ်တွင်ထိုင်ပြီးလိုက်ပါလာသည့် ရန်ကျောက်ကဲကို တွေ့ရသည့်အခါ အကြီးအကဲ’လီ’ စကားမပြောနိုင်ဘဲ မှင်တက်သွား၏။
ရန်ကျောက်ကဲ နှုတ်ခမ်းများ မဲ့သွားပြီး...
“ငါထင်တဲ့အတိုင်း ပန်ဒါစီးလာတယ်ဆိုပြီး ကဲ့ရဲ့ခံရတော့မယ်နဲ့တူတယ် ၊ ငါကလည်း ပန်ဒါကို ကျားတစ်ကောင်လို အသုံးချနေမိတာများလား”
သို့ပေသိ အကြီးအကဲ’လီ’ သတိပြန်ဝင်လာပြီး ချက်ချင်းပင် ချီးကျူးစကားဆိုသည်။
“ဒီသတ္တဝါက ဒဏ္ဍာရီလာဖီရှိုးမဟုတ်လား ၊ တကယ့်ကို ထူးခြားပြီး ကြီးကျယ်ခမ်းနားပါပေတယ်”
ထိုစကားကိုနားထောင်ရင်း ရန်ကျောက်ကဲက ပန်ပန်၏ကျောထက်မှ ခုန်ဆင်းလိုက်ပြီး အကြီးအကဲ’လီ’ ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
“ဒီတစ်ခါတော့ အကြီးအကဲ’လီ’ကို ဒုက္ခပေးရတော့မယ်”
ရန်ကျောက်ကဲက နှုတ်ဆက်စကားဆိုသည်။
အကြီးအကဲ’လီ’က ရယ်မောလိုက်ရင်း...
“အိုက်ယာ... ဒုက္ခပေးပေးတာမဟုတ်သလို ဒုက္ခလည်းမမည်ပါဘူးဗျာ ၊ မင်းက ဂိုဏ်းရဲ့အလုပ်ကိစ္စနဲ့ တရားဝင်ရောက်လာတာပဲ ၊ မင်းလိုချင်တာအားလုံးကိုလည်း ပြင်ဆင်ပေးထားပါတယ်”
အားဟူက အကြီးအကဲ’လီ’ ပြင်ဆင်ပေးထားသည်များကို ကြည့်ရှုစစ်ဆေးလိုက်ပြီး...
“သခင်လေး... ဒီမှာ လိုအပ်တာအားလုံး ပြင်ဆင်ပေးထားတယ် ၊ လိုတာထက်တောင် နှစ်ဆလောက်ပိုနေသေးတယ်”
ရန်ကျောက်ကဲက...
“အခုလို ဒုက္ခခံပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ’လီ’”
အကြီးအကဲ’လီ’ က...
“အနောက်ဘက်ကန္တာရကြီးရဲ့ ပတ်ဝန်းကျင်က ထူးခြားတယ် ၊ ဒါကြောင့် မင်းတို့အဆင်ပြေစေဖို့ ဒီအဘိုးကြီးကိုယ်တိုင် လမ်းပြတာဝန်ယူပြီး လိုက်ပို့ပေးပါ့မယ်”
ရန်ကျာက်ကဲက အကြီးအကဲ’လီ’ကို ထပ်မံ ကျေးဇူးတင်စကားဆိုသည်။ အရာအားလုံး စနစ်တကျပြင်ဆင်ထားပြီးဖြစ်သောကြောင့် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် စုကျိုးမြို့မှ စတင်ခရီးထွက်ခဲ့ကြသည်။
အတော်ဝေးဝေး ခရီးဆက်ခဲ့ကြပြီးနောက် သူတို့ရှေ့တွင် သဲကန္တာရကြီးတစ်ခု ပေါ်လာသည်။ ထိုသဲကန္တာရကြီးမှာ တိတ်ဆိတ်ငြိမ်သက်ပြီး ရက်စက်ကြမ်းကြုတ်သည့် ခံစားချက်ကို ပေးစွမ်းသည်။
သူတို့အားလုံး လှမ်းကြည့်လိုက်သည့်အခါ အနောက်ဘက်သဲကန္တာရကြီးက အနက်ရောင်ရောင်လွင်ပြင်ကြီးပမာ ဖြစ်သည်။
မိုးမြေကြားတွင် ကြောက်မက်ဖွယ်ရာ အနက်ရောင်ဟာရီကိန်းမုန်တိုင်းများ နေရာတိုင်းတွင် တိုက်ခတ်နေပြီး ကောင်းကင်ထက်မှ မြေပြင်အောက်ဘက်ထိတိုင် အဆက်မပြတ် ဝှေးယမ်းသောင်းကြမ်းလျှက် ရှိသည်။
အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း အားအနည်းဆုံးအချိန်ဟုဆိုသည့်တိုင် ထိုမျှပြင်းထန်လွန်းနေလေရာ အားအပြင်းဆုံးအချိန်ဆိုလျှင် မည်သို့ရှိမည်လဲ မသိနိုင်ပေ။
အကြီးအကဲ’လီ’ နှင့် သူ့လက်အောက်မှ သိုင်းသမားအချို့ ရန်ကျောက်ကဲတို့အုပ်စုအား လမ်းပြကာ ခရီးထွက်ခဲ့ကြသည်။ ဒေသခံများအတူပါရှိသည့်အတွက် ရန်ကျောက်ကဲအနေဖြင့် ကြောက်မက်ဖွယ်ရာပတ်ဝန်းကျင်ကို သတိထားရုံမှလွဲပြီး အခြားမည်သည့်အရာမှ စိတ်ပူစရာ မရှိတော့ပေ။
လမ်းတစ်နေရာအရောက် အရှေ့ဆီတွင် အလင်းရောင်မှိန်ဖျော့ဖျော့ လင်းလက်နေသည်ကို တွေ့လိုက်ရသည်။
ရန်ကျောက်ကဲက သတိထားကြည့်ရှုရန် ခေါင်းကိုလှည့်လိုက်စဉ် အကြီးအကဲ’လီ’ကလည်း အလင်းရောင်ကို သတိပြုမိသွားသည်။
“အဲဒါက လေလှိုင်းဓားဂိုဏ်းက အသုံးများတဲ့ အကာအကွယ်ရတနာပဲ ၊ မုန်တိုင်းကြားပိတ်မိနေတဲ့သူတစ်ယောက်ယောက် ရှိနေမယ်ထင်တယ်”
ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်မုန်တိုင်းများဖုံးလွှမ်းနေပြီး သဲမှုံအမြောက်အမြား ကောင်းကင်ထက်သို့ လွင့်ပျံနေပြီး နေမင်းကိုပင် ဖုံးလွှမ်းလျှက်ရှိ၏။
လေပွေမုန်တိုင်းများက သံမဏိဓားမြှောင်အလား ထက်ရှလွန်းလေရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မထားပါက အထွတ်ထိပ်အဆင့် သိုင်းကျင့်ကြံသူများသည်ပင် ကြယ်တာရာချီစွမ်းအားဖြင့် တောင့်ခံနိုင်ကြမည် မဟုတ်ပေ။
ရန်ကျောက်ကဲက...
“အကာအကွယ်ရတနာတွေက အချိန်ခဏပဲ ခံနိုင်မှာမဟုတ်လား ၊ လေလှိုင်းဓားဂိုဏ်းက အကူအညီတွေရောက်မလာခင် အကာအကွယ်ကုန်သွားရင် သူတို့တော့ အန္တရယ်တွေ့တော့မယ်”
သူက ဆက်ပြောသည်။
“လေလှိုင်းဓားဂိုဏ်းက ကျွန်တော်တို့ဂိုဏ်းနဲ့ ရင်းနှီးတာပဲ မဟုတ်လား ၊ ‘ကျွင်း’ ဂိုဏ်းချုပ်ကလည်း ကျွန်တော့်အဖေနဲ့ မိတ်ဆွေကောင်းတွေလေ ၊ အခု သူတို့လူတွေအန္တရယ်ကြုံနေတာဆိုတော့ တတ်နိုင်ရင် ကူညီကြတာပေါ့”
ထို့နောက် သူတို့က မုန်တိုင်းထဲပိတ်မိနေသည့် လူငယ်အုပ်စုကို ကူညီပေးလိုက်သည်။
အုပ်စုကိုခေါင်းဆောင်လာသူက မိန်းမငယ်လေးတစ်ယောက် ဖြစ်၏။
သူမက ရန်ကျောက်ကဲကိုတွေ့သည်နှင့် မျက်ဝန်းများတောက်သွားပြီး...
“အစ်ကိုကြီး’ရန်’”
သူမကိုတွေ့သည်နှင့် ရန်ကျောက်ကဲက မူလခန္ဓာပိုင်ရှင်ကျန်ရစ်ခဲ့သည့် မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်လိုက်သည်။
“လော့လော့ မဟုတ်လား ၊ ကြည့်စမ်း... မင်း ဘယ်လိုဖြစ်လို့ ဒီလောက်ပေါ့လျော့ရတာလဲ”
ထိုမိန်းကလေးက သူနှင့်ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး လေလှိုင်းဓားဂိုဏ်းမှ ‘ကျွင်း’ ဂိုဏ်းချုပ်၏ သမီးဖြစ်သည်။ သူမတို့မိသားစုက ရန်ကျောက်ကဲတို့မိသားစုနှင့် မိတ်ဆွေများ ဖြစ်ကြသည်။
လော့ကျွင်းက ရယ်မောလိုက်ပြီး သူ့ဘေးနားမှ ကောင်လေး (၂)ယောက်ကို လှည့်ကြည့်လိုက်သည်။
“အစ်ကိုကြီး’ရန်’ ဘယ်လိုလူမျိုးလဲဆိုတာ နင်တို့ အရမ်းသိချင်နေကြတယ်ဆို ၊ ကြည့်ထား... အခု သူက မင်းတို့ရှေ့ရောက်နေပြီ”
ကောင်လေး (၂)ယောက်မှာ အိပ်မက်မက်နေသည့်အလား မှင်တက်လျှက် ရှိကြသည်။ အချိန်အတန်ကြာမှ သတိဝင်လာပြီး ရန်ကျောက်ကဲကို အလျှင်အမြန် ဦးညွှတ်လိုက်ကြသည်။
“အသက်ကယ်ပေးတဲ့အတွက် ကန္တာဒေသ ၊ လျန်အိမ်တော်က လျန်ယင်းက ဝါဒတောင်သခင်လေးကို ကျေးဇူးတင်ပါတယ်”
“အသက်ကယ်ပေးတဲ့အတွက် ကန္တာဒေသ ၊ လျန်အိမ်တော်က လျန်ချန်က ဝါဒတောင်သခင်လေးကို ကျေးဇူးတင်ပါတယ်”
***