← Chapters

လုပ်ကြံသတ်ဖြတ်

Vol. 16 Ch. 217

လုပ်ကြံသတ်ဖြတ်

Vol. 16 Ch. 217

ရန်ကျောက်ကဲ ကြည့်လိုက်တော့ သူ့ကို တစ်ညီတစ်ညွတ်တည်းဦးညွှတ်ဂါရဝပြုနေကြသည့် ကောင်လေး (၂)ယောက်ကို တွေ့လိုက်ရသည်။

လေနယ်မြေသို့ ခရီးထွက်လာစဉ်က ကန္တာဒေသမှ ‘လျန်’အိမ်တော်အကြောင်း ကြားဖူးခဲ့သည်။ ‘လျန်’အိမ်တော်ဆိုသည်က လေလှိုင်းဓားဂိုဏ်း၏လက်အောက်ခံဖြစ်ပြီး ဒုတိယအဆင့် စွမ်းအားမြင့်မားသည်။

‘လျန်’ အိမ်တော်ထိန်းချုပ်ထားသည့် နယ်မြေထဲတွင် ထူးခြားသည့်တန်ဖိုးမရှိသော်လည်း အနည်းငယ်ကျော်ကြားသည့် “ကျောက်စိမ်ကန္တာစမ်းချောင်း” တည်ရှိသည်။ ဝါဒတောင်မှ လုပ်ငန်းဆိုင်ရာအကြီးအကဲက ထိုနေရာတွင် နှစ်စဉ်နှစ်တိုင်း စခန်းချပြီး စမ်းရေများကို ရယူလေ့ရှိ၏။

သို့ပေသိ ရန်ကျောက်ကဲက ‘လျန်’ အိမ်တော်နှင့်ပတ်သက်ပြီး အနည်းအကျဉ်းသာသိရှိသည်။

လော့ကျွင်းက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...

“လျန်ယင်းနဲ့ လျန်ချန်က ကျွန်မနဲ့ ငယ်ငယ်ကတည်းက ခင်ကြတာလေ ၊ သူတို့ နှစ်ယောက် တိုက်ခိုက်ခံနေရတာတွေ့လို့ ကျွန်မက ကူပြီးတိုက်ခိုက်ပေးတာ ၊ ရန်သူလည်းပြေးရော ကျွန်မတို့ မုန်တိုင်းထဲမှာ ပိတ်မိနေတော့တာပဲ ၊ အစ်ကိုကြီး’ရန်’ တို့ခရီးထွက်လာကြတာနဲ့ ကံကောင်းသွားတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒီတော့ မင်းက သူရဲကောင်းကိုကယ်တင်တဲ့ မိန်းမပျိုလေးပေါ့”

ကျွင်းလော့က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးမှ ရယ်မောလိုက်ရင်း...

“အင်း... အမှန်ပဲ”

ဟု ဆိုသည်။

ရန်ကျောက်ကဲ ခေါင်းခါယမ်းကာ ရယ်မောမိသည်။

‘လျန်’ ညီနောင် (၂)ယောက်ကိုကြည့်လိုက်တော့ အားနည်းဟန်ရှိသည့် လူငယ်လေးများပမာ ပျော့ပြောင်းလှသည်။

သူတို့က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာရှိသေးသော သိုင်းသမားများ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံက အကန့်အသတ်ရှိသည်။ သို့ပေသိ သိုင်းပညာမတတ်သည့် သာမန်ခွန်အားကြီးသူတစ်ယောက်ထက်တော့ များစွာသာလွန်ကြသည်ပင်။

သို့သော် ‘လျန်’ ညီအစ်ကို (၂)ယောက်ကတော့ သိမ်မွေ့နူးညံ့ပြီး မိန်းကလေးဆန်သည့် ခံစားချက်ကို ပေးစွမ်းသည်။

ယခင်ကလည်း ပျော့ပျောင်းပြီး ခပ်နွဲ့နွဲ့ ယောကျ်ားလေးအနည်းစုကို ရန်ကျောက်ကဲ တွေ့ဖူးသည်။ သို့သော် မိသားစုတစ်ခုတည်းမှ ညီအစ်ကို (၂)ယောက်လုံးက ထိုသို့ ပျော့ပျော့နွဲ့နွဲ့တစ်ပုံစံတည်းရှိနေသည်မှာ ခပ်ရှားရှားပင်။

ကောလဟလများအရ ကန္တာဒေသမှ ‘လျန်’ အိမ်တော်၏ ကိုယ်ပိုင်သိုင်းပညာက ခက်ခဲကြမ်းတမ်းသည်ဟု ကြားဖူးခဲ့သည်။

ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...

“လော့လော့... ငါ ဒီတစ်ခေါက် အနောက်ဘက်သဲကန္တာရကြီးထဲကိုလာတာ အရေးကြီးကိစ္စ ရှိလို့ပဲ ၊ မင်းတို့ကို ငါနဲ့အတူခေါ်လာဖို့က ပြဿနာတော့ မရှိပေမယ့် ကန္တာရအတွင်းထဲ အရမ်းရောက်သွားရင် မင်းတို့အတွက် အန္တရယ်ရှိတယ်”

ထိုစကားကိုကြားတော့ ကျွင်းလော့က ခေါင်းညိတ်ရင်း...

“နားလည်ပါပြီ အစ်ကိုကြီး’ရန်’”

ကောင်လေး (၂)ယောက်အနက် လျန်ချန်မှာ အတော်လေး စိတ်ရှုတ်ထွေးနေဟန်ရှိသော်လည်း စကားတစ်ခွန်းမှ မဆိုဝံ့ပေ။ လျန်ယင်းကတော့ မျက်နှာမကြည်မသာ အုံ့မှိုင်းလျှက် ရှိသည်။

ရန်ကျောက်ကဲနှင့်အတူ အနောက်ဘက်ကန္တရကြီးအတွင်းပိုင်းသို့ လိုက်သွားရန်မှာ သူတို့ မလုပ်ရဲသည့်ကိစ္စဖြစ်သည်။ ရှောင်ရှားနိုင်မည်ဆိုလျှင် သူတို့ ပျော်ရွှင်မိမည်ပင်။

သို့သော် ရန်ကျောက်ကဲနှင့် မလိုက်ပြန်လျှင်လည်း သူတို့ချည်းပဲ ကန္တာဒေသသို့ ပြန်သွားရန်မှာ မဖြစ်နိုင်ပေ။

ရန်ကျောက်ကဲတွင် သေချာပေါက် အစီအစဉ်များရှိနေမည်ကို သိရှိသော ကျွင်းလော့ကတော့ စိတ်ပူပန်ခြင်းမရှိပေ။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး အကြီးအကဲ’လီ’ကို စကားဆိုသည်။

“ကျွန်တော်တို့ ထောက်ပို့ဆုံချက်လုပ်မယ့်နေရာကို ဆုံးဖြတ်ထားတယ်မလား ၊ ဘယ်နေရာလောက်မှာ လုပ်ကြမလဲ”

အနောက်ဘက်ကန္တရကဲ့သို့သောနေရာမျိုးတွင် ခရီးဆန့်မည်ဆိုလျှင် လူအများစုက ထောက်ပို့ဆုံချက်များ ပြုလုပ်ပြီး ခရီးထွက်လေ့ ရှိကြသည်။

“ရှေ့ကို နည်းနည်းလောက်ဆက်သွားရင် အဆင်ပြေနိုင်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အကြီးအကဲ’လီ’ က ဒီကအခြေအနေတွေကို အရင်းနှီးဆုံးပဲ ၊ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးနိုင်တယ်”

ထို့နောက် သူက လူငယ် (၃)ယောက်အား လှည့်ကြည့်ရင်း...

“မင်းတို့တွေ ရှေ့ကိုတော့ နည်းနည်းလိုက်ခဲ့ရမယ် ၊ ထောက်ပို့ဆုံချက်နေရာ သတ်မှတ်ပြီးရင် အရံအတားတွေပြုလုပ်ပြီး ငါတို့ဂိုဏ်းကလူအချို့နဲ့ အဲဒီနေရာမှာ ကျန်ခဲ့ပေါ့ ၊ ငါပြန်လာမှ မင်းတို့တွေကို ဒီသဲကန္တာရထဲက အတူတူခေါ်ထုတ်သွားမယ် ၊ အင်း... ငါ့ဘက်က အချိန်ကြဖို့ရှိမယ်ဆိုရင်တော့ မင်းတို့ပြန်ဖို့ သပ်သပ်စီစဉ်ပေးပါ့မယ်”

ထိုစကားကိုကြားမှ ‘လျန်’ ညီအစ်ကိုမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။

ကျွင်းလော့က ပြုံးလိုက်ရင်း...

“ဒီတစ်ခါတော့ အစ်ကိုကြီး’ရန်’နဲ့ ဝါဒတောင်က အကြီးအကဲတွေကို အနှောက်အယှက်ပေးမိပါပြီ”

သူတို့အားလုံး ရှေ့ဆက်သွားလုဆဲဆဲတွင် ကျွင်းလော့သည် ပန်ပန်ကို အာရုံစိုက်မိသွားသည်။

ပန်ပန်က ဆင်တစ်ကောင်ထက်ပင် အရွယ်အစားကြီးမားနေပြီဖြစ်သော်လည်း ရန်သူနှင့်တိုက်ခိုက်ခြင်းမရှိသည့်အချိန်များတွင် အပြစ်ကင်းစင်ပြီး မထုံတက်တေးပုံစံမျိုးဖြင့် ရှိတတ်သည်။ ထို့ကြောင့် မိန်းကလေးတိုင်း သူ့ကိုမချစ်ခင်ဘဲ မနေနိုင်ကြပေ။

ကျွင်းလော့သည့် အကြောက်အရွံ့မရှိ ပန်ပန်ကို ပြေးဖက်လိုက်ရာ သူမခန္ဓာကိုယ်က ပန်ပန်၏ ထူးထဲသောအမွှေးများထဲသို့ နစ်မြုပ်သွားတော့သည်။ သူမက ပန်ပန်ကိုပွေ့ဖက်ရင်း အမွေးများကို ပွတ်သပ်ပေးနေလေရာ ရန်ကျောက်ကဲမှာ မိန်းကလေးငယ်ကိုကြည့်ရင်း ပြုံးမိတော့သည်။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းသေးတာကို ဘာလို့ ဒီလောက်အန္တရယ်များတဲ့ အနောက်ဘက်ကန္တာရာကြီးထဲကို လာရတာလဲ”

သူ့စကားကြောင့် ကျွင်းလော့က မျက်ရည်ထွက်သည်အထိ အော်ကြီးဟစ်ကျယ် ရယ်မောလိုက်သည်။

ရန်ကျောက်ကဲ မျက်လုံးလှန်လိုက်မိရင်း...

“လောကတစ်ခွင် သူရဲကောင်းတွေနဲ့ပြည့်နေတဲ့ နယ်မြေတွေကို မင်းကြည့်လိုက်စမ်း ၊ တောက်ပနေတဲ့တိုင်းပြည်တွေကိုရော မင်းတွေ့ဘူးလား ၊ ဒီလို ကျယ်ပြောလှတဲ့လောကကြီးကို မင်းလျှောက်မလည်နိုင်ဘူးထင်လို့ ဒီကန္တာရထဲ ဝင်နေရတာလား ၊ ဘာလဲ... ဒီကမ္ဘာပေါ်က နာမည်ကြီးပြီး ထူးခြားတဲ့ဒေသတွေကို မသွားလိုက်ရဘဲ သေသွားချင်တာလား”

ကျင်းလော်က ရယ်မောလိုက်ရင်း...

“အစ်ကိုကြီး’ရန်’ ခဏခဏ ပြောပြနေတာနဲ့ဘဲ အဲဒီဒေသတွေက မသွားချင်တော့ဘူး ၊ ရိုးနေပြီ”

ရန်ကျောက်ကဲက ဂျစ်တစ်တစ်မိန်းကလေးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

“သြော်... ငါ့အပြစ်ပေါ့လေ”

မိန်းကလေးငယ်က ရယ်မောရင်း လက်ကာပြလိုက်ပြီး...

“မပြောရဲပါဘူး ၊ မပြောရဲပါဘူး ၊ အစ်ကိုကြီး’ရန်’တို့ ခရီးကပြန်လာတဲ့အခါ စကားတွေအများကြီးပြောကြရဦးမှာလေ”

ရန်ကျောက်ကဲကပြုံးရင်း...

“ဒီတစ်ခေါက် ကန္တာဒေသကိုဖြတ်လာတာ အလုပ်များတာနဲ့ ဦးလေး’ကျွင်း’နဲ့ မတွ့ရသေးဘူး ၊ မင်းတော့ ဂိုဏ်းကိုပြန်ရောက်လို့ကတော့...”

ကျွင်းလော့၏မျက်ဝန်းလေးများ တဖျတ်ဖျတ်တောက်ပသွားပြီး...

“သေချာတာ‌ပေါ့ ၊ အစ်ကိုကြီး’ရန်’ ... အဖေနဲ့တွေ့ရင် ဒီနေ့ကိစ္စကို မပြော...”

သူမစကားမဆုံးခင် ရန်ကျောက်ကဲ ဖြတ်ပြောလိုက်သည်။

“အေး... ဦးလေး’ကျွင်း’ နဲ့တွေ့ရင် ဒီအကြောင်း တိုင်ပြောလိုက်မယ်”

ကျွင်းလော့မှာ ထိတ်လန့်သွားပြီး ခန္ဓာကိုယ်လေးပင် တုန်တုန်ယင်ယင် ဖြစ်သွားသည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့က ရန်ကျောက်ကဲနှင့် မိန်းကလေးငယ်တို့၏ အခြေအနေကို စိတ်ဝင်တစားကြည့်နေကြသည်။ လျန်ချန်နှင့် လျန်ယင်းတို့ကတော့ သူတို့ကိုဆိုလျှင် ဆရာကြီးလုပ်လေ့ရှိသော ကျွင်းလော့က ရန်ကျောက်ကဲရှေ့တွင် ကလေးငယ်တစ်ယောက်လို ပြုမူနေသည်ကို တွေ့ရသည့်အခါ မျက်ဝန်းများထဲတွင် မနာလိုသည့်အရိပ်အယောင်များ ဖုံးမနိုင်ဖိမရ ထွက်ပေါ်လာတော့သည်။

ရှေ့သို့အနည်းငယ် ဆက်သွားပြီးသည့်နောက် ထောက်ပို့ဆုံချက်စခန်း တည်ဆောက်ကြသည်။ ထောက်ပို့ဆုံချက်စခန်းဆိုသည်က များသောအားဖြင့် ဝိညာဉ်အင်းသင်္ကေတများ ၊ ရတနာပစ္စည်းများကို အသုံးပြုကာ အစီအရင်တည်ဆောက်ပြီး ပြင်ပကမ္ဘာမှ လေနှင့်သဲများ ဝင်ရောက်မလာစေရန် အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်သော စခန်းတစ်ခု ဖြစ်သည်။

အတွေ့အကြုံများသည့် ဝါဒတောင်မှသိုင်းသမားအနည်းငယ်က အကြီးအကဲ’လီ’ ၏ အမိန့်အတိုင်း ကျွင်း‌လော် ၊ ‘လျန်’ ညီအစ်ကို (၂)ယောက်နှင့်အတူ ကျန်ရစ်ခဲ့ကြသည်။

ရန်ကျောက်ကဲနှင့် အခြားသူများကတော့ ရှေ့ဆက်ခရီးနှင်ခဲ့ကြ၏။

ကန္တာဒေသရှိ နယ်မြေကျွမ်းကျင်သော ဝါဒတောင်သိုင်းသမားများက ရှေးဟောင်းအမွေအနှစ်တည်ရှိရာနေရာသို့ အစကတည်းက လမ်းကြောင်းဆွဲထားခဲ့သည်။ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း ပြင်းထန်သည့်အတွက် လမ်းကြောင်းပျောက်ကွယ်သွားသည့်တိုင် အမှတ်သင်္တေများ ပြုလုပ်ထားသဖြင့် ရန်ကျောက်ကဲတို့အုပ်စု ခရီးသွားရ ပိုမိုလွယ်ကူခဲ့သည်။

ခက်ခဲကြမ်းတမ်းလှသည့် ခရီးရှည်ကြီးနှင်ပြီးသည့်နောက် သဲကန္တာရထဲတွင် ကျွင်းကျန်နေသည့် ကျောက်တိုင်အပျက်ကြီးတစ်ခု အားလုံးမျက်စိရှေ့တွင် ပေါ်လာသည်။

ရန်ကျောက်ကဲက အချိန်ကြာမြင့်စွာ စကားမဆိုဘဲ ကျောက်စာတိုင်ပေါ်မှ သင်္ကေတများကို စူးစိုက်ကြည့်နေသည်။

အကြီးအကဲ’လီ’ က လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်ပြီး သူ့လူများကို လူစုခွဲစေကာ လေနှင့်သဲများရန်မှကင်းဝေးစေရန် အစီအရင်တစ်ခု ထပ်မံတည်ဆောက်စေလိုက်သည်။

လိုရာခရီးကို ရောက်ခဲ့ပြီဖြစ်သည့်တိုင် ရန်ကျောက်ကဲ၏အလုပ်များက အချိန်တိုအတွင်း ပြီးမြောက်နိုင်ဦးမည် မဟုတ်ပေ။

အမှန်တော့ အကြီးအကဲ’လီ’ ကဲ့သို့ လုပ်ငန်းဆိုင်ရာအကြီးအကဲတစ်ယောက်သည်ပင် ထိုသို့သော အမွေအနှစ်ပစ္စည်းများကို အခွင့်အာဏာမရှိဘဲ လေ့လာခွင့် မရှိပေ။ သူ့လက်အောက်မှသိုင်းသမားများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

အကြီးအကဲ’လီ’ က တာဝန်ကျေပွန်သူ ဖြစ်သည်။ ရန်ကျောက်ကဲကို ဤနေရာအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးရုံသာမက အနီးပတ်ဝန်းကျင်ကိုပါ စောင့်ကြည့်ကာကွယ်ပေးခဲ့သည်။

“သခင်ကြီး’လီ’ ၊ သခင်လေး’ရန်’ က ရှေးခေတ်အကြွင်းအကျန်ပစ္စည်းတွေနဲ့ပတ်သက်လို့ သိပ်ပြီးလည်း ကျွမ်းကျင်တဲ့ပုံ မပေါ်ပါဘူးဗျာ”

အကြီးအကဲ’လီ’ နောက်မှလိုက်လာသည့် သက်လတ်ပိုင်းလူရွယ်သိုင်းသမားတစ်ယောက်က ပြောလိုက်ခြင်းပင်။

“ဒါတောင်မှ သူက ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်လို အခွင့်အာဏာရှိနေတယ်”

အကြီးအကဲ’လီ’က...

“သူ့ကို မထီမဲ့မြင်မလုပ်နဲ့ ၊ သူက တကယ့်ကို အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ ၊ သူ ဒီနေ့ ဒီလိုအဆင့်အတန်းမျိုးနဲ့ အခွင့်အာဏာမျိုးရထားတာဟာ အကြီးအကဲ’ရန်တိ’ ရဲ့ နောက်ခံကြောင့် လုံးဝမဟုတ်ဘူး ၊ သူ့ကိုယ်ပိုင်အစွမ်းအစကြောင့်ပဲ”

စကားပြောနေစဉ်မှာပင် အကြီးအကဲ’လီ’သည် သူ့နောက်ကျောသို့ ဓားဖြင့်ထိုးစိုက်ခံလိုက်ရသည့် စူးရှနာကျင်‌သောဝေဒနာကို ရုတ်တရက် ခံစားလိုက်ရသည်။

“င်း... အဲဒါကြောင့်သာမဟုတ်ရင် ငါတို့လည်း ဒီလောက်လှည့်ပတ်နေစရာ မလိုပါဘူး”

သူ့နောက်တွင်ရပ်နေသည့် လူရွယ်သိုင်းသမားက ရယ်မောရင်း ပြောလိုက်သည်။

အကြီးအကဲ’လီ’ သည် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး စကားဆိုရင် ပါးစပ်ကိုဖွင့်ဟလိုက်သည့်တိုင် အသံထွက်မလာခဲ့ပေ။

အကြီးအကဲ’လီ’က သူအယုံကြည်ရဆုံး လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည့် လူရွယ်သိုင်းသမားကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်စဉ် ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

လူရွယ်သိုင်းသမားက သူ့ကိုကြည့်ကာရယ်မောလိုက်ရင်း သူ၏ရုပ်သွင်က အကြီးအကဲ’လီ’ အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားလေတော့၏။

***

All Chapters