← Chapters

ကောင်းကင်ဘုံနန်းတော်၏ထောက်တိုင်

Vol. 16 Ch. 218

ကောင်းကင်ဘုံနန်းတော်၏ထောက်တိုင်

Vol. 16 Ch. 218

ပထမတော့ အကြီးအကဲ’လီ’က ထင်ယောင်ထင်မှားဖြစ်ခြင်းလားဟု တွေးထင်မိသည်။ သို့သော် တဖြည်းဖြည်း အသွင်အပြင်ပြောင်းလဲလာသည့် လူရွယ်သိုင်းသမားကိုကြည့်ရင်း သူ့စိတ်ထဲတွင် တွေးတစ်ခုပေါ်လာ၏။

“အတုအယောင်မရဏကျောက်စိမ်း”

ထိုရတနာပစ္စည်းက တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်သော ရှားပါးရတနာတစ်ခုဖြစ်သည်။ ဤကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာတိုင်အောင် ပေါ်မလာတော့လေရာ အားလုံးက မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ယူဆထားကြသည်။

လူတစ်ယောက်ကို သတ်ဖြတ်ပြီးသည်နှင့် အတုအယောင်မရဏကျောက်စိမ်းအသုံးပြုထားပါက သတ်ဖြတ်ခံလိုက်ရသူ၏ အသွေးအသားနှင့် ကြယ်တာရာချီစွမ်းအားများ အားလုံးကို တုပသဏ္ဌန်ပြောင်းနိုင်မည် ဖြစ်သည်။

ထိုလူရွယ်က ဝါဒတောင်မှ သိုင်းသမား မဟုတ်ေပ။ သူက အရည်အချင်းရှိသည့်အတွက် အကြီးအကဲ’လီ’ က လူယုံမွေးထားခြင်းပင်။

ထိုသူက အကြီးအကဲ’လီ’ နောက်သို့လိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သလို အလွန်လည်း သစ္စာရှိသည်။ ယခင်က အကြီးအကဲ’လီ’၏ အသက်ကိုပင် ကယ်ခဲ့ဖူးသေး၏။

သို့ပေသိ ယနေ့တော့ အစွယ်ထုတ်ပြကာ အကြီးအကဲ’လီ’ကို လုပ်ကြံသတ်ဖြတ်လေပြီ။

အကြီးအကဲ’လီ’ ကို ပိုပြီးထိတ်လန့်စေသည်မှာ တစ်ဖက်လူ၏စကားများအရ သူတို့တွင် ပိုမိုကြီးမားသော အစီအစဉ်တစ်ခု ရှိနေကြောင်း ထင်ရှားနေခြင်းပင်။

ထိုလူရွယ်က အတုအယောင်မရဏကျောက်စိမ်းကို အသုံးပြုပြီး သူ့ကိုသတ်ဖြတ်ခဲ့ရာ အချိန်တိုအတွင်း အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်နိုင်မည် ဖြစ်သည်။ အခြားသူများနှင့် တိုက်ခိုက်ခြင်းမပြုလျှင် သူ့ကိုယ်တွင်းမှ ချီစွမ်းအားသာမန်လှည့်ပတ်နေရုံဖြင့် ဝါဒတောင်မှလူများအနေဖြင့် အတုနှင့်အစစ် ခွဲခြားရန်ခက်ပေမည်။

“ယောက်ရှန်း”

အကြီးအကဲ’လီ’ ကျယ်လောင်စွာ အော်လိုက်ချင်သော်လည်း အသံတစ်စက်မှ ထွက်မလာခဲ့ပေ။

ယခု သူ့ရှေ့မှလူရွယ်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ယခင်ကထက်ပင် သာလွန်မြင့်မားလျှက် ရှိ၏။

တစ်ဖက်လူက သူ့အသွင်အသဏ္ဌန်အဖြစ် အပြည့်အဝ ပြောင်းလဲသွားသည်ကို အကြီးအကဲ’လီ’ ငေးစိုက်ကြည့်နေသည်။

အကြီးအကဲ’လီ’ အဖြစ် အသွင်ယူလိုက်ပြီဖြစ်သော ယောက်ရှန်းက ပြုံးလိုက်ရင်း...

“စိတ်မပူပါနဲ့ ၊ ငါက မင်းနောက်လိုက်နေတာ ကြာပါပြီ ၊ မင်းရဲ့အလေ့အကျင့်တွေ ၊ အပြုအမူနဲ့ စကားပြောတဲ့လေသံကအစ ကိုးဆယ်ရာခိုင်နှုန်းလောက် တူအောင်လုပ်နိုင်တယ် ၊ ဘယ်သူမှ ငါ့ကို အတုလို့ ရိပ်မိမှာ မဟုတ်ဘူး”

ခဏမျှ စဉ်းစားပြီးနောက် သူက ဆက်ပြောသည်။

“ဒါပေမဲ့... ငါဆိုတဲ့ ယောက်ရှန်း ရုတ်တရက် ပျောက်ကွယ်သွားတာမျိုးလည်း မဖြစ်ရလေအောင်...”

သူက ရေရွတ်ရင်း အရိပ်ကျုံ့အိတ်တစ်လုံး ထုပ်ယူလိုက်သည်။

အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်သည်နှင့် အတွင်းထဲမှ လူတစ်ယောက်ခုန်ထွက်လာပြီး ယောက်ရှန်းအသွင် ပြောင်းလဲသွားသည်။ အကြီးအကဲ’လီ’သည် သေလုဆဲဆဲဖြစ်နေသည့်တိုင် သူ့ရှေ့မှလူကို ငေးစိုက်ကြည့်နေသည်။

ယောက်ရှန်းက ပြုံးရင်း...

“ဒါကတော့ အတုအယောင်မရဏကျောက်စိမ်းကို အသုံးပြုထားတာ မဟုတ်ဘူး ၊ ဒီလူက အသွင်ပြောင်းလဲထားတဲ့ ငါ့မိတ်ဆွေပဲ ၊ သူက ငါ့ရဲ့အလေ့အကျင့်တွေနဲ့လည်း အရမ်းရင်းနှီးတာဖြစ်လို့ ဘာအမှားမှရှိမှာမဟုတ်ဘူး ၊ ပြီးတော့ မင်းနဲ့အတူရှိနေတယ်ဆိုရင် ငါ့ကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူးလေ ၊ အကြောင်းပြချက်မရှိဘဲ ငါပျောက်ကွယ်သွားမှသာ တခြားသူတွေက အာရုံစိုက်မိကြမှာ”

သူက ဆက်ပြောသည်။

“ငါ မင်းကို တိတ်တဆိတ်သတ်ဖြတ်ပစ်လိုက်တဲ့အတွက် ကြယ်တာရာချီစွမ်းအား အတက်အကျတွေ ဖြစ်ပေါ်နိုင်ပေမယ့် ဒါက ပုံမှန်ပါပဲ ၊ ဒီ သဲကန္တာရကြီးထဲမှာ သားရဲတွေက မုန်တိုင်းဒဏ်ကြောင့် ခဏခဏ သေနေတာပဲလေ”

အကြီးအကဲ’လီ’ က မျက်လုံးများပြူးကျယ်စွာဖြင့် သူ့ရှေ့မှ လူ (၂)ယောက်ကို စိုက်ကြည့်သည်။ သို့သော် အသက်နှင့်ခန္ဓာ တည်မြဲမမေနတော့ပေ။

ယောက်ရှန်းက ပြုံးလိုက်ရင်း...

“မင်းနဲ့ သိခွင့်ရခဲ့တာ ဝမ်းသာမိပါတယ် ၊ ငြိမ်းချမ်းစွာ အနားယူပါတော့”

ပြောပြီးသည်နှင့် သူက အကြီးအကဲ’လီ၏ ၏ ရုပ်အလောင်းကို အရိပ်ကျုံ့အိတ်အတွင်းသို့ ထည့်သွင်းကာ သိမ်းဆည်းထားလိုက်သည်။

အရိပ်ကျုံ့အိတ်ကို သိမ်းဆည်းပြီးနောက် ယောက်ရှန်းက အင်္ကျီလက်ကိုတစ်ချက်ခါလိုက်ပြီး သူ့အသွင်သဏ္ဌယူထားသည့် မိတ်ဆွေဖြစ်သူနှင့် အပြုံးချင်းဖလှယ်လိုက်သည်။

အကြီးအကဲ’လီ’ ကရှေ့မှ လမ်းလျှောက်လျှက် ယောက်ရှန်းက နောက်မှလိုက်ပါလာကာ သူတို့ပုံစံက အရင်ကနှင့်မခြား ဘာမှမဖြစ်ခဲ့ကြသလို ပုံမှန်အတိုင်းပင် ရှိနေလေသည်။

***

ကျောက်တိုင်ကြီးရှေ့တွင်တော့ ရန်ကျောက်ကဲ လက်နှစ်ဖက်နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။ သူက ကျောက်တိုင်ကြီးထက်မှ သင်္ကေတများကို စိတ်အားထက်သန်စွာ လေ့လာနေသည်။

“ငါ အမြင်မှားတာ မဟုတ်ဘူးပဲ ၊ အတိတ်က ကောင်းကင်ဘုံနန်းတော်ရဲ့ထောက်တိုင်က ဒီနေရာကို တကယ်ပြုတ်ကျလာတာပဲ”

ကျိုးကျေပျက်စီးနေသည့် ကျောက်တိုင်ကြီးကိုကြည့်ရင်း ရန်ကျောက်ကဲ အလေးအနက် စဉ်းစားနေသည်။

“ဒီကျောက်တိုင်ပျက်စီးနေတဲ့ လက္ခဏာကိုကြည့်ရတာ မရိုးရှင်းဘူး ၊ မဟာကပ်ဘေးကြောင့် ပျက်စီးတာမဟုတ်မှာ စိုးရိမ်မိတယ် ၊ ဒါပေမဲ့...”

ရန်ကျောက်ကဲ ခေါင်းကိုအနည်းငယ်မော့လိုက်ရင်း...

“ဒါသာအမှန်ဆိုရင် ဒီပြဿနာတွေအားလုံကို ဖြစ်ပေါ်စေတာ ဘယ်သူလဲ”

“ကောင်းကင်ဘုံနန်းတော်တောင် ဖျက်ဆီးခံရပြီး တစ်ကမ္ဘာလုံး မဟာကပ်ဘေးကြီးကျရောက်အောင် မိုးမြေတစ်ခုလုံး ပြောင်းပြန်လှန်ပစ်နိုင်တဲ့သူ... ဒါတွေအားလုံးကို လုပ်နိုင်တဲ့သူက ဘယ်သူလဲ”

ထိုအဖြစ်အပျက်များက တကယ်မဟုတ်ဟု ခံစားနေရသည့်တိုင် ၊ ထိုအဖြစ်အပျက်များက သူနှင့်ဝေးကွာလွန်းလှသည့်တိုင် ရန်ကျောက်ကဲစိတ်ထဲ လေးလံသည့်အရိပ်တစ်ခုကို စတင်ခံစားလိုက်ရသည်။ ထိုအရိပ်က တောင်မြင့်ကြီးတစ်လုံးဖြင့် သူ့နှလုံးသားကို ဖိနှိပ်ထားသည့်ပမာ လေးလံလွန်းလှ၏။

တိုက်ရိုက်ခံစားရခြင်းမဟုတ်သည့်တိုင် ထိုဖိအားက နေသူတော်စင်ဂိုဏ်းနှင့် ဟွမ်ကွမ်လီတို့ထက် များစွာကြီးမားသည်။

လက်ရှိတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာက ဟန်ချက်ညီနေဆဲ ဖြစ်သည်။ ဝါဒတောင်အနေဖြင့် တိုက်ခိုက်နိုင်သည် ၊ မဟာမိတ်ဖွဲ့နိုင်သည် ၊ ခုခံနိုင်သည် ၊ အောင်မြင်မှုများစွာလည်း ရရှိနိုင်စွမ်း ရှိသည်။

သို့ပေသိ မိုးမြေတစ်ခုလုံး ချေမှုန်းခံရမည့် ကမ္ဘာဖျက်ကပ်ဘေးကဲ့သို့သော မဟာကပ်ဘေးကြီးတစ်ခု တစ်ဖန်ပြန်လည်ဆင်းသက်လာပါက ယင်းကို မည်သို့ကျော်ဖြတ်နိုင်ပါမည်နည်း။

ရန်ကျောက်ကဲ သက်တမ်းတွင် ထိုမျှကြီးမားပြင်းထန်သည့် ဘေးဆိုးကြီး ကျရောက်နိုင်မည် မဟုတ်ပေ။

သို့သော်...

ရန်ကျောက်ကဲ အချိန်ကြာမြင့်စွာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် သူ့အကြည့်များက ပကတိတည်ငြိမ်နေပြီ ဖြစ်၏။

“မိုင်တစ်ထောင်ခရီးဆိုတာ ခြေတစ်လှမ်းစတာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ထို့နောက် ကျိုးပဲ့နေသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးထက်သို့ လက်ဖဝါးဖြင့် ဖိနှိပ်ချလိုက်သည်။

ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက ကျောက်တိုင်ကြီးအတွင်း စိမ့်ဝင်သွားပြီး ကျောက်တိုင်မျက်နှာပြင်ထက်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်များက ကျောက်တိုင်ထက်မှ သင်္ကေတပုံစံများအတိုင်း စီးဆင်းသွားသည်။

သို့သော် အက်ကွဲကြောင်းတစ်နေရာသို့ ရောက်သည့်အခါ အလင်းရောင်သင်္ကေတများ လေထဲပျံတက်သွားပြီး အလင်းမှုံများအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းပင် အလင်းရောင်တောက်ပနေသော ကျောက်တိုင်ကြီးအတွင်းမှ များပြားလှစွာသော မမြင်ရသည့် တန်ခိုးစွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာပြီး အပြင်ဘက်မှ လေနှင့်သဲ အများအပြားကို တွန်းထုတ်လိုက်သည်။

ပျက်စီးနေသည့် ကျောက်တိုင်အက်ကွဲကြောင်းနေရာကို ကြည့်ရင်း ရန်ကျောက်ကဲမျက်ခုံးများ တွန့်ချိုးလိုက်၏။

ခဏမျှစဉ်းစားပြီးနောက် သူက ကျောက်တိုင်ကြီးအတွင်းသို့ ကြယ်တာရာချီစွမ်းအားများ ထပ်မံထည့်သွင်းလိုက်ပြီး ကျောက်စာတိုင်ထက်မှ သင်္ကေတများအား နောက်တစ်ကြိမ် ထွန်းလင်းစေလိုက်သည်။

အလင်းရောင်သင်္ကေတများသည် ယခင်ကအတိုင်းပင် အက်ကွဲကြောင်းနေရာသို့‌ရောက်သည်နှင့် အလင်းရောင်များ ပိုမိုတောက်ပလာပြီး အဖျတ်ဖျတ်လင်းလက်လာကာ အစစ်အမှန်ဖြစ်တည်မှုအလား ထင်မှတ်ရသည်။

သဏ္ဌန်မဲ့ အမြင်မဲ့သော အလင်းတန်းများသည် ထိုအခိုက်အတန့်တွင် ထင်သာမြင်သာထွက်ပေါ်လာသည်။  နှေးကွေးသည့်တိုင် တည်ငြိမ်သည့်အရှိန်အဟုန်ဖြင့် ကျောက်တိုင်ကြီးကို အားကိုးခြင်းမရှိတော့ဘဲ လေထုထဲသို့ ဆက်လက်ပျံတက်လာကြသည်။

ထိုသို့ဖြင့် အလင်းသင်္ကေတများက ကျောက်တိုင်ပတ်ပတ်လည်တွင် အဆုံးမရှိပြီးပြည့်စုံသည့်အနေအထားဖြင့် ကွင်းဆက်များပမာ ချိတ်ဆက်ဖြစ်တည်လာသည်။

အလင်းသင်္ကေတများက လှည့်ပတ်နေပြီး ချိတ်ဆက်မှုများမှတစ်ဆင့် ပျက်ဆီးနေသည့် ကျောက်တိုင်နေရာများက တဖြည်းဖြည်းပြီးပြည့်စုံလာသည်။ ဝိညာဉ်စွမ်းအားများက ပိုမိုကြီးကျယ်ခမ်းနားလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အဆက်မပြတ် တုန်လှုပ်သွားသည်။

ပျက်ဆီးနေပြီဖြစ်သော ကျောက်တိုင်ကြီး၏ လေးနက်သောအဓိပ္ပါယ်က တဖြည်းဖြည်း ပြီးပြည့်စုံလာကာ နားလည်ရခက်ခဲသည့်တိုင် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေသည်။

ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို စူးစိုက်ကြည့်နေခြင်းမရှိဘဲ မျက်လုံးများကို မှေးမှိတ်ထား၏။

သူ့ဦးနှောက်ထဲတွင် မြင်ကွင်းတစ်ခုက အကောင်းပကတိအတိုင်း ပြန်ပေါ်လာသည်။ သူ့ မှတ်ဉာဏ် အနက်ရှိုင်းဆုံးတစ်နေရာတွင် နစ်ဝင်မြှုပ်နှံထားသည့် ကောင်းကင်ကိုးထကပ်အထက်တွင်ရှိသော ကောင်းကင်ဘုံနန်းတော် မြင်ကွင်းဖြစ်သည်။

ထိုအချိန် သဲကန္တာရကြီးထဲ နစ်မြုပ်နေသည့် ကျောက်တိုင်ကြီးက ရုတ်တရက် တုန်လှုပ်လာသည်။

ကျောက်တိုင်ကြီး လှုပ်ခါသွားသည်နှင့် ထိုအရာ၏ အလယ်ဗဟိုမှ များပြားလှစွာသော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာကာ သဲကန္တာရာလွင်ပြင်ထက်တွင် ခြေသည်းများဖြင့် ကုတ်ခြစ်လိုက်သည့်အလား အက်ကွဲကြောင်းများ အရှိန်အဟုန်ဖြင့် ဖြစ်တည်လာသည်။

ထိုခဏတွင် သဲကန္တာရလွင်ပြင်သည် သမုဒ္ဒရာတစ်ခုပမာ တောရိုင်းလေများ တဟုန်ထိုးတိုတ်ခတ်လာပြီး သဲလှိုင်းများက ဒီရေလှိုင်းများပမာ အရှိန်အဟုန်ဖြင့် မြင့်တက်လာလေရာ အနီးပတ်ဝန်းကျင်မှ သံသောင်ခုံများအားလုံး ပြင်းထန်စွာ လှုပ်ခတ်လာသည်။

ဘေးဘက်တွင်ရပ်နေကြသည့် အားဟူနှင့် ဖန်းယွင်ရှန်းတို့ကတော့ လဲကျမသွားအောင် တည်ငြိမ်စွာ ထိန်းထားနိုင်ကြပြီး တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် မြင်ကွင်းကို ကြည့်နေကြသည်။

ရန်ကျောက်ကဲ၏ အမူအရာကတော့ ပုံမှန်အတိုင်းပင်ဖြစ်သည်။ အတန်ကြာသည့်အခါ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ကျောက်တိုင်ကြီးထဲသို့ ထည့်သွင်းနေသည့် ကြယ်တာရာချီစွမ်းအားများကို ရပ်တန့်လိုက်သည်။

ထိုအခါ လှုပ်ခတ်နေသော သဲကန္တာရာသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် ကျောက်တိုင်ကြီး ပတ်ဝန်းကျင်မှ အက်ကွဲကြောင်းများကတော့ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့ကျဲနေဆဲ ဖြစ်သည်။

ကျောက်တိုင်ကြီးထက်ရှိ အလင်းသင်္ကေတများက လေထုထဲတွင် စုစည်းထားသည့် အလင်းတန်းများပမာ ပြောင်းလဲသွားပြီး ကျိုးပဲ့ပျက်ဆီးနေသော ကျောက်တိုင်ကြီးကို မူလပုံစံအတိုင်း ပြန်လည်ဖြစ်ပေါ်လာစေကာ မပျက်ဆီးမကျိုးပဲ့သေးသည့် အခြေနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။

ကျောက်စာကိုင်ကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးများသွားသည်။

“ဒီ ကျောက်တိုင်ကြီးက အနောက်ဘက်သဲကန္တာရကြီးရဲ့ မြေအနေအထားနဲ့ တစ်သားတည်းကျနေပြီပဲ ၊ ဒီလိုအခြေအနေမျိုးမှာ ကျောက်တိုင်ကြီးကို ဖယ်ထုတ်ချင်တယ်ဆိုရင် ကနဦးသန့်စင်ခြင်းကို အရင်ဆုံး ပြုလုပ်ရလိမ့်မယ်”

ထိုစဉ် ရန်ကျောက်ကဲနံဘေးတွင်ရပ်နေသည့် အားဟူစိတ်ထဲ အနည်းငယ် လှုပ်ရှားသွားသည်။ သူ လှည့်ကြည့်လိုက်တော့ အကြီးအကဲ’လီ’နှင့် သူ့နောက်လိုက်သိုင်းသမားအချို့ ပြန်ရောက်လာသည်ကို တွေ့ရသည်။

သူတို့ကိုကြည့်ရသည်မှာ ရန်ကျောက်ကဲကို တစ်စုံတစ်ခု သတင်းပေးစရာ ရှိနေဟန်ပင်။

***

All Chapters