သဘာဝဘေးအန္တရယ်နှင့်လူတို့လုပ်သည့်ပြဿနာ
Vol. 16 Ch. 219
အကြီးအကဲ’လီ’ ရောက်လာသည်ကိုမြင်တော့ အားဟူက မေးလိုက်၏။
“ဘာဖြစ်တာလဲ”
အကြီးအကဲ’လီ’ က တည်ကြည်လေးနက်သည့် အမူအရာဖြင့်...
“ရာသီဥတုအပြောင်းအလဲဖြစ်သွားတယ် ၊ မကြာခင် နဂါးနက်မုန်တိုင်းတစ်ခု တိုက်ခတ်တော့မယ်ထင်တယ်”
ထိုစကားကြားတော့ အားဟူမှာ ဟန်ဆောင်၍ပင် မပြုံးနိုင်တော့ပေ။
ရန်ကျောက်ကဲနှင့် အနောက်ဘက်သဲကန္တာရကြီးသို့ ခရီးထွက်ရမည်ဆိုကတည်းက ကြိုတင်လေ့လာမှုများ ပြုလုပ်ထားသဖြင့် “နဂါးနက်မုန်တိုင်း” ဆိုသည့် နာမည်ဆိုးကို ကြားဖူးနားဝရှိသည်။
နဂါးနက်မုန်တိုင်းဆိုသည်မှာ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းအမျိုးအစားပင် ဖြစ်သည်။ သို့သော် ဖြစ်ရိုးဖြစ်စဉ်ထက်ကျော်လွန်သွားပြီး ကျဉ်းမြောင်းသည့်ဧရိယာတစ်ခုအတွင်း ရုတ်တရက်စွမ်းအားပြင်းထန်လာကာ ကြောက်မက်ဖွယ်ရာ တိုက်ခတ်လေ့ရှိသော မုန်တိုင်းများ ဖြစ်သည်။
ယေဘူယျဆိုရသော် နဂါးနက်မုန်တိုင်းသည် တိုက်ခတ်ပြီးသည်နှင့် ချက်ချင်းထွက်ခွာသွားတတ်သော်လည်း အဖျက်စွမ်းအားကတော့ ကြောက်ခမန်းလိလိဖြစ်သည်။
ရန်ကျောက်ကဲ လုပ်သည်ကိုအတုယူပြီး အားဟူက မေးစေ့ကိုတစ်ချက်ပွတ်သပ်လိုက်၏။
“အခု ငါတို့လုပ်ထားတဲ့ အစီအရင်တွေက အဲဒီမုန်တိုင်းကို ခံနိုင်ရည်မရှိဘူးလား”
အကြီးအကဲ’လီ’က ခေါင်းညိတ်ရင်း...
“ခက်ခဲလိမ့်မယ် ၊ ကောင်းကင်မှာမြင်ရတဲ့အရိပ်အယောင်တွေအရဆိုရင် ဒီနဂါးနက်မုန်တိုင်းက အရမ်းပြင်းထန်နိုင်တယ် ၊ ကျွန်တော်တို့ လက်ရှိအသုံးပြုထားတဲ့ နည်းလမ်းတွေက အဲဒီမုန်တိုင်းကို ခံနိုင်ရည်ရှိဖို့ ခက်လိမ့်မယ်”
အားဟူက နှုတ်ခမ်းကိုလက်ဖြင့်ပွတ်လိုက်ရင်း...
“သခင်လေးကို ပြောပြပြီး ညွှန်ကြားချက်တောင်းမှ ဖြစ်မယ်”
အားဟူတင်ပြလာသည့်စကားကို နားထောင်ပြီးနောက် ရန်ကျောက်ကဲ လေးလေးနက်နက် စဉ်းစားလိုက်သည်။
“ကိစ္စမရှိပါဘူး ၊ အားလုံးကို ဒီကျောက်တိုင်ကြီးအနားကို စုဝေးခိုင်းလိုက် ၊ နဂါးနက်မုန်တိုင်းတိုက်ခတ်လာရင် ငါဖြေရှင်းမယ်”
သူက ဆက်ပြောသည်။
“လောလောဆယ်တော့ ဒီကျောက်တိုင်ကြီးကို ကနဦးသန့်စင်ဖို့အတွက် နည်းလမ်းရှာနေတယ် ၊ ဒီအတိုင်း ပြန်သွားမယ်ဆိုရင် ငါကြိုးစားထားသမျှ အလကားဖြစ်သွားမှာ အသာထား ၊ ဒီကျောက်တိုင်ကြီး သဲကန္တာရအောက်ထဲ လုံးလုံးမြုပ်သွားလိမ့်မယ် ၊ အဲဒါဆိုရင် ပြန်ထုတ်ချင်ရင်တောင် မလွယ်တော့ဘူး”
သူစကားကြားသည်နှင့် အားဟူက ခေါင်းညိတ်ရင်း...
“နားလည်ပါပြီ ၊ ကျွန်တော် အခုပဲ သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်”
လူထွားကြီးက လှည့်ထွက်သွားပြီး အကြီးအကဲ’လီ’ ရှိရာသို့ ပြန်လာကာ ရန်ကျောက်ကဲ၏ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။
အကြီးအကဲ’လီ’က ရန်ကျောက်ကဲကို စိုးရိမ်တကြီး တစ်ချက်လှမ်းကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပါပြီ ၊ ဒီအဘိုးကြီး တခြားသူတွေကို အကြောင်းကြားလိုက်ပါ့မယ်”
ထို့နောက် ဟိုဟိုဒီဒီ လူစုကွဲနေကြသူများအားလုံး ကျောက်တိုင်ကြီးရှိရာသို့ စုဝေးရောက်ရှိလာကြသည်။ သို့သော် အကြီးအကဲ’လီ’၏ အစီအစဉ်များအတိုင်း သူတို့က ရန်ကျောက်ကဲနှင့် ကျောက်တိုင်ကြီးအနားသို့ အရမ်းကာရော ချဉ်းကပ်သွားခြင်း မပြုလုပ်ကြပေ။
အားလုံးက ကျောက်တိုင်ကြီးကို ဗဟိုပြုကာ ကျောခိုင်းမတ်တတ်ရပ်လျှက် ပတ်ဝန်းကျင်အန္တရယ်များကို နိုးနိုးကြားကြား သတိထားနေကြသည်။ သို့ပေသိ အလင်းရောင်များတောက်ပနေသော သူတို့အနောက်ဘက်မှ ကျောက်တိုင်ကြီးက လူတိုင်း၏ စိတ်အာရုံကို စွဲဆောင်လျှက် ရှိ၏။
ဘာကြောင့် ထိုသို့စွဲဆောင်နေသည်ကို ရှင်းလင်းစွာ မသိကြသည့်တိုင် ကျောက်တိုင်ကြီးထက်မှ အလင်းသင်္ကေတများကို ကြည့်ရုံဖြင့် အဆုံးမရှိနက်နဲသော သဘောတရားများကို ခံစားကြရသည်။
ပြီးတော့ ကျောက်တိုင်အောက်ခြေနားတွင် ရပ်နေသည့် ရန်ကျောက်ကဲက တဖြည်းဖြည်း ကျောက်တိုင်ကြီးနှင့် တစ်သားတည်းကျသွားသည်ဟု သူတို့ခံစားရသည်။
အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်ထားသော ယောက်ရှန်းက ရန်ကျောက်ကဲကို ရုတ်တရက်လှည့်ကြည့်လိုက်ပြီး ကျောက်တိုင်ကြီးကိုပါ အကဲခတ်လိုက်သည်။
“အရည်အချင်းတော့ ရှိသားပဲ ၊ ဒါပေမဲ့ ရထားတဲ့အဆင့်အတန်းတွေနဲ့တော့ မထိုက်တန်ပါဘူး”
ဟု စိတ်ထဲက ရေရွတ်လိုက်သည်။
သူ့နံဘေးတွင်ရပ်နေသည့် ယောက်ရှန်းအဖြစ် ဟန်ဆောင်ထားသူက ကြယ်တာရာချီစွမ်းအားဖြင့် အသံပို့လွှတ်ကာ စကားဆိုသည်။
“ဒီ အကြွင်အကျန်ပစ်စည်းကို စူးစမ်းလေ့လာဖို့ သူ ဒီကိုရောက်လာတာ မဟုတ်လား ၊ အခု သူ ဘာလုပ်ဖို့ စဉ်းစားနေတာလဲ ၊ သူ့အစွမ်းသူ့အစနဲ့ ဒီကျောက်တိုင်ကြီးကို သဲကန္တာရထဲကနေ ဖယ်ထုတ်ချင်နေတာလား ၊ အရင်က ဝါဒတောင်က ထိပ်တန်းသိုင်းဆရာသခင်တွေ ရောက်လာတုန်းကတောင် ဒီ ကျောက်တိုင်ကြီးကို ဆွဲမထုတ်နိုင်ခဲ့ကြဘူးလေ”
အကြီးအကဲ’လီ’ က ခဏမျှ စဉ်းစားလိုက်ရင်း...
“ကြည့်ရတာ လုပ်ဖို့ရည်ရွယ်ချက် ရှိတယ်ထင်တယ် ၊ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ မပြောတတ်ဘူး”
ယောက်ရှန်းက ခပ်ပေါ့ပေါ့ ရယ်မောလိုက်ရင်း...
“သူ့မှာ နည်းလမ်းရှိတယ်ဆိုရင်တောင်မှ နဂါးနက်မုန်တိုင်း မကြာခင်ရောက်လာတော့မယ် ၊ သူ့အတွက် အချိန်သိပ်မကျန်တော့ပါဘူး”
အကြီးအကဲ’လီ’က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
“ဒီ အကြွင်းအကျန်ပစ္စည်းကို ဝါဒတောင်က အတော်လေး တန်ဖိုးထားပုံရတယ် ၊ အကြီးအကဲ’လီ’လို လုပ်ငန်းဆိုင်ရာအကြီးအကဲတစ်ယောက်က ရန်ကျောက်ကဲကို လိုက်ပို့ပေးတယ် ၊ ဝါဒတောင်နယ်မြေအပြင်ဘက်ဖြစ်လို့လည်း သူ့လုံခြုံရေးကို အထူးဂရုစိုက်တယ် ၊ ဒါကြောင့် ငါတို့ဂိုဏ်းရဲ့ သိုင်းဆရာသခင်တွေ အနားမကပ်နိုင်ဘဲ အဝေးကနေဘဲ နဂါးနက်မုန်တိုင်းတိုက်ခတ်လာအောင် လှုံ့ဆောက်ပေးနိုင်ကြတယ် ၊ မုန်တိုင်းကျလာရင်တော့ ငါတို့လှုပ်ရှားရမယ့်အချိန်ရောက်ပြီ”
ယောက်ရှန်းက ထိုစကားကြားတော့ ခေါင်းညိတ်သည်။
“နဂါးနက်မုန်တိုင်းရဲ့ ကြောက်စရာတိုက်ခတ်မှုက အခြေအနေတွေကို သေချာပေါက် ကမောက်ကမ ဖြစ်စေမှာပဲ ၊ အဲဒီအချိန် လှုပ်ရှားဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်”
အကြီးအကဲ’လီ’က...
“နဂါးနက်မုန်တိုင်းက အခြေအနေတွေကို ရှုတ်ထွေးစေရုံသာမကဘူး ၊ အရေးကြီးဆုံးက သူ့ရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ထိန်းချုပ်နိုင်စွမ်းကိုလည်း ဖြိုခွဲပစ်နိုင်တယ် ၊ မဟုတ်ရင် ငါတို့လှုပ်ရှားမယ်ဆိုရင်တောင် အောင်မြင်ဖို့ခက်တယ် ၊ ပြီးတော့ သူ့အနားမှာ တစ်ဖဝါးမခွာရှိနေတဲ့ ကိုယ်ရံတော်ကလည်း ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်လေ ၊ ငါတို့လှုပ်ရှားတဲ့အခါ အဲဒီလူ အာရုံမစိုက်မိအောင် လုပ်ရမယ်”
သူက ပင့်သက်တစ်ချက်ရှိုက်ရင်း ဆက်ပြောသည်။
“အချိန်ကျရင် အဲဒီကိစ္စကို မင်းလုပ်လိုက် ၊ ဒါပေမဲ့ လုပ်နိုင်တာထက်လည်း ပိုမလုပ်နဲ့ ၊ သူ့ကို ရန်ကျောက်ကဲရဲ့အဝေးကို ပထုတ်နိုင်ရင် အဆင်ပြေပြီ”
ယောက်ရှန်းက ခေါင်းညိတ်ရင်း...
“စိတ်အေးအေးထားပါ ၊ ငါ နားလည်ပါတယ်”
အကြီးအကဲ’လီ’၏ မျက်ဝန်းများထဲတွင် အေးစက်သည့်အလင်းတန်းတစ်ခု လင်းလက်သွားသည်။
“ကျန်းဒေါ်ဂီ... မင်းက ငါတို့ အနက်ရောင်အိပ်မက်ဆိုး မျိုးဆက်ကို အဆုံးသတ်လိုက်နိုင်ပြီလို့ ထင်နေသလား ၊ အခု ငါတို့က မင်းရဲ့ တပည့်သားမြေးတွေကို ပြစ်ဒဏ်ခတ်တဲ့အချိန် ကျရောက်လာတာ့မယ် ၊ ငါတို့မျိုးနွယ်တွေ ပျောက်ကွယ်မသွားသေးပါဘူး ၊ မင်းတို့ဝါဒတောင်ကို အဆုံးထိတိုက်ပွဲဝင်သွားဖို့ စောင့်နေကြတယ်”
အနက်ရောင်အပ်မက်ဆိုးတောင်မှ ကြွင်းကျန်သူ (၂)ယောက်သည် ကျောက်တိုင်အောက်ခြေတွင် ရှိနေသည့် ရန်ကျောက်ကဲအား စိတ်ထဲကမပါသည့်တိုင် အလွန်လေးစားသည့် အမူအရာဖြင့် ကြည့်နေကြသည်။
ကျောက်တိုင်အောက်ခြေတွင် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲက သူ့လက်ဖဝါးကို နောက်တစ်ကြိမ်ဆန့်ထုတ်ပြီး ကျောက်တိုင်မျက်နှာပြင်ထက်သို့ ဖိကပ်လိုက်သည်။
သူ့လက်ခုံထက်တွင် များပြားလှစွာသော အလင်းသင်္ကေတများ တုန်လှုပ်ဖွယ်ရာ ထွက်ပေါ်လာပြီး ကျောက်တိုင်၏ အပြင်ပိုင်းနှင့် တစ်သားတည်းကျသွားသည်။
ကျောက်စာတိုင်ထက်မှ အလင်းသင်္ကေတများက ကျောက်စာတိုင်တစ်လျှောက်နှင့် ရန်ကျောက်ကဲလက်ခုံကို လှည့်ပတ်နေပြီး ရေစီးကြောင်းတစ်ခုအလား သူ၏လက်ကောက်ဝတ်နှင့် လက်ဖျံထိတိုင် ပျံ့နှံ့သွားသည်။
ရန်ကျောက်ကဲ စိတ်အာရုံထဲတွင် ပုံသဏ္ဌန်များနှင့် မရေမတွက်နိုင်သော မြင်ကွင်းများ ထွက်ပေါ်လာသည်။
လျှပ်တပြက်အတွင်း ကြီးမားသည့်လက်ဖဝါးကြီးတစ်ဖက်က ကောင်းကင်ထက်မှ ကျဆင်းလာကာ ကောင်းကင်ဘုံနန်းတော်ကို ရိုက်ချလိုက်သည်။
ထိုမြင်ကွင်းကိုတွေ့တော့ ရန်ကျောက်ကဲ ရုတ်တရက် သတိဝင်လာပြီး လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာသည်။
ကန္တာရအတွင်းမှ ကြီးမားလှသော ကျောက်တိုင်ကြီးသည် တောင်တန်းများ လှုပ်ခါသကဲ့သို့ လှုပ်ခါလာသည်။ မြေပြင်တစ်ခုလုံးလည်း လှုပ်ခါလာပြီး ရေလှိုင်းလုံးများကဲ့သို့ သဲလှိုင်းလုံးကြီးများက မြေပြင်ထက် အဆက်မပြတ် မြင့်တက်လာကာ စီးဆင်းသွားသည်။
ဘေးနားတွင်ရှိနေသည့် အားဟူ ၊ ဖန်းယွင်ရှန်း ၊ ပန်ပန် ၊ အကြီးအကဲ’လီ’ နှင့် အခြားသူများအားလုံး ငလျင်ဒဏ်ကြောင့် ဒယိမ်းဒယိုင် ဖြစ်ကုန်ကြသည်။
နောက်ဆုံး ငလျင်ရပ်တန့်သွားပြီး မြေပြင်သည်လည်း တစ်ဖန် ငြိမ်သက်သွား၏။
ကျောက်တိုင်ကြီးကတော့ ကန္တာရထဲတွင် အမြစ်တွယ်နေသည့်အလား နေရာတွင်ပင် မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်သည်။
အကြီးအကဲ’လီ’ နှင့် ယောက်ရှန်းတို့၏ မျက်ဝန်းများထဲတွင် ရန်ကျောက်ကဲကို လှောင်ပြောင်သရော်ခြင်းများဖြင့် ပြည့်နက်နေသည့်တိုင် သူတို့က ကောင်းစွာ ဟန်ဆောင်ဖုံးကွယ်ထားကြသည်။
သူတို့က အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်း...
“လာနေပြီ...”
ငလျင် ရပ်တန့်သွားချိန်တွင် ကောင်းကင်ထက်မှ မုန်တိုင်းက ပိုမိုအားကောင်းသည်ထက် အားကောင်းလာသည်။
သူတို့အရှေ့မှ ကောင်းကင်က လုံးဝမှောင်အတိကျသွားသည်။ ကြောက်မက်ဖွယ်ရာ အနက်ရောင်ဟာရီကိန်းမုန်တိုင်းကြီး ထွက်ပေါ်လာပြီး မုန်တိုင်းထဲတွင် မိုးမြေတစ်ခွင့် ပုန်းအောင်းနေသည့် နဂါးနက်များစွာ ရစ်ခွေလှည့်ပတ်နေသည့်အလား ထင်မှတ်ရ၏။
အနက်ရောင်ဟာရီကိန်းသည် ဒေါသတကြီး ကျယ်လောင်စွာ မြည်ဟည်းလျှက် မိုးမြေတစ်ခွင်ဖုံးလွှမ်းသွားကာ သူတို့ရှိရာသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည်။
အရှိန်အဟုန်ဖြင့်အားကောင်းလာသည့် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကြီးကို ရန်ကျောက်ကဲ လည်ပြန်လှည့်ကြည့်လိုက်သည်။
မုန်တိုင်းအောက်တွင် ပတ်ဝန်းကျင်၌ ပြုလုပ်ထားသော များပြားလှစွာသည့် အစီအရင်များအားလုံး တုန်လှုပ်သွားသည်။
ရုတ်တရက်ဖြစ်ပေါ်လာသည့် နဂါးနက်မုန်တိုင်းသည် အစီအင်နှင့် အရံအတားများ၏ ခံနိုင်ရည်ကို ကျော်လွန်သွားခဲ့၏။
သဲကန္တာရထဲ မကြာခဏခရီးထွက်လေ့ရှိသူများက ရုတ်တရက် ကျရောက်လာတတ်သည့် နဂါးနက်မုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားလေ့ရှိကြသည်။ ယခုလည်း အကြီးအကဲ’လီ’ တို့အုပ်စုက ထိုသို့သော ကြိုတင်ပြင်ဆင်မှုများကို ချက်ချင်းအသုံးပြုကာ အစီအရင်များကို တည်ငြိမ်စေလိုက်သည်။
သို့သော် ဤသည်က အချိန်ခဏသာလျှင် ထိန်းထားနိုင်မည် ဖြစ်သည်။ အချိန်ကြာသွားသည်နှင့် အစီအရင်က ပြိုကျပျက်စီးသွားပေမည်။
အားလုံး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် ကျောက်တိုင်ကြီးက မြင့်မားစွာ ရပ်တည်နေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့်...
“အားလုံးပဲ ငါရှိတဲ့နေရာကို လာကြပါ...”
သူတို့အားလုံး ရန်ကျောက်ကဲနှင့် ကျောက်တိုင်ကြီးအနီးသို့ ရောက်လာကြသည်။
ထိုအချိန် သူတို့နောက်မှ ကြောက်မက်ဖွယ်ရာ မုန်တိုင်းကြီးသည် ကောင်းကင်တစ်ခုလုံးကို ဒေါသတကြီး လွှမ်းခြုံသွားပြီး အနက်ရောင်လှိုင်းလုံးကြီးများပမာ ဖြတ်ကျော်ဝင်ရောက်လာသည်။
အကြီးအကဲ’လီ’နှင့် ယောက်ရှန်းတို့သည်လည်း သူတို့မျက်ဝန်းများအတွင်းမှ အေးစက်သည့်အလင်းရောင်ကို ဟန်ဆောင်ဖုံးကွယ်ကာ အခြားသူများနှင့်အတူ ရန်ကျောက်ကဲရှိရာသို့ အပြေးအလွှား သွားကြလေ၏။
***