အကူအညီပေးတဲ့အနက်ရောင်အိပ်မက်ဆိုးတောင်
Vol. 16 Ch. 220
သူတို့အားလုံး ရန်ကျောက်ကဲနှင့် ကျောက်တိုင်ကြီးအနီးတစ်ဝိုက် စုဝေးလိုက်ကြသည်။ ကျောက်တိုင်ကြီး၏ မျက်နှာပြင်က ရွှေရောင်အလင်းတန်းများ တောက်ပနေ၏။
အလင်းသင်္ကေတများက သိပ်သည်းသွားပြီး ကျိုးပျက်နေသည့် ကျောက်တိုင်ကြီး၏ အစိတ်အပိုင်းများက လေထုထဲတွင် တဖြည်းဖြည်း ပြန်လည်ဖြစ်တည်လာသည်။
ကျောက်တိုင်အောက်ခြေတွင် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲက လက်တစ်ဖက်ဖြင့် ကျောက်တိုင်မျက်နှာပြင်ကို ဖိနှိပ်ထားပြီး အခြားလက်တစ်ဖက်ကတော့ လက်ညိုးလက်ခလယ်ဖြင့် သူ၏စွမ်းအင်ဗဟိုချက် ချီပင်လယ်နေရာကို ဖိနှိပ်ထားသည်။
သူ့မျက်ဝန်းများက သူတို့ရှိရာဝင်ရောက်လာသည့် နဂါးနက်မုန်တိုင်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။
အကြီးအကဲ’လီ’နှင့် ယောက်ရှန်းတို့က ရန်ကျောက်ကဲ ၊ အားဟူနှင့် ရန်ကျောက်ကဲဘေးနားတွင်ရပ်နေသည့် ပန်ပန်တို့ကို အကဲခတ်နေသည်။
သူတို့ထံသို့ လှိမ့်ဝင်လာသည့် မုန်တိုင်းကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ တွက်ချက်မှုများကို မနားမနေပြုလုပ်ကာ မျက်ဝန်းအစုံက တောက်ပနေ၏။
သူ၏စွမ်းအင်ဗဟိုချက်အတွင်းမှ ကြည်လင်သောချီစွမ်းအားများ ဘေးနှစ်ဖက်သို့ ပျံ့နှံ့သွားပြီး အတွင်းမှ ပရမ်းပတာချီစွမ်းအားအစုအဝေးက အဆက်မပြတ်ထွက်ပေါ်လာသည်။
ကြယ်တာရာချီစွမ်းအားများက အံ့သြဖွယ်ကောင်းပြီး ထူးခြားသောစည်းချက်ဖြင့် ရုတ်တရက် စီးဆင်းသွားသည်။ အနည်းငယ် အားနည်းဟန်ရှိသည့်တိုင် အလွန်ခိုင်မာသော ချီစွမ်းအားများဖြစ်၏။
ထိုချီစွမ်းအားများ၏တည်ရှိမှုကို အခြားသူများ သိမြင်နိုင်ခြင်း မရှိပေ။ သိမြင်နိုင်လျှင်တောင်မှ ထိုအရာကို နားလည်နိုင်ခြင်းမရှိသလို မည်သို့သောအရာဖြစ်မှန်း ခွဲခြားနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ၏ လက်ဖဝါးမှတစ်ဆင့် ကြယ်တာရာချီစွမ်းအားများက ကျောက်တိုင်ကြီးအတွင်းသို့ ဝင်ရောက်သွားပြီး အလင်းသင်္ကေတများကို ပို၍တောက်ပလာစေသည်။
ရန်ကျောက်ကဲအနားသို့ အပြေးအလွှားရောက်ရှိလာကြသူများက ထိတ်လန့်အံ့သြစွာဖြင့် ကျောက်တိုင်ကြီးကို ကြည့်နေကြသည်။
နောက်သို့လှည့်ကြည့်မည်ဆိုလျှင် ကြောက်မက်ဖွယ်ရာ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းသည် ကောင်းကင်ထက်သို့တက်လိုက် မြေပြင်ထက်ဆင်းသက်လာလိုက်နှင့် ရက်စက်ကြမ်းတမ်းသော နဂါးနက်အုပ်စုကြီး ချီတက်လာသည့်အလား ထင်မှတ်ရသည်။
မုန်တိုင်းဖြတ်သွားသည့်နေရာတိုင်းတွင် လျှိုမြောင်ကြီးတစ်ခု ဖြစ်ကျန်ခဲ့ပြီး ပတ်ဝန်းကျင်မှ သဲများက ထိုလျှိုမြောင်ချောက်နက်ကြီးအတွင်း အရှိန်းပြင်းစွာ ပြိုကျကုန်သဖြင့် သဲကန္တာရတစ်ခုလုံး ပရမ်းပတာ အခြေအနေ ကျန်ရစ်ခဲ့သည်။
ရန်ကျောက်ကဲ၏အမြင်အာရုံထဲတွင် သေးငယ်သည့် သံမှုံလေးများကိုပင် မြင်တွေ့နေရသည်။ မုန်တိုင်းထဲသို့ ရောက်ရှိသွားသည့် သဲမှုံငယ်လေးများသည်ပင် မြူမှုံတစ်ဝက်ခန့်အထိ သေးငယ်စွာ ကွဲကြေသွားစေသည်အထိ မုန်တိုင်းက ပြင်းထန်ကြောင်း တွေ့မြင်နေရ၏။
ဟာရီကိန်းမုန်တိုင်း တိုက်ခတ်လာချိန် သဲကန္တာရာထဲ ခိုင်မာစွာနစ်မြုပ်နေသည့် ကျောက်တိုင်ကြီးကတော့ ထိုင်စန်းတောင်ကြီးအလား တည်ငြိမ်နေသည်။
သို့သော် သဲကန္တာရမျက်နှာပြင်ထက် မတ်တတ်ရပ်နေသူများကတော့ လွတ်မြောက်ရန် ခဲယဉ်းပေးလိမ့်မည်။ ပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အားလုံး အသက်ပျောက်ဖွယ်ရာသာ ရှိသည်။
မုန်တိုင်းက မျက်စိရှေ့ရောက်နေသည့်တိုင် ရန်ကျောက်ကဲက ဘာမှမလှုပ်ရှားသေးသည့်အတွက် အားလုံး အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသည်။
မည်သူမှ ရုန်းရင်းဆန်ခတ် ထိတ်လန့်သည့်အမူအရာ မပြကြသော်လည်း သူတို့၏မျက်ဝန်းများတွင် စိုးရိမ်စိတ်များ ဖုံးမနိုင်ဖိမရ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ ဆုံးဖြတ်ချက်ကြောင့် အားလုံးက နဂါးနက်မုန်တိုင်းကို ရှောင်တိမ်းရန် နောက်ပြန်မဆုတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ ကြောက်မက်ဖွယ်ရာ နဂါးနက်မုန်တိုင်း ရောက်ရှိလာပြီ ဖြစ်သည်။ ရန်ကျောက်ကဲသာ ထိုမုန်တိုင်းကို ဖြေရှင်းရန် နည်းလမ်းမရှိပါက သူတို့အားလုံး ဤနေရာတွင် သေဆုံးကြရပေမည်။
ရန်ကျောက်ကဲကိုယ်တိုင်လည်း အန္တရယ်ကို ရင်ဆိုင်ရမည်ဖြစ်ရာ ထိုလူငယ်လေးသည် သူတို့အားလုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် တမင်သက်သက် သေလမ်းပို့သည်တော့ မဖြစ်နိုင်ပေ။
သို့ပေသိ မုန်တိုင်းက သူတို့အားလုံးအပေါ် ကျရောက်လာသည်အထိ ရန်ကျောက်ကဲက တစ်စုံတစ်ရာ မတုံ့ပြန်လေရာ လူတိုင်း အလွန်စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။
အကြီးအကဲ’လီ’ နှင့် ယောက်ရှန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အကြီးအကဲ’လီ’ က...
“သူက မုန်တိုင်းကိုကာကွယ်ဖို့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို အသုံးမပြုဘူးလား ၊ အဲဒီပစ္စည်းကို မသုံးဘူးဆိုရင် သူက ဘယ်လိုယုံကြည်ချက်မျိုးနဲ့ ဒီနေရာမှာ ဆက်နေတာလဲ”
ယောက်ရှန်းက...
“သူသာ အထွတ်ထိပ်မှော်ဝင်ပစ္စည်း မသုံးဘူးဆိုရင် ငါတို့ ဒီနဂါးနက်မုန်တိုင်းကိုတောင် ဖန်တီးစရာမလိုဘူး ၊ အခုတော့ ငါတို့ပါ မုန်တိုင်းထဲမှာ သောက်ပြဿနာတက်တော့မယ်”
အကြီးအကဲ’လီ’၏အကြည့်များ မှိုင်းညို့သွားသည်။
“ငါတို့လည်း နောက်ပြန်ဆုတ်လို့ မရတော့ဘူးဆိုတော့ တကယ်တမ်းသာ ဒီလိုဖြစ်လာခဲ့ရင် ကံတရားအတိုင်းပါပဲ ၊ လောတစ်ခုလုံးကို ဖိန့်ဖိန့်တုန်စေတဲ့ ၊ အသက် (၂၀)ကျော်နဲ့ သိုင်းပညာရှင်အဆင့်ကိုရောက်နေတဲ့ ဝါဒတောင်က ပထမအဆင့်ပါရမီရှင် လူငယ်လေးကို ငါတို့နဲ့အတူ သေလမ်းခေါ်သွားနိုင်မယ်ဆိုရင် ငါတို့အတွက် အရှုံးမရှိပါဘူးလေ”
ထို့နောက် သူက အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း...
“သတိတော့ထားဟေ့ ၊ ဒီကောင်က တစ်ကိုယ်ကောင်းဆန်တဲ့ကောင်ဖြစ်နေရင် နောက်ဆုံးအချိန်ကျမှ ငါတို့အားလုံးကို သေလမ်းမှာထားခဲ့ပြီး သူက ကိုယ်လွတ်ရုန်းသွားတာမျိုး လုပ်နိုင်တယ် ၊ တကယ်လို့ အဲဒီလိုဖြစ်လာရင် နောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ့ကို သတ်ပစ်လိုက်”
အချိန်တိုအတွင်းမှာပင် ကြောက်မက်ဖွယ်ရာမုန်တိုင်းက သူတို့အားလုံးရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
သူတို့အားလုံး၏ အလယ်ဗဟိုတွင် ရှိနေသော ကျောက်တိုင်ကြီးနှင့် အနည်းငယ် အလှမ်းဝေးသူများဆိုလျှင် မြေပေါ်တွင် မရပ်နိုင်တော့ဘဲ လေထဲလွင့်ပါတော့မည့်အလား ဖြစ်နေကြသည်။
အားလုံးမျက်နှာပျက်လျှက် ရှိကြ၏။
ကြီးမားသည့်အန္တရယ်ကြီး ကျရောက်တော့မည်ဖြစ်ပြီး လူတိုင်းအပေါ် သေမင်းအရိပ်က လွှမ်းမိုးနေပေပြီ။
ထိုအချိန်...
ရန်ကျောက်ကဲ၏လက်များက ကျောက်တိုင်ပေါ်သို့ ဖိကပ်လိုက်သည်။
အလင်းသင်္ကေတများ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကျောက်တိုင်ကြီးအပြင်ဘက်သို့ အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအလင်းတန်းများက ကွင်းဆက်သံကြိုးများနှင့်ဆင်တူပြီး မုန်တိုင်းလေပွေကြီးအတွင်းသို့ လျှပ်စီးကြောင်းများပမာ ပစ်လွှတ်ဝင်ရောက်သွားသည်။
ထိုအခိုက်အတန့်တွင် အချိန်က အေးခဲရပ်တန့်သွားသည့်အလား ထင်မှတ်ရသည်။
ကြောက်မက်ဖွယ်ရာ နဂါးနက်မုန်တိုင်းကြီးသည် လေထုအလယ်တွင် ခေတ္တရပ်တန့်သွားပြီး တောက်ပသောအလင်တးန်းများက အနက်ရောင်လေပွေများအတွင်း ပျံ့နှံ့သွားပြီး မုန်တိုင်းနှင့်ရောနှောသွားကာ ပန်းချီကားတစ်ချပ်အလား ငြိမ်သက်နေသည်။
အချိန်တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ပြင်းထန်သည့်မုန်တိုင်းက တစ်ဖန်လည်ပတ်လာပြီး ရန်ကျောက်ကဲတို့ရှိရာသို့ ရွေ့လျားလာနေသည်။
သို့သော် ချက်ချင်းပင် လူတိုင်း၏ခြေထောက်အောက်ရှိ သဲမြေထက်တွင် ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
များပြားလှစွာသော ဝိညာဉ်သင်္ကေတအလင်းတန်းများက လေထဲသို့ လွင့်ပျံသွားပြီး သူတို့အားလုံးကို ဖုံးအုပ်ကာ မုန်တိုင်းအန္တရယ်မှ ကာကွယ်ပေးထားသည်။
ကျောက်တိုင်ကြီးမှာ ရောင်ဝါများထွက်ပေါ်လာပြီး လေထဲသို့ ကြမ်းတမ်းပြင်းထန်စွာ ခုန်ပေါက်တက်သွားပြီး အနက်ရောင်လေပွေလှိုင်းများဖြင့် ရင်ဆိုင်နေသည်ကိုကြည့်ရင်း လူတိင်း ထိတ်လန့်တုန်လှုပ်လျှက် ရှိကြသည်။
ရန်ကျောက်ကဲက အသက်တစ်ချက်ရှူထုတ်လိုက်ပြီး ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။
“သိပ်သည်းသွားစမ်း...”
အလင်းသင်္ကေတများက ကျောက်တိုင်ကြီး၏ ပျက်စီးကျိုးပဲ့နေသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရင်း အဆက်မပြတ် တောက်လောင်လျှက်ရှိသည်။
ကျိုးပဲ့နေသည့် ကျောက်တိုင်ကြီးသည် တဖြည်းဖြည်း မူလအတိုင်း အကောင်းပကတိ ပြန်လည်ဖြစ်တည်လာပေတော့မည်။
အကြီးအကဲ’လီ’ ၊ ယောက်ရှန်းနှင့် အားလုံးသောလူများက မြင်ကွင်းကို တအံ့အသြစိုက်ကြည့်ရင်း မှင်တက်လျှက် ရှိကြသည်။
“သူက ဒီကျောက်တိုင်ကြီးကို အနောက်ဘက်သဲကန္တာရကြီးထဲကနေ တကယ်ဆွဲထုတ်မလို့လား ၊ ထိပ်တန်းအဆင့် သိုင်းဆရာသခင်တွေတောင် မလုပ်နိုင်တာ ၊ သူက လုပ်နိုင်ပါ့မလား”
အားလုံးစိတ်ထဲ ထိုသို့တွေးမိကြသည်။
ကျိုးပျက်နေသည့်ကျောက်စာတိုင်သည် ပကတိအကောင်းအတိုင်း ဖြစ်တည်လာပြီး မူလပုံဏ္ဌန်အတိုင်း အင်္ဂါရပ်စုံလင်သွားပြီး အလင်းရောင်များတောက်ပလာသည်။
ရန်ကျောက်ကဲက နောက်တစ်ကြိမ် ကျုံးဝါးလိုက်သည်။
“တက်...”
ရန်ကျောက်ကဲ၏ အော်ဟစ်သံနှင့်တူ ကျောက်တိုင်မှ ဖြာလင်းထွက်ပေါ်နေသည့် သံကြိုးပုံစံအလင်းတန်းများက ရုတ်ချည်း တင်းမာသွားသည်။
ထို့နောက် စောစောက နဂါးနက်မုန်တိုင်းကြီးအတွင်း ဝင်ရောက်ချည်နှောင်ထားသည့် အလင်းတန်းများ လင်းလက်သွားကာ အနက်ရောင်လေပွေလှိုင်းများကို ကျောက်စာတိုင်ရှိရာသို့ ဆွဲခေါ်လိုက်သည်။
စောစောက လူသားအားလုံး၏ သေခြင်းတရားကို ခြိမ်းခြောက်နေသော နဂါးနက်မုန်တိုင်းကြီးသည် ယခုတော့ နတ်ဘရားစွမ်းအားများအလား တောက်ပနေသည့် သံကြိုးပမာအလင်းရောင်များကြား လှည့်ပတ်တိုက်ခတ်လျှက် ကျောက်တိုင်ကြီးဆီသို့ ဝင်ရောက်လာသည်။
ကျောက်တိုင်ကြီးအောက်မှ ကန္တာရသဲမြေက အရင်က တစ်ခါမှ မဖြစ်ဘူးသည့် တုန်လှုပ်မှုမျိုးဖြင့် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ထိုခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံးရှိ မိုးမြေတစ်ခွင်က သဲမြေပြင်နှင့်အတူ တုန်ခါနေသည်။
အားလုံးက ကြောက်ရွံ့တုန်လှုပ်စွာကြည့်နေကြစဉ် သဲကန္တာရကြီးနှင့် လုံးလုံးလျားလျား ပေါင်းစည်းနေဟန်ရှိသော အဆိုပါ ကျောက်တိုင်ကြီးသည် အဆုံးမရှိသော အလင်းတန်းများတောက်ပလျှက် မြေပြင်ထက်မှ ကြွတက်လာသည်။
ကြီးမားလှသော ကျောက်တိုင်ကြီးသည် သဲကန္တာရအတွင်းမှ ဖြည်းဖြည်းချင်းထွက်ပေါ်လာပြီး အဆုံးသတ်တွင် သဲမြေအတွင်းမှ လွတ်မြောက်သွားသည်။
လူတိုင်းခြေဖဝါးအောက်ရှိ သဲမြေပြင်က အဆက်မပြတ် တုန်ခါလာပြီး သူတို့ကို မုန်တိုင်းရန်မှ ကာကွယ်ပေးထားသည့် အလင်းတန်းများက အဆက်မပြတ် အားနည်းလာသည်။
သို့ပေသိ ပြင်းထန်သည့် မုန်တိုင်းကြီးသည် သူတို့အားလုံးအပေါ် သက်ရောက်ခြင်းမရှိတော့ဘဲ ကျောက်စာတိုင်ကြီး စက်သီးဖြင့်ဆွဲနှုတ်သည့်အလား ဆွဲနှုတ်ပစ်ရန်သာ အာရုံစိုက်နေတော့၏။
မြင်ကွင်းကိုကြည့်ရင်း ဘာဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း မသိကြသည့်တိုင် ဤကမ္ဘာတွင် ရန်ကျောက်ကဲ အဘယ့်ကြောင့် နာမည်ကြီးရသည်ကို သူတို့အားလုံး တဖြည်းဖြည်း သဘောပေါက်လာကြသည်။
“သူက အနောက်ဘက်သဲကန္တာရကြီးမှာ ကြုံတွေ့ရတဲ့ သဘာဝဘေးအန္တရယ်ကို အသုံးချပြီး သဲကန္တာရနဲ့တစ်သားတည်း နစ်ဝင်နေတဲ့ ကျောက်တိုင်ကြီးကို ကျွတ်ထွက်အောင်လုပ်လိုက်တာပဲ...”
လူတိုင်းစိတ်ထဲ ရန်ကျောက်ကဲကို မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။
“သိုင်းပညာရှင်အဆင့်နဲ့ သဘာဝဖြစ်စဉ်တွေရဲ့စွမ်းအားကို အသုံးချနိုင်တာပဲ ၊ ဒါက မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြောက်ဖို့ကောင်းလွန်းတယ် ၊ ဒါကြောင့်လည်း သူ ဒီလောက်အောင်မြင်ခဲတာကိုး”
အကြီးအကဲ’လီ’ နှင့် ယောက်ရှန်းတို့ မှင်တက်နေရာမှ သတိပြန်ဝင်လာကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
“ဒါက... ငါတို့ဖန်တီးထားတဲ့ နဂါးနက်မုန်တိုင်းကို သူက ပြန်အသုံးချသွားတာ မဟုတ်ဘူးလား”
အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းတစ်ခုက ရုတ်တရက် အရှိန်အဟုန်မြင့်တက်ကာ နဂါးနက်မုန်တိုင်းအဖြစ် ပြောင်းလဲမသွားဘဲ သာမန်အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းအဆင့်ဖြင့်ဆိုလျှင် ကျောက်တိုင်ကြီးကို သေချာပေါက် ဆွဲထုတ်နိုင်မည် မဟုတ်ပေ။ ယခုတော့ ရန်ကျောက်ကဲအတွက် အလွန်လွယ်ကူသွားခဲ့သည်။
ယခုတော့ ရန်ကျောက်ကဲကို ဒုက္ခပေးရမည့်အစား ကူညီသလိုပင် ဖြစ်သွားလေရာ အကြီးအကဲ’လီ’ နှင့် ယောက်ရှန်းတို့မှာ ကြွက်သေမျိုချမိသည့်အလား လည်ပင်းတွင်နင်ကာ မျက်နှာများ စိမ်းဖန့်ဖန့် ဖြစ်နေကြလေတော့၏။
***