ဘယ်လက်မှာပန်ဒါတစ်ကောင် ၊ ညာလက်ကတော့...
Vol. 16 Ch. 221
ကျောက်တိုင်ကြီးမှ ထွက်ပေါ်နေသော များပြားလှသည့် အလင်းတန်းများက သံကြိုးသဖွယ်တင်းမာသွားကာ နဂါးနက်မုန်တိုင်းကြီးကို ဆွဲခေါ်လိုက်သည်။
ထို့ကြောင့်ပင် အနက်ရောင်မုန်တိုင်းကြီး၏ လေပွေလှိုင်းများက ကျောက်တိုင်ကြီးကို သဲကန္တာရအတွင်းမှ အတင်းဆွဲထုတ်လိုက်၏။
ကျောက်တိုင်ကြီး မြေပြင်အောက်မှ အပြည့်အဝ ကျွတ်ထွက်လာချိန် ကြိးမားသောစွမ်းအားတစ်ခုက အရပ်မျက်နှာအသီးသီးသို့ ရုတ်တရက် ပျံ့နှံ့သွားသည်။
ထိုတန်ခိုးစွမ်းအားလှိုင်းလုံးများ ပျံ့နှံ့သွားသည်နှင့် နဂါးနက်မုန်တိုင်းကြီးသည်လည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
လေထဲမှ သဲမှုံများသည် အမှုံအမွှားများအဖြစ် အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး လေထုထဲမှာပင် အဝေးသို့ ပျံ့ကျဲသွားသည်။
ကောင်းကင်ကိုးထပ်၏အထက်မှ ငုံ့ကြည့်မည်ဆိုလျှင် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများဖြင့် ပြည့်နက်နေသည့် သဲကန္တာရကြီးအတွင်း၌ ကြည်လင်သောမြေကွက်လပ်တစ်ခု ရုတ်တရက်ပေါ်လာသည်ကို တွေ့မြင်ကြရပေလိမ့်မည်။
မူလက ကျောက်တိုင်ကြီးတည်ရှိခဲ့ရာနေရာတွင် ကျယ်ပြန့်သည့်တွင်းနက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ သဲမြေပြင်ညီညာသွားစေရန် ကျယ်ပြန့်သည့် ကန္တာရကြီးမှ သဲများစွာ တွင်းနက်ကြီးထဲသို့ စီးဆင်းဝင်ရောက်သွားကြသည်။
ကျောက်တိုင်ကြီးက လေထဲတွင် ပျံသန်းနေပြီး ကွင်းစက်သံကြိုးများပမာ အပြင်ဘက်သို့ ထုတ်လွှတ်ထားသည့် အလင်းတန်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သို့သော် ကျောက်တိုင်ကြီးကတော့ လင်းလက်တောက်ပနေဆဲပင်။
ကျောက်တိုင်ကြီး၏မျက်နှာပြင်ထက်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်းပျောက်ကွယ်သွားသည့်အခါ ကျိုးပဲ့ပျက်စီးနေသည့် အစိတ်အပိုင်းများအားလုံး ပြုပြင်ပြီးဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့မြင်ကြရသည်။
ကျောက်တိုင်ကြီးသည် အသစ်ပြန်လည်မွေးဖွာလာသည့်အလား ပြီးပြည့်စုံလျှက် ရှိသည်။
သူတို့ရှေ့မှ ကျောက်တိုင်ကြီးနှင့် ကြည်လင်နေသည့် ကောင်းကင်ကြီးကို မှင်တက်စွာငေးကြည့်နေကြရင်း နောက်ဆုံးတော့ သတိပြန်ဝင်လာကြကာ အားလုံး တစ်ပြိုင်နက်တည်း ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
အကြီးအကဲ’လီ’ အတုနှင့် ယောက်ရှန်းအတုတို့၏ လှုပ်ရှားမှုများက ခဏမျှ နှေးကွေးသွားသည့်တိုင် အခြားသူများနှင့်လိုက်ပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
နှစ်ယောက်သားအကြည့်ချင်းဖလှယ်လိုက်ကြသည့်အခါ သူတို့အကြည့်များတွင် စိတ်ပျက်မှုများ ပြည့်နက်နေသည်။
အကြီးအကဲ’လီ’ အတုက စိတ်တည်ငြိမ်သွားစေရန် ခဏမျှကြိုးစားပြီးနောက် အသံပို့လွှတ်စနစ်ဖြင့် ယောက်ရှန်းအတုကို စကားဆိုသည်။
“အရမ်းကာရောမလုပ်နဲ့တော့ ၊ အခုမှတော့ သူ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ထုတ်သုံးဖို့ဆိုတာ မသေချာတော့ဘူး”
ယောက်ရှန်းအတုက...
“နားလည်ပါပြီ...”
ထိုသို့ပြောလိုက်သည့်တိုင် သူ့အသံတွင် အံကြိတ်သံများပါဝင်နေလေ၏။
ကောင်းကင်ထက်မှ ကျောက်တိုင်ကြီး ဖြည်းဖြည်းချင်း ဆင်းသက်လာသည့်အခါ အားဟူက သယ်ဆောင်ရန် ဟန်ပြင်သည်။
သူက လက်များကိုဆန့်တန်းလိုက်ရင်း...
“ကျွန်တော်လုပ်လိုက်မယ်”
သူ့လက်ဖဝါးများ ကျောက်တိုင်ကြီးအောက်ခြေကိုထိလိုက်သည်နှင့် အားဟူ သိသိသာသာ မျက်နှာပျက်သွားသည်။ အဆုံးမဲ့ကြီးမားသော ဖိအားများကို ခံစားလိုက်ရပြီး သူ့လက်ကောက်ဝတ်လည်ထွက်သွားတော့မည့်အလား နာကျင်သွားသည်။
အားဟူက ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လေရာ ကျောက်တိုင်ကြီးကို ပင့် မ လိုက်သည်နှင့် သူ့လက်မှ ကြယ်တာရာချီစွမ်းအားများ အပြည့်အဝထွက်ပေါ်လာသည်။ သူ့အစွမ်းက တန်ပေါင်းများစွာလေးလံသည့်အရာဝတ္ထုများကိုပင် ပင့် မ နိုင်စွမ်း ရှိသည်။
သို့ပေသိ ယခုတော့ ကျောက်တိုင်ကြီးကိုထိမိသည်နှင့် အလေးချိန်ကို လုံးဝခံနိုင်ရည်မရှိဘဲ လက်ကို အမြန်ဆုံး ဖယ်ရှားလိုက်ချင်သည့်ဆန္ဒများ ဖြစ်ပေါ်လာသည်။
ထိုအချိန် ဘေးနားတွင်ရပ်နေသည့် ရန်ကျောက်ကဲက လက်လှမ်းလိုက်ပြီး ကျောက်တိုင်အောက်ခြေကို ကူညီ ပင့် မ ပေးလိုက်သည်။
ခန္ဓာကိုယ်တွင်းမှ စွမ်းအားပြည့် ပေါက်ကွဲထွက်နေသည့်တိုင် ကျောက်တိုင်ကြီးကို ‘မ’ ထားနိုင်ခြင်းမရှိဘဲ မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေသည့်အားဟူမှာ ယခုမှ စိတ်သက်သာရာရသွားသည်။ ထို့ပြင် ရန်ကျောက်ကဲကတော့ အလွန်အမင်းအားအင်စိုက်ထုတ်ခြင်းမရှိဘဲ လက်တစ်ဖက်တည်းဖြင့် ကျောက်တိုင်ကြီးကို အလွယ်တကူ ထောက် မ ထားနိုင်သည်။
သူ့ကိုကြည့်ရသည်မှာ ကျောက်တိုင်ကြီးက အလွန်တရာ ပေါ့ပါးနေဟန်ပင်။
ထိုမြင်ကွင်းကိုတွေ့တော့ အခြားသူများအားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။
အားဟူက အစေခံတစ်ယောက်ဖြစ်သလို ရိုးရိုးအေးအေး နေထိုင်တတ်သည်မို့ ယခင်က သူ့ကို မည်သူမှ သတိမထားမိကြပေ။
သို့သော် ကမ္ဘာပေါ်တွင် ရန်ကျောက်ကဲ နာမည်ကြီးလာသည့်အခါ သူနှင့်ပတ်သက်သူများသည်လည်း အထိုက်အလျှောက် လူအများစိတ်ဝင်စားခံလာရသည်။ ထို့ကြောင့် ကမ္ဘာပေါ်မှလူများက အားဟူကို တဖြည်းဖြည်း စိတ်ဝင်စားလာကြ၏။
ရန်ကျောက်ကဲ၏ အစေခံ ၊ သို့မဟုတ် ကိုယ်ရံတော်တစ်ယောက်မျှသာဖြစ်သော ထိုလူထွားကြီးသည် တကယ်တမ်းတွင် အထွတ်ထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
သခင်နှင့် အစေခံ ၊ ရန်ကျောက်ကဲနှင့် အားဟူတွင် မည်သူကပိုပြီး စွမ်းအားမြင့်မားသည်ကို အားလုံးက တိတ်တဆိတ် သိချင်စိတ်ဖြစ်မိကြသည်။
ယခု အားဟူက ကျောက်တိုင်ကြီးကို ပင့် မ လိုက်သည့်အခါ သူ့တစ်ကိုယ်လုံးမှ ကြယ်တာရာချီစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်လှသည့် အရှိန်အဟုန်က လူတိုင်းကို အံ့သြထိတ်လန့်စေသည်။
အားဟူက သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားရောင်ဝါကို ထုတ်ဖော်ပြလေ့ မရှိသော်လည်း ယခု သူ အားစိုက်ထုတ်လိုက်သည့်အခါ မိုးကုတ်စက်ဝိုင်းနှင့် ချိတ်ဆက်ထားသည့် ဦးခေါင်းထက်မှ ရောက်ဝါက မြင်သာထင်သာဖြင့် တောက်ပစွာ ထွက်ပေါ်လာသည်။
ဤသည်က “ကောင်းကင်ချိတ်ဆက်အဆင့်” သိုင်းပညာရှင်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
သို့ပေသိ အားဟူကဲ့သို့ ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်တစ်ယောက်သည်ပင် စွမ်းအားကုန်အသုံးပြုထားသည့်တိုင် ကျောက်တိုင်ကြီးကို ပင့် မ နိုင်ခဲ့ခြင်း မရှိသော်ငြား ရန်ကျောက်ကဲကတော့ လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။ ဤသည်က လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည် အမှန်ပင်။
အလွန်တုန်လှုပ်နေပုံရသော အားဟူကိုကြည့်ပြီး ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
“ဒီကျောက်တိုင်ကြီးက ထူးခြားတယ် ၊ အရမ်းလေးနက်တဲ့အဓိပ္ပါယ်တွေလည်း ပါဝင်တယ် ၊ မင်းမှ မဟုတ်ဘူး ၊ သိုင်းဆရာသခင်တွေတောင်မှ ဒါကြီးကို ‘မ’ နိုင်မယ် မထင်ဘူး”
သူက ဆက်ရှင်းပြသည်။
“ငါကဘာလို့ လွယ်လွယ်နဲ့ ‘မ’ နိုင်ရလဲဆိုတော့ ဒီကျောက်တိုင်ကြီးကို ကနဦးသန့်စင်ခြင်း အောင်မြင်ပြီးတဲ့နောက် ငါ့ရဲ့ လက်သီးသိုင်းဝိညာဉ်ကို အတွင်းထဲမှာ ပေါင်းစပ်ထည့်သွင်းထားလို့ပါပဲ ၊ ဒါကြောင့် ဒီကျောက်တိုင်ကြီးက တောင်တစ်လုံးလို လေးလံပေမယ့် ငါ့အတွက်တော့ မြက်တစ်ပင်ထက်တောင် ပိုပေါ့သေးတယ်”
ထိုအခါမှ လူတိုင်း နားလည်သဘောပေါက်သွားကြသည်။
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း ရယ်မောလိုက်၏။
“သခင်လေး... ဒီကျောက်တိုင်ကြီးကို သန့်စင်လိုက်နိုင်တာ သခင်လေးရဲ့ အရည်အချင်းကို သက်သေပြလိုက်တာပါပဲ”
သူ့စကားကိုကြားတော့ အားလုံးက တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက်သည်။
ရန်ကျောက်ကဲမျက်နှာက တည်ငြိမ်နေသည့်တိုင် စိတ်ထဲတွင်တော့ ရှုတ်ထွေးလျှက် ငိုရမလိုရယ်ရမလို ခံစားနေရသည်။
အခြားသောအခြေအနေတစ်ခုဆိုလျှင် ရန်ကျောက်ကဲသည် သူ့ကို ရိုသေလေးစားကိုးကွယ်နေကြသည့် အကြည့်များအောက်တွင် အလွန်တရာ ပျော်ရွှင်ဝင့်ကြွားမိမည်သာပင်။
ယခုတော့ သူ့လက်ဖြင့် ‘မ’ ထားသည့် ကျောက်တိုင်ကြီးကိုကြည့်ရင်း စိတ်ပျက်လက်ပျက် မျက်လုံးများပင် လှန်လိုက်မိသည်။
ထိုမျှကြီးမားလှသည့် ဧရာမတိုင်လုံးကြီးကို သယ်ဆောင်သွားခြင်းက တကယ့်ကိုခမ်းနားသည့် မြင်ကွင်းဖြစ်ပြီး လူအများ အလွန်တရာ ထိတ်လန့်အံ့သြစွာဖြင့် ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံရပေလိမ့်မည်။
သို့သော်...
လေနယ်မြေမှ ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေသို့ အပြန်လမ်းတစ်လျှောက်တွင် ထိုကျောက်တိုင်ကြီးကို ဤအတိုင်းသယ်ဆောင်သွားရမည်ဆိုလျှင် မည်သည့်နည်းနှင့်မှ ပျော်စရာကောင်းမည် မဟုတ်ပေ။
အထူးသဖြင့် လူအများစုဝေးရာနေရာများကို ရွေးခြယ်စရာမရှိ ကျော်ြဖတ်သွားရမည့်အချိန်မျိုးတွင် ဖြစ်သည်။
ကျောက်တိုင်ကြီးက ထူးခြားလွန်းလေရာ ရထားနှင့်ဆွဲလျှင်လည်း မသင့်တော် ၊ သားရဲများကို ဆွဲခိုင်းလျှင်လည်း အဆင်မပြေနိုင်သလို လူပေါင်းများစွာ ဝိုင်းဝန်းသယ်ဆောင်ခိုင်းလျှင်လည်း အောင်မြင်နိုင်ရန် ခက်ခဲသည်။
လက်ရှိတွင် ရန်ကျောက်ကဲသည်လည်း ထိုတိုင်လုံးကြီး အရွယ်အစားကျုံ့သွားစေရန် စွမ်းဆောင်နိုင်ခြင်း မရှိပေ။
သို့ဖြစ်ရာ အခြေအနေများကို မပြောင်းလဲနိုင်ပါက ရန်ကျောက်ကဲအနေဖြင့် ဤကျောက်တိုင်ကြီးကို ဝါဒတောင်အထိ တောက်လျှောက် ဤပုံစံအတိုင်း သယ်ဆောင်သွားရပေမည်။
သို့ဆိုလျှင် အပြန်လမ်းတွင် လမ်းလျှောက်ပြန်ရမည်ဖြစ်ပြီး မည်သည့်သားရဲကိုမှ စီးနှင်၍ မရတော့ပေ။ ပန်ပန်ကို စီးနှင်မည်ဆိုပါက တိုင်လုံးအလေးချိန်ကြောင့် ချစ်စရာပန်ဒါကြီး အမှုံ့ဖြစ်သွားနိုင်ပေသည်။
ထိုသို့တွေးမိသည့်အခါ သူ့ဘေးနားတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားကာ စွဲဆောင်မှုရှိလှသော ပန်ပန်လိုသတ္တဝါကြီး ရှိနေသည်ကပင် လူအများကို စွဲဆောင်နိုင်လွန်းနေပြီဖြစ်ရာ ယခု အမြင့် (၆၅)ပေကျော် ရှည်လျားသော ထူထဲသည့် ကျောက်တိုင်ကြီးကို ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင် မြင်ကွင်းက အတော်လေး လှသွားပေလိမ့်မည်။ ရန်ကျောက်ကဲ ဆက်ပင် မတွေးရဲတော့ပေ။
တကယ်တော့ ထို ဧရာမကျောက်တိုင်ကြီးကို သယ်ဆောင်သွားခြင်းက အတော်လေး မိုက်မဲရာကျသလို အတော်လေးလည်း လန်းသည်ပင်။
ရန်ကျောက်ကဲ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ သူက ထင်ပေါ်ကျော်ကြားရသည်ကို သဘောကျပြီး အလွန်အမင်း ကျော်ကြားတောက်ပရခြင်းကို နှစ်သက်သည့်တိုင် သူ့ဆန္ဒအတိုင်းပြုလုပ်ရန် ရွေးချယ်ခွင့်ရှိသည်။
ကြွားဝါချင်သည့်အခါတွင် ကြွားဝါပြီး သိုသိုသိပ်သိပ်နေလိုသည့်အခါ သိုသိုသိပ်သိပ်နေမည်ပဲ ဖြစ်သည်။ ဤသည်က သူ့ဘဝ သူ့စိတ်တိုင်းကျပင် ဖြစ်သည်။
ပေါ်လွင်ထင်ရှားလွန်းသည့် တိုင်လုံးကြီးကြောင့် လူအများ သူ့ကို ဝိုင်းအုံကြည့်ကြမည်ဆိုသည်ကတော့ အမှန်တကယ် စိတ်မသက်သာစရာ ကိစ္စ ဖြစ်သည်။
“ဒါကြီးက...”
ရန်ကျောက်ကဲ ဒေါခီးလျှက် ရှိသည်။
“လမ်းမှာဝိုင်းကြည့်ကြမယ့်သူတွေကို ဒါကြီးနဲ့ ရိုက်ပစ်ဖို့ပဲ ကောင်းတော့တယ်”
ရင်ထဲတွင် ခါးသက်မှောင်မိုက်သောအတွေးများဖြင့် ပြည့်နက်နေသည့်တိုင် ရန်ကျောက်ကဲက အပြင်ပန်းတွင် ထုတ်ဖော်ပြသခြင်း မရှိဘဲ စိတ်ထဲမှသာ သက်ပြင်းချလိုက်မိသည်။
လက်တစ်ဖက်က ကျောက်တိုင်ကြီးကို ကိုင်မြှောက်ထားရင် နောက်လက်တစ်ဖက်ကတော့ ကျောက်တိုင်မျက်နှာပြင်ထက်မှ သင်္ကေတများကို သဲကြီးမဲကြီး ခွဲခြမ်းစိတ်ဖြာကြည့်နေသည်။
ပြီးမှ သူက အားဟူနှင့် အခြားသူများကို လှမ်းကြည့်လိုက်ရင်း...
“ငါတို့ရည်မှန်းချက်လည်း အောင်မြင်ပြီ ၊ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းတွေက မကြာခင်မှာ ထပ်ပြီးရောက်လာဦးမှာပဲ ၊ ဆိုတော့... ဒီနေရာက ငါတို့တွေ ဆုတ်ခွာသင့်ပြီ”
ထိုအချိန် အဝေးတစ်နေရာမှ အော်မြည်ပျံသန်းလာသည့် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းတစ်ခုကို အားလုံး တွေ့မြင်လိုက်ကြရသည်။
ထို့ကြောင့် အားလုံး တုံ့ဆိုင်းမနေဘဲ ရန်ကျောက်ကဲ ထွက်ခွာသွားရာနောက်သို့ အမြန်လိုက်သွားကြတော့၏။
အကြီးအကဲ’လီ’ အတုနှင့် ယောက်ရှန်းအတုတို့မှာ ရှုံးနိမ့်မှုကို ခံစားနေကြရသည့်တိုင် ရန်ကျောက်ကဲနောက်သို့လိုက်သွားပြီး သွားများဖြဲကာ အတင်းပြုံးပြနေကြဆဲပင်။
မုန်တိုင်းက နောက်တစ်ကြိမ်ဖြစ်ပေါ်လာပြန်လေရာ သူတို့၏ အပြန်ခရီးက ပိုမိုခက်ခဲလာသည်။ ခရီးအကွာအဝေးတစ်ခုအထိ ခြေလျှင်ခရီးနှင်ကြပြီးနောက် အဆုံးသတ်တွင်တော့ သူတို့သတ်မှတ်ထားသည့် ထောက်ပို့ဆုံချက်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုနေရာတွင် ဝါဒတောင်မှ သိုင်းသမားအချို့နှင့် ကျွင်းလော်တို့ လူငယ် (၃)ယောက် သူတို့ကို စောင့်မျှော်နေကြလေသည်။
***