← Chapters

နောက်တစ်ကြိမ်မြင့်တက်လာသည့်မုန်တိုင်း

Vol. 16 Ch. 222

နောက်တစ်ကြိမ်မြင့်တက်လာသည့်မုန်တိုင်း

Vol. 16 Ch. 222

ကြီးမားသည့်ကျောက်တိုင်ကြီးကို လက်ဖဝါးထက်တွင် “မ” လာပြီး သူတို့ရှေ့တွင်ပေါ်လာသော ရန်ကျောက်ကဲကို ကျွင်းလော့နှင့် အခြားသူများအားလုံး အံ့သြမှင်တက်စွာဖြင့် အချိန်အတန်ကြာ ငေးစိုက်ကြည့်နေကြသည်။

များသောအားဖြင့် နှုတ်သွက် လျှာသွက်ရှိသော ကျွင်းလော့မှာ ယခုတော့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။

“အစ်ကို... အစ်ကိုကြီး’ရန်’ ၊ အဲဒါ... အဲဒါက ဘာကြီးလဲ”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ပေါ့ပေါ့ပါးပါးဖြင့်...

“ဒီတစ်ခေါက် အနောက်ဘက်သဲကန္တာရကြီးဆီလာတာက သမိုင်းဝင်ရုပ်ကြွင်းတစ်ခုကို ကွင်းဆင်းစစ်ဆေးဖို့တာဝန်ပါ ၊ အဲဒီ ရှေးဟောင်းပစ္စည်းက ဒီကျောက်တိုင်ကြီးပဲ ၊ တန်ဖိုးအရမ်းရှိတော့ ဂိုဏ်းကိုယူသွားရလိမ့်မယ်”

ရန်ကျောက်ကဲ လက်ဖဝါးထက်မှ ဧရာမကျောက်တိုင်ကြီးကိုကြည့်ရင်း ကျွင်းလော့ တံတွေးတစ်ချက်မျိုချလိုက်သည်။

“အစ်ကိုကြီး’ရန်’က ဒါကြီးကို ဝါဒတောင်ကို သယ်သွားမယ် ဟုတ်လား ၊ ဒါကြီးကို လမ်းတစ်လျှောက်သယ်သွားမယ်ဆိုရင်... အဲဒါက နည်းနည်းတော့...အား... နည်းနည်းတော့ ‌စောက်ဆန်းကြီးဖြစ်နေမှာဟ...”

ရန်ကျောက်ကဲက မျက်ခုံးအနည်းငယ်ပင့်ရင်း ဆရာကြီးစတိုင်ဖြင့်...

“ဒါပေါ့... ၊ လော့လော့ မင်းပဲ အရောင်အသွေးစုံလင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝမျိုးကို သဘောကျတယ်ဆို ၊ ဒီကျောက်တိုင်ကြီးကိုသယ်သွားတာက အဲဒီလိုဘဝမျိုးကို ရနိုင်တာ မဟုတ်ဘူးလား ၊ ဘယ်လောက်တောင် နာမည်ကြီးသွားမလဲဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး”

ကျွင်းလော့က မျက်နှာငယ်လေးဖြင့်...

“ဒါက... တစ်ခုခုတော့ မမှန်ဘူးလို့ ခံစားရတယ်”

ရန်ကျောက်ကဲက မည်သည့်စကားမှ မဆိုတော့ဘဲ ပြုံးနေလေ၏။

အခြားသူများသည်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိကြသည်။ သူတို့အားလုံး ယခုမှ ရန်ကျောက်ကဲနှင့်ဆုံတွေ့သည်မှာ အစပိုင်းသာ ရှိသေးသည်။ နောက်ပိုင်းဆိုလျှင် မည်သိုသော စောက်ဆန်းကြီးများ တွေ့မြင်ရဦးမည်လဲ မပြောနိုင်ပေ။

ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို ကနဦးသန့်စင်ရန် အောင်မြင်ခဲ့သော်လည်း လက်ရှိတွင် ထိုအရာကြီးကို သဲကန္တာရကြီးအတွင်းမှ သယ်ထုတ်သွားရန် အကန့်အသတ် ရှိနေဆဲပင်။

သူက ဤကျောက်တိုင်ကြီး၏ ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း သိထားသည်။ ဤတိုင်လုံးကြီးက ကမ္ဘာပေါ်သို့  ပြုတ်ကျလာသည့် ကောင်းကင်ဘုံနန်းတော်၏ အပိုင်းအစတစ်ခု ဖြစ်သည်။

သို့သော် ကျိုးပဲ့ပျက်ဆီးသွားပြီးနောက် အပြောင်းအလဲများ ရှိသည်လား ၊ မရှိသည်လား ရန်ကျောက်ကဲအနေဖြင့် သေသေချာချာ သုတေသနပြုလုပ်ရန် လိုအပ်သည်။

ထို့ပြင် ရန်ကျောက်ကဲအနေဖြင့် ဤကြီးမားသောတိုင်လုံးကြီးကို ယခုထိ လွတ်လွတ်လပ်လပ် မထိန်းချုပ်နိုင်သေးဘဲ မူလအရွယ်အစားအတိုင်းသာ ထားရှိနိုင်သည်။

ကြောက်မက်ဖွယ်ရာ နဂါးနက်မုန်တိုင်းကို တွန်းလှန်စဉ်က ကျောက်တိုင်ကြီးမှ ထွက်ပေါ်လာသည့် တောက်ပသော အလင်းတန်းများသည် ယခုအခါ ပျောက်ချင်းမလှ ပျောက်ကွယ်သွားပေပြီ။

ကျောက်စာတိုင်မျက်နှာပြင်ထက်မှ အလင်းသင်္ကေတများသည်ပင် အလင်းရောင်ခပ်မှိန်မှိန်သာ တောက်ပနေတော့သည်။

အလေးချိန်ပြောင်းလဲမသွားသည်မှလွဲပြီး ကျန်အရာအားလုံးက လုံးဝပုံမှန်အတိုင်းဖြစ်နေလေရာ ဤတိုင်လုံးကြီးသည် စောစောက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ကျောက်တိုင်ကြီး ဟုတ်မှဟုတ်ပါလေစဟု လူအများပင် ယုံရခက်လျှက်ရှိ၏။

ရန်ကျောက်ကဲက သူ့လမ်းတွင် အတားအဆီးဖြစ်နေသော ရန်သူများအားလုံးကို အသေသတ်ပစ်လေ့ ရှိသည်။ သို့ပေသိ လက်ရှိတွင်တော့ ရန်သူသည် သူ့လက်ခုပ်ထဲတွင် ရှိမနေဘဲ သူ့စိတ်ထဲတွင် ရှိနေခဲ့သည်။

ကျောက်တိုင်ကြီးကို အလျားလိုက်လှဲထားနိုင်လျှင် ပြဿနာမရှိပေ။ သို့သော ရန်ကျောက်ကဲ စမ်းသပ်ကြည့်ပြီးပြီ ဖြစ်သည်။ ထိုတိုင်လုံးကြီးသည် အလျားလိုက်လှဲ၍မရဘဲ ဒေါင်လိုက်အနေအထားတွင်သာ ရှိနေနိုင်သည်။

တိုင်လုံးကြီးကို အလျားလျိုက်လှဲရန် တစ်ဖက်သို့ စောင်းလိုက်သည်နှင့် ရန်ကျောက်ကဲလက်ဖဝါးထက်တွင် ပြင်းထန်သည့် တုန်ခါမှုကို ခံစားရပြီး ကျောက်စာတိုင်က လေးလံလာသည်။

ထိုသို့ဖြစ်လေတိုင်း စောစောက အားဟူခံစားခဲ့ရသလို ကျောက်တိုင်ကြီးက အဆုံးမဲ့လေးလံသွားပြီး လက်ကောက်ဝတ်အဆစ်လည်သွားတော့မတတ် နာကျင်ရသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲနှင့် ကျောက်တိုင်ကြီးကြားမှ ဆက်နွယ်မှုက အားကောင်းသည်ထက် အားကောင်းလာသည်။

သူ့မျက်စိရှေ့တွင်တောက်ပနေသည့် အလင်းသင်္ကေတများက ပိုမိုရှင်းလည်းပြတ်သားလာပြီး တိုင်လုံးကြီးသည်လည်း ပိုမိုပေါ့ပါးလာသည်။ ဘေးတစ်ဖက်သို့စောင်းလိုက်တိုင်း အလေးချိန်က လျှင်မြန်စွာမြင့်တက်လာသည့်တိုင် ရန်ကျောက်ကဲအနေဖြင့် သူအလိုရှိတိုင်းထိန်းချုပ်ရန် ပိုမိုလွယ်ကူလာသည်။

တစ်ခုတည်းသောပြဿနာမှာ ကျောက်တိုင်းကြီးကို ကျုံ့သွားအောင် မပြုလုပ်နိုင်ဘဲ သွားလေရာရာ ဒေါင်လိုက်အမြင့်အရှည်ကြီးအတိုင်း သယ်ဆောင်သွားနေရခြင်းပင်။

သစ်ပင်တောတောင်များရှိသည့် တောအုပ်ထဲမှ ဖြတ်သန်းသွားလာရလျှင် အကာအကွယ်ရှိနေသည့်အတွက် အဆင်ပြေသော်လည်း သဲကန္တာရကြီးထဲတွင် မည်သည့်သစ်ပင်မှမရှိဘဲ သဲလွင်ပြင်များသာ ရှိသည်။ ထိုသို့ ထင်သာမြင်သာရှိသော သဲလွင်ပြင်များထက် (၆၅)ပေကျော်သော တိုင်လုံးကြီးကို ကိုင်မြှောက်လျှက် ခရီးဆက်နေမည်ဆိုပါက အလွန်အမင်း မျက်စိကျစရာ ဖြစ်နေပေမည်။

“လေနယ်မြေနဲ့ အနောက်ဘက်သဲကန္တာရကြီးက အေးချမ်းတဲ့နေရာတစ်ခုတော့ မဟုတ်ဘူး”

မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“ဒီအတိုင်းသာ သွားမယ်ဆိုရင် ငါ့ကိုလာရိုက်လှည့်ပါဆိုပြီး မျက်နှာမှာ စာကပ်ထားသလို ဖြစ်နေလိမ့်မယ်”

ထိုအချိန် ရန်ကျောက်ကဲနှင့် ကျွင်းလော့တို့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာစကားပြောနေသည်ကိုကြည့်ရင်း ‘လျန်’ ညီအစ်ကို (၂)ယောက်မျက်နှာထက်တွင် မနာလိုမှုများ ပြည့်နက်လာသည်။

အငယ်ကောင် လျန်ချန်က မကျေမနပ်ဖြစ်နေပြီး သူ့မျက်ဝန်းများထဲတွင် မနာလိုမှုများနှင့် မျှော်လင့်မှုများ ပြည့်နက်နေသည်။

လျန်ယင်း၏အကြည့်များကတော့ အုံ့မှိုင်းလျှက် ပုံစံက ဂနာမငြိမ် ဖြစ်နေ၏။

လျန်ယင်းက ကျွင်းလော့ကို ကြည့်နေသည်။ သူ့အကြည့်များထဲတွင် လျန်ချန်ခဲ့သို့ပင် လေးနက်မှုနှင့် စွဲလန်းတပ်မက်မှုများ အပြည့်အဝရှိနေသည့်တိုင် သူ့အကြည့်များက လျန်ချန်ထက် အစွန်းရောက်မှုများနှင့် ပြည့်နက်နေ၏။

သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှ မကျေနပ်မှုများကို မတွေ့မြင်စေချင်သည့်အတွက် မျက်လွှာချလိုက်သည်။

ထောက်ပို့ဆုံချက်စခန်းမှ ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းပြီးသည်နှင့် အပြင်ဘက်တွင်တိုက်ခတ်နေသည့် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများကို ဖြတ်ကျော်ကာ အနောက်ဘက်သဲကန္တာရကြီးအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။

ထောက်ပို့ဆုံချက်သို့ ရောက်ရှိပြီးနောက် အကြီးအကဲ’လီ’ ၏ခံစားချက်များ ပိုမိုကောင်းမွန်လာသည်။

“စောစောက ငါရွှေ့ထားတဲ့ ကစားကွက်က မကြာခင် အကောင်အထည်ပေါ်လာတော့မယ်”

ဟု သူက တွေးလိုက်သည်။

သူ့ဘေးနားမှ ယောက်ရှန်းအတုကတော့ စောစောက ရှုံးနိမ့်မှုများကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေဟန် ရှိပြီး တစ်စုံတစ်ခုကိ အလေးအနက် တွေးတောလျှက် ရှိသည်။

အကြီးအကဲ’လီ’က ခေါင်းခါယမ်းလိုက်ပြီး ကြယ်တာရာချီစွမ်းအားဖြင့် အသံပို့လွှတ်စကားပြောလိုက်၏။

“အချိန်မရွေး လှုပ်ရှားဖို့ အသင့်ပြင်ထား ၊ ငါ အထက်ကို သတင်းပို့ပြီးသွားပြီ”

ယောက်ရှန်းအတုက ဟန်ဆောင်ကောင်းသူဖြစ်သည်။ သူ့မျက်နှာထက်တွင် မည်သည့်အားနည်းချက်မှ ပေါ်မလာအောင် ကောင်းစွာထိန်းချုပ်ထားနိုင်ပြီး မျက်လုံးများကသာ စိတ်လှုပ်ရှားဟန် လင်းလက်သွားသည်။

“အခွင့်အရေး ရှိသေးတာလား”

အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်ထားသည့် ယောက်ရှန်းအစစ်က ပြုံးလိုက်ရင်း...

“စိတ်ဝင်စားစရာကောင်းတဲ့ ကလေးတစ်ယောက် တွေ့ထားတယ် ၊ သူက သူ့အတွေးနဲ့သူ တခြား ဘာကိစ္စကိုမှ စိတ်မဝင်စားဘူး ၊ လက်ရှိအခြေအနေတွေကိုလည်း နားမလည်သလို ဘာကအရေးကြီးတယ်ဆိုတာလည်း မသိဘူး”

သူက ဆက်ပြောသည်။

“ငါတို့ အချိန်ကောင်းရောက်တာနဲ့ အဲဒီကလေးကို သင့်တော်အောင် အသုံးချနိုင်ရင် အရေးတကြီးမဟုတ်တဲ့ သေးငယ်တဲ့ကိစ္စလေးတွေက ထူးထူးခြားခြား အဖိုးတန်လာလိမ့်မယ်”

အကြီးအကဲ’လီ’က သူ့ မုတ်ဆိတ်ရှည်များကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။ ဤသည်က အကြီးအကဲ’လီ’ အစစ်၏ အလေ့အထကို ပြီးပြည့်စုံစွာ အတုခိုးထားခြင်းပင်။

သူက...

“သိပ်မကြာခင် နောက်ထပ် နဂါးနက်မုန်တိုင်းတစ်ခု ရောက်လာလိမ့်မယ် ၊ အဲဒီမုန်တိုင်းကြောင့် ငါတို့အကြောင်း ပေါ်သွားမယ်ဆိုရင်တောင်မှ အနောက်ဘက်သဲကန္တာရထဲမှာ ပုန်းအောင်းနေသရွေ့ ဝါဒတောင်က ငါတို့ကို ဘာမှလုပ်လို့ မရနိုင်ဘူး”

“ဒါပေမဲ့ ငါတို့အောင်မြင်ခဲ့ရင်တော့ အကြီးအကျယ် ကိစ္စတစ်ခု ပြီးဆုံးသွားတယ် ဆိုရမယ် ၊ ရန်ကျောက်ကဲက သိုင်းပညာရှင်အဆင့်ပဲ ရှိသေးပေမယ့် သာမန်လူတစ်ယောက် မဟုတ်ဘူး ၊ သူ့ကိုသတ်နိုင်မယ်ဆိုရင် သိုင်းဆရာသခင်အချို့ အသတ်ခံရတာထက်တောင် ဝါဒတောင်ရဲ့ ဆုံးရှုံးမှုက မြင့်မားသွားလိမ့်မယ်”

အကြီးအကဲ’လီ’ ၏ စကားများကြောင့် ယောက်ရှန်း စိတ်လှုပ်ရှားသွားသည်။

“ဒါပေမဲ့ ဒီကောင်လေးမှာ တခြား ဘာလှည့်ကွက်တွေ ရှိနေဦးမလဲ မသိဘူး”

အကြီးအကဲ’လီ’က ရန်‌ကျောက်ကဲကို တစ်ချက်လှမ်းကြည့်ရင်း...

“ဒီကျောက်တိုင်ကြီးကို ကိုင်မြှောက်နိုင်တာက အံ့သြစရာစွမ်းဆောင်မှုတစ်ခုလို့ ယူဆနိုင်ပေမယ့် ဒီလိုလုပ်ရတဲ့အတွက် သူ့စွမ်းအားတွေ အနည်းနဲ့အများတော့ ကုန်ခမ်းသွားမှာပဲ ၊ ပြီးတော့ ပန်းတိုင်မရောက်သေးတဲ့သူနဲ့ လိုချင်တဲ့ပန်းတိုင်ကို ရောက်ပြီးသွားတဲ့သူက သတိဝီရီယရှိတာခြင်း မတူတော့ဘူး ၊ ကွာခြားသွားပြီ ၊ ဒါပေမဲ့ ဒီကောင်လေးက သတိတော့အတော်လေးကြီးပုံရတယ်”

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို သူ အသုံးချမလား မသိနိုင်ပေမယ့် ဒီတစ်ခေါက် နဂါးနက်မုန်တိုင်းမှာတော့ အကျိုးအမြတ်တစ်ခုခု ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သတိထားနေသည့် အကြီးအကဲ’လီ’က ဘေးဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကျွင့်လော့ကို ရူးသွပ်စွဲလန်းသည့်အကြည့်များဖြင့် အဆက်မပြတ်ကြည့်နေသည့် လျန်ယင်း ရှိနေသည်။

အကြီးအကဲ’လီ’က ခပ်ပါးပါးတစ်ချက် ပြုံးလိုက်၏။

ထိုအချိန် အဝေးဆီမှ မုန်တိုင်းအော်မြည်သံက ပိုမိုကျယ်လောင်လာပြီး ကြောက်မက်ဖွယ်ရာ နဂါးနက်မုန်တိုင်းတစ်ခု ထပ်မံ ဖြစ်တည်လာလေတော့သည်။

***

All Chapters