ပိုပြီးတော့လိုချင်တယ်
Vol. 16 Ch. 223
အစပိုင်းတွင် အပြင်းအထန်တိုက်ခတ်နေသော အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းတစ်ခုသည် ရုတ်ချည်း ပိုမိုပြင်းထန်လာပြီး နဂါးနက်မုန်တိုင်းအဖြစ် ပြောင်းလဲသွားကာ ရန်ကျောက်ကဲနှင့် အခြားသူများဆီသို့ ဦးတည်ဝင်ရောက်လာသည်။
လေပြင်းများတိုက်ခတ်လာပြီး သဲကန္တာရအတွင်းမှ သဲမှုံများသည်ပင် သေးငယ်သည့်အမှုံအမွှားများအဖြစ် အစိတ်စိတ်အမွှာမွှာကွဲအက်သွားကြသည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးပြီး ထူးခြားသည့် အကာအကွယ်နည်းလမ်းများလည်း မရှိပါက မုန်တိုင်းဒဏ်ကိုမခံနိုင်ဘဲ သဂြိုလ်စရာပင်မလိုအောင် အသက်ပျောက်သွားမည် ဖြစ်သည်။
ရန်ကျောက်ကဲ မျက်ခုံးများတွန့်ချိုးရင်း ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။
နဂါးနက်မုန်တိုင်းဆိုသည်က ရှားရှားပါးပါး တိုက်ခတ်တတ်သော မုန်တိုင်းမျိုးမဟုတ်ဘဲ အနောက်ဘက်သဲကန္တာရကြီးအတွင်း လူသိများသော ကပ်ဘေးတစ်ခု ဖြစ်သည်။ မှန်းဆရခက်ပြီး ဘယ်အချိန် မုန်တိုင်းတိုက်ခတ်လာမည်လဲ မသိနိုင်ပေ။
ထို့ကြောင့် ပထမတစ်ခေါက် နဂါးနက်မုန်တိုင်းနှင့် ရင်ဆိုင်ရစဉ် ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို ဆွဲနှုတ်ရန်အတွက် အခွင့်အရေးကို အပြည့်အဝ အသုံးချခဲ့သည်။
အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများဖြင့် ပြည့်နက်နေသော အနောက်ဘက်သဲကန္တာရကြီးအတွင်း စတင်ဝင်ရောက်လာကတည်းက ကြောက်မက်ဖွယ်ရာ နဂါးနက်မုန်တိုင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် မထင်မှတ်စွာဖြင့် ထိုမုန်တိုင်းကြီးကို ကိုင်တွယ်အသုံးချနိုင်ခဲ့သည်။
သို့ပေသိ ယခုတော့ အချိန်တိုအတွင်း နောက်ထပ် နဂါးနက်မုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်ရပြန်သည်။ မသိလျှင် နဂါးနက်မုန်တိုင်းများက သူတို့နောက်သို့ အဆက်မပြတ် လိုက်နေသည့်အလား ထင်မှတ်ရ၏။
မိုးနဲ့မြေကြား လှည့်ပတ်တိုက်ခတ်နေသော အဝေးဆီမှ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကို ငေးကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။
“တစ်ယောက်ယောက်က ငါ့ကို ဒုက္ခပေးချင်နေတာလား ၊ ဒါမှမဟုတ် ဒီကျောက်တိုင်ကြီးကို လိုချင်နေတာလား”
“သူတို့က ဘယ်သူတွေလဲ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကလား ၊ နေသူတော်စင်ဂိုဏ်းကလား ၊ ဒါမှမဟုတ် အနက်ရောင်အိပ်မက်ဆိုးတောင်က အကြွင်းအကျန်တွေလား ၊ ဝိညာဉ်အလံငါးပါးဂိုဏ်းကလား ၊ သူတို့တွေမဟုတ်တဲ့ တခြားတစ်ယောက်ယောက်လား”
“နဂါးနက်မုန်တိုင်းတွေကို ဧရိယာတစ်ခုအတွင်းမှာ သဲလွန်စမကျန် ထိန်းချုပ်နိုင်တာကိုကြည့်ရရင် အဲဒီလူက အနောက်ဘက်သဲကန္တာရကြီးရဲ့ စွမ်းအားကို စေ့စေ့စပ်စပ် နားလည်ထားတဲ့ပုံပဲ ၊ ကြည့်ရတာ အနက်ရောင်အိပ်မက်ဆိုးတောင်က အကြွင်းအကျန်တွေပဲ ဖြစ်ရမယ်”
“သူတို့က နေသူတော်စင်ဂိုဏ်းနဲ့ လက်တွဲလုပ်ဆောင်နေတာလား ၊ ဒါမှမဟုတ် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းထားတာလား ၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကလည်း ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက အရေးပါတဲ့ အဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်”
အနောက်ဘက်သဲကန္တာရကြီး၏စွမ်းအားက ရက်စက်ကြမ်းတမ်းသလို လေးနက်ပြီးခန့်မှန်းရခက်ကာ ရှုတ်ထွေးလွန်းသည်။
ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းတို့ အားလုံးသည် လက်ရှိတွင် အနောက်ဘက်သဲကန္တာရကြီးနှင့်ပတ်သက်ပြီး စုံစမ်းလေ့လာဆဲ အဆင့်မှာပင် ရှိနေသေးသည်။
မဟာကပ်ဆိုးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဤအန္တရယ်နယ်မြေ၏စွမ်းအားကို အမှန်တကယ် နားလည်နိုင်သူတစ်ယောက်မှ မရှိသေးပေ။
သို့သော် အနောက်ဘက်သဲကန္တရာကြီးနှင့် အကျွမ်းတဝင်အရှိဆုံးသူများကို ပြောပါဆိုလျှင် လေနယ်မြေ ၊ အနက်ရောင်အိပ်မက်ဆိုးတောင်မှလွဲပြီး အခြားမရှိပေ။ သူတို့က ကန္တာရကြီး၏စွမ်းအားကို အကန့်အသတ်ဖြင့် အသုံးချနိုင်စွမ်း ရှိကြ၏။
အနက်ရောင်အိပ်မက်ဆိုးတောင် ရှင်းလင်းဖျက်ဆီးခံရပြီးနောက် ကြွင်းကျန်ရစ်သူများသည် အနောက်ဘက်သဲကန္တာရအတွင်းသို့ ဆုတ်ခွာသွားခဲ့ပြီး လေနယ်မြေရှိ နယ်မြေ (၄)ခု နယ်စေပ်တွင် ယခုအချိန်ထိ ကျက်စားလျှက် ရှိကြသည်။
ရန်ကျောက်ကဲအနေဖြင့် အရင်က ထိုသူများနှင့် တရားဝင် ပတ်သက်ဖူးခြင်း မရှိသော်လည်း သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများ ၊ သိုသိုသိပ်သိပ်နေထိုင်တတ်မှုများနှင့် အချိန်ယူတတ်မှုများအကြောင်းကို ကြားသိထားသည်။
သူတို့လုပ်ရပ်များက ယုတ်ညံ့ပြီး သူတို့သုံးသည့်နည်းလမ်းများက အဓိပ္ပါယ်မရှိသော်လည်း တစ်ချိန်တည်းမှာပင် သူတို့က အထူးသတိရှိသူများ ဖြစ်ကြသည်။ အနည်းငယ်မျှသော အန္တရယ်အငွေ့အသက်ရရှိသည်နှင့် သူတို့ပုန်းအောင်းနေရာ အနောက်ဘက်သဲကန္တာရကြီးအတွင်းသို့ ချက်ချင်းပြန်လည်ဆုတ်ခွာသွားတတ်သည်။
လွန်ခဲ့သည့်နှစ်များအတွင်း အနက်ရောင်အိပ်မက်ဆိုးတောင်မှ ကြွင်းကျန်ရစ်သူများ လျော့နည်းလာသော်လည်း ရက်စက်ကြမ်းတမ်းသည့် ထိပ်တန်းပညာရှင်များကတော့ လျော့နည်းသွားခြင်း မရှိပေ။
သူနှင့်အတူပါလာသည့် လူအုပ်ကို အကဲခတ်ကြည့်ရင်း ရန်ကျောက်ကဲ၏အကြည့်များ နက်ရှိုင်းသွားသည်။
လေပွေမုန်တိုင်းများ တိုက်ခတ်လျှက်ရှိသော အဝေးဆီမှ နဂါးနက်မုန်တိုင်းသည် အချိန်တိုအတွင်းမှာပင် လူတိုင်း၏မျက်စိရှေ့သို့ ကြောက်မက်ဖွယ်ရာ ရောက်ရှိလာခဲ့ပေပြီ။
လူတိုင်းက မသိမသာ ရန်ကျောက်ကဲကို ကြည့်လိုက်မိကြသည်။ နောက်တစ်ကြိမ် အန္တရယ်ရင်ဆိုင်ရသည့်အခါ သူ့တွင် ကျော်ဖြတ်ရန် နည်းလမ်းများ ရှိလေဦးမည်လားဟု အားလုံးက မျှော်လင့်ကြသည်။
ကျောက်တိုင်ကြီးနစ်မြုပ်နေသောနေရာတွင် မုန်တိုင်းရင်ဆိုင်ရစဉ်က ကျောက်တိုင်ကြီးမှထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများဖြင့် မုန်တိုင်းဒဏ်ကို ရင်ဆိုင်နိုင်ခဲ့ကြသည်။
ထိုနည်းလမ်းအတိုင်း နောက်တစ်ကြိမ် ပြုလုပ်နိုင်ပါမည်လား။
စောစောကအတိုင်း ပြန်လုပ်ချင်သည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် အချိန်တိုအတွင်း ကျောက်တိုင်ကြီးကို သဲကန္တာရထဲ ပြန်လည်နှစ်မြှုပ်နိုင်ပါမည်လား။
သို့ပေသိ ထိုသို့ပြုလုပ်ရန်မဆိုထားနှင့် သူတို့မှာ နောက်လှည့်ကြည့်ရန်ပင် အချိန်မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိတွင် အားလုံးက ရန်ကျောက်ကဲကို ခေါင်းဆောင်တင်ထားကြသည်ဖြစ်ရာ သူတို့၏မျှော်လင့်ချက်များက ရန်ကျောက်ကဲအပေါ်တွင်သာ ရှိနေကြသည်။
ရန်ကျောက်ကဲက ထိုသူများအားလုံးကို အလေးအနက်ကြည့်လိုက်ရင်း...
“အားလုံး ငါ့အနားမှာပဲနေ ၊ လူစုမကွဲစေနဲ့”
ရန်ကျောက်ကဲစကားကိုကြားတော့ အားလုံး သူ့အနားသို့ တိုးကပ်သွားကြသည်။
အကြီးအကဲ’လီ’နှင့် ယောက်ရှန်းက ထိပ်ဆုံးမှ ရန်ကျောက်ကဲအနားသို့ တိုးကပ်သွား၏။
သူတို့က ရန်ကျောက်ကဲအနားရောက်သည်နှင့် အပြင်ဘက်မှဝင်ရောက်လာမည့် ဟာရီကိန်းမုန်တိုင်းကြီးကို ကြည့်ရှုနေရင်း ရန်ကျောက်ကဲကိုလည်း တိတ်တဆိတ် အကဲခတ်နေသည်။
ဆင်တစ်ကောင်ထက်ပင်ကြီးမားသည့် ပန်ပန်က ရန်ကျောက်ကဲအနောက်တွင် စောင့်ကြပ်နေ၏။
အားဟူကတော့ ရန်ကျောက်ကဲဘေးတွင် ကာကွယ်ပေးရန် အသင့်အနေအထားဖြင့် စောင့်ကြပ်နေသည်။
အကြီးအကဲ’လီ’ ၏ မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းတစ်ချက် တောက်ပသွားသည်။
“ဒီတစ်ခေါက်က အရင်တစ်ခေါက်ကနဲ့ မတူဘူး”
အတွေးနှင့်အတူ သူ့မျက်ဝန်းထောင့်တွင် ကျွင်းလော့ကို မျက်တောင်တစ်ချက်မခတ် စူးစိုက်ကြည့်နေသည့် လျန်ယင်း၏အရိပ်ကို တွေ့နေရသည်။
လျန်ယင်းသည် နှုတ်ခမ်းများကို တင်းတင်းကိုက်ထားပြီး သွေးများပင်ထွက်နေပြီကို သူကိုယ်တိုင် သတိမထားမိပေ။
ရန်ကျောက်ကဲကို ပျော်ရွှင်မှု ၊ ယုံကြည်မှု ၊ ကြည်ညိုမှု ၊ ချီးကျူးမှု ၊ ရိုသေလေးစားမှု အပြည့်ဖြင့် ကြည့်နေသည့် ကျွင်းလော့ကို သူ့မျက်လုံးများထဲတွင် တွေ့မြင်နေရသည်။
ကျွင်းလော့က သူ့ကို ထိုသို့သောအမူအရာဖြင့် ကြည့်လာစေရန် သူ့ဘဝတစ်လျှောက်လုံး မျှော်လင့်ခဲ့ရသည်။
လျန်ယင်းသည် ငယ်စဉ်ကတည်းက မိသားစုဝင်များ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို မရရှိခဲ့ပေ။ သူ့ဘဝက ချစ်ခြင်းမေတ္တာကင်းမဲ့ပြီး လုံခြုံမှုကင်းမဲ့ကာ ရွယ်တူများ၏ အနိုင်ကျင့်ခြင်းကို မကြခဏခံခဲ့ရသည်။
ခြွင်းချက်အနေဖြင့် ကျွင်းလော့က သူ့ကို ဘယ်သောအခါမှ မထီမဲ့မြင် အထင်သေးခြင်း မရှိခဲ့ပေ။ အနောက်ဘက်သဲကန္တာရကြီးထဲမှာပင် သူ့ကို အသက်စွန့်ကာ ကယ်တင်ရန် ကြိုးစားခဲ့သည်။
ကျွင်းလော့အတွက်တော့ ထိုအပြုအမူက သာမန်သူငယ်ချင်းတစ်ယောက်ပမာ ဆက်ဆံရေးမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့ပေသိ လျန်ယင်းအတွက်တော့ မကြုံစဖူးသော ဂရိုစိုက်မှုနှင့် နွေးထွေးမှုကို ခံစားခဲ့ရသည်။
ထို့ထက်မက သူ ပိုပြီးလိုချင်မိသည်။
မပိုလျှင်တောင်မှ လျော့နည်းသွားမည်ကို သူ အမြဲတမ်း ကြောက်ရွံ့နေခဲ့သည်။
မကျန်းမာသည့်အပြင် အခြားသူများနှင့်မတူညီသော စိတ်နေစိတ်ထားရှိသူ လျန်ယင်းသည် သူ့ဘဝ၏ အလင်းရောင်ပမာဖြစ်နေသော ကျွင်းလော့ကို ဘယ်တော့မှလက်မလွှတ်ဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်သည်။
ကျွင်းလော့အနေဖြင့် သူ့ထက်အခြားသူများကို အာရုံစိုက်လွန်းခြင်း ၊ သူ့ကို ထောင့်တစ်နေရာသို့ တွန်းပို့နေခြင်းကို သူ သည်းမခံနိုင်ပေ။
ကျွင်းလော့အနားသို့ ချဉ်းကပ်လာသူ လူငယ်တိုင်းကို သူက ပြိုင်ဘက်အဖြစ် သဘောထားခဲ့သည်ပင်။ သူနှင့်အလားတူ ဝေဒနာခံစားခဲ့ရရှာသော သူ့ ညီ လျန်ချန်ကိုပင် ပြိုင်ဘက်ပမာ ဆက်ဆံခဲ့သည်။
ယခု သူတို့ရှေ့သို့ နတ်ဘုရားတစ်ပါးအလား ဆင်းသက်ရောကရှိလာသည့် ရန်ကျောက်ကဲသည်လည်း အတူတူပင် ဖြစ်သည်။
ဝါဒတောင်သခင်လေး “ရန်ကျောက်ကဲ”။
သူတို့ (၂)ယောက်ကြား အကွာအဝေးက တကယ့်ကို ကြီးမားလွန်းသည်။
သူက ကန္တာဒေသ ၊ “လျန်” အိမ်တော်ရှိ သာမန်ကိုယ်လုပ်တော်တစ်ယောက်မှ မွေးဖွားလာသူတစ်ယောက် ဖြစ်သည်။ ဘယ်တော့မှ မအောင်မြင်နိုင်သည့် ဘဝမျိုးကို ပိုင်ဆိုင်ထားသည်။
ကန္တာဒေသ၏ “လျန်” အိမ်တော်သည် လေလှိုင်းဓားဂိုဏ်းလက်အောက်မှ ဒုတိယအဆင့် စွမ်းအားစုတစ်ခုသာ ဖြစ်သည်။
လေလှိုင်းဓားဂိုဏ်း၏ အဓိကအကြီးအကဲများထဲမှတစ်ယောက်မှာ ဝါဒတောင်မှ ထိပ်တန်းအဆင့် အကြီးအကဲတစ်ယောက် ဖြစ်သည်။
ထို့ပြင် ဝါဒတောင်မှ လုပ်ငန်းဆိုင်ရာအကြီးအကဲများကိုပင် “လျန်”အိမ်တော်၏ အိမ်တော်သခင်က ဂုဏ်သရေရှိပုဂ္ဂိုလ်များအဖြစ် လေးလေးစားစား ဆက်ဆံရသည်။
ရန်ကျောက်ကဲကတော့ အသက်ငယ်ရွယ်သည့်တိုင် ထိုအကြီးအကဲများအားလုံး သူ့အမိန့်ကို ခေါင်းညိတ်အမိန့်နာခံရသလို ခါးကိုင်းအရိုအသေပေးခြင်းခံရသူလည်း ဖြစ်သည်။
လျန်ယင်းနှင့် ရန်ကျောက်ကဲဆိုသည်က မိုးနဲ့မြေပမာသာမက ကောင်းကင်ဘုံနှင့် ငရဲပြည်ပမာ အလှမ်းဝေးလွန်းသူများ ဖြစ်ကြသည်။
ရန်ကျောက်ကဲအပေါ်ထားရှိသော ကျွင်းလော့၏ ခံစားချက်များက မိန်းကလေးနှင့် ယောကျ်ားလေးကြား မေတ္တာရှိခြင်းမျိုးမဟုတ်ဘဲ ရိုသေလေးစားခြင်းသာြဖစ်ကြောင်း လျန်ယင်း သိရှိသည်။
သို့သော် ရန်ကျောက်ကဲနှင့် ကျွင်းလော့တို့ ရယ်ရွှင်မြူးတူးစွာ စကားပြောနေသည့်မြင်ကွင်းက သူ့နှလုံးသားကို အဆိပ်ပြင်းသည့်မြွေများ ဝိုင်းဝန်းကိုက်ခဲနေသည့်အလား ခံစားရစေသည်။
သူနှင့် ကျွင်းလော့ကတော့ တစ်ခါမှ ထိုသို့နှယ် စကားမပြောခဲ့ဖူးကြပေ။
“လော့လော့” ဟု ရန်ကျောက်ကဲခေါ်လေ့ရှိသည့် ထိုနာမည်သည် လျန်ယင်း အကြိမ်ပေါင်းများစွာ ခေါ်ဆိုကြည့်ရန် အိပ်မက်မက်ခဲ့သည့် အခေါ်အဝေါ်လေးပင်။ သို့သော် စမ်းခေါ်ကြည့်ရန် ကြိုးစားတိုင်း သူ့ပါးစပ်ထဲ တင်းကျပ်နေပြီး ခေါ်မထွက်နိုင်အောင် ရှိရသည်။
ဘာလို့... သူတို့ကြားက အကွာအဝေးက ဒီလောက်ကြီးမားရတာလဲ။
လျန်ယင်းသည် ရန်ကျောက်ကဲနှင့် ကျွင်းလော့ စကားပြောနေသည်ကိုကြည့်ရင်း သူ့ဘဝ၏ တစ်ခုတည်းသောအလင်းရောင်သည် သူနှင့်အလွန်တရာဝေးကွာသွားခဲ့သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
“ဒီလိုမဖြစ်သင့်ဘူး ၊ ဝါဒတောင်သခင်လေးဆိုတော့ရော ဘာဖြစ်သေးလဲ ၊ ဝါဒတောင်သခင်လေးလည်း မင်းကို အဝေးခေါ်ထုတ်သွားခွင့် မပြုနိုင်ဘူး”
လျန်ယင်း သည်းမခံနိုင်စွာဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။
ထို့နောက် အနက်ရောင်ဓားတစ်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သူ့လက်မောင်းကို ဓားဖြင့်ထိုးစိုက်လိုက်သည်။ သူ့မျက်နှာထက်တွင်တော့ ဝမ်းနည်းဖွယ်ရာအပြုံးတစ်ချက် ထင်ဟပ်လာသည်။
သူ့လက်မောင်းထက်မှ သွေးများဖြာခနဲထွက်လာပြီး သဲကန္တာရ၏အဝါရောင်သဲများထက် ကျဆင်းသွားသည်။ သွေးများဖြင့် ထိတွေ့မိသည်နှင့် အဝါရောင်သဲများသည် ချက်ချင်းပင် နှင်းပွင့်များပမာ ဆွတ်ဆွတ်ဖြူသွားလေ၏။
***