လွန်ခဲ့တဲ့ (၂) နှစ်အတွင်း သဘောကောင်းပြနေခဲ့မိလို့လား
Vol. 16 Ch. 224
ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို ကိုင်ဆောင်ထားရင်း အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီမှ လွင့်ပျံလာသော ကြောက်မက်ဖွယ်ရာ နဂါးနက်မုန်တိုင်းကို အကဲခတ်လိုက်သည်။ ထို့နောက် သူ့အနားဝန်းကျင်တွင် စုဝေးနေကြသော လူအများကို စူးစိုက်ကြည့်လိုက်၏။
ထို့နောက် အားဟူနှင့် ဖန်းယွင်ရှန်းထံသို့ အသံပို့လွှတ်စနစ်ဖြင့် ရင်ဆိုင်နေရသည့် အခြေအနေအကျဉ်းချုပ်ကို ရှင်းပြလိုက်သည်။
ရန်ကျောက်ကဲက...
“နဂါးနက်မုန်တိုင်းတစ်ခုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အနည်းဆုံး သိုင်းဆရာသခင်အဆင့် ဖြစ်ရမယ်”
အားဟူ၏ မျက်နှာအမူအရာက ယခင်ကကဲ့သို့ ပျင်းရိပျင်းတွဲနှင့် ရိုးရှင်းသည့်ဟန်ပန် ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်နေသည်။
“ရန်သူက ကျွန်တော်တို့ကို တိုက်ရိုက်ဝင်မတိုက်တာ အကြောင်းရှိတယ် ၊ သူတို့က ဒီဒေသမှာရှိနေတဲ့ ကျွန်တော်တို့ဂိုဏ်းက သိုင်းဆရာသခင်တွေကို သတိထားနေတာ ဖြစ်ရမယ် ၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူတို့က ကျွန်တော်တို့ကို ထိန်းချုပ်ချင်နေတယ်”
ဖန်းယွင်ရှန်းက သူမ၏ အနက်ရောင်ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
ရန်ကျောက်ကဲက...
“ဒီသိုင်းဆရာသခင်က နဂါးနက်မုန်တိုင်းအပေါ် အပြည့်အဝ မှီခိုအားထားနေတော့ ငါတို့အနားကို ကပ်ရဲမှာ မဟုတ်ဘူး ၊ ငါတို့အနားကပ်လာရင်လည်း အခြေအနေတွေ ရှုတ်ထွေးကုန်မှာကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး ၊ ကြည့်ရတာ သူ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် ငါတို့အနားကပ်လာဖို့ ယုံကြည်ချက်အပြည့်အဝ ရှိဟန်မတူဘူး”
သူက ဆက်ပြောသည်။
“ဒီတော့ နဂါးနက်မုန်တိုင်းကို အသုံးချပြီး ငါတို့ကို အရှင်လတ်လတ် ကန္တာရထဲ ဂြိုဟ်လိုက်တာက အကောင်းဆုံးပေါ့ ၊ ဒါပေမဲ့ သူတို့အကြံအစည်မအောင်မြင်ရင်တော့ ငါတို့သတိမထားမိခင် သူတို့ဘက်က နောက်ဆုတ်သွားလိမ့်မယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို ကြည့်ရင်း...
“ဒါဆို စောစောက ကျောက်တိုင်ကြီးအနားမှာ ကျွန်မတို့ဘက်က လှုပ်ရှားလာအောင် တမင်သက်သက် ပြဿနာရှာတဲ့သဘောပေါ့ ၊ ကျွန်မတို့ဘက်က လှုပ်ရှားလိုက်တာနဲ့ သူတို့အတွက် အောင်မြင်နိုင်ခြေ အများကြီးရှိတယ် မဟုတ်လား”
ရန်ကျောက်ကဲ အကြည့်များက နက်ရှိုင်းသွားပြီး မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်၏။
ထိုအချိန်...
ကျွင်းလော့နောက်တွင်ရပ်နေသည့် လျန်ယင်းက ရုတ်တရက် အနက်ရောင်ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်ကို ရန်ကျောက်ကဲ တွေ့လိုက်ရသည်။ ထိုကောင်လေး၏မျက်နှာအမူအရာကလည်း အတော်လေးထူးဆန်းနေသည်။
ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်သည်။ လျန်ယင်းက ကျွင်းလော့ကို တိုက်ခိုက်မည်ထင်လိုက်သဖြင့် သူ့ကို တားဆီးရန် ရှေ့တက်လိုက်သည်။ သို့သော် လျန်ယင်းက အနက်ရောင်ဓားဖြင့် သူ့ကိုယ်သူ လှီးဖြတ်ချလိုက်ကြောင်း တွေ့လိုက်ရ၏။
အနက်ရောင်ဓားက လျန်ယင်း၏ လက်မောင်းထဲ စိုက်ဝင်သွားပြီး အလင်းရောင်များ ရုတ်ချည်းထွက်ပေါ်လာသည်။
အနက်ရောင်ဓားနှင့် လျန်ယင်း၏လက်မောင်း ထိတွေ့သည့်နေရာတွင် ထူးဆန်းသည့် ဝိညာဉ်စွမ်းအား အတက်အကျများ ဖြစ်ပေါ်လာသည်။
ရန်ကျောက်ကဲအကြည့်များတင်းမာသွားပြီး...
“ဒါက သွေးစတေးတဲ့ပညာတစ်ခုခုဖြစ်ရမယ် ၊ သူ့သွေးကြောထဲမှာ အစတကည်းက တစ်ယောက်ယောက်က ကျိန်စာထည့်သွင်းထားခဲ့တာလား”
လျန်ယင်း၏လက်မောင်းမှ သွေးစိမ်းရှင်ရှင် စီးထွက်လာပြီး သဲလွင်ပြင်ထက် ဖြာကျသွားသည်။ သူ့သွေးနှင့် ထိမိသည့် သဲပွင့်များသည် နှင်းပွင့်များပမာ ဆွတ်ဆွတ်ဖြူသွားလေ၏။
လေထုထဲတွင် ကြီးမားသည့် ဝိညာဉ်သင်္ကေတကြီးတစ်ခု ဖြစ်တည်လာပြီး သဲသောင်ပြင်အောက်ခြေအတွင်းသို့ တဖြည်းဖြည်းနစ်ဝင်သွားသည်။
လျန်ယင်းသည် ထိုဝိညာဉ်သင်္ကေတကြီး၏ အလယ်ဗဟိုတွင်ရှိနေပြီး နှင်းကဲ့သို့ ဖြူဖွေးသည့်သဲမြေများက လျှင်မြန်စွာပင် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ချက်ချင်းပင် လူတိုင်း၏ ခြေထောက်အောက်တွင် ပြင်းထန်သည့် ငလျှင်တစ်ခု လှုပ်ခတ်လာသည်ကို ခံစားလိုက်ရပြီး သဲပြင်တစ်ခုလုံး ဖြူဖွေးသွားကာ အန္တရယ်အငွေ့အသက်များ ထွက်ပေါ်လာသည်။
သူတို့အခြေထောက်အောက်မှ သဲများက သဲနုန်းများအဖြစ် ပြောင်းလဲသွားပြီး ခြေတစ်လှမ်းလှမ်းမိသည်နှင့် ရုန်းမထွက်နိုင်ဘဲ သဲနုန်းများအတွင်း ပိတ်မိကာ နစ်မြုပ်သွားမည် ဖြစ်သည်။
လူတိုင်း အံ့အားသင့်သွားပြီး...
“ဒါက နဂါးဖြူသဲနုန်းမဟုတ်လား”
ဤနေရာရှိလူတိုင်းမှာ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး ကျွင်းလော့ ၊ လျန်ယင်းနှင့် လျန်ချန်တို့သာ ခန္ဓကိုယ်သန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်ကြသည်။
တစ်ခုခုမှားနေပြီဟု သိလိုက်သည်နှင့် အားလုံးက အားစိုက်ထုတ်ကာ ရုန်းကန်လိုက်ချင်သော်လည်း သူတို့ခြေထောက်အောက်ရှိ သဲနုန်းများအတွင်းမှ မလွတ်မြောက်နိုင်ကြောင်း နားလည်လိုက်ကြသည်။
အင်အားအနည်းငယ်သုံးပြီး လှုပ်ရှားလိုက်သည်နှင့် သဲနုန်းအတွင်းမှ မလွတ်မြောက်နိုင်သည်သာမက ပို၍ပင် နစ်မြုပ်သွားကြရသည်။
ပြင်းပြင်းထန်ထန် အားထုတ်ခြင်းမျိုးမဟုတ်ဘဲ အနည်းငယ်မျှ ကြိုးစားကြည့်လျှင်ပင် ရလဒ်က အတူတူပင်ဖြစ်၏။ သူတို့၏ ကြယ်တာရာချီစွမ်းအားများကို ထုတ်ဖော်အသုံးပြုသည့်တိုင် အဖြူရောင်သဲများနှင့် ထိတွေ့လိုက်သည်နှင့် ကြယ်တာရာချီစွမ်းအားများက သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ကောင်းကင်ယံ၌ နဂါးနက်မုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်လာစဉ် သူတို့ခြေထောက်အောက်မှ သဲနုန်းကလည်း ကန္တာရထောင်ချောက်တစ်ခုပမာ သူတို့အားလုံးကို အရှင်လတ်လတ် မြှုပ်နှံပစ်ရန် ကြိုးစားနေသည်။
သဲနုန်းများအတွင်း နစ်မြုပ်သွားသည်နှင့် လှုပ်လေမြုပ်လေ ဖြစ်ရသည့်အတွက် မည်သူမှ မလှုပ်ရှားဝံ့ကြတော့ပေ။
လှုပ်ရှားမရနိုင်သည့် သူတို့အားလုံးဆီသို့ ကြောက်မက်ဖွယ်ရာ မုန်တိုင်းကြီးကလည်း မကြာခင် ကျရောက်လာတော့မည့်ဖြစ်ရာ အားလုံးမှာ ကူရာကယ်ရာမဲ့လျှက် ရှိကြသည်။
ကျွင်းလော့က ထိတ်လန့်တခြားအော်ဟစ်လိုက်ပြီး သူမခန္ဓာကိုယ်က သဲနုန်းများအောက်ဘက်သို့ ခြေလွတ်လက်လွတ်ဖြင့် လျှင်မြန်စွာနစ်မြုပ်သွားသည်။ ခဏအတွင်း သူမခန္ဓာကိုယ်တစ်ဝက်ခန့် အဖြေူသဲများအတွင်း နစ်မြုပ်နေပေပြီ။
လျန်ချန်သည်လည်း ထိုအတိုင်းပင် ဖြစ်သည်။
သို့ပေသိ လျန်ယင်းကတော့ အဖြူရောင်သဲများထက်တွင် တည်ငြိမ်စွာမတ်တတ်ရပ်နေပြီး ပုံမှန်အတိုင်းပင် လမ်းလျှောက်နေသည်။ သူ၏ ခြေလှမ်းများကတော့ သာမန်နှင့်မတူဘဲ ထူးဆန်းလျှက် ရှိသည်။
သူ့လက်မောင်းမှ ဒဏ်ရာက သွေးများအဆက်မပြတ်ကျဆင်းနေပြီး သူ့မျက်နှာက ပိုမိုဖြူဖျော့လာသည်။ သူ့မျက်နှာထက် သွေးရောင်လုံးဝမရှိတော့ဘဲ အလွန်တရာ အားနည်းနေဟန်ရှိသည်။
သို့ပေသိ သူကိုကြည့်ရသည်မှာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေပုံရပြီး ကျွင်းလော့ကို စွဲလမ်းစိတ်အပြည့်ဖြင့် စိုက်ကြည့်ရင်း သူ့မျက်နှာထက်တွင် စိတ္တဇဆန်ဆန် အပြုံးတစ်ချက် ထွက်ပေါ်လာသည်။
“လော့လော့... မကြောက်ပါနဲ့ ၊ အဆင်ပြေသွားမှာပါ”
လျန်ယင်းက ကျွင်းလော့ထံသို့ လျှောက်လာရင်း...
“နင်သာ ငါ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမယ်ဆိုရင် သဲကန္တာရထဲ နစ်မြုပ်သွားမှာ ကြောက်စရာမလိုဘူး ၊ နင့်ကို ငါနဲ့အတူ ငရဲပြည်ကို ခေါ်သွားမယ် ၊ ဒါဆိုရင် သဲကန္တာရမှာတိုက်ခတ်မယ့် နဂါးနက်မုန်တိုင်းကို ကြောက်စရာမလိုတော့ဘူး”
သူက ပြောရင်း ကျွင်းလော့ကို ပွေ့ဖက်တော့မည့်အလား လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။
“ကြည့်စမ်း လော့လော့ ၊ ငါလည်း မဆိုးဘူးမဟုတ်လား ၊ ရန်ကျောက်ကဲလိုပဲ ငါလည်း နင့်ကို ကယ်တင်နိုင်ပါတယ်ဟာ”
အနက်ရောင်ဓားသည် သူ့လက်မောင်းထက် စိုက်ဝင်နေဆဲ ဖြစ်ပြီး ဒဏ်ရာမှ သွေးများအဆက်မပြတ်ထွက်နေသည်။
သူ့စကားကိုကြားသည့်အခါ အန္တရယ်အလယ်သို့ ကျရောက်နေသည့်တိုင် လူတိုင်း ထိတ်လန့်သွားကာ ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက လျန်ယင်းကို ကြည့်ရင်း...
“ဒီပညာက ‘ထုံရှင်းသွေးကျိန်စာ’ ပဲ ၊ ဒါက သိုင်းတာအိုနဲ့ပတ်သက်တဲ့ ပညာတစ်ခု မဟုတ်ဘူး ၊ ဂမ္ဘီရမှော်ပညာနဲ့ ပိုပြီးတော့ သက်ဆိုင်တယ် ၊ ဒါပေမဲ့ ဒီပညာကို အသုံးပြုဖို့ မင်းရဲ့ သွေးတွေကို လောင်ကျွမ်းသွားတဲ့အထိ တန်ဖိုးပေးဆပ်ရလိမ့်မယ် ၊ မင်းရဲ့ ချီစွမ်းအားနဲ့ သွေးစွမ်းအားပေါင်းစပ်ပြီး နဂါးဖြူသဲနုန်းကို ဖန်တီးထားပေမယ့် တကယ်တမ်းမှာ မင်း အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး”
ရန်ကျောက်ကဲက မျက်ခုံးများ တွန့်ချိုးထားရင်း...
“မင်းက သွေးကျိန်စာနဲ့ သဘာဝဘေးအန္တရယ်ကို ချိတ်ဆက်အသုံးချပြီး နဂါးဖြူသဲနုန်းကို အချိန်တိုအတွင်း ဖန်တီးလိုက်တယ် ၊ မင်းကတော့ ဒီကျိန်စာကို ဖန်တီးတဲ့သူဆိုတော့ ဒီသဲနုန်းတွေကြား နစ်မြုပ်မသွားတာ မဆန်းပါဘူး”
“ဒါပေမဲ့ မင်းနဲ့အတူ လူတစ်ယောက်ကို ထုံရှင်းသွေးကျိန်စာထဲ ဆွဲခေါ်သွားလို့ရတယ် ၊ အဲဒီလူရဲ့ အသက်အသွေးတွေက မင်းနဲ့အတူ ဒီကျိန်စာအတွက် စတေးခံရလိမ့်မယ် ၊ သူလည်း မင်းလိုပဲ ချီစွမ်းအားနဲ့ သွေးတွေ ခမ်းခြောက်ပြီး သေဆုံးသွားလိမ့်မယ်”
ရန်ကျောက်ကဲက လျန်ယင်းကို စူးစိုက်ကြည့်ရင်း...
“မင်းက လော့လော့ကို မင်းနဲ့အတူ သေစေချင်တာလား”
ရန်ကျောက်ကဲစကားကိုကြားတော့ ကျွင်းလော့က လျန်ယင်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေသည်။
လျန်နှင့် အတူတူကြီးပြင်းလာသည့် လျန်ချန်သည်ပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏အစ်ကိုဖြစ်သူကို စိုက်ကြည့်နေသည်။ လျန်ယင်းသည် သူစိမ်းတစ်ယောက်ပမာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်ဟု သူ ခံစားနေရသည်။
ကျွင်းလော့အကြည့်များကို ရင်ဆိုင်လိုက်ရသည့်အခါ လျန်ယင်း အနည်းငယ် မျက်နှာပျက်သွားသည်။ ထိုခဏတွင် မလိုလားသည့်ဆန္ဒတစ်ခု သူ့မျက်နှာထက်တွင် ပေါ်လာသည်။ သို့သော် ခဏမျှသာပင်။
သို့ပေသိ သူက ချက်ချင်းပင် ရယ်မောလိုက်ရင်း...
“မဆုံနိုင်မှတော့ အတူတူသေကြတာ ပိုကောင်းပါတယ်”
လျန်ယင်းက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း...
“အနည်းဆုံးတော့ လော့လော့က တခြားသူနဲ့ အကြည်စိုက်နေတာကိုကြည့်ပြီး ငါ ရင်မနာရတော့ဘူးပေါ့”
“ရန်ကျောက်ကဲ ၊ မင်းက မကြာခင်မှာ ဒဏ္ဍာရီအသစ်ဖြစ်လာတော့မယ့် ကောင်းကင်ဘုံက မျက်နှာသာပေးတဲ့သားတော်တစ်ပါးပါ ၊ မင်းလို အဆင့်အတန်းမြင့်မားတဲ့လူတစ်ယောက်နဲ့ယှဉ်လိုက်ရင် ငါက ရွှံ့ပုပ်လို လူတစ်ယောက်ပါ ၊ ဒါပေမဲ့ မင်း ငါ့ထက် အဆင့်အတန်းဘယ်လောက်မြင့်မြင့် ၊ ငါ့အဆင့်အတန်းက ဘယ်လောက်နိမ့်ကျနိမ့်ကျ ပြဿနာမရှိဘူး ၊ ဒါပေမဲ့ ငါ့ဘဝရဲ့ နောက်ဆုံးအလင်းရောင်လေးကို မင်း လုယူသွားလို့မရဘူး”
သူက သွေးရူးသွေးတန်းဖြင့် ဆက်ပြောသည်။
“အဲဒီလို လုံးဝ အဖြစ်မခံနိုင်ဘူး ၊ ငါက အားနည်းကောင်းအားနဲမယ် ၊ ဒါပေမဲ့ ငါက မင်းကို သဲနုန်းအောက်ခြေအထိ ဆွဲချသွားနိုင်တယ် ၊ ကျစ် ကျစ်... ရွှံ့ထဲနစ်နေတဲ့ မင်းရဲ့ သနားစရာပုံစံကို တွေ့ချင်လိုက်တာ ၊ အဲဒါ ဘယ်လိုပုံစံများ ဖြစ်နေမလဲ ၊ အဲဒီလိုအချိန်ကျရင် အားလုံးရဲ့အထက်က မင်းသားတစ်ပါးလို ရပ်တည်နိုင်ပါဦးမလား ငါ ကြည့်ချင်လိုက်တာ”
ထို့နောက် ခပ်ပျော့ပျော့ လူငယ်လေးက ခံစားချက်ကင်းမဲ့စွာဖြင့် ကျုံးဝါးသံတစ်ချက် ပြုလိုက်သည်။
ထိုအချိန် နဂါးနက်မုန်တိုင်းက အော်မြည်သံများနှင့်အတူ ဝင်ရောက်လာပြီး မြေပြင်ထက်မှ အဖြူရောင်သဲများ ကောင်းကင်ထက်သို့ လွင့်ပျံသွားသည်။
သူတို့အခြေထောက်အောက်ခြေမှ နဂါးဖြူသဲနုန်းများအပြင် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းမှ ပြောင်းလဲသွားသည့် နဂါးနက်မုန်တိုင်းက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီဖြစ်သည်။ ကြောက်မက်ဖွယ်ရာလေပွေများက လူတိုင်းထံသို့ လွင့်စင်တိုက်ခတ်လာသည်။
ရန်ကျောက်ကဲကတော့ တည်ငြိမ်နေပြီး သူ့လက်ထဲတွင် ကျောက်တိုင်လုံးကြီးကို ကိုင်ထားဆဲ ဖြစ်သည်။ သူက နေရာတွင် မလှုပ်မယှက်ရပ်နေပြီး သူ့ညာဘက်မျက်လုံးအတွင်းမှ ခရမ်းရောင်လျှပ်စီးအလင်းတန်းများ ရုတ်ချည်း လင်းလက်သွားသည်။
သူက ဘက်ဘက်လက်ဖဝါးကို ဖြန့်လိုက်ရာ လက်ဖဝါးထက်တွင် အမွှေးတိုင်အိုးလေးတစ်လုံးပေါ်လာသည်။ သူက ထိုအမွှေးတိုင်အိုးလေးကို အားဟူထံ ပစ်ပေးလိုက်သည်။
“နဂါးဖြူသဲနုန်းကို ရှင်းပြီး လော့လော့နဲ့ တခြားသူတွေကို ကယ်လိုက်”
အားဟူက ရန်ကျောက်ကဲကို ခေါင်းညိတ်ပြလိုက်ပြီး လျန်ယင်းကို စိမ်းသက်သည့်အကြည့်ဖြင့် လှမ်းကြည့်သည်။
ရန်ကျောက်ကဲက...
“မင်း အခု ဘာတွေပြောနေတာလဲဆိုတာ ငါ နားမလည်ပေမယ့်...”
ရန်ကျောက်ကဲက လျန်ယင်းကိုမကြည့်ဘဲ နဂါးနက်မုန်တိုင်းကို လှမ်းကြည့်ရင်း စကားဆက်ပြောသည်။
“လူတွေက သူတို့ကိုယ်သူတို့ တန်ဖိုးရှိတယ်ဆိုတာ သက်သေပြဖို့အတွက် ငါ့ကို တက်နင်းချင်နေကြတယ် ၊ ဆိုတော့... ငါက လွန်ခဲ့တဲ့ (၂) နှစ်အတွင်း အတော်လေး သဘောကောင်းပြနေခဲ့မိလို့လား”
***