← Chapters

သူ့ကိုပြောတာမဟုတ်ဘူး ၊ မင်းကိုပြောနေတာ

Vol. 16 Ch. 225

သူ့ကိုပြောတာမဟုတ်ဘူး ၊ မင်းကိုပြောနေတာ

Vol. 16 Ch. 225

ရန်ကျောက်ကဲ နဂါးနက်မုန်တိုင်းကို အာရုံစိုက်နေရင်း သူ့ညာဘက်မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်း လင်းလက်သွားပြီး မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။

အနက်ရောင်ဟာရီကိန်းမုန်တိုင်းကြီးကြောင့် မှောင်မိုက်နေသည့် ပတ်ဝန်းကျင်သည်ပင် တစ်ဖန်ပြန်လည် လင်းလက်သွားသည်။

ခရမ်းရောင် လျှပ်စီးမိုးကြိုးသွားများက ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ ထွက်ပေါ်လာပြီး ကြီးမားသော ကျောက်တိုင်ကြီးထက်သို့ ဆင်းသက်သွားသည်။

ထိုအခါ ကျောက်တိုင်ကြီး၏ မျက်နှာပြင်ထက်မှ အလင်းတန်းများစွာ ထွန်းလင်းလာသည်။ အဆုံးမဲ့အလင်းတန်းများက ကျောက်တိုင်အပြင်ဘက် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၏။

ထို့နောက် အလင်းတန်းများက အနက်ရောင်မုန်တိုင်းနှင့် ရောထွေးသွားပြီး နဂါးနက်မုန်တိုင်းကို ပိတ်ဆို့ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ကိုင်ထားသည့် အားဟူက ဒူးထောက်လိုက်ပြီး မြေပြင်ထက်မှ အဖြူရောင်သဲနုန်းများကို အမွှေးတိုင်အိုးလေးဖြင့် ထိလိုက်သည်။

အားဟူက ကိုယ်ပိုင်အစွမ်းအစဖြင့် ထိုအမွှေးတိုင်အိုးလေး၏ အစွမ်းသတ္တိကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။ သို့သော် အမွှေးတိုင်အိုးလေးက အဖြူရောင်သဲနုန်းမြေနှင့် ထိတွေ့သွားသည်နှင့် ထူးဆန်းသည့် စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက သဲနုန်းများကို စုပ်ယူသွားခြင်း မရှိသော်လည်း အဖြူရောင်သဲနုန်းများက ချက်ချင်းပင် မူလအတိုင်း အဝါရောင်သဲမြေအဖြစ် ပြောင်းလဲသွား၏။

လျန်ယင်းက ထိုမြင်ကွင်းကို အံ့အားသင့်စွာစိုက်ကြည့်ရင်း သူ့မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး အကြီးအကျယ် မျက်နှာပျက်သွားသည်။

သူက လက်ထဲတွင်ကိုင်ထားသည့် အနက်ရောင်ဓားဖြင့် သူ့လက်မောင်းမှဒဏ်ရာကို ထပ်မံထိုးစိုက်လိုက်ပြီး သဲပြင်ထက်သို့ သွေးများ ကျဆင်းစေလိုက်သည်။

သို့သော် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးမှ စုပ်ယူနိုင်စွမ်းနှင့် နှိုင်းယှဉ်ပါက လျန်ယင်း၏ လှုပ်ရှားမှုက အရာမထင်လှပေ။ ပေါက်နေသည့်အိုးထဲသို့ ရေထည့်နေသည့်အလားပင် ဖြစ်သည်။

လျန်ယင်းနေရာမှာပင် မှင်တက်စွာမတ်တတ်ရပ်နေရင်း သူ့ခန္ဓာကိုယ်က အားနည်းသည်ထက်အားနည်းလာသည်။ သူ့မျက်လုံးများ ဝေဝါးလာပြီး သူ့မျက်စိရှေ့မှ ကမ္ဘာကြီးကို မှုန်ဝါးဝါးသာ‌ တွေ့မြင်ရတော့သည်။

သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဂနာမငြိမ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်သည်လည်း ပင်ပန်းနွမ်းနယ်လာကာ ပြင်းထန်စွာ အေးစက်လာသည်။ နောက်ဆုံး အသက်ဓာတ်စွမ်းအားများ သူ့ခန္ဓာကိုယ်အတွင်းမှ မရပ်မနား စီးထွက်နေသည်ကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းပျော့ခွေလာပြီး မြေပြင်ထက်လဲပြိုကျသွားသည်။ သူ့လက်ထဲစိုက်ဝင်နေသည့် အနက်ရောင်ဓားမှ အလင်းရောင်က ပျံ့နှံ့ထွက်ပေါ်နေပြီး ဖြားယောင်းသွေးဆောင်သည့် ခံစားချက်များကို ပေးစွမ်းသည်။

လျန်ယင်း၏ အသားအရောင်က ဖြူဖျော့သည်ထက်ဖြူဖျော့လာပြီး တဖြည်းဖြည်း အရေခွံများပင် ရှုံ့တွလာသည်။

သဲပြင်ထက်မှ ဝိညာဉ်သင်္ကေတသည် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးကို တွန်းလှန်ရန် ကြိုးစားခဲ့ပါသော်လည်း သူ့ကို ထောက်ပံ့ပေးနေသည့် လျန်ယင်း၏သွေးကို မရရှိတော့သည့်အခါ မည်သည့်စွမ်းအားမှ ထွက်ပေါ်မလာတော့ပေ။

ဝိညာဉ်သင်္ကေတစ်ခုလုံးကို ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးက တဖြည်းဖြည်း စုပ်ယူသွားသည်။

အားဟူက နေရာတွင်မတ်တတ်ရပ်လျှက် သူ့နားရွက်ကို အသာပွတ်သပ်လိုက်သည်။ အသက်ဓာတ်စွမ်းအားများ တဖြည်းဖြည်းပျောက်ကွယ်သွားသည့် လျန်ယင်းကို သူက ခံစားချက်ကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ထန်ယင်းကို အရေးမစိုက်တော့ဘဲ သဲနုန်းများထဲတွင် ပိတ်မိနေသည့် ကျွင်းလော့နှင့် အခြားသူများကို လွတ်မြောက်အောင် ကူညီပေးလိုက်၏။

မျက်လုံးများ ဝေဝါးနေသည့် လျန်ယင်းသည် ရုန်းကန်ရင်းဖြင့် ကျွင်းလော့ကို လှမ်းကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများထဲမှ မယုံကြည်နိုင်ခြင်းများက ယခုအချိန်ထိ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

သူက မကြာခင်သေရတော့မည် ဖြစ်သည်။ ထို့ပြင် သူက သေရမည်ကိုလည်း ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော် သူ ကြောက်ရွံ့သည်က သူသွေးသွားလျှင် သူ့နောက်ကို ထိုမိန်းမပျိုလေးက လိုက်ပါလာမည် မဟုတ်ပေ။

သူ့ဘဝ၏ တစ်ခုတည်းသော အလင်းရောင်ကို ထာဝရဆုံးရှုံးရတော့မည်လား။ သူကတော့ မှောင်မိုက်ဆိတ်သုဉ်းသည့် ကမ္ဘာကို နောက်တစ်ခေါက် ပြန်သွားရပေတော့မည်။

“ငါလိုချင်တာ ဒါမဟုတ်ဘူး... အား”

လျန်ယင်းကရေရွတ်ရင်း ခက်ခက်ခဲခဲ ခေါင်းကိုလှည့်ကာ စောစောက သူ့ကို အနက်ရောင်ဓားပေးခဲ့သူအား ရှာဖွေနေသည်။

“ငါတို့ သဘောတူထားတာ ဒီလိုမျိုးမဟုတ်ဘူးလေ ၊ အား... ဒီလိုမျိုး မဖြစ်သင့်ဘူး ၊ ဒီလိုမျိုး မဖြစ်သင့်ဘူး”

လျန်ယင်းမျက်လုံးများသည် ပြူးကျယ်လျှက်ဖြင့်ပင် အလင်းဓာတ်ပျောက်ကွယ်သွားသည်။

အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်နေသည့် ယောက်ရှန်းကတော့ လျန်ယင်းကို တစ်ချက်လေးပင် မသနားခဲ့ပေ။

လျန်ယင်းသည် သူ့အတွက် အသုံးချခံ စစ်တုယင်နယ်ရုပ်လေးတစ်ရုပ်သာဖြစ်သည်။ ယခု သူ၏တန်ဖိုးအားလုံး ဆုံးရှုံးသွားပြီဖြစ်ရာ အရေးစိုက်နေစရာ မလိုတော့ပေ။

လက်ရှိတွင် အကြီးအကဲ’လီ’ အတုက  ရန်ကျောက်ကဲကို အပြည့်အဝ အာရုံစိုက်နေပြီး သူ့ ညာဘက်မျက်လုံးမှ ထွက်ပေါ်နေသည့် မိုးခြိမ်းသံများကို စိတ်ဝင်စားနေသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားက သူ့ကို လောဘတက်လာစေပြီး စိတ်တစ်ခုလုံးပင် တုန်လှုပ်သွားသည်။ ထိုအရာကို ပိုင်ဆိုင်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့၏။

အကြီးအကဲ’လီ’က သူ့စိတ်ထဲမှ လောဘဇောတိုက်နေမှုကို ချင်ချင်းဖိနှိပ်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“သိပ်ကောင်းတယ် ၊ သူ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ထုတ်သုံးလိုက်ပြီ ၊ နဂါးနက်မုန်တိုင်းက သူ့စိတ်အာရုံကို ဆွဲဆောင်သွားပြီ”

ထို့နောက် သူက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးဖြင့် နဂါးဖြူသဲနုန်းကို နှိမ်နင်းကာ သဲနုန်းထဲမှ လူများကို ကယ်ထုတ်နေသည့် အားဟူကို လှမ်းကြည့်လိုက်သည်။

“သူ့အနားက ထိပ်တန်းအဆင့် သိုင်းပညာရှင်ကိုလည်း အောင်အောင်မြင်မြင် ပ ထုတ်နိုင်ခဲ့ပြီ”

အကြီးအကဲ’လီ’ တွေးလိုက်သည်။

ထို့နောက် သူက ဘေးနားမှ ယောက်ရှန်းအတုကို အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“ငါတို့အတွက် အခွင့်အရေးရပြီ ၊ လှုပ်ရှားကြစို့ ၊ မင်း ဖီရှိုးကို တာဝန်ယူလိုက် ၊ ငါက ရန်ကျောက်ကဲကို ရှင်းလိုက်မယ်”

ပြောပြီးသည်နှင့် အကြီးအကဲ’လီ’ အတုက ရန်ကျောက်ကဲအနားသို့ တိတ်တဆိတ် ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။

ယောက်ရှန်းအတုကလည်း ပန်ပန်ကို ရန်ကျောက်ကဲအနားမှ မျှားခေါ်သွားရန် စတင်လှုပ်ရှားမှု ပြုလိုက်သည်။

သူတို့ (၂)ယောက်လုံးက ရန်ကျောက်ကဲကို လျှော့တွက်ထားခြင်း မရှိပေ။

ရန်ကျောက်ကဲက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ထိန်းချုပ်ရင်း နဂါးနက်မုန်တိုင်းကို ရင်ဆိုင်နေချိန် ၊ အားဟူကိုလည်း ရန်ကျောက်ကဲအနားမှ ဥပါယ်တံမျဉ်ဖြင့် ဖယ်ရှားပြီးမှာ ကြီးမားသည့်အခွင့်အရေးတစ်ခုကို ရရှိခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကျောက်ကဲကို လုပ်ကြံရန်အတွက် အလျင်စလိုပြုလုပ်ရန် မဖြစ်နိုင်ဘဲ တတ်နိုင်သမျှ သူ့အနီးသို့ရောက်အောင် သွားရောက်ရမည် ဖြစ်သည်။

သို့သော် အကြီးအကဲ’လီ’နှင့် ယောက်ရှန်းတို့မှာ ခြေတစ်လှမ်းသာ လှမ်းရုံရှိသေးသည် ရှေ့ဆက်မတိုးနိုင်အောင် ဖြစ်သွားကြရသည်။

ခန္ဓာကိုယ်လေးလံကြီးမားစွာဖြင့် အမြဲတမ်း ပျင်းရိပျင်းတွဲ တုံးတုံးအအ ပုံစံရှိသော ပန်ပန်၏မျက်လုံးထဲတွင် ရုတ်တရက် အလင်းရောင်တစ်ချက် လင်းလက်လာသည်။

ထို့နောက် ကြုံးဝါးသံတစ်ချက် ပြုလုပ်ကာ ခြေထောက်ကို စောင့်နင်းရင်း တောင်တစ်လုံးပြိုကျသည့်ပမာ အကြီးအကဲ’လီ’ ထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။

ပန်ပန်၏ ပစ်မှတ်ထားခြင်း ခံလိုက်ရသည့်အတွက် အကြီးအကဲ’လီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

“နဂါးနက်မုန်တိုင်းတွေ ၊ နဂါးဖြူသဲနုန်းတွေ ရင်ဆိုင်ရလို့ ဒီကောင်ကြီး ရူးသွားပြီလား မသိဘူး ၊ ဒါမှမဟုတ်...”

အကြီးအကဲ’လီ’ အတုက တွေးလိုက်သည်။

ပန်ပန်က ခန္ဓကိုယ်ကြီးထွားသည့်တိုင် အရှိန်အဟုန်က ထူးထူးခြားခြား လျှင်မြန်လွန်းလေရာ အကြီးအကဲ’လီ’မှ ဆက်လက်တွေးတောရန် အချိန်မရတော့ပေ။ ပန်ပန်၏ ခြေလှမ်းတိုင်းက မိုးခြိမ်းသံအလား ကျယ်လောင်လွန်းပြီး သက်ရှိအားလုံးကို နင်းခြေပစ်တော့မည့်အလား ပြင်းထန်လွန်လေရာ လူတိုင်းကို တုန်လှုပ်သွားစေသည်။

သူ့ထံသို့ တောင်တစ်တောင်လိမ့်ဝင်လာသည့်အလား အကြီးအကဲ’လီ’ ခံစားလိုက်ရပြီး မျက်စိပျက်မျက်နှာပျက် ဖြစ်သွားသည်။

သူ့တွင်ရှိသမျှ စွမ်းအားကုန်သုံးကာ တားဆီးခြင်း ၊ သို့မဟုတ် ရှောင်တိမ်းခြင်း မပြုပါက သူ့ရှေ့မှ ဧရာမသားရဲကြီး နင်းချေခြင်းကို ခံရပေလိမ့်မည်။

သို့သော် တကယ်တမ်း သူက ပန်ပန်ကို တားဆီးလိုက်မည် ၊ ရှောင်တိမ်းလိုက်မည်ဆိုလျှင် သူ့အကြောင်း ဘူးပေါ်သလို ပေါ်သွားနိုင်သည်။

အတုအယောင်မရဏကျောက်စိမ်းက အသတ်ခံရသူ၏ အသွင်အပြင်နှင့် ခွဲခြားမရအောင် ဟန်ဆောင်တုပနိုင်သော်လည်း သူက ဝါဒတောင်မှ သိုင်းကျင့်ကြံသူ မဟုတ်ပေ။

သူ သိုင်းကွက်ထုတ်ဖော်လိုက်သည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း ဇစ်မြစ်အမှန် ချက်ချင်း ထွက်ပေါ်လာပေမည်။

လက်ရှိအခြေအနေအရ ပန်ပန်အဘယ့်ကြောင့် ကမူးရှူးထိုး သူ့ထံပြေးဝင်လာရပါသနည်းဆိုသော အကြောင်းရင်းကို မတွေးအားဘဲ အကြီးအကဲ’လီ’ အစစ်သာဆိုလျှင် မည်သို့ပြုမူမည်လဲဟု စဉ်းစားလိုက်သည်။ အကြီးအကဲ’လီ’ အစစ်ဆိုလျှင် ပန်ပန်၏ နင်းခြေသတ်ဖြတ်ပစ်ခြင်းကိုလက်ခံရန် မိုက်မဲစွာဖြင့် နေရာတွင်ရပ်နေမည် မဟုတ်ပေ။

အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်ထားသော ယောက်ရှန်းသည် ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ ထို့နောက် ပန်ပန်၏ တိုက်ခိုက်မှုကို လျှင်မြန်စွာပင် နောက်ဆုတ်ရှောင်တိမ်းလိုက်တော့သည်။

သူ နောက်ဆုတ်လိုက်သည်နှင့် ကောင်းကင်ထက်တွင်  ငြိမ်သက်လုနီးပါးဖြစ်နေသော အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းနှင့် အယူအဆတူညီနေသည့် သူ၏ လက်သီးသိုင်းဝိညာဉ်ပေါက်ကွဲထွက်သွားသည်။

သူ၏ ကြယ်တာရာချီစွမ်းအားမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်မိုးမြေမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းတစ်ခုအသွင် ပေါ်ထွက်လာသည်။

ထိုသိုင်းပညာမှာ အတိတ်အချိန်က လေနယ်မြေ၏ ထိပ်သီးသိုင်းဂိုဏ်းဖြစ်သော “အနက်ရောင်အိပ်မက်ဆိုးတောင်” ၏ ကိုယ်ပိုင်သိုင်းပညာ “အနက်ရောင်အိမ်မက်ဆိုးလေပွေမုန်တိုင်း” သိုင်းပညာ ဖြစ်သည်။

ရုတ်တရက် အလှည့်အပြောင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

စောစောက ရန်ကျောက်ကဲ၏ ဖီရှိုးသတ္တဝါက အကြီးအကဲ’လီ’ကို တဟုန်ထိုးတိုက်ခိုက်လာသည့်အခါ သူတို့အားလုံး မှင်တက်နေမိပြီး မည်သူမှ တုံ့ပြန်နိုင်ခြင်း မရှိကြပေ။

ယခု သူတို့ ကြက်သေသေနေစဉ်မှာပင် နောက်ထပ် ထူးခြားသည့်အဖြစ်အပျက်များ ထပ်မံဖြစ်ပွားသွားခဲ့သည်။

ဝါဒတောင်မှ သိုင်းပညာရှင် ၊ လုပ်ငန်းဆိုင်ရာအကြီးအကဲတစ်‌ယောက်ဖြစ်သော အကြီးအကဲ’လီ’သည် အဘယ့်ကြောင့် အနက်ရောင်အိပ်မက်ဆိုးတောင်၏ သိုင်းပညာကို ထုတ်ဖော်အသုံးပြုရပါသနည်း။

အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန်မျိုးဆက်များသည် အလွန်ရှားပါးနေပြီ ဖြစ်သော်လည်း ဤဒေသက လေနယ်မြေပိုင်နက် ဖြစ်နေဆဲပင်။ ဤဒေသတွင် ကျက်စားနေကြသူများထဲတွင် တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နာမည်ကျော်ကြားခဲ့သော အနက်ရောင်အိပ်မက်ဆိုးတောင်၏ ကိုယ်ပိုင်သိုင်းပညာကို တတ်ကျွမ်းသူများ ပါဝင်နေသည်ကို သူတို့အားလုံး မည်သို့ သိရှိနိုင်ပါမည်နည်း။

အကြီးအကဲ’လီ’ အတု၏ မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။ ပန်ပန်၏ တိုက်ခိုက်မှုကို နောက်ဆုတ်ရှောင်တိမ်းလိုက်သည်နှင့် ယနေ့အဖို့ သူတို့အစီအစဉ် အောင်မြင်ရန်ခက်ခဲသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။ မျက်လုံးထောင့်မှ သူ့အဖော်ကို လှမ်းကြည့်လိုက်သည်။ ပန်ပန်ကို ထိန်းချုပ်ရန် တာဝန်ယူထားသော ယောက်ရှန်းအတုမှာ ဖန်းယွင်ရှန်း၏ ပိတ်ဆို့တားဆီးခြင်းကို ခံနေရကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်...

ရန်ကျောက်ကဲက အကြီးအကဲ’လီ’အဖြစ် ဟန်ဆောင်ထားသော ယောက်ရှန်းကို တည်ငြိမ်အေးဆေးစွာ လှမ်းကြည့်လာသည်။

“ငါက လွန်ခဲ့တဲ့ (၂) နှစ်အတွင်း အတော်လေး သဘောကောင်းပြနေခဲ့မိတော့... လူတွေက ငါ့ကို အနိုင်ကျင့်ချင်ကြတာလား”

ရန်ကျောက်ကဲက အကြီးအကဲ’လီ’ အတုကို အေးစက်စွာ ကြည့်လိုက်ရင်း...

“ဒီစကားက ‘လျန်’ ကောင်လေးကို ပြောနေတာလို့ မထင်နဲ့ ၊ မင်းကို ပြောနေတာ...”

***

All Chapters