← Chapters

မင်းမေးရမှာမဟုတ်ဘူး

Vol. 16 Ch. 226

မင်းမေးရမှာမဟုတ်ဘူး

Vol. 16 Ch. 226

အကြီးအကဲ’လီ’နှင့် ချွတ်စွပ်ဆင်တူနေသည့် ယောက်ရှန်းဆီသို့ ရန်ကျောက်ကဲ၏အကြည့်များ ကျရောက်သွားသည်။

“ရုပ်ရည်သွင်ပြင်တင်မကဘူး ၊ အသက်ရှူသံ ၊ ကြယ်တာရာချီစွမ်းအားတွေအကုန်လုံးတူအောင် ဟန်ဆောင်ထားတာပဲ ၊ သူနဲ့ မတိုက်ခိုက်ဘူးဆိုရင် တစ်ဂိုဏ်းတည်းသားချင်းတွေတောင် အတုလို့ ရိပ်မိမှာမဟုတ်ဘူး”

ရန်ကျောက်ကဲ အေးစက်စွာ ဆိုသည်။

“အဲဒါ အတုအယောင်မရဏကျောက်စိမ်းကို အသုံးပြုထားတာ မဟုတ်လား”

အတုအယောင်မရဏကျောက်စိမ်းအသုံးပြုခဲ့သသည်ဆိုလျှင် မူလခန္ဓကိုယ်အသွင်အပြင် ပိုင်ရှင်ဖြစ်သည့် အကြီးအကဲ’လီ’ အစစ်ကတော့ အသတ်ခံလိုက်ရသည်မှာ သေချာလေပြီ။

အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်ထားသည့် ယောက်ရှန်းကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်သွားသည်။

ယောက်ရှန်းမှာ အတွေ့အကြုံများသူတစ်ယောက် ဖြစ်သည့်တိုင် ရန်ကျောက်ကဲ အကြည့်ကို ရင်ဆိုင်လိုက်ရသည်နှင့် ကျောထဲစိမ့်သွားသလို ခံစားရသည်။

သူတို့ မည်သည့်နေရာတွင် မှားယွင်းသွားသည်မသိသော်လည်း ၊ ရန်ကျောက်ကဲက သူတို့အကြောင်း ရိပ်မိသွားပြီဖြစ်ရာ ပထမဆုံး သူ့စိတ်ထဲဝင်ရောက်လာသည့်အတွေးက ချက်ချင်း ဆုတ်ခွာထွက်ပြေးရန် ဖြစ်သည်။

ရန်ကျောက်ကဲက ကြိုတင်ပြင်ဆင်ထားသည်ဖြစ်ရာ ယောက်ရှန်းအနေဖြင့် သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ယုံကြည်ချက် မရှိတော့ပေ။

ယခုအချိန် ရန်ကျောက်ကဲကို တိုက်ခိုက်မည်ဆိုလျှင် အဓိပ္ပါယ်မဲ့ အသက်စွန့်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ယောက်ရှန်းက မူလအကြံအစည်များ မအောင်မြင်သည့်အခါ ကီလိုမီတာတစ်ထောင် အကွာအဝေးသို့ ချက်ချင်းထွက်ပြေးရန်နှင့် နောက်ထပ်လုပ်ဆောင်ရမည့်အစီအစဉ်များကို စဉ်းစားလိုက်သည်။

သို့ပေသိ နောက်ပြန်ဆုတ်ရန်မှာ သူထင်သလောက် မလွယ်ကူကြောင်း သိလိုက်ရသည်။

ပန်ပန်၏ ခန္ဓာကိုယ်မှ စွမ်းအားများထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးမှ အဖြူရောင်မီတောက်နှင့် အနက်ရောင်ရေစီးကြောင်းများ ထွက်ပေါ်လာသည်။ သူ့ပုံစံက အရင်ကလို ပျင်းရိပျင်းတွဲ မထုံတက်တေးပုံမျိုး မဟုတ်တော့ပေ။

အဖြူရောင်မီးတောက်များက ပန်ပန်ကို ဖုံးလွှမ်းသွားပြီး အနက်ရောင်ရေစီးကြောင်းများက တဖြည်းဖြည်း ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ယောက်ရှန်းကို လှောင်အိမ်တစ်ခုသဖွယ် ပိတ်ဆို့ထားသည်။

ယောက်ရှန်းက အနက်ရောင်ရေလှောင်အိမ်အတားအဆီးကို အတင်းအကျပ် ဖြတ်ကျော်ရန် ကြိုးစားသော်လည်း အနက်ရောင်ရေစီးကြောင်းများက သူ့ ခြေလှမ်းများကို နှေးကွေးသွားသည်။ ပန်ပန်က သူ့ရှေ့သို့ ရောက်လာပြီး သူ့ကိုရင်ဆိုင်ရန် စွမ်းအားအပြည့် အသုံးပြုထားသည်။

စောစောက ပန်ပန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် သူ့ရှေ့မှ အနက်ရောင်ရေလှောင်အိမ်က အရင်ကထက် ပိုမိုပြင်းထန်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ အနက်ရောင်ရေစီးကြောင်းများက ပိုမို သိပ်သည်းလာ၏။

အကြီးအကဲ’လီ’ အတုက ပန်ပန်၏ တိုက်ခိုက်မှုကို အတင်းအကျပ်ခုခံပြီး အနက်ရောင်ရေစီးကြောင်းအရံအတားကို ချိုးဖျက်ထွက်ပြေးရန် စိတ်ကူးထားသည်။ သို့သော် ပန်ပန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အဖြူရောင်မီးတောက်များက အလွန်ပြင်းထန်လွန်းရာ သူ့အနေဖြင့် ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။

ပန်ပန်၏ စွမ်းအားအပြည့် တိုက်ခိုက်ခြင်းကို ခံရပါက သူ့အနေဖြင့် ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

ရန်ကျောက်ကဲ၏ ဖီရှိုးသည် သူတို့ခန့်မှန်းထားသည်ထက်ပိုပြီး ကြောက်စရာကောင်းလှသည်။

ဘေးဘီကိုကြည့်လိုက်တော့ သူ့အဖော်ဖြစ်သူမှာလည်း အလားတူပင် ပိတ်ဆို့တားဆီးခံနေရကြောင်း ထိတ်လန့်တုန်လှုပ် မယုံနိုင်ဖွယ် တွေ့လိုက်ရသည်။

ယောက်ရှန်းစိတ်ထဲ နင့်ကနဲ ဖြစ်သွား၏။

ကျွင်းလော့နှင့် အခြားသူများကို ကယ်တင်ပြီးနောက် အားဟူက သူတို့အနားရောက်လာပြီး သွားများကို ဖြဲကာအေးစက်စွာ ရယ်မောသည်။

“အနက်ရောင်အိပ်မက်ဆိုးလေပွေမုန်တိုင်း သိုင်းပညာပဲ... ဟဲဟဲ... ငါလည်း အဲဒီသိုင်းပညာ လေ့ကျင့်ထားတယ် ၊ နည်းနည်းပါးပါး စမ်းကြည့်ရအောင်”

ထိုစကားကိုကြားတော့ အကြီးအကဲ’လီ’ အတုနှင့် ယောက်ရှန်းအတုတို့ မည်သည့်စကားမှ မပြောဘဲ ကြုံးဝါးသံများ ပြုလုပ်လိုက်ကြသည်။

ဝါဒတောင်မှ အခြားသောသိုင်းကျင့်ကြံသူများသည်လည်း ယခု အခြေအနေကို နားလည်သဘောပေါက်သွားကြပေပြီ။ အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်ထားသော ယောက်ရှန်းကိုကြည့်ရင်း သူတို့မျက်နှာအမူအရာများ ထူးဆန်းလာကြသည်။

ရန်ကျောက်ကဲက အတုအယောင်မရဏကျောက်စိမ်းအကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသဖြင့် အခြေအနေမှန်ကို ရိပ်မိသွားကြပြီး အကြီးအကဲ’လီ’ အတုကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

ယောက်ရှန်းက ရန်ကျောက်ကဲကို အလျှော့မပေးသေးဟန်ဖြင့် စူးစိုက်ကြည့်ရင်း...

“မင်းကိုယ်တိုင်မလှုပ်ရှားတဲ့အပြင် ဟို လူထွားကြီးအားဟူကိုလည်း မလှုပ်ရှားခိုင်းဘူး ၊ အဲဒီအစား မင်းရဲ့ ဖီရှိုးကိုပဲ ခံစားချက်လွတ်ပြီး ရူးသွပ်သွားတဲ့ပုံမျိုး ဟန်ဆောင်ခိုင်းပြီး ငါ့ကို စမ်းသပ်ခိုင်းတယ် ၊ မင်းလည်း ငါတို့ဟန်ဆောင်ထားတာနဲ့ပတ်သက်လို့ သိပ်မသေချာဘူး မဟု်လား”

သူက ဆက်ပြောသည်။

“မင်းရဲ့ဖီရှိုးတိုက်ခိုက်လာတာကို ရှောင်တိမ်းလိုက်တော့မှာ ငါ့ရဲ့ သိုင်းပညာကိုတွေ့သွားပြီး ငါ့လျှို့ဝှက်ချက်ကို သိသွားတာ မဟုတ်လား”

ရန်ကျောက်ကဲက သူ့စကားကို အရေးမစိုက်ဟန် ရယ်မောလိုက်သည်။

“မင်း တစ်ခုခု လွဲမနေဘူးလား ၊ အခု ငါ့လက်ထဲရောက်နေတာ မင်းတို့လေကွာ ၊ မင်းတို့နောက်က အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ အကြွင်းအကျန်မျိုးဆက်တွေအကြောင်း ငါမေးတာကို မင်းတို့ ဖြေရမှာ မဟုတ်ဘူးလား ၊ မင်းတို့မေးတာကိုဖြေဖို့ ငါက အားယားနေတယ် ထင်နေသလား”

ယောက်ရှန်းက မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားရင်း...

“ငါက အစကတည်းက အကြီးအကဲ’လီ’ ရဲ့ လူယုံပဲ ၊ ငါ သူ့နောက်ကိုလိုက်နေတာ အချိန်အရမ်းကြာနေပြီ ၊ မင်းဆိုတဲ့ ရန်ကျောက်ကဲထက် အကြီးအကဲ’လီ’ ရဲ့ အလေ့အထတွေနဲ့ ငါက ပိုပြီး ရင်းနှီးတယ် ၊ ဒီတော့ မင်း ငါ့ကို ဘယ်လိုရိပ်မိသွားတာလဲ”

“ဘာလို့ ရှင်းပြရမှာလဲ”

ရန်ကျောက်ကဲက တဟားဟား အော်ရယ်ရင်း...

“ဘာလဲ... မင်း အားနည်းချက်ကို ရှင်းပြပြီး ငါ့အကြံအစည်အသေးစိတ်တွေကိုပါ မင်းကို တင်ပြနေရမှာလဲ ၊ သောက်လုပ်ရှုတ်ခံမနေနဲ့ ကိုယ့်လူ ၊ မင်း နောက်ထပ် ဘာနဲ့ရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်လိုက်”

ထို့နောက် ရန်ကျောက်ကဲက အားဟူကို လှည့်ကြည့်ပြီး ခပ်တိုးတိုးလေသံဖြင့်...

“ငါ သူတို့ကို အသက်ရှင်လျှက် လိုချင်တယ် ၊ သူတို့ ဘာတွေသိထားလဲ အကုန်စစ်မေးရမယ်”

ယောက်ရှန်းအတုကိုလည်း ဖမ်းမိသွားပြီဖြစ်ရာ အကြီးအကဲ’လီ’ အတုကို ဖမ်းဆီးရန် အနက်ရောင်ရေစီးကြောင်းလှောင်အိမ်ထဲသို့ အားဟူက အေးစက်စွာပြုံးရင်း ဝင်ရောက်လာသည်။

ယောက်ရှန်းက ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားဟူကို ခုခံတိုက်ခိုက်ရန် ကြိုးစွားပါသော်လည်း ပန်ပန်၏ မွေးရာပါစွမ်းရည်ဖြစ်သော အနက်ရောင်ရေစီးကြောင်းများက သူ့ကို မလှုပ်နိုင်အောင် တားဆီးထားသည်။ အနက်ရောင်ရေစီးကြောင်းများက အဆုံးမဲ့စွမ်းအားပြင်းထန်လေရာ ယောက်ရှန်းအနေဖြင့် သူ့ကိုယ်သူ သတ်သေချင်သည်ဆိုလျှင်တောင်မှ လွယ်ကူမည် မဟုတ်ပေ။

ထိုအချိန် ကျွင်းလော့နှင့် လျန်ချန်တို့သည်လည်း သတိပြန်ဝင်လာကြသည်။ သူတို့က အသွေးအသားများ ခမ်းခြောက်နေသော လျန်ယင်း၏အလောင်းနှင့် လုပ်ကြံသတ်ဖြတ်သူ (၂)ယောက်ကိုကြည့်ရင်း ခံစားချက်များ ရှုတ်ထွေးလာသည်။

ထိုအချိန် ဝါဒတောင်မှ သိုင်းကျင့်ကြံသူများက တိုက်ခိုက်သူ (၂)ယောက်ကို မုန်းတီးစွာ စိုက်ကြည့်နေကြသည်။ အထူသဖြင့် အကြီးအကဲ’လီ’ အဖြစ် ဟန်ဆောင်ထားသော ယောက်ရှန်းကို ဒေါသအမျက် ချောင်းချောင်းထွက်လျှက် ရှိကြ၏။

အားဟူကို မှာကြားပြီးသည်နှင့် ရန်ကျောက်ကဲက သူ့လက်ဖဝါးထက်မှ ကျောက်တိုင်ကြီးကို ပြန်လည်အာရုံစိုက်လိုက်သည်။

ကျောက်တိုင်ကြီးမှ အလင်းတန်းများက အရပ်မျက်နှာအားလုံးသို့ ဖြာလင်းထွက်ပေါ်နေပြီး မုန်တိုင်းတစ်ခုလုံးရန်မှ အကာအကွယ်ပေးထားသည်။ ထို့ကြောင့် သူတို့အားလုံး လေထုထဲတွင် ပြင်းထန်စွာ တိုက်ခတ်နေသည့် အနက်ရောင်မုန်တိုင်းကို ရှောင်ရှားနိုင်ခဲ့သည်။

နဂါးနက်မုန်တိုင်းက ကြောက်မက်ဖွယ်ရာ ပြင်းထန်ရက်စက်သော်လည်း အလျှင်အမြန်တိုက်ခတ်ပြီးသည်နှင့် အလျှင်အမြန် ပျောက်ကွယ်သွားတတ်သည်။

အချိန်အတိုင်းအတာတစ်ခုအထိ ဘေးကင်းစွာ ခိုလှုံနိုင်လျှင် တဖြည်းဖြည်း မုန်တိုင်းက အားပျော့သွားပေမည်။

နဂါးနက်မုန်တိုင်း၏ အပြင်းထန်ဆုံးအချိန်ကို ကျော်လွန်သွားပါက နဂါးနက်မုန်တိုင်း ပြီးဆုံးသွားပြီး အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းအဖြစ်သာ ကျန်ရစ်ခဲ့သည်။ အနက်ရောင်အိပ်မက်ဆိုး မုန်တိုင်းသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းနေသေးသည့်တိုင် ကျောက်တိုင်ကြီး၏ တန်ခိုးစွမ်းအားအကူအညိမပါဘဲ ရန်ကျောက်ကဲနှင့် အခြားသူများ ခုခံနိုင်ကြပြီ ဖြစ်သည်။

နဂါးနက်မုန်တိုင်း အားနည်းသွားသည့်အခါ ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း ကျောက်တိုင်းကြီးနှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမှ စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထိုအချိန် ဓားကိုဆုပ်ကိုင်ထားဆဲဖြစ်သော ဖန်းယွင်ရှန်း သူ့အနား ရောက်လာသည်။

“သူတို့က အတုအယောင်မရဏကျောက်စိမ်း အသုံးပြုထားတာဆိုရင်... အကြီးအကဲ’လီ’ သေသွားလောက်ပြီနော်”

သူမလေသံက တိုးလျလျှက်ရှိသည်။

ရန်ကျောက်ကဲက ခဏမျှတိတ်ဆိတ်နေပြီးမှ ‌ခေါင်းညိတ်ပြတော့ သူမ အနည်းငယ် တုန်လှုပ်သွားသည်။

စုကျိုးမြို့သို့ရောက်ကတည်းက အကြီးအကဲ’လီ’ က သူမတို့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ထို့နောက် လမ်းပြအဖြစ် ဆောင်ရွက်ကာ အနောက်ဘက်သဲကန္တာရကြီးထဲသို့ လိုက်ပို့ခဲ့သည်။

အရည်အချင်းရှိသော အကြီးအကဲ’လီ’ သည် လမ်းတစ်လျှောက်တွင် အရာအားလုံးကို ကျွမ်းကျင်စွာ စီစဉ်ကိုင်တွယ်ခဲ့သလို ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့ကိုလည်း အလွန်ဖော်‌ဖော်ရွေ‌ရွေ ရှိခဲ့သည်။

ဖန်းယွင်ရှန်းက အကြီးအကဲ’လီ’ အတုကို စိုက်ကြည့်ရင်း...

“အကြီးအကဲ’လီ’ ကို သူတို့ ဘယ်တုန်းက သတ်လိုက်ကြပြီး သူ့အလောင်းကို ဘယ်မှာ စွန့်ပစ်ခဲ့လဲ သိချင်လိုက်တာ”

ရန်ကျောက်ကဲက...

“အတုအယောင်မရဏကျောက်စိမ်းက အချိန်အကန့်အသတ်ရှိတယ် ၊ ဒါကြောင့် မပိုင်ဘဲ လှုပ်ရှားရဲမှာ မဟုတ်ဘူး ၊ ပထမဆုံးအကြိမ် ငါတို့ရင်ဆိုင်ရတဲ့ နဂါးနက်မုန်တိုင်းကတည်းက သူတို့က ငါတို့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပဲ ၊ ဒီတော့ အဲဒီမုန်တိုင်းမတိုင်ခင်မှာပဲ အကြီးအကဲ’လီ’ကို သူတို့ သတ်လိုက်တာ ဖြစ်နိုင်တယ်”

သူက ဆက်ပြောသည်။

“အချိန်တွက်ကြည့်မယ်ဆိုရင်... အခု ဒီ ဒုတိယအကြိမ် နဂါးနက်မုန်တိုင်းက သူတို့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်တယ် ၊ ကြည့်ရတာ... အတုအယောင်မရဏကျောက်စိမ်းရဲ့ သက်ရောက်မှုက မကြာခင်မှာပဲ ပျောက်ကွယ်သွားတော့မယ်”

သူ့စကားကြားတော့ ဖန်းယွင်ရှန်းက...

“အကြီးအကဲ’လီ’ က ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ ၊ သူ သေသွားရင်တောင် ချီစွမ်းအားနဲ့ သွေးစွမ်းအားတွေ ကျန်ရစ်ခဲ့မှာပဲ ၊ ဒါပေမဲ့ ကျောက်တိုင်ကြီးရှိနေတဲ့ နေရာမှာ အကြီးအကဲ’လီ’ ရဲ့ အလောင်းကို မတွေ့ရဘူး ၊ လမ်းတစ်လျှောက်မှာလည်း အကြီးအကဲ’လီ’ ရဲ့ သေခြင်းတရားအငွေ့အသက်တွေကို မခံစားရဘူး”

ရန်ကျောက်ကဲက...

“ဆိုတော့... အကြီးအကဲ’လီ’ ရဲ့ အလောင်းကို သူတို့နဲ့အတူ သယ်သွားမယ်ဆိုရင် အရိပ်ကျုံ့အိတ်တစ်လုံးတော့ ရှိရမယ် ၊ လူတစ်ယောက်က အကြီးအကဲ’လီ’ အဖြဟ်ဟန်ဆောင်ပြီး နောက်တစ်ယောက်က သူ့အဖြစ် လှုပ်ရှားနေတယ် ၊ ကြည့်ရတာ နောက်တစ်ယောက်က အရိပ်ကျုံ့အိတ်ထဲမှာ ကြိုစောင့်နေတာ ဖြစ်နိုင်တယ်”

ဖန်းယွင်ရှန်းက...

“ဟုတ်တယ် ၊ ဒါနဲ့ ရှင် သူတို့အကြောင်း ဘယ်လိုရိပ်မိသွားတာလဲ”

***

All Chapters