← Chapters

မဟာကပ်ဘေးကြီးမတိုင်ခင်ကဝိညာဉ်သင်္ကေတများ

Vol. 16 Ch. 227

မဟာကပ်ဘေးကြီးမတိုင်ခင်ကဝိညာဉ်သင်္ကေတများ

Vol. 16 Ch. 227

ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့် စကားပြန်ပြောသည်။

“သူတို့က ငါ့ကိုသတ်ဖို့အတွက် နဂါးနက်မုန်တိုင်းတွေ ဖန်တီးနေတယ်ဆိုတာ ရိပ်မိလိုက်တာနဲ့ ဒီကလူတွေအားလုံးကို ငါ သတိထားပြီး စောင့်ကြည့်နေခဲ့တယ် ၊ နဂါးနက်မုန်တိုင်း ကျလာတော့ အားလုံးကို လူစုခိုင်းလိုက်တယ် ၊ အဲဒီလိုလုပ်လိုက်တော့ လူတွေအားလုံးက ငါ့မှာ ဘာအစီအစဉ်ရှိလဲဆိုတာ သိချင်စိတ်နဲ့ ဝိုင်းကြည့်နေကြတယ်”

သူက ဆက်ပြောသည်။

“ငါ့ကို ကြည့်ရုံတင်မကဘူး ၊ ပန်ပန်နဲ့ အားဟူကိုပါ စောင့်ကြည့်နေတာ အဲဒီနှစ်ယောက်ပဲ ရှိတယ် ၊ သေသေချာချာ တွေးကြည့်တော့ ပထမတစ်ခေါက် နဂါးနက်မုန်တိုင်းတုန်းကလည်း သူတို့နှစ်ယောက် အဲဒီလိုပဲ လုပ်နေတာ”

“မင်း စဉ်းစားကြည့်လေ ၊ သူတို့ ဘာလို့ အားဟူနဲ့ပန်ပန်ကို စိတ်ဝင်စားနေကြတာလဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...

“သူတို့ အားဟူကို ဘယ်လောက်တောင် ကြည့်နေကြသလဲ ဆိုရင်... သူတို့ နှစ်ယောက်လုံးက ယောကျ်ားလေးချင်း သဘောကျတဲ့သူတွေလို အားဟူကို သဘောကျနေသလားမှတ်ရတယ်”

ရန်ကျောက်ကဲစကားကို မကြားနိုင်သည့် အားဟူကတော့ ကြောင်ကကြွက်ကို ကစားသည့်ပမာ ယောက်ရှန်းကို ရင်တထိတ်ထိတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်လောက်အောင် ပြုလုပ်နေသည်.

ရန်ကျောက်ကဲက ပေါ့‌ပေါ့ပါးပါးပင် ဆက်ပြောသည်။

“အားဟူကို စိတ်ဝင်စားလို့ကြည့်တာဆိုရင် ထားပါတော့ ၊ ပန်ပန်ကိုရော သူတို့က ဘာလို့ ကြည့်နေရတာလဲ ၊ ပန်ပန်ကိုတော့ ကြိုက်နေတာ မဖြစ်နိုင်ဘူး မဟုတ်လား”

ထိုစကားကြားတော့ ဖန်းယွင်ရှန်း ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ရန်ကျောက်ကဲကတော့ ရယ်စရာကောင်းသည်စကားများ ပြောနေသည့်တိုင် သူ့လေသံက ခပ်တည်တည်ပင်။

“လူတွေရဲ့အမြင်မှာ အားဟူက ငါ့ရဲ့ အထိန်းတော်ဆိုလည်းဟုတ်တယ် ၊ ကိုယ်ရံတော်ဆိုလည်း ဟုတ်တယ် ၊ ဒီတော့ ငါ့ကို လုပ်ကြံချင်တယ်ဆိုရင် အားဟူ မရှိမှ အဆင်ပြေလိမ့်မယ် ၊ ငါ့ကို သတ်ချင်တဲ့သူတိုင်း နားလည်ထားတာက ‘ရန်’ ကိုသတ်ချင်ရင် ‘ဟူ’ကို အရင်သတ်ရမယ် ဆိုတာပဲ”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ငါ့ကို လုပ်ကြံမယ့်သူက သိုင်းဆရာသခင်အဆင့် မဟုတ်ဘူးဆိုရင်... အရင်ဆုံး အားဟူကို ဘယ်လိုဖယ်ထုတ်မလဲဆိုတာ စဉ်းစားရလိမ့်မယ်”

“ပြီးတော့ ပန်ပန်ကလည်း ငါ့အနားအမြဲရှိနေတယ်လေ ၊ ဝိညာဉ်သားရဲကြီးက သူ့သခင်ကို အမြဲတမ်း စောင့်ကြည့်နေတယ် ၊ သူ့ပုံစံက မထံတက်တေးနဲ့ဆိုပေမယ့် ပန်ပန်က တကယ်တော့ အရမ်းဉာဏ်ကောင်းပြီး စွမ်းအားမြင့်မားတယ် ၊ သူက အကောင်လည်းကြီးတော့ ငါ့အနားရပ်နေရင် တံတိုင်းကြီးတစ်ခုလိုပဲလေ”

နဂါးနက်မုန်တိုင်း ပြီးဆုံးသွားသည်နှင့် ကျောက်တိုင်ကြီးထက်မှ အလင်းတန်းများနှင့် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ လျှပ်စီးများ တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားသည်။

အားဟူက ယောက်ရှန်းကို ဖမ်းဆီးထားသည်ကို တွေ့သည့်အခါ ရန်ကျောက်ကဲက စကားဆိုသည်။

“နဂါးနက်မုန်တိုင်းက ကြောက်မက်ဖွယ်ရာကောင်းပြီး ပြဿနာဖြစ်စေရုံတင်မကဘူး ငါ့ရဲ့ အထွတ်ထိတ်မှော်ဝင်ပစ္စည်းအပိုင်းအစက တန်ခိုးစွမ်းအားတွေကိုပါ လျော့နည်းသွားအောင် လုပ်နိုင်စွမ်းရှိတယ်”

ထိုအချိန် ဖန်းယွင်ရှန်းက အားဟူကို ခေါင်းဆတ်ပြပြီး သတိပေးလိုက်သည်။

အားဟူက ချက်ချင်းပင် ခေါင်းညိတ်ရင်း...

“သခင်လေး... သူတို့ဆီမှာ ကျွန်တော် ရှာကြည့်ပြီးပြီ ၊ အရိပ်ကျုံ့အိပ်တစ်လုံးတော့တွေ့တယ် ၊ အထဲမှာ ဘာတွေပါလဲဆိုတာ မသိရသေးဘူး”

ဖန်းယွင်ရှန်းက အရိပ်ကျုံ့အိတ်ကိုယူပြီး ဖွင့်ကြည့်လိုက်ရာ အထဲတွင် အကြီးအကဲ’လီ’ ၏ အလောင်းကို တွေ့ရသည်။

အကြီးအကဲ’လီ’ သေဆုံးသွားသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။ သူ့အရုပ်အလောင်းမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများ တဖြည်းဖြည်း ယိုယွင်းလာနေပြီဖြစ်သော်လည်း ရှန်ထျန်းအဆင့် သိုင်းပညာရှင်စတ်ယောက် ဖြစ်သောကြောင့် အလောင်းကပုပ်ပွနေခြင်း မရှိသေးပေ။

ဝါဒတောင်မှ အခြားသောသိုင်းကျင့်ကြံသူများက အဘိုးကြီး’လီ’ကို ဝိုင်းဝန်းကြည့်ရှုကြသည်။ ထို့နောက် အကြီးအကဲ’လီ’ အဖြစ်ဟန်ဆောင်ထားသော ယောက်ရှန်းကိုလှမ်းကြည့်ရင်း ထိန်းမနိုင်သိမ်းမရ ဒေါသအမျက်များ ခံစားကြရသည်။

အကြီးအကဲ’လီ’ ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီ ဖြစ်သည့်တိုင် သူ့မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာက မှေးမှိန်သွားခြင်း မရှိသေးပေ။ သူ့မျက်လုံးများသည် အောက်မြေမရှိသောတွင်းနက်ကြီးပမာ ပြူးကျယ်နက်မှောင်လျှက် အေးချမ်းစွာသေဆုံးသွားရခြင်းမရှိကြောင်း သက်သေပြနေသည်။

ရန်ကျောက်ကဲက အကြီးအကဲ’လီ’ ရှေ့သို့ ရောက်လာသည်။ ညာလက်က ကျောက်တိုင်ကိုကိုင်ထားသဖြင့် ဘယ်ဘက်လက်ကို ဆန့်တန်းကာ အကြီးအကဲ’လီ’ ၏ မျက်လုံးများကို ညင်သာစွာ မှေးမှိတ်ပေးလိုက်သည်။

“သူတို့ဆီက ရသမျှသတင်းအကုန် စစ်မေးစမ်း ၊ ပြီးရင် ရှင်းပစ်လိုက်”

ရန်ကျောက်ကဲက အားဟူကို အမိန့်ပေးလိုက်သည်။

အားဟူက...

“ဟုတ်ကဲ့ပါ သခင်လေး...”

အကြီးအကဲ’လီ’ အတုဖြစ်သော ယောက်ရှန်းက မည်သည့်စကားမှမဆိုဘဲ ခေါင်းငုံ့ထားသည်။ ရှုံးနိမ့်ခဲ့ရပြီဖြစ်လေရာ သူ့တွင် ပြောစရာစကာ မကျန်တော့ပေ။

သူ့အဖော်ကတော့ ရုန်းကန်လိုက်ရင်း...

“သေရတော့မယ့်အတူတူ မင်းတို့ကို ဘာမှပြောပြစရာ အကြောင်းမရှိဘူး”

အားဟူက သူ့ကိုလှည့်ကြည့်ပြီး ရက်စက်စွာ ပြုံးလိုက်သည်။

“တစ်ခါတစ်လေ သေတာထက်ကြောက်စရာကောင်းတာတွေ အများကြီးပါကွာ”

ရန်ကျောက်ကဲက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်နေသော အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကို ခေါင်းမော့ကြည့်လိုက်သည်။

ထို့နောက် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းရင်း...

“အနက်ရောင်အိပ်မက်ဆိုးတောင်...”

သူက ခေါင်းတစ်ချက်ခါယမ်းရင်း ရန်သူ (၂)ယောက်ထံမှ ရရှိသော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။

အဖိုးတန်ပစ္စည်းများ သိပ်မပါသော်လည်း ရန်ကျောက်ကဲ၏ စိတ်အာရုံကို ဖမ်းစားနိုင်သော ပစ္စည်း (၂)ခု ရှိနေသည်။

ပထမတစ်ခုက ယောက်ရှန်း၏အဖော်ဖြစ်သူ ခန္ဓာကိုယ်ထက်မှ ရရှိသောပစ္စည်းတစ်ခု ဖြစ်သည်။ အသုံးမပြုရသေးသော အတုအယောင်မရဏကျောက်စိမ်း တစ်ခုပင်။

ရန်ကျောက်ကဲက ထိုကျောက်စိမ်းတုံးကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း လေးလေးနက်နက် စဉ်းစားနေသည်။

အတုအယောင်မရဏကျောက်စိမ်းကို အသုံးပြုရန် ကန့်သတ်ချက် များစွာရှိသည်။ အချိန်ကာလ ၊ အသတ်ခံရသူနှင့် သတ်ဖြတ်သူ၏ ကျင့်ကြံခြင်းအဆင့် စသည်ဖြင့် ဖြစ်သည်။

သို့ပေသိ ဤပစ္စည်းက တစ်ခါတစ်ရံ အလွန်အသုံးဝင်သည်ကိုတော့ ငြင်းဆိုမရနိုင်ပေ။

အထူးသဖြင့် လူသတ်သမားသည် အသတ်ခံရသူနှင့် အလွန်တရာ အကျွမ်းတဝင်ရှိသည့်အခါမျိုးတွင် သူ၏အလေ့အထနှင့် စကားပြောဆိုပုံ အမူအရာများကအစ နားလည်သဘောပေါက်ပြီး အတုခိုးလုပ်ဆောင်နိုင်မည်ဆိုလျှင် များစွာအောင်မြင်နိုင်ခြေ ရှိသည်။

ယောက်ရှန်းက ဥပမာပင် ဖြစ်၏။ သူက အကြီးအကြ’လီ’ အဖြစ် ဟန်ဆောင်ထားသည်ကို ဒုတိယအကြိမ် နဂါးနက်မုန်တိုင်း မတိုက်ခတ်မီအထိ ရန်ကျောက်ကဲ သံသယမဝင်ခဲ့ပေ။

ထို့ကြောင့် သူ့လက်ထဲတွင် အစစ်အမှန်မရဏကျောက်စိမ်းကို သိမ်းဆည်းထားခြင်းက တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်ကောင်းသည်။

သူကိုယ်တိုင် အသုံးမပြုလျှင်တောင်မှ သူယုံကြည်ရသူတစ်ယောက်ယောက်ထံ လွှဲပြောင်းပေးမည်ဆိုပါက မျှော်လင့်မထားသည့် အကျိုးသက်ရောက်မှုများစွာ ရရှိနိုင်သည်။

ဒုတိယပစ္စည်းတစ်ခုကတော့ ယောက်ရှန်းထံမှ ရရှိခြင်း ဖြစ်သည်။ စက်ဝိုင်းခြမ်းသဏ္ဌန် ကျောက်စိမ်းပြားတစ်ခုဖြစ်ပြီး အလွန်အမင်း ရှေးကျသည်ဟု ယူဆနိုင်သည်။

ရန်ကျောက်ကဲက သေသေချာချာ လေ့လာကြည့်သည့်အခါ ကျောက်စိမ်းပြားအလယ်တွင် အပေါက်တစ်ပေါက် ရှိနေပြီး ထိုအလယ်ပေါက်မှ ညီညီညာညာ နှစ်ခြမ်းကွဲသွားခြင်း ဖြစ်သည်။ ကျန်သည့်တစ်ပိုင်း မည်သည့်နေရာရောက်နေသည်လဲ မသိနိုင်ပေ။

ကျောက်စိမ်းပြားမျက်နှာပြင်ထက်တွင် သင်္ကေတများ ရှိနေပြီး ထိုသင်္ကေတများက ရိုးရှင်းသော်လည်း ထွက်ပေါ်နေသည့် အငွေ့အသက်က ကြီးကျယ်ခမ်းနားလွန်းသဖြင့် မြင်ရသူတိုင်း၏စိတ်ကို လေးနက်သွားစေသည်။

ရန်ကျောက်ကဲက ထိုကျောက်စိမ်းပြားကို သေသေချာချာ လေ့လာပြီးနောက်...

“အိုး... မဟာကပ်ဘေးကြီးမတိုင်ခင်က ဝိညာဉ်သင်္ကေတတွေပဲ...”

ဝိညာဉ်သင်္ကေတများသည် စကားလုံးများ မဟုတ်သဖြင့် ထူးခြားသည့်အဓိပ္ပါယ်များ ပါဝင်ခြင်း မရှိပေ။

ထိုသင်္ကေတများကို ခဏမျှ ဆန်းစစ်ပြီးနောက် ထိုကျောက်စိမ်းပြားအပြည့်သာဆိုလျှင် ဝိညာဉ်သင်္ကေတများပါဝင်သည့် သေးငယ်သော ဝိညာဉ်အစီအရင်တစ်ခု ဖြစ်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုသေးငယ်သည့် ဝိညာဉ်အစီအရင်ထဲတွင် အလွန်အဖိုးတန်သော အရာအချို့ ရှိကောင်းရှိပေမည်။

“ကွဲနေတဲ့နေရာနဲ့ ဝိညာဉ်စွမ်းအား ပျံ့နှံ့နေမှုကို တိုင်းတာကြည့်ရသလောက် ဒီကျောက်စိမ်းပြား ထက်ပိုင်းကွဲသွားတာ မကြာလောက်သေးဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ကျန်တစ်ပိုင်းကလည်း လေနယ်မြေထဲမှာပဲ ဖြစ်ရမယ် ၊ အထူးသဖြင့် ကန္တာနယ်မြေမှာ ဖြစ်နိုင်တယ် ၊ အဲဒီဒေသတစ်လျှောက် ငါ့လူတွေကို သေသေချာချာ ရှာဖွေခိုင်းလိုက်လို့ရတယ်”

“ပြီးတော့ ဒီဝိညာဉ်သင်္ကေတတွေက မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိတဲ့ ရှားပါးသင်္ကေတတွေပဲ ၊ အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး ဝိညာဉ်အစီအရင်ကို အသက်သွင်းနိုင်တဲ့သူဆိုလို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အရမ်းနည်းလွန်းတယ် ၊ ဒီတော့... ဝိညာဉ်အစီအရင်ထဲမှာပါတဲ့ အချက်အလက်တွေကို ဘယ်သူမှပုံဖော်နိုင်မှာ မဟုတ်ဘူး”

စဉ်းစားရင်း ရန်ကျောက်ကဲက စိတ်ထဲမထားဟန် ပခုံးတစ်ချက်တွန့်ကာ ပစ္စည်းများကို သိမ်းလိုက်သည်။

အားဟူက လူသတ်သမား (၂)ယောက်ကို အရိပ်ကျုံ့အိတ်ထဲသို့ထည့်ကာ သိမ်းဆည်းလိုက်သည်။

ထို့နောက် သူတို့အားလုံး မြန်နိုင်သမျှမြန်မြန် အနောက်ဘက်သဲကန္တာရကြီးအတွင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

စစ်ဆေးမေးမြန်းရမည့်ကိစ္စကိုတော့ အလျင်စလို လုပ်စရာ မလိုပေ။ ဖမ်းဆီးခံထားရသူများ၏ စိတ်ပိုင်းဆိုင်ရာ ပျက်ဆီးသွားစေရန် ဖြည်းဖြည်းချင်း နှိပ်စက်မေးမြန်းရမည် ဖြစ်သည်။

ထို့ကြောင့် အားဟူက အရိပ်ကျုံ့အိတ်ကို သိမ်းဆည်းယူဆောင်လာပြီး ရန်ကျောက်ကဲက ခရီးစဉ်ကို ဦးဆောင်ခဲ့သည်။

ထို လူသတ်သမား (၂)ယောက် စကားပြောလာအောင် အားဟူက မည်သို့သောနည်းလမ်း အသုံးပြုမည်ကို မသိကြသော်လည်း အကြီးအကဲ’လီ’ လက်အောက်မှ ဝါဒတောင်သိုင်းသမားများ မျက်နှာထက်တွင် တရားမျှတမှုလိုချင်သည့် မျှော်လင့်ချက်များဖြင့် ပြည့်နက်နေသည်။ သူတို့အားလုံးက အကြီးအကဲ’လီ’ ကို လေးစားသူများဖြစ်လေရာ ယောက်ရှန်းတို့ (၂)ယောက်ကို အလွန်တရာ မုန်းတီးစက်ဆုပ်နေကြသည်ပင်။

ရန်ကျောက်ကဲက အရိပ်ကျုံ့အိတ်ထဲသို့ လူသတ်သမား (၂)ယောက်နှင့် အကြီးအကဲ’လီ’ အစစ်၏ အလောင်းကို စုပေါင်းထည့်လိုက်သည်ကို ဖန်းယွင်ရှန်းက တည်ငြိမ်စွာပင် ကြည့်နေသည်။

သို့သော် ကျွင်းလော့နှင့် လျန်ချန်တို့ကတော့ စိတ်ရှုတ်ထွေးစွာဖြင့် မြင်ကွင်းကို ကြည့်နေကြလေ၏။

***

All Chapters