စစ်ဆေးမေးမြန်းမှုရလဒ်
Vol. 16 Ch. 228
ဝါဒတောင်မှ သိုင်းကျင့်ကြံသူများကတော့ မြေပြင်ထက် လဲကျနေသည့် လျန်ယင်း၏အလောင်းကို အရေးမစိုက်ကြတော့ပေ။
ပထမအကြိမ် နဂါးနက်မုန်တိုင်းထဲတွင် ပိတ်မိစဉ်က ကျွင်းလော့ ၊ လျန်ယင်းနှင့် လျန်ချန်တို့ (၃)ယောက်ကို ရန်ကျောက်ကဲက ကယ်တင်ခဲ့သည်။ ယုတ်ညံ့သည့်ကောင်လေး ‘လျန်ယင်း’ က ထိုစေတနာကို မကောင်းစိတ်ဖြင့် ပြန်ဆပ်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ အားလုံးအခက်တွေ့နေချိန်တွင် လျန်ယင်းက ဆိုးရွားသည့်လုပ်ကြံမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
ရန်ကျောက်ကဲသာ သူတို့အားလုံးကို အချိန်တိုအတွင်း အန္တရယ်မှ မကယ်တင်နိုင်ခဲ့ပါက မြေပြင်ကထ်မှ နဂါးဖြူသဲနုန်းနှင့် ကောင်းကင်ထက်မှ နဂါးနက်မုန်တိုင်းတို့ကို တစ်ပြိုင်တည်းခုခံကာကွယ်ရန် ဖိအားပေးခံရပေမည်။
အကြီးအကဲ’လီ’ သေဆုံးသွားပြီဟု ဆုံးဖြတ်ခဲ့ပြီးနောက် ဝါဒတောင်မှ သိုင်းကျင့်ကြံသူများက လျန်ယင်းအပေါ် အနည်းငယ် ဒေါသပြေလျော့သွားသည်။
လျန်ယင်း၏ အလောင်းကိုကြည့်ရင်း လျန်ချန်က သက်ပြင်းချလိုက်သည်။ ထို့နောက် လျန်ယင်း၏ အလောင်းကိုသယ်ရန် ရှေ့တိုးသွားသည်။
‘လျန်’ အိမ်တော်တွင် လျန်ယင်းနှင့် လျန်ချန်သည် တူညီစွာ အနှိမ်ခံဘဝဖြင့် နေထိုင်ခဲ့ရပြီး အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် သူတို့ (၂)ယောက်က အလွန်ရင်းနှီးကြသည်။
သူတို့ (၂)ယောက်လုံးက ကိုယ်လုပ်တော်မယားငယ်များမှ မွေးဖွားလာကြသူများဖြစ်သည့်အပြင် မိခင်များကိုလည်း စောစီးစွာ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အသုံးမကျ ပျော့ညံ့သူများအဖြစ် အနိုင်ကျင့်ခံကြရသည်။
ထိခိုက်ဒဏ်ရာများနှင့် ကြီးပြင်းလာကြသည့် ဘဝလမ်းတစ်လျှောက် တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းပမာ ၊ ညီအစ်ကိုပမာ သတ်မှတ်ခဲ့ကြသည်။
သို့ပေသိ လွန်ခဲ့သည့်အချိန်ကာလတစ်ခုတွင် လျန်ယင်းက သူ့အပေါ် တဖြည်းဖြည်းစိမ်းသက်လာသည်ဟု လျန်ချန် ခံစားရပြီး ပဟေဠိ ဖြစ်ခဲ့ရသည်။
ယခုတော့ လျန်ယင်းပြောသည့်စကားများနှင့် သူ့လုပ်ရပ်များကို တွေ့မြင်ပြီးနောက် ကျွင်းလော့နှင့် ဆုံဆည်းပြီးမှာ လျန်ယင်း၏အပြုအမူများ ပြောင်းလဲသွားသည်ကို လျန်ချန် သဘောပေါက်သွားရသည်။
အမှန်တော့ လျန်ချန်သည်လည်း အတူတူပင် ဖြစ်သည်။ ကျွင်းလော့သည် သူ့အတွက်လည်း ရှားရှားပါးပါး အလင်းရောင်လေး ဖြစ်သည်။
လျန်ယင်းက မကောင်းသောစိတ်ထားဖြင့် သူ့ကို နဂါးဖြူသဲနုန်းထဲ နစ်မြုလုနီးပါး ဖြစ်စေခဲ့သော်လည်း လျန်ချန်ကတော့ သူ့အပေါ် စေတနာထားသည်။ ဤသဲကန္တာရကျယ်ကြီးထဲတွင် လျန်ယင်းအလောင်းကို မထားရစ်ခဲ့နိုင်ပေ။
လျန်ယင်းက သေဆုံးသွားပြီဖြစ်သည့်တိုင် သူ နောက်ဆုံးအနားယူရာက သူ၏မွေးရပ်မြေသာ ဖြစ်သင့်သည်။
ကျွင်းလော့ကတော့ နှုတ်ခမ်းကိုကိုက်ကာ ခဏမျှ တုံ့ဆိုင်းနေသည်။
လျန်ယင်း၏ အလောင်းကိုကြည့်မိတော့ သူမ၏ စိတ်ခံစားချက်များ ရှုတ်ထွေးသွားပြီး လျန်ချန်ဆီသို့ အကြည့်ရောက်သွားသည့်အခါ သူမ အမူအရာက ပျော့ပြောင်းသွားသည်။
အချိန်ခဏမျှ မတ်တတ်ရပ်နေပြီးနောက် ကျွင်းလော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး လျန်ချန်ကို ကူညီရန် ရှေ့တိုးသွားသည်။ လျန်ယင်း၏အလောင်းအား သယ်ဆောင်ပြီးနောက် အနောက်ဘက်သဲကန္တာရကြီးအအတွင်းမှ ထွက်ခွာရန် ပြင်ဆင်ကြသည်။
ဝါဒတောင်မှ သိုင်းကျင့်ကြံသူများကတော့ လျန်ချန်နှင့် ကျွင်းလော့က လျန်ယင်းအလောင်းကို သယ်ဆောင်နေသည်ကိုကြည့်ရင်း ကူညီခြင်းမရှိသလို တားဆီးခြင်းလည်း မရှိပေ။ သူတို့က အကြီးအကဲ’လီ၏ အလောင်းကို သယ်ဆောင်ထားရင်း ရန်ကျောက်ကဲ အမိန့်ပေးမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
ရန်ကျောက်ကဲက ကျွင်းလော့ကို ကြည့်ရင်း...
“လော့လော့... ဒါက ပြင်ပလောကရဲ့ တကယ့် အခြေအနေမှန်ပါပဲ ၊ ဘာမှ မထူးခြားပါဘူး ၊ ကမ္ဘာကြီးက ခမ်းနားတောက်ပ ကျက်သရေရှိသလို တစ်ဖက်မှာလည်း မင်း လက်လှမ်းမမီတဲ့ သွေးစွန်းတိုက်ပွဲတွေနဲ့ပြည့်နေတတ်တယ်”
သွေးစွန်းတိုက်ပွဲများနှင့် ပြင်းထန်သော လုပ်ကြံသတ်ဖြတ်မှုများတွင် လူတစ်ယောက်၏ အထိခိုက်မခံနိုင်ဆုံးသော အစိတ်အပိုင်းကို လှုံ့ဆော်ပေးခြင်းဖြင့် အသုံးချတတ်ကြသည်။ ဤနည်းအားဖြင့် စွမ်းအားစုနှစ်ခုကြား တိုက်ပွဲများထဲတွင် အခြားသောမဆိုင်သူများကို ပဋိပက္ခအတွင်းသို့ ဆွဲသွင်းမည် ဖြစ်သည်။
အနက်ရောင်အိပ်မက်ဆိုးတောင် ဖျက်ဆီးခံရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ယခုအချိန်ထိ သူတို့၏အကြွင်းအကျန်များ လက်တုံ့ပြန်နေချင်ဆဲ ဖြစ်သည်။ သူတို့၏ပစ်မှတ်က ဝါဒတောင်မှ အထက်ပိုင်းအကြီးအကဲတစ်ယောက် မဟုတ်သော်လည်း အောင်မြင်မှုများဖြင့် ကျော်ကြားသည့် ရန်ကျောက်ကဲ ဖြစ်နေခဲ့သည်။
ရန်ကျောက်ကဲက ဂုဏ်အသရေ အဆင့်အတန်းမြင့်မားပြီး အထင်ကြီးလောက်စရာ အောင်မြင်မှုများ ပိုင်ဆိုင်ထားသည့်တိုင် သိုင်းဆရာသခင်အဆင့် မဟုတ်သေးသည့်အတွက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည်ဟု ဆိုနိုင်သည်။
ဟုတ်ပေ၏။ ယခု ဖြစ်ပွားသည့် ပဋိပက္ခ သက်ရောက်မှုက ထိပ်သီးသိုင်းဂိုဏ်း (၂)ခုကြားမှ တိုင်ပွဲမျိုးဖြင့် နှိုင်းယှဉ်မရပေ။
သို့တိုင် လှိုင်းဂယက်ကတော့ လျန်ချန် ၊ လျန်ယင်းနှင့် ကျွင်းလော့ကဲ့သို့သော လူများကို ဖျက်ဆီးပစ်ရန် လုံလောက်သည့်အပြင် ပိုပင်ပိုနေသေးသည်။
သူတို့က ပါဝင်ပတ်သက်လိုခြင်း မရှိလျှင်တောင်မှ သူတို့ကိုပါဝင်ပတ်သက်လာစေရန် အပြည့်အဝ ဆွဲခေါ်မည် ဖြစ်သည်။ သူတို့သေဆုံးသွားကြလျှင်လည်း မည်သူမှ အသိအမှတ်ပြုကြမည် မဟုတ်ပေ။
လျန်ယင်းကတော့ သေဆုံးသည်အထိ ယောက်ရှန်း၏ စစ်တုရင်နယ်ရုပ်တစ်ရုပ် ဖြစ်ခဲ့ရသည်ကို နားမလည်ခဲ့ရှာပေ။ အမှန်တော့ ယောက်ရှန်းကိုယ်တိုင်သည်ပင်လျှင် ကြီးမားလှသော အစီအစဉ်ကြီးတစ်ခု၏ စစ်တုရင်ရုပ်ဟု ယူဆနိုင်သည်။
ယောက်ရှန်းက အစီအစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် မယူဆနိုင်ဘဲ အရန်အဖြစ်သာ မှတ်ယူနိုင်သည်။
လျန်ယင်းအလောင်းကို သိမ်းဆည်းပြီးနောက် လျန်ချန်က ကျွင်းလော့ဘေးတွင် မတ်တတ်ရပ်နေသည်။ ကျွင်းလော့က သူမ အောက်နှုတ်ခမ်းကိုကိုင်ရင်း ရန်ကျောက်ကဲကို လှမ်းကြည့်သည်။
ရန်ကျောက်ကဲက...
“ငါတို့ဂိုဏ်းနဲ့ အနက်ရောင်အိပ်မက်ဆိုးတောင်ကြားက ရန်ငြိုးဖွဲ့မှုမှာ မင်းတို့က ဝင်ပါနိုင်စွမ်းမရှိတဲ့ သူတွေပါ ၊ ဒါပေမဲ့ ဒီပဋိပက္ခထဲကို မင်းတို့ဆန္ဒမပါဘဲ ဆွဲသွင်းခံရတာကိုတော့ တားဆီးလို့မရပါဘူး ၊ ဒါက မင်းတို့အပြစ် မဟုတ်ပါဘူး ၊ တကယ်တမ်း အပြစ်တင်ကြေးဆိုရင် ဒီလိုဖြစ်လာတဲ့ အခြေအနေကိုပဲ အပြစ်တင်ရမှာပဲ”
ကျွင်းလော့ ၊ သို့မဟုတ် လျန်ချန်တို့ကဲ့သို့သောသူများအတွက် သူတို့အဆင့်အတန်းဖြင့် အဆင့်မြင့်လုပ်ကြံမှုတစ်ခု၏ လှိုင်းရိုက်ခတ်ခြင်းဒဏ်ကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
အသုံးရခံရသည်ကို မသိလိုက်ဘဲ အသုံးချခံတစ်ယောက် ဖြ်သွားနိုင်သည်။
“နောက်ပြီး မင်းရဲ့ လှိုင်းလေဓားဂိုဏ်းရဲ့ အဆင့်အတန်းက တခြားစွမ်းအားစုတွေအလယ်မှာ လွှမ်းမိုးနိုင်စွမ်း မနိမ့်ပါးပါဘူး ၊ ဒီတော့ မင်းရဲ့ လှိုင်းလေဓားဂိုဏ်းနဲ့ တခြားအင်အားစုတစ်ခုကြားမှာ တိုက်ပွဲဖြစ်ခဲ့ရင်လည်း ဒီလိုပုံစံမျိုးတွေ ဖြစ်လာနိုင်တယ်”
ကျွင်းလော့က ခဏမျှ တိတ်ဆိတ်နေပြီးမှ အသံတိုးတိုးဖြင့်...
“အစ်ကိုကြီး’ရန်’ ဘာကိုဆိုလိုသလဲဆိုတာ ကျွန်မ နားလည်ပါပြီ”
ထို့နောက် သူမက ခေါင်းမာစွာ ဆက်ပြောသည်။
“ဒါပေမဲ့ ပြင်ပလောကက သွေးစွန်းတိုက်ပွဲတွေက အခုအဖြစ်အပျက်ထက် ပိုဆိုးမယ်လို့ ကျွန်မ ယုံကြည်တယ်”
ယုံကြည်ချက်ဖြင့်တောက်ပနေသည့် ကျွင်းလော့မျက်ဝန်းများကိုကြည့်ရင်း ရန်ကျောက်ကဲက ခပ်ဖွဖွ ရယ်မောသည်။
“ငါ မင်းကို ဘာမှ တားဆီးမှာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ငါမင်းကို သတိပေးချင်တာက မင်းသာ တစ်ခုခုဖြစ်သွားရင် ဦးလေး’ကျွင်း’နဲ့တခြားသူတွေ အကြီးအကျယ် စိတ်ထိခိုက်ရလိမ့်မယ်”
ကျွင်းလော့က ခေါင်းညိတ်ရင်း...
"ဟုတ်ကဲ့ပါ... အစ်ကိုကြီးရန်"
ရန်ကျောက်ကဲက ထပ်ပြီး စကာဆိုသည်။
“ကောင်းပြီ... ဒါဖြင့် သွားကြရအောင် ၊ ဒီ အနက်ရောင်သဲကန္တာရကြီးအပြင်ဘက်ကို အရင်ထွက်ပြီးမှ နောက်ကိစ္စတွေ ဆွေးနွေးကြတာပေါ့”
ကျန်လူများအားလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ထို့နောက် ရန်ကျောက်ကဲနောက်မှ သိုင်းမားများက စုကျိုးမြို့သို့ပြန်ရန်အတွက် လမ်းတစ်လျှောက်ပြုလုပ်ထားသည့် အမှတ်အသားများကို စတင်ခြေရာခံခဲ့ကြသည်။
သူတို့လမ်းလျှောက်လာစဉ် ဖန်းယွင်ရှန်းက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို စကားဆိုလာသည်။
"ကောင်မလေးက မဆိုးဘူးနော်"
ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို ညာဘက်လက်ဖြင့်ကိုင်ကာ လမ်းလျှောက်လာရင်း အနည်းငယ် ရယ်မောလိုက်သည်။
“အဲဒီအချိန်တုန်းက မင်းလည်း ဒီနေရာကို ဖြတ်သန်းခဲ့ဖူးတယ် မဟုတ်လား”
ဖန်းယွင်ရှန်းက...
“အနည်းနဲ့အများပဲပေါ့ ၊ လူကုန်ကူးတဲ့သူတွေ ကျွန်မကိုဖမ်းပြီး ရောင်းစားတာခံရတော့မလို့ နည်းနည်းပဲလိုတယ်”
ရန်ကျောက်ကဲက မည်သည့်စကားမှ မဆိုဘဲ ဖန်းယွင်ရှန်း ဆက်ပြောလာမည့်စကားကို ငြိမ်သက်စွာ နားထောင်နေသည်။
“ကျွန်မ နေသူတော်စင်ဂိုဏ်းမှာ ရှိတုန်းကတော့ ဒီနေရာကို မကြာခဏ လေ့ကျင့်ရေးထွက်ခဲ့ရတယ် ၊ အဲဒီတုန်းက အကြီးအကဲတစ်ယောက်က ကျွန်မကို အမြဲစောင့်ကြည့်နေတာမို့ ရန်သူနဲ့ ရင်ဆိုင်ရရင်တောင် ဘာမှ စိတ်ပူစရာ မရှိဘူးလေ”
သူမက ဆက်ပြောသည်။
“ပြီးတော့... ကျွန်မ ဂိုဏ်းက ထွက်ပြေးလာတော့ ဘယ်သူ့ကိုမှ အားကိုးစရာ မရှိတော့ဘူး ၊ ကျွန်မကို လိုက်ဖမ်းတဲ့သူတွေရန်ကလွတ်အောင် သိုသိုသိပ်သိပ်နဲ့ မီးနယ်မြေတစ်ဝက်လောက် ဖြတ်ကျော်လာခဲ့ရတာ”
“ကျွန်မ ထွက်ပြေးလာတုန်း အကြောင်းအရာတွေအများကြီး တွေ့ကြုံခဲ့ရတယ် ၊ လူတွေအများကြီးနဲ့လည်း ဆုံခဲ့ရတယ် ၊ မိတ်ဆွေတွေတောင် ဖြစ်ခဲ့ရပေမယ့်...”
ဖန်းယွင်ရှန်းက ခဏရပ်လိုက်ပြီး ပေါ့ပေါ့းပါးပါး ရယ်မောလိုက်သည်။
“ကျွန်မ ထွက်ပြေးလာတော့ ပထမဆုံးတွေ့ရတဲ့မိတ်ဆွေက အတော်လေးတရားမျှတပြီး နွေးထွေးပုံလည်းရတယ် ၊ သူက အရမ်းဖော်ရွေလွန်းလို့ ကျွန်မ အရမ်းအံ့သြရတယ် ၊ အဲဒီတုန်းက နေသူတော်စင်ဂိုဏ်းလက်က သီသီလေး လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ် ၊ အဲဒီလူက ကျွန်မကိုတွေ့တော့ သူနဲ့အတူခေါ်သွားပြီး ဒဏ်ရာကုသနိုင်အောင် ကူညီပေးခဲ့တယ်”
ဖန်းယွင်ရှန်းက ပြုံးလိုက်သည်။
“ဘယ်သူကထင်မှာလဲ ၊ သူက ကျွန်မကို မူးယစ်ဆေးဝါးနဲ့လဲဖို့ ရောင်းစားချင်နေတဲ့ လူကုန်ကူးတဲ့သူတစ်ယောက်ပဲ ၊ သူ့မှာ ဝယ်သူတွေက တန်းစီနေတာလေ ၊ သူ့အစီအစဉ်ကို အချိန်မီ သိလိုက်ရလို့သာပေါ့ ၊ မဟုတ်လို့ကတော့ အခုချိန် တစ်နေရာရာမှာ ကျွန်ဖြစ်နေလောက်ပြီ”
ရန်ကျောက်ကဲ နှုတ်ခမ်းများ မဲ့သွားသည်။
“အဲဒီ လူကုန်ကူးတဲ့သူ မင်းလက်ချက်နဲ့ ဘာဖြစ်သွားလဲဆိုတာ မေးနေစရာ မလိုတော့ပါဘူး”
ဖန်းယွင်ရှန်းက ရယ်မောလိုက်ပြီး မည်သည့်စကားမှ မဆိုပေ။
အနောက်ဘက်သဲကန္တာရကြီးမှ ထွက်ခွာလာခဲ့ပြီးနောက် ကြည့်လေရာရာတွင် အဆုံးမရှိသည့် အဝါရောင်သဲကန္တာရများကိုသာ တွေ့မြင်ရသော်လည်း အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများကို ကြောက်ရွံ့စရာ မလိုတော့ပေ။
ထို့ပြင် စုကျိုးမြို့သို့ မရောက်ခင်မှာပင် အားဟူက လူသတ်သမားများထံမှ စစ်ဆေးမေးမြန်းမှု ရလဒ်အချို့ ထွက်ပေါ်လာခဲ့လေ၏။
***