ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ဒုတိယအကြိမ်သန့်စင်ခြင်း
Vol. 17 Ch. 228
အားဟူက လူသတ်သမား (၂)ယောက်ကို ပါးစပ်ပွင့်လာအောင် စစ်မေးနိုင်ပါမည်လားဟု ရန်ကျောက်ကဲ တွေးမပူပေ။
အဘယ်ကြောင့်ဆိုသော် ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းလမ်းကို အားဟူအား သင်ပေးပြီး ဖြစ်သောကြောင့်ပင်။
သို့ပေသိ ထိုနည်းလမ်းက နောက်ဆုံးမှထုတ်သုံးရမည့်နည်းလမ်းဖြစ်ပြီး အားဟူကိုယ်တိုင်ကလည်း စုံစမ်းစစ်ဆေးရေး နည်းလမ်းများစွာကို သိရှိသူဖြစ်သည်။
ရိုးသားအေးဆေးပုံပေါက်သည့် ထိုလူထွားကြီးသည် နယ်ပယ်အတော်များများတွင် ကျွမ်းကျင်ပြီး ရန်ကျောက်ကဲ အလွန်အားကိုးရသည့် လက်အောက်ငယ်သားတစ်ယောက် ဖြစ်သည်။ အရင်ကတော့ သူ ကျွမ်းကျင်သည့် အလုပ်များကို ပညာပြရန် အခွင့်အရေး မရခဲ့ရှာပေ။
ယခုတော့ အားဟူက လမ်းခရီးမှာပင် ဝါဒတောင်မှသိုင်းသမားများ၏ မျှော်လင့်ချက်များကို ရှင်သန်စေခဲ့ပြီး စုကျိုးမြို့မရောက်ခင် ရန်ကျောက်ကဲလိုချင်သည့် သတင်းအချို့ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။
အားဟူပေးလာသည့်သတင်းကိုရတော့ ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“အနက်ရောင်အိပ်မက်ဆိုးတောင်က အကြွင်းအကျန်မျိုးဆက်အချို့က အမှောင်ဘက်ခြမ်းကို မကျရောက်သေးပေမယ့် ပျက်သုဉ်းခြင်းချောက်နက်နဲ့ ဆက်သွယ်နေကြတဘ် ၊ ဒါပေမဲ့ အချို့ကလည်း လွတ်လွတ်လပ်လပ်ဆက်နေထိုင်ကြပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ၊ ငရဲကိုးထပ်နဲ့ မပတ်သက်ကြဘူး ၊ အဲဒီအဖွဲ့ (၂)ဖွဲ့ကြားမှာရော ဆက်နွယ်မှု ရှိနေသေးတာလား”
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ မပတ်သက်တဲ့သူတွေကို အဓိကထောက်ပံ့နေတဲ့သူက နေသူတော်စင်ဂိုဏ်းလား ၊ အဲဒါကတော့ အစောကြီးကတည်းက ခန့်မှန်းထားပြီးသားပါ”
အားဟူက ရန်ကျောက်ကဲလုပ်သလိုအတုယူကာ မေးစေ့ကို ပွတ်သပ်လိုက်ရင်း...
“နေသူတော်စင်ဂိုဏ်းကတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်း ဘယ်လောက်သိထားလဲ ကျွန်တော်မသိဘူး ၊ ပြီးတော့ သူတို့နဲ့ အနက်ရောင်အိပ်မက်ဆိုးတောင်က အကြွင်းအကျန်မျိုးဆက်တွေရဲ့ ဆက်နွယ်မှုကရော ဘယ်လိုရှိနိုင်မလဲ ၊ ဒီနှစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းနိမ့်လွန်းတယ် ၊ ဒါကြောင့် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို သိပ်မသိကြဘူး”
ရန်ကျောက်ကဲက...
“မဟုတ်ဘူး ၊ အခု သိရသလောက် အတော်လေး လုံလောက်နေပါပြီ ၊ အထူးသဖြင့် အနက်ရောင်အိပ်မက်ဆိုးတောင်က အကြွင်းအကျန် အများစုက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး လေနယ်မြေက ထွက်ခွာသွားကြတယ် ၊ မကြာခင်လပိုင်းအတွင်း သူတို့လေနယ်မြေကို ပြန်ဝင်လာကြတယ် ၊ ဒီသတင်းက အတော်လေး အရေးကြီးတယ် ၊ ကြည့်ရတာ တစ်ခုခုလှုပ်ရှားဖို့ သူတို့ကြံစည်နေတာပဲ ဖြစ်ရမယ်”
ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက အားဟူကို ဆက်ပြောသည်။
“မင်း ရရှိထားတဲ့ သတင်းအချက်အလက်တွေကို အစီရင်ခံစာ (၂)ခု ရေးပါ ၊ တစ်ခုကို တောင်ပေါ်ကို ပြန်ပို့လိုက်ပါ ၊ နောက်တစ်ခုကိုတော့ ကန္တာဒေသရဲ့ ပထမအဆင့်အကြီးအကဲဆီ ပို့ပေးလိုက်ပါ”
အားဟူက ခေါင်းညိတ်ပြပြီး အမိန့်အတိုင်းလုပ်ဆောင်ရန် ထွက်ခွာသွားသည်။
ရန်ကျောက်ကဲက အနောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သော မှိုင်းညို့အုံ့ဆိုင်းနေသည့် အနောက်ဘက်သဲကန္တာရကြီးကို လှည့်ကြည့်လိုက်သည်။
စောစောက သူတို့ကိုတိုက်ခိုက်ရန် နဂါးနက်မုန်တိုင်း (၂)ခုကို ဖြစ်ပေါ်စေခဲ့သည့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းဆရာသခင်သည် အနက်ရောင်သဲကန္တာရကြီးထဲတွင် ကျန်ရစ်ခဲ့နိုင်သည်။
ရန်ကျောက်ကဲအတွက် သေချာစေသည်မှာ ဤအနီးပတ်ဝန်းကျင်တွင် ဝါဒတောင်၏ မူဝါဒအကြီးအကဲလည်းဖြစ် ၊ လေလှိုင်းဓားဂိုဏ်းမှ အကြီးအကဲလည်းဖြစ်သူက အနောက်ဘက်ကန္တာရကြီးသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းဆရာသခင်က ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှု မပြုရဲခြင်းပင်။
ရန်ကျောက်ကဲက ကျောက်တိုင်ကြီးကို အနောက်ဘက်သဲကန္တာရအတွင်းမှ ဘေးကင်းစွာ သယ်ဆောင်လာတော့မှ ထိုမူဝါဒအကြီးအကဲသည်လည်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ သို့သော် သူက ခပ်ဝေးဝေးမသွားဘဲ အနောက်ဘက်သဲကန္တာရနယ်နိမိတ်အတွင်းမှာပင် ခဏမျှ နေထိုင်ခဲ့သည်။
ထိုသို့ဖြင့် ရန်ကျောက်ကဲတို့အဖွဲ့ စုကျိုးသို့ ပြန်လည်ရောက်ရှိလာကြသည်။ အကြီးအကဲ’လီ’က စုကျိုးမြို့တွင် လုပ်ငန်းဆိုင်ရာအကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာသည်ဖြစ်ရာ လူတိုင်းက သူ့ကို အထင်ကြီးလေးစားကြသည်။ ယခုကဲ့သို့ သတင်းဆိုးကိုကြားရသည့်အခါ ဝါဒတောင်မှသိုင်းသမားများသာမက စုကျိုးတစ်မြို့လုံး ဝမ်းနည်းကြေကွဲကြရသည်။
ကန္တာဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲလည်းဖြစ် ၊ လေလှိုင်းဓားဂိုဏ်း၏ အကြီးအကဲလည်း ဖြစ်သူက အကြီးအကဲ’လီ’ ကွယ်လွန်သည့်သတင်းကြားသည့်အခါ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး စုကျိုးမြို့အတွက် ယာယီအကြီးအကဲတစ်ယောက် စေလွှတ်ခဲ့သည်။
ထို ယာယီအကြီးအကဲ ရောက်မလာခင်အချိန်တွင် ရန်ကျောက်ကဲက စုကျိုးမြို့တွင် ခေတ္တနေထိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲ၏ လက်ရှိအခြေအနေနှင့် ရာထူးအဆင့်အတန်းက အလွန်ထူးခြားသည်။ အမှန်တော့ ကန္တာဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲသည်ပင် ရန်ကျောက်ကဲအပေါ် သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ပေ။
လှိုင်းလေဓားဂိုဏ်းမှ အကြီးအကဲများဆိုသည်က ရန်ကျောက်ကဲ တောင်းဆိုသည်များကိုပင် အတတ်နိုင်ဆုံး ကျေနပ်အောင်ဖြည့်ဆည်းပေးကြရမည့်သူများဖြစ်သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက အသက်ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသည့်တိုင် ဝါဒတောင်ဂိုဏ်းမှ ထွက်ခွာလာပြီး ဤနေရာသို့ရောက်ရှိလာချိန်တွင် သူ၏အဆင့်အတန်းက အလွန်မြင့်မားနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲကတော့ လက်ရှိတွင် အနောက်ဘက်သဲကန္တာရကြီးမှ သူယူဆောင်လာသည့် ကျောက်တိုင်ကြီးအပေါ်သာ အဓိကအာရုံစိုက်နေခဲ့သည်။
စုကျိုးမြို့ထဲသို့ရောက်သည်နှင့် သူတို့အတွက်စီစဉ်ပေးထားသည့် တည်းခိုရာနေရာများသို့ ထွက်ခွာလာကြသည်။ ရန်ကျောက်ကဲက သူနေထိုင်မည့်အိမ်နေရာရှေ့တွင် ကြီးမားသည့်တိုင်လုံးကြီးကို ချထားလိုက်၏။
ကျောက်တိုင်ကြီးကို မြေပြင်ထက်ချလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်သဲမှုန့်များ ဖြာထွက်သွားသည်။ ရန်ကျောက်ကဲ လက်ဖြင့်သယ်လာစဉ်က အလေးချိန်လုံးဝမရှိဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုကျောက်တိုင်ကြီး မည်မျှလေးလံကြောင်း မည်သူမှ မသိရှိနိုင်ပေ။
ရန်ကျောက်ကဲသာ ကျောက်တိုင်ကြီးကို ကနဦးအဆင့်မသန့်စင်နိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေဦးတော့ ထိုတိုင်လုံးကြီးကို လွယ်လွယ်ကူကူ ကိုင်မြှောက်နိုင်မည် မဟုတ်ပေ။
အနောက်ဘက်သဲကန္တာရကြီးထဲတွင် ကျောက်တိုင်ကြီးကို ကနဦးသန့်စင်ခြင်း အောင်မြင်ခဲ့ပြီးဖြစ်သည်။ ယခု စုကျိုးမြို့တွင် တည်းခိုနေထိုင်စဉ် ရန်ကျောက်ကဲက ၎င်းအား ဒုတိယအကြိမ် ထပ်မံသန့်စင်ရန် ပြင်ဆင်ထားသည်။
ရန်ကျောက်ကဲ မြို့ထဲသို့ဝင်လာစဉ်က ဤမျှကြီးမားသော ကျောက်တိုင်ကြီးကို လက်တစ်ဖက်တည်းဖြင့် သယ်ယူလာသည့် ရန်ကျောက်ကဲအား လူအုပ်ကြီးက ဝိုင်းဝန်းကြည့်ရှုကြသေးသည်။
ရန်ကျောက်ကဲမှာ အမှန်ပင် ထွန်းလင်းတောက်ပြောင်နေပြီး ရှေ့ဆက်ဒီအတိုင်းဆက်သွားလျှင် လမ်းတစ်လျှောက်လုံး ဆက်လက်တောက်ပြောင်ထွန်းလင်းနေပေဦးမည်။
အရိပ်ကျုံ့အိတ်အတွင်းသို့လည်း ထည့်သွင်းနိုင်ခြင်းမရှိသည့် ဧရာမတိုင်လုံးကြီးကို သွားလေရာရာ ယူသွားနေရခြင်းက သူ၏လှုပ်ရှားမှုများကို လုံးဝဖုံးကွယ်မရနိုင်ပေ။
ညအမှောင်တွင် မီးရှူးတိုင်ကိုင်ထားသည့်အလားဖြစ်ပြီး ထိုတိုင်လုံးကြီးမှာ အလွယ်တကူ မငြိမ်းနိုင်သည့် မီးရှူးတိုင်တစ်ခု ဖြစ်သည်။
“ငါဒီမှာဟေ့...”
ဟု လူတိုင်းကို ကြေငြာနေသည့်အလားပင်။
စကားလုံးများကတော့ တော့်တော့်ကို ဂုဏ်ဆာလွန်း ၊ တောက်ပြောင်လွန်း ၊ မောက်မာလွန်းသည်။
နောက်ထပ်စကားလုံးအနည်းငယ် ပြောင်းလဲလိုက်လျှင်တော့ အဓိပ္ပါယ်က ပြောင်းလဲသွားနိုင်သည်။
“ငါ ဒီမှာဟေ့ဆိုတာ လူတိုင်းသိအောင် ငါလုပ်နိုင်တယ် ဟက်ဟက်”
ရန်ကျောက်ကဲက ပြောင်ရှင်းနေသည့် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်ရင်း ခေါင်းကိုမော့ကာ သူ့ရှေ့မှ တိုင်လုံးကြီးကို ကြည့်နေသည်။ ကျောက်တိုင်ကြီးက အမြင့်ပေ (၆၅)ပေကျော်ပြီး ကောင်းကင်ဘုံနန်းတော်၏ ထောက်တိုင်ဖြစ်လေရာ စုကျိုးမြို့၏ မြို့တံတိုင်းထက်ပင် မြင့်မားသည်။
ရန်ကျောက်ကဲက လက်တစ်ဖက်ဖြင့် လေထဲတွင် သင်္ကေတပုံစံတစ်ခုကို ရေးဆွဲလိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားများက လေထဲတွင် မျဉ်ကြောင်းများ တစ်ခုပြီးတစ်ခုပေါ်လာပြီး သင်္ကေတပုံစံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သင်္ကေတသဏ္ဌန်က သတင်းကျောက်ပမာ ကြည်လင်ပြီး တံဆိပ်ခတ်ပြီးသား ဖြစ်သွားသည်။
ထိုသင်္ကေတများမှာ ရန်ကျောက်ကဲ မှတ်သားထားသည့် ကောင်းကင်ဘုံနန်းတော် ကျောက်တိုင်မျက်နှာပြင်ထက်မှ သင်္ကေတပုံစံများ ဖြစ်သည်။
သလင်းကျောက်ပမာ ကြည်လင်ပြီး တံဆိပ်ခတ်ထားသည့်အရာမှာ ထိုသင်္ကေတပုံစံများနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ၏ နားလည်သဘောပေါက်ခြင်းများပင် ဖြစ်သည်။
ကျောက်တိုင်ကြီးထက်မှ သင်္ကေတပုံစံများသည် ထူးခြားသည့်အဓိပ္ပါယ် မပါဝင်သော်လည်း ထူးခြားသော အခြေခံနှင့် သဘောတရားများစွာ ပါဝင်သည်။
ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် သိုင်းသမားများဆိုလျှင်တော့ ထိုသင်္ကေတများ၏ အဓိပ္ပါယ်နှင့်တန်ဖိုးကို နားလည်ရန်ခက်ခဲသော်လည်း ယွမ်ကျန်းဖုန်း ၊ ရန်တိ ၊ ဖန်ကျွင်းနှင့် ရှီတိတို့ကဲ့သို့သော ထိပ်တန်းသိုင်းကျင့်ကြံသူများ ဆိုလျှင်တော့ အနည်းနှင့်အများ သေချာပေါက် နားလည်ကြမည် ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက်၏ မတူညီသော နားလည်မှုများကို အခြေခံပြီး ထိုသင်္ကေတများထံမှ ရရှိသည့် အကျိုးအမြတ်သည်လည်း ကွဲပြားသွားနိုင်သည်။ အချို့က အနည်းငယ်သာ ရရှိနိုင်ပြီး အချို့ကတော့ ပိုမိုရရှိကြမည် ဖြစ်သည်။ သို့သော် ဤတိုင်လုံးကြီးက သိုင်းကျင့်ကြံသူများအတွက် ရတနာသိုက်တစ်ခုဖြစ်သည်မှာတော့ ငြင်းဆန်မရနိုင်ပေ။
ကျောက်တိုင်ကြီးကိုသယ်ဆောင်လာပြီး နက်ရှိုင်းသည့်အဆင့်တစ်ခုအထိ အမှန်တကယ် သန့်စင်နိုင်သူကတော့ ရန်ကျောက်ကဲတစ်ယောက်သာ ရှိ၏။
ယွမ်ကျန်းဖုန်းနှင့် အခြားသူများအတွက်တော့ ထိုသင်္ကေတများအတွင်းမှ ထူးခြားနက်ရှိုင်းမှုများကိုသာ ဖမ်းဆုပ်နားလည်နိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲက စုကျိုးမြို့တော်တွင်နေထိုင်ရင်း ကျောက်တိုင်ကြီးကို ဒုတိယအကြိမ်သန့်စင်ရန် စဉ်းစားထားသည်။ သို့သော် ထိုကျောက်တိုင်ကြီးထက်မှ သင်္ကေတပုံသဏ္ဌန်များအားလုံးကို မှတ်တမ်းတင်ကာ ဝါဒတောင်သို့ အမြန်ဆုံး တိတ်တဆိတ်ပို့ဆောင်ပေးရန် စီစဉ်ခဲ့သည်။
ရန်ကျောက်ကဲက သလင်းကျောက်ပမာ ကြည်လင်နေသည့် တံဆိပ်ခတ်ထားသည့် သင်္ကေတပုံစံများကို ဝါဒတောင်ကို ပို့ဆောင်ပေးရန် အားဟူထံ လွှဲပြောင်းပေးလိုက်၏။
ထို့နောက်သူက ကျောက်စိမ်းပြားအခြမ်းလေးကို ထုတ်ယူလိုက်ပြီး...
“ဒီကိစ္စအပြင် ကန္တာနယ်မြေမှာ ဒီထူးဆန်းတဲ့ပစ္စည်းရဲ့ ဒုတိယတစ်ပိုင်းကို မင်း ရှာပေးနိုင်မလား ၊ ပြီးတော့ ဒီပစ္စည်းကို ရှာတဲ့အခါ သိုသိုသိပ်သိပ်နဲ့ရှာဖွေပါ ၊ သိပ်ပြီးလူသိအောင် မလုပ်နဲ့”
အားဟူက ကျောက်စိမ်းပြားလေးကို ယူလိုက်ရင်း...
“စိတ်ချပါ သခင်လေး ၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ နားလည်ပါတယ်”
အားဟူထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲက သူ့ရှေ့မှ ကျောက်တိုင်ကြီးကို အာရုံစိုက်လိုက်ပြီး ဒုတိယအဆင့် သန့်စင်ရန် စတင်ကြိုးစားသည်။
ရန်ကျောက်ကဲက သူ၏ လက်သီးသိုင်းဝိညာဉ်ကို ကျောက်တိုင်ကြီးနှင့် ပေါင်းစပ်လိုက်သည့်အခါ ထိုစဉ်အချိန်က မဟာကပ်ဘေးကြီး ကျရောက်ခဲ့သော မြင်ကွင်းက သူ စိတ်အာရုံထဲတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။
ကောင်းကင်ဘုံပြိုကျပြီး မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။ ကောင်းကင်ကိုးထပ်အထက်မှ ထိုးစိုက်ပြိုပျက်ကျသွားပြီး ထိုမြင်ကွင်းက ဤကျောက်တိုင်ကြီး ပြုတ်ကျလာသည့်မြင်ကွင်းဖြစ်ကြောင်း ရန်ကျောက်ကဲ အတိအကျ သိရှိသည်။ ထိုမြင်ကွင်းများက သူ၏ကိုယ်ပိုင်အမှတ်တရများဖြစ်သည့်တိုင် လက်ရှိမြင်ကွင်းများအားလုံးက ကျောက်တိုင်ကြီးနှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်။
ကျောက်တိုင်ကြီးက သဲကန္တာရကြီးတစ်ခုဆီသို့ တိုက်ရိုက်ကျဆင်းသွားသည်။
သဲကန္တာရကြီးက အစပိုင်းတွင် ရိုးရှင်းသည့် သာမန်သဲကန္တာရကြီးတစ်ခုဖြစ်သော်လည်း ကျောက်တိုင်ကြီးကျလာပြီးနောက်ပိုင်း တဖြည်းဖြည်း အသွင်ပြောင်းလဲလာကာ ယနေ့ခေတ်၏ အနောက်ဘက်သဲကန္တာရကြီးအဖြစ် ပြောင်းလဲသွားသည်။
ဤဖြစ်စဉ်တွင် ကျောက်တိုင်ကြီးက အနောက်ဘက်သဲကန္တာရကြီးနှင့် သဘာဝအတိုင်း တဖြည်းဖြည်းပေါင်းစပ်သွားပြီး တစ်ခါတစ်ရံ သဲများအောက်တွင် နစ်မြုပ်သွားကာ တစ်ခါတစ်ရံတွင်တော့ လေပြင်းတိုက်ခတ်မှုများကြောင့် သဲလွင်ပြင်ထက် ပြန်ပေါ်လာတတ်သည်။
ရန်ကျောက်ကဲသည် ကျောက်တိုင်ကြီး ကြုံတွေ့ခဲ့ရသည့် အချိန်ကာလတစ်လျှောက်လုံးကို စိတ်အာရုံထဲတွင် တွေ့မြင်နေရသည်။
ထိုအချိန်...
ရန်ကျောက်ကဲ စိတ်အာရုံမြင်ကွင်းက မထင်မှတ်စွာပြေင်းလဲသွားသည်။
မထင်မရှားပုံရိပ်တစ်ခု သူ့အရှေ့တွင် ထွက်ပေါ်လာသောကြောင့် ဖြစ်၏။
***