← Chapters

တောင်းပန်ရန်ရောက်လာသူ

Vol. 17 Ch. 231

တောင်းပန်ရန်ရောက်လာသူ

Vol. 17 Ch. 231

ရှန်ထျန်းနှောင်းပိုင်းအဆင့်မှ ကောင်းကင်ချိတ်ဆက်အဆင့်သို့ တက်ရောက်ပြီးနောက်ပိုင်း သိုင်းဆရာသခင်အဆင့်သို့ တက်ရောက်ရန် ကြီးမားသည့် ကျင့်ကြံခြင်းတစ်ဆို့မှုကို ခံကြရသည်။ ထို အဆင့်ကြီး (၂)ဆင့်ကြားတွင် လိုအပ်သည့်အရာမှာ လူတစ်ယောက်သည် ကျင့်ကြံခြင်းအခြေခံကို ဖြည်းညင်းစွာပေါင်းစည်းပြီး ကြေညက်စွာနားလည်ရန် အဓိကကျသည်။

ကျင့်ကြံခြင်းအခြေခံ ပေါင်းစည်းရန် လိုအပ်နေသေးလျှင် မည်မျှပင် ဇွဲရှိရှိဖြင့် ကျင့်ကြံပါစေ အောင်မြင်နိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ကောင်းကင်ချိတ်ဆက်အဆင့်မှ ဝိညာဉ်ခန္ဓာသိုင်းဆရာသခင်အဆင့်သို့ တက်ရောက်ရန်ဆိုသည်က အဆင့်ကြီးတစ်ခုမှ နောက်ထပ်အဆင့်ကြီးတစ်ခုသို့ ဖြတ်ကျော်ရခြင်း ဖြစ်သည်။

အဆင့်ကြီး (၂)ဆင့်ကြား အကွာအဝေးသည် ကောင်းကင်တမျှ ၊ ပင်လယ်ပြင်ပမာ ဖြစ်သည်။ ရှေးယခင်ကတည်းက ဤအဆင့်အကူးအပြောင်းတွင် ကျင့်ကြံခြင်းတစ်ဆို့ပြီး ရှေ့ဆက်မတက်နိုင်သည့် သိုင်းကျင့်ကြံသူများ မရေမတွက်နိုင်အောင် များပြားလွန်းသည်။

အခြားသော သိုင်းသမားများမဆိုထားနှင့် ဝါဒတောင်နှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ခုမှ သိုင်းသမားများသည်ပင် နောက်တစ်ဆင့်သို့မတက်နိုင်ဘဲ ကျင့်ကြံခြင်းတစ်ဆို့နေတတ်ကြသည်။

လက်ရှိကမ္ဘာတွင် ထိုကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်ပြီး သိုင်းပညာရှင်အဆင့်မှ သိုင်းဆရာသခင်အဆင့်သို့ တက်ရောက်သွားခြင်းက လူငယ်မျိုးဆက်များ၏ ထူးချွန်ထက်မြက်မှုနှင့် ပါရမီကို အကဲဖြတ်ရန် အရေးကြီးသော စံနှုန်းတစ်ခု ဖြစ်သည်။

သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာရန်က ခက်ခဲသော်လည်း သိုင်းဆရာသခင်ဖြစ်လာသရွေ့ ပါရမီရှင် လူငယ်သူရဲကောင်းများအနေဖြင့် မွေးရာပါစွမ်းရည်များကို ဖြုန်းတီးခြင်းမရှိဘဲ ထုတ်ဖော်ပြသနိုင်သည်ဟု အနည်းဆုံးအားဖြင့် ဆိုနိုင်သည်။

အရည်အချင်းကို စစ်မှန်သည့်ခွန်အားအဖြစ် ပြောင်းလဲပေးနိုင်မှသာ ပါရမီရှင်ဟု အမှန်တကယ် ခေါ်ဆိုနိုင်မည် ဖြစ်သည်။

ပို၍အတိအကျဆိုရလျှင် အသက်ငယ်ရွယ်ဖျတ်လတ်ဆဲအချိန်တွင် သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိသွားသူများကို ပါရမီရှင်စံနှုန်းနှင့် ကိုက်ညီသည်ဟု အများအားဖြင့် မှတ်ယူကြသည်။

ယေဘူယျဆိုရသော် လူငယ်ပါရမီရှင်တစ်ယောက် သိုင်းဆရာသခင် ဖြစ်လာသည့်အခါ ကမ္ဘာက သူတို့အား လူငယ်များအဖြစ် မမြင်ကြတော့ဘဲ သူတို့အပေါ် ရှုမြင်ပုံများ ပြောင်းလဲသွားမည် ဖြစ်သည်။

ကောင်းကင်ချိတ်ဆက်အဆင့်မရောက်မီ ထိုသို့ ရှုမြင်ပုံပြောင်းလဲခံလိုက်ရသည်ကတော့ ခြွင်းချက်အနေဖြင့် ရန်ကျောက်ကဲတစ်ယောက်သာ ရှိသည်။ ရန်ကျောက်ကဲလူမျိုးကတော့ ဘယ်နေရာတွင်မှ ရှာမတွေ့နိုင်သည့် ထူးခြားပုဂ္ဂိုလ် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းအပြင် အခြားသော ပြင်ပသိုင်းသမားများသည်လည်း သိုင်းဆရာသခင်အဆင့် ရောက်လာလျှင်တော့ အနည်းနှင့်အများ နေရာရကြသည်ပဲ ဖြစ်သည်။

ထို့ကြောင့် အားဟူ သိုင်းဆရာသခင်ဖြစ်လာသည့်အခါ ရန်ကျောက်ကဲသည်လည်း ဝမ်းသာပျော်ရွှင်နေခဲ့သည်။

ရန်ကျောက်ကဲကိုယ်တိုင်ကတော့ ရှန်ထျန်းနှောင်းပိုင်းအဆင့်မှ ကောင်းကင်ချိတ်ဆက်အဆင့်ကို မဖြတ်ကျော်ခင် ကျင့်ကြံမှုအနည်းငယ် ထပ်မံလုပ်ဆောင်ရပေဦးမည်။

ရန်ကျောက်ကဲအတွက် ကောင်းကင်ဘုံနန်းတော် ထောက်တိုင်ကြီးကို သန့်စင်ခြင်းမှာ ထင်သလောက် မရိုးရှင်းလှပေ။ ကျောက်တိုင်ကြီးအတွင်း ထင်ကျန်ရစ်နေသည့် ပုံရိပ်များကို ကြည့်ရှုခြင်းနှင့် ကျောက်တိုင်ကြီးကို လိုသလိုကျုံ့နိုင် ကြီးနိုင်ခြင်းထက် များစွာပိုမိုသည်။

ကျောက်တိုင်ကြီးထက်မှ သင်္ကေတပုံစံများက ထူးခြားချက် မကြီးမားသော်လည်း ထိုအရာများက ဝိညာဉ်စွမ်းအားနှင့် လျှို့ဝှက်ဆန်းကျယ်မှုများ ပြည့်နက်နေသည်။ သူက ထိုကျောက်တိုင်ကြီးကို သန့်စင်နေသူဖြစ်လေရာ ထင်ရှားသည့်အသုံးဝင်မှုကိုတော့ ရရှိပိုင်ဆိုင်စေသည်။

တကယ်တော့ ကျောက်တိုင်ကြီးကို သန့်စင်သောသူက အကျိုးအရှိဆုံးဖြစ်သည်။

ရန်ကျောက်ကဲ ရရှိသည့် အကျိုးကျေးဇူးက အားဟူနှင့်ယှဉ်လျှင် များစွာပိုမိုသည်။

သို့ပေသိ ရန်ကျောက်ကဲအနေဖြင့် အချိန်တိုအတွင်း သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိလိုပါက အထူးနည်းလမ်းအချို့ကို အသုံးပြုရမည် ဖြစ်သည်။

အဓိကအချက်မှာ ထိုကိစ္စနှင့်ပတ်သက်ပြီး သူပြင်ဆင်ရမည့်အရာများဖြစ်သည်။ ထိုအရာများက လက်ရှိတွင် အလွန်ရှားပါးပြီး ရှာဖွေရခက်ခဲသည်။

တဖြည်းဖြည်းတော့ လက်ဝယ်ရရှိမည်ဟု ယုံကြည်ထားသော်လည်း လက်ရှိကမ္ဘာ့အခြေအနေက အပြောင်းအလဲ မြန်ဆန်လွန်းသဖြင့် တတ်နိုင်သမျှ စွမ်းအားမြင့်မားနေရန် လိုအပ်သည်။

အထူးသဖြင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်၏ အကြွင်းအကျန်မှ မှတ်ဉာဏ်များကို စိတ်အာရုံခံပြီးနောက် သူ့စိတ်ထဲ အတွေးများစွာ ဖြစ်ပေါ်လာသည်။

ကျောက်စိမ်းပြားတစ်ခြမ်းကို သူ စိတ်ဝင်စားရသည့် အကြောင်းရင်းမှာ မဟာကပ်ဘေးကြီးမတိုင်ခင်က အရာဝတ္ထုတစ်ခု ဖြစ်နေသောကြောင့်ပင်။

ထိုအရာထက်မှ ဝိညာဉ်အစီအရင်သည် လျှို့ဝှက်နယ်မြေတစ်ခုဆီသို့ ဦးတည်သွားနိုင်ကြောင်း ရန်ကျောက်ကဲ ရိပ်မိသည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသွားပြီးနောက် ကမ္ဘာပေါ်တွင် အဖိုးတန်သဘာဝရတနာများ လျော့နည်းသွားခဲ့ပြီး အချို့ဆိုလျှင် မျိုးသုဉ်းသွားခဲ့သည်။ သူသာ မဟာကပ်ဘေးကြီးမတိုင်ခင်က ရတနာပစ္စည်းများ လျှို့ဝှက်ထားရှိသည့် နေရာတစ်ခုကို တွေ့ရှိမည်ဆိုပါက ထိုနေရာတွင် သူလိုချင်သည့်အရာများကို ရရှိကောင်းရရှိနိုင်သည်။

ဤနည်းအားဖြင့် သူလိုချင်သည့်အရာများကို အဆင်ပြေပြေရရှိမည်ဖြစ်ပြီး ထိုပစ္စည်းများ ရှာဖွေရန်အတွက် ဦးနှောက်စားနေစရာ မလိုတော့ပေ။

ဟုတ်ပေ၏။ ထိုလျှို့ဝှက်နယ်မြေသည်လည်း မဟာကပ်ဘေးကြီးနှင့်အတူ ဖျက်ဆီးခံလိုက်ရသလို အခြားသူများက လျှို့ဝှက်နယ်မြေကိုတွေ့ရှိပြီး ရတနာပစ္စည်းများကို ယူဆောင်သွားခြင်းသည်လည်း ဖြစ်နိုင်ခြေရှိသည်။

သို့သော် ကမ္ဘာပေါ်တွင် လိုချင်သည့်ပစ္စည်းများကို ကမ်းမမြင်လမ်းမမြင် လိုက်လံရှာဖွေခြင်းထက် ဤနည်းလမ်းဖြင့်သွားသည်က ပိုမိုယုံကြည်စိတ်ချရသည်။

ရန်ကျောက်ကဲက အားလပ်ချိန်များတွင် စုကျိုးမြို့နှင့် ကန္တာဒေသတစ်ခုလုံးနှင့်ပတ်သက်‌သော နောက်ဆုံးသတင်းများကို ဆက်လက်စုံစမ်းသည်။

စုကျိုးအတွက်ခန့်ထားသည့် ယာယီအကြီးအကဲက ရန်ကျောက်ကဲထင်ထားသည်ထက် များစွာနောက်ကျနေခဲ့သည်။ သို့သော် ထိုသူက မည်သူဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားသည်။

စုကျိုးမြို့သို့စေလွှတ်လိုက်သည့် ယာယီအကြီးအကဲသည် အမှန်တကယ်ပင် ရန်ကျောက်ကဲနှင့် ရင်းနှီးသူတစ်ယောက်ဖြစ်သည်။ အခြားသူမဟုတ် ၊ ‘ရွှီဖေး’ ပင် ဖြစ်သည်။

ဝါဒတောင်၏ လူငယ်မျိုးဆက်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းအကြီးအကဲတစ်ယောက်ဖြစ်သောရှိတိ၏တပည့်ဖြစ်သူ “ကောင်းကင်ဂဠုန်” ရွှီဖေးသည် အသက် (၃၀)ကျော်ဖြင့် ကောင်းကင်ချိတ်ဆက်အဆင့်ကိုကျော်ဖြတ်ကာ သိုင်းဆရာသခင်အဆင့်သို့ ‌ရောက်ရှိလာခဲ့သည်။

ထိုသတင်းကိုကြားတော့ ရန်ကျောက်ကဲ ပထမဆုံးတွေးမိသည်က...

“ဂိုဏ်းတူအစ်ကို’ရွှီဖေး’ အမှားတစ်ခုခုများ ကျူးလွန်မိလို့လား”

လုပ်ငန်းဆိုင်ရာအကြီးအကဲရာထူးကို သိုင်းပညာရှင်အဆင့်များကိုသာ ပေးအပ်လေ့ ရှိကြသည်။ ရွှီဖေးကဲ့သို့ တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်သော သိုင်းဆရာသခင်တစ်ယောက်ကို ကန္တာဒေသအစွန်းရှိ စုကျိုးမြို့သို့စေလွှတ်သည်မှာ မသင့်တော်သည့်ကိစ္စဖြစ်သလို သူ၏အရည်အချင်းများကို အလဟသ ဖြုန်းတီးခြင်းပင် ဖြစ်၏။

ရွှီဖေးက အသက်ငယ်ငယ်ဖြင့် သိုင်းဆရာသခင်ဖြစ်လာရုံသာမက သူ၏ အရည်အချင်းကလည်း အကန့်အသတ် မရှိပေ။ ထို့ကြောင့် လက်ရှိတွင် ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက်လုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။

အတွေ့အကြုံရရှိစေရန် ပြင်ပလောကသို့ စေလွှတ်ချင်လျှင်တောင်မှ ရွှီဖေး၏ ကျင့်ကြံခြင်းအဆင့် အနည်းငယ်မြင့်မားလာအောင်စောင့်ဆိုင်းပြီး မူဝါဒအကြီးအကဲရာထူးပေးအပ်သင့်သည် မဟုတ်ပါလား။ လုပ်ငန်းဆိုင်ရာအကြီးအကဲဆိုသည်ကတော့ လုံးဝမဖြစ်သင့်သည့်ကိစ္စပင်။

ထိုသတင်းကိုကြားတော့ ရန်ကျောက်ကဲ ခဏမျှမှင်တက်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာသည်။

“ငါ ဂိုဏ်းကိုတင်ပြလိုက်တဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ သတင်းတွေကြောင့် ဒီလိုဖြစ်တာလား”

ရန်ကျောက်ကဲ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။

“ဒါဆို... ဆရာဘိုးဘိုး ၊ အဖေ ၊ ပထမဆရာဦးလေးတို့အားလုံးက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက လေနယ်မြေမှာ လှုပ်ရှားတောမယ်လို့ ယုံကြည်နေကြတာလား”

အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...

“အဲဒီလိုဖြစ်လာရင်တော့ စိုးရိမ်စရာပဲ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။ ရွှီဖေးရောက်လာခြင်းက စုကျိုးမြို့၏ လုပ်ငန်းဆိုင်ရာအကြီးအကဲအဖြစ် ယာယီတာဝန်ထမ်းဆောင်ရန်သာ ရောက်လာခြင်းဖြစ်သည်။ ထူးခြားသည့်အချိန်တွင် ထူးခြားသလို လုပ်ဆောင်ခြင်းပင် ဖြစ်၏။

ကန္တာဒေသနယ်စပ်တွင် ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခြင်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် အနက်ရောင်အိပ်မက်ဆိုးတောင်တို့ ပူးပေါင်းပြဿနာရှာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စုကျိုးသည် သူတို့စတင်လှုပ်ရှားရမည့် ရှေ့တန်းစစ်မျက်နှာ ဖြစ်နိုင်ချေရှိသည်။

ထိုသို့သော ထူးခြားအခြေအနေတွင် ရန်ကျောက်ကဲက စုကျိုးမြို့၏ လုပ်ငန်းဆိုင်ရာအကြီးအကဲရာထူးကို ယူမည်ဆိုပါက မသင့်တော်လှပေ။

ရန်ကျောက်ကဲ၏ အစီအရင်ခံတင်ပြမှုကိုရရှိပြီးသည့်နောက် ဝါဒတောင်အနေဖြင့် ရွှီဖေးကို စေလွှတ်လိုက်ခြင်းက နားလည်နိုင်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။

စုကျိုးတွင် ရန်ကျောက်ကဲ ရှိနေသည့်တိုင် သူ့အခြေအနေက အလွန်ထူးခြားသည်။ သူ့အခွင့်အာဏာက ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်ကို တုန်လှုပ်စေသည်။ ရန်ကျောက်ကဲကို စုကျိုးတွင် လုပ်ငန်းဆိုင်ရာအကြီးအကဲအဖြစ် ထားရှိမည်ဆိုလျှင် လှိုင်းလေဓားဂိုဏ်း၏ အကြီးအကဲလည်းဖြစ် ၊ ဝါဒတောင်၏ မူဝါဒအကြီးအကဲလည်းဖြစ်သော ထိပ်တန်းအကြီးအကဲမှာ အနည်းငယ် နေရခက်ပေလိမ့်မည်။

ထို့ကြောင့် ဝါဒတောင်က ရန်ကျောက်ကဲကို လွတ်လပ်စွာလှုပ်ရှားခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

စုကျိုးသို့ရောက်လာမည့် ရွှီဖေးက ရန်ကျောက်ကဲနှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်ရာ အတူတကွ ညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထိုင်ခုံထက်တွင်ထိုင်ရင်း ရန်ကျောက်ကဲက သူ့လက်မောင်းကို လက်ချောင်းများဖြင့် ညင်သာစွာပုတ်နေသည်။

“ဟိုးအရင်တုန်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုသိုသိပ်သိပ် နေခဲ့တယ် ၊ နဂါးချုပ်လှောင်ချောက်နက်က အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးတဲ့နောက် တဖြည်းဖြည်း ခြေလှမ်းသွက်လာတယ် ၊ အခုတော့ သူတို့လှုပ်ရှားမှုကြိမ်နှုန်းက ပိုမြင့်လာပြီ”

“မြေကမ္ဘာနယ်မြေရဲ့ အခြေအနေက လုံးဝပြေလည်သွားပြီလို့ မပြောနိုင်သေးဘူး ၊ ဒါတောင် ကြည်လင်လျှို့ဝှက်ရေကန်မှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် သူတို့က လေနယ်မြေမှာ နောက်တစ်ကြိမ်လှုပ်ရှားဖို့ စီစဉ်နေကြတယ်”

လက်မောင်းကို ပုတ်နေသည့် ရန်ကျောက်ကဲလက်ချောင်းများ ရုတ်တရက် ရပ်တန့်သွားသည်။

“သူတို့မှာ တခြား ထူးခြားတဲ့အကြောင်းပြချက်နဲ့ ဒီလိုလုပ်နေတာလား ၊ ဒါမှမဟုတ် ဒီလုပ်ရပ်တွေက ငရဲကိုးထပ်နဲ့ ဆက်စပ်နေနိုင်သလား”

တွေးရင်းဖြင့် ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်သည်။

“ဒီလိုမျိုး ပြဿနာလှိုင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်အောင်လုပ်နေတာ... သူတို့က ငါတို့ကို ဒုက္ခပေးနေပေမယ့် သူတို့အင်အားဘယ်လောက်ရှိလဲဆိုတာ ငါတို့ဘက်က မသိနိုင်ဘူး ၊ သူတို့က အမှောင်ထဲမှာ ငါတို့က အလင်းထဲမှာလို ဖြစ်နေတယ် ၊ ပြီးတော့ သူတို့က တုန်လှုပ်စေတဲ့ အဖျက်စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားတယ် ၊ ဒါပေမဲ့ လောလောဆယ်တော့ သူတို့ဘက်က ခြေလှမ်းစိပ်စိပ်လှုပ်ရှားလာပြီဆိုတော့ သူတို့ဆုပ်ကိုင်ထားတဲ့ အကြီးမားဆုံးအားသာချက်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာပါ”

ရန်ကျောက်ကဲ တွေးတောနေစဉ် အားဟူရောက်လာသည်။

“သခင်လေး... လူတစ်ယောက်က သခင်လေးနဲ့ တွေ့ချင်လို့တဲ့”

“ဘယ်သူများလဲ...”

အားဟူက သူ့နှုတ်ခမ်းကို လက်ဖြင့်တစ်ချက်ပွတ်ရင်း...

“လျန်ချန်နဲ့ လျန်ယင်းတို့ရဲ့ ‘လျန်’ အိမ်တော်က အိမ်တော်သခင်ပါ ၊ သူက သခင်လေးကို တောင်းပန်မလို့ ရောက်လာတာလို့ ပြောပါတယ်”

***

All Chapters