တောင်းပန်ခြင်းလက်ဆောင်လား ၊ လက်ဆောင်ပဏ္ဏာလား
Vol. 17 Ch. 232
“လျန်အိမ်တော်သခင် ဟုတ်လား”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ကာမေးတော့ အားဟူက ခေါင်းညိတ်၏။
“ဟုတ်ကဲ့ ၊ သူနဲ့အတူ လျန်ချန်လည်းပါလာတယ်”
ရန်ကျောက်ကဲ ခဏမျှ စဉ်းစားပြီးနောက် မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းသွားသည်။
“သူတို့က ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ”
အနောက်ဘက်သဲကန္တာရကြီးထဲတွင် ‘လျန်’ အိမ်တော်မှ လျန်ယင်းက နဂါးဖြူသဲနုန်းကို ဖန်တီးပြုလုပ်ရန်အတွက် အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းသမားများက လှုံ့ဆော်ခဲ့သည်။ အကြောင်းရင်းကတော့ ရန်ကျောက်ကဲနှင့် အခြားသူများကို လုပ်ကြံသတ်ဖြတ်ရန် ဖြစ်၏။
သို့သော် ရန်ကျောက်ကဲက ထိုကိစ္စကို စိတ်ထဲသိပ်မထားခဲ့ပေ။ တရားခံယောက်ရှန်းသည်လည်း သူ့လက်ထဲ ရောက်နေပြီဖြစ်သလို လျန်ယင်းသည်လည်း သေဆုံးသွားခဲ့ပြီ မဟုတ်လား။
ထိုစဉ်က လျန်ယင်းပြောခဲ့သည့်စကားများသည် ကျွင်းလော့၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်လေရာ အတိအကျသတင်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ရန်ကျောက်ကဲက ဝါဒတောင်သိုင်းသမားများအား အမိန့်ပေးထားသည်။ ထို့ကြောင့် ဝါဒတောင်သိုင်းသမားများက အဖြစ်အပျက်များကို အသေးစိတ် ပြောဆိုကြခြင်း မရှိပေ။
သို့သော် လျန်ယင်း၏ နဂါးဖြူသဲနုန်းကြောင့် အားလုံး သေလုနီးပါးဖြစ်ခဲ့ကြလေရာ လူအများက လျန်ယင်းကို အမြင်မကြည်ကြပေ။
ထို့ကြောင့် သူတို့က ‘လျန်’ အိမ်တော်မှ သိုင်းသမားများကို မျက်နှာသာမပေးဘဲ မကြည်မဖြူဆက်ဆံကြသည်။
လေနယ်မြေ၏ ကန်းဒေသကို ဝါဒတောင်က နေသူတော်စင်ဂိုဏ်းလက်မှ သိမ်းယူထားခဲ့သည်။ ထို့ကြောင့် ကန်းဒေသ နယ်စပ်တွင် အနည်းငယ် မငြိမ်မသက်ဖြစ်လျှက်ရှိသည်။ သို့သော် ဝါဒတောင်က နှစ်ပေါင်းရှည်ကြာပိုင်ဆိုင်ခဲ့သော ကန္တာဒေသကတော့ ထိုသို့မဟုတ်ပေ။ နယ်မြေ (၅)ခုတွင် ဝါဒတောင်၏ ထိန်းချုပ်နယ်မြေဖြစ်သော ကေင်းကင်နယ်မြေကဲ့သို့ပင် ကန္တာဒေသတွင်လည်း ဝါဒတောင်၏ သြဇာအာဏာက အလွန်တည်ငြိမ်သည်။
ဝါဒတောင်က ခြေလှမ်းဖွဖွနင်းလိုက်ဦးတော့ ကန္တာဒေသတစ်ခုလုံး တုန်လှုပ်ရန် လုံလောက်သည့်အပြင် ပိုပင်ပိုနေပေဦးမည်။
ထို့ကြောင့် စုကျိုးမြို့တွင် စခန်းချနေသည့် ဝါဒတောင်သိုင်းသမားများက လျန်ယင်းအပေါ် မကျေမနပ်ဖြစ်နေသည့်သတင်းသည် ‘လျန်’ အိမ်တော်၏ ဘိုးဘေးနယ်မြေဖြစ်သော ‘လျန်’ အိမ်တော်ခံတပ်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
စုကျိုးမြို့သို့ရောက်သည်နှင့် ရန်ကျောက်ကဲက ကျွင်းလော့ ၊ လျန်ချန်တို့နှင့် လမ်းခွဲခဲ့ကြသည်။ လျန်ချန်က ‘လျန်’ အိမ်တော်ခံတပ်သို့ မပြန်သေးသည့်တိုင် ထိုသတင်းကိုကြားသည်နှင့် ‘လျန်’ အိမ်တော်မှ လူများက လျန်ချန်ကို ချက်ချင်းပင် ဖမ်းဆီးခေါ်ဆောင်ကာ အိမ်တော်သို့ ပြန်ပို့လိုက်ကြသည်။
လျန်ချန်၏စကားများကို နားထောင်ပြီးသည့်နောက် ‘လျန်’ အိမ်တော်မှ အကြီးအကဲများအားလုံး ငြိမ်သက်သွားကြသည်။
သေချာသည့်ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ယောက်ရှန်းက ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးချရန် လျန်ယင်းကို ပြဿနာထဲ ဆွဲသွင်းခဲ့သည်။ ထို့ကြောင့် ဤအဖြစ်အပျက်တွင် လျန်ယင်းက အပြစ်ကင်းသူတစ်ယောက် ဖြစ်သည်။
ယောက်ရှန်းက ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်လိုခြင်းသာ မရှိခဲ့လျှင် လျန်ယင်းသည်လည်း အသက်သေသည်အထိပေးဆပ်ရသော လုပ်ရပ်မျိုးကို ပြုလုပ်မိမည် မဟုတ်ပေ။
သို့ပေသိ လျန်ယင်းကိုယ်တိုင်တွင် ပြဿနာမရှိခဲ့ပါက ယောက်ရှန်းအနေဖြင့် အသုံးချနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လျန်ယင်းက ယောက်ရှန်းလက်ထဲမှ ဓားမြောင်ပမာ ကြံရာပါဖြစ်လာခဲ့သော်လည်း ကျွင်းလော့နှင့် လျန်ချန်တို့ကတော့ ယောက်ရှန်း၏ အသုံးချခံ နယ်ရုပ်များ ဖြစ်မလာခဲ့ပေ။
အပြစ်ကင်းကြောင်း ပြောရမည်ဆိုလျှင် ကျွင်းလော့နှင့် လျန်ချန်တို့က လျန်ယင်းထက် ပို၍ အပြစ်ကင်းပေသည်။
ထို့ပြင် ရန်ကျောက်ကဲက သူတို့ (၃)ယောက်လုံးကို အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းထဲမှ ကယ်တင်ပေးခဲ့သူ ဖြစ်သည်။ လျန်ယင်းက ထိုစေတနာကိုပင် အပြစ်ပြုခဲ့သည်။
ထို့ကြောင့် ‘လျန်’အိမ်တော်သခင်သည် ဆုံးဖြတ်ချက်တစ်ခု လျှင်မြန်စွာချပြီး စုကျိုးမြို့သို့သွားရောက်ကာ ရန်ကျောက်ကဲကို တောင်းပန်ရန် ဆုံးဖြတ်လိုက်သည်။
‘လျန်’ အိမ်တော်ခံတပ်နှင့် နှိုင်းယှဉ်လျှင် လေလှိုင်းဓားဂိုဏ်းက အင်အားပိုမိုကြီးမားသည့် သိုင်းဂိုဏ်းတစ်ခု ဖြစ်သည်။ လေလှိုင်းဓားဂိုဏ်းနှင့်ဝါဒတောင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ထိုဂိုဏ်း (၂)ခုကြားမှ အကွာအဝေးက မိုးနှင့်မြေပမာ ဖြစ်သည်။
ထို့ကြောင့် ဝါဒတောင်ဘက်မှ တကယ်တမ်း အပြစ်ယူမည်ဆိုလျှင် ‘လျန်’ အိမ်တော်ဘက်မှ တောင်းပန်သည့်တိုင် မည်သည့်အဓိပ္ပါယ်မှရှိမည် မဟုတ်ပေ။
နယ်မြေ (၆)ခုကိုအုပ်စိုးသည့် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းအနေဖြင့် တောင်းပန်စကားဆိုရုံမျှဖြင့် ကိစ္စပြီးသွားလောက်အောင် အခြေအနေက မရိုးရှင်းပေ။
သို့သော် ဝါဒတောင်နှင့် လှိုင်းနက်ဂေဟာတို့က အခြား ထိပ်သီးသိုင်းဂိုဏ်းများထက် ဆက်ဆံရလွယ်ကူသည်ဟု ယူဆနိုင်သည်။ နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမ ၊ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့ကိုသာ အပြစ်ပြုမိပါက သေချာပေါက် ရန်ဘက်အပြုခံရပေလိမ့်မည်။
ရန်ကျောက်ကဲအတွက် မဟုတ်လျှင်တောင်မှ ကျွင်းလော့သာ လျန်ယင်းလက်ထဲတွင် သေဆုံးသွားခဲ့လျှင် ‘လျန်’ အိမ်တော်မှာ ဝါဒတောင်အပြင် လှိုင်းလေဓားဂိုဏ်းမှ ‘ကျွင်း’ ဂိုဏ်းချုပ်အား များစွာပေးဆပ်တောင်းပန်ရဦးမည် ဖြစ်သည်။
သို့ဖြစ်ရာ ‘လျန်’ အိမ်တော်သခင်မှာ အိမ်ထဲတွင်ထိုင်နေရင်း အန္တရယ်ကပ်ဆိုးကြီး ဦးခေါင်းထက် ပျံသန်းရောက်လာသည့်အလား ခံစားရသည်။
သို့သော် လုပ်သင့်လုပ်ထိုက်သည်များကို အလျှင်အမြန် ပြုလုပ်လိုက်ပါက အန္တရယ်ကို အခွင့်အလမ်းအဖြစ်ပင် ပြောင်းလဲသွားစေနိုင်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူက လျန်ချန်ကို ချက်ချင်းခေါ်ဆောင်ပြီး စုကျိုးမြို့သို့ အမြန်ထွက်ခွာလာတော့သည်။
ရန်ကျောက်ကဲကလည်း ‘လျန်’ အိမ်တော်သခင်ကို တွေ့ဆုံရန် မငြင်းပယ်ခဲ့ဘဲ အားဟူကို ဖိတ်ခေါ်ခိုင်းလိုက်သည်။
ခဏကြာပြီးနောက် အားနည်းဖျော့တော့သည့်အသွင်ရှိသော လျန်ချန်နှင့်အတူ သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။
“’လျန်’ အိမ်တော်ခံတပ်က လျန်ချုန်းယီ ဝါဒတောင်သခင်လေးကို ဂါရဝပြုပါတယ်”
လူရွယ်က ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း နှုတ်ဆက်လိုက်သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ခံတပ်သခင်’လျန်’ က အားနာလွန်းနေပါပြီ”
ဟု ပြန်လည်နှုတ်ခွန်းဆက်လိုက်သည်။
လျန်ချုန်းယီက ‘လျန်’ အိမ်တော်တွင် အတော်ဆုံးသိုင်းသမားတစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ခန္ဓာအလယ်ဆင့် သိုင်းဆရာသခင်ဖြစ်ပြီး ဝိညာဉ်မျိုးစေ့ကို သိပ်သည်းနိုင်စွမ်း ရှိနေပေပြီ။
ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ခြင်းက သူ၏ရိုးသားမှုကို ကြီးမားစွာပြသခြင်းဖြစ်သော်လည်း ရန်ကျောက်ကဲရှေ့ရောက်သည့်အခါ အနည်းငယ် မဝံ့မရဲ ဖြစ်ရသည်။
ရန်ကျောက်ကဲမဆိုထားနှင့် လေလှိုင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့ဆုံရလျှင်ပင် ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပါပေ။
လျန်ချုန်းယီကိုကြည့်ပြီး ရန်ကျောက်ကဲက ခေါင်းညိတ်ပြလိုက်သည်။
လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှ သိုင်းကျင့်ကြံသူများနှင့် အခြားသောပြင်ပသိုင်းကျင့်ကြံသူများကို ပထမဆင့် ၊ ဒုတိယဆင့် ၊ တတိယဆင့်နှင့် အဆင့်သတ်မှတ်ချက်မရှိ ဟု ခွဲခြားထားသည်။
များသောအားဖြင့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များကို ပထမအဆင့်သိုင်းကျင့်ကြံသူများဟု ခေါ်ဆိုကြပြီး ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်များကို ဒုတိယအဆင့် သိုင်းကျင့်ကြံသူများဟု ခေါ်ဆိုကြသည်။ သိုင်းဆရာသခင် မဖြစ်သေးသည့် သိုင်းပညာရှင်များကိုတော့ တတိယအဆင့် သိုင်းကျင့်ကြံသူများဟု ဆိုကြသည်။
အဆင့်သတ်မှတ်ချက်ထဲတွင် မပါဝင်သူများကို ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ သိုင်းကျင့်ကြံသူများက ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မထင်ကြပေ။
ဟုတ်ပေ၏။ ဤသို့သော သိုင်းကျင့်ကြံသူများသည် တစ်ကမ္ဘာလုံးတွင် နွားတစ်ကောင်ခန္ဓာကိုယ်ထက်မှ အမွှေးများကဲ့သို့ များပြားလွန်းလှသည်။
အရှေ့ထန်နိုင်ငံနှင့် လေလှိုင်းဓားဂိုဏ်းတို့ကို ပထမအဆင့် စွမ်းအားစုများအဖြစ် သတ်မှတ်ခံရသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့ထန်ဘုရင် ကျောက်ရှီချန်းက သိုင်းဆရာသခင် ပဉ္စမအဆင့် ဖြစ်သော အမတဝိညာဉ် ၊ အလယ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ လှိုင်လေဓားဂိုဏ်း၏ဂိုဏ်းချုပ်ကတော့ သိုင်းဆရာသခင် ဆဋ္ဌမအဆင့် ဖြစ်သော အမတဝိညာဉ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
‘လျန်’ အိမ်တော်သခင် လျန်ချုန်းယီကတော့ ဝိညာဉ်ခန္ဓာအလယ်ဆင့် ဖြစ်သည့်အတွက် ဒုတိယအဆင့် သိုင်းကျင့်ကြံသူဟု သတ်မှတ်နိုင်သည်။
ယေဘူယျဆိုရသော် ဒုတိယအဆင့်ရှိသော စွမ်းအားစုသိုင်းဂိုဏ်းများတည်ရှိရာနေရာတွင် ရုံးစိုက်စခန်းချသော ဝါဒတောင်၏ လုပ်ငန်းဆိုင်ရာအကြီးအကဲများသည် သိုင်းဆရာသခင်များဖြစ်ရန် မလိုအပ်ပေ။ “ဝါဒတောင်ဂိုဏ်း” ဆိုသည့် ဂုဏ်အသရေကပင် သူတို့ကို ကာကွယ်ပေးရန် လုံလောက်နေပြီ ဖြစ်သည်။
သို့ပေသိ မူဝါဒအကြီးအကဲအဖြစ် ရုံးစိုက်စခန်းချသူများကတော့ ပထမအဆင့်သိုင်းကျင့်ကြံသူများ ဖြစ်ကြသည်။
ဥပမာဆိုရသော် အရှေ့ထန်နိုင်ငံ၏ မူဝါဒအကြီးအကဲဖြစ်သူ ရန်ရှုသည် အရှေ့ထန်နိုင်ငံတွင် ရုံးစိုက်သည့် ပထမအဆင့် အကြီးအကဲဖြစ်သလို အမတဝိညာဉ် ကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်လည်း ဖြစ်သည်။
အကယ်၍ ရှီတိ၏ တိုက်ခိုက်မှုကိုသာ သေလုမျောပါး မခံစားခဲ့ရပါက ရန်ကျောက်ကဲအနေဖြင့် ရန်ရှုကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
လက်ရှိ ကန္တာနယ်မြေရှိ ဝါဒတောင်မူဝါဒအကြီးအကဲသည် လေလှိုင်းဓားဂိုဏ်း၏ ထိပ်တန်းအကြီးအကဲတစ်ယောက်လည်း ဖြစ်သည်။ သူက အမတဝိညာဉ်အလယ်ဆင့်ဖြစ်လေရာ သိုင်းဆရာသခင် ပဉ္စမအဆင့်တွင် ရှိသည်။
နယ်မြေဒေသအသီးသီးမှ ပထမအဆင့်သိုင်းကျင့်ကြံသူများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လေးစားသောအားဖြင့် ဝါဒတောင်မှ မူဝါဒအကြီးအကဲများ ရုံးစိုက်ရာနေရာများတွင် သက်ဆိုင်ရာနယ်မြေရှိ သိုင်းကျင့်ကြံသူများထက် အနည်းငယ် ကျင့်ကြံခြင်းအဆင့် နည်းပါးသူများကိုသာ ထားရှိခဲ့သည်။
သို့သော် ဝါဒတောင်၏ တိုက်ရိုက်ပင်မသိုင်းသမားများဖြစ်ကြသည့်အတွက် မူဝါဒအကြီးအကဲအနေဖြင့် ဝါဒတောင်၏ အကျိုးစီးပွားကို အားနည်းချက်မရှိ ပြည့်စုံလုံလောက်စွာ ဆောင်ရွက်နိုင်သည်။
ဟုတ်ပေ၏။ ဤသည်က တစ်ဦးတစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်းအဆင့်များကို ရည်ညွှန်းခြင်း ဖြစ်ပြီး တကယ်တမ်းတွင် ဝါဒတောင်မှ ပထမအဆင့် သိုင်းကျင့်ကြံသူများသည် အစဉ်သဖြင့် ဦးဆောင်သူများ ဖြစ်ကြသည်။
ဒေသတိုင်းတွင် ဝါဒတောင်မှသီးသန့်စေလွှတ်ထားသော ပထမအဆင့် ထိပ်တန်းအကြီးအကဲများ ရှိကြသည်။ အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများနှင့် နယ်စပ်ဖြတ်ကျော် ပဋိပက္ခဖြစ်ခြင်း မရှိပါက သက်ဆိုင်ရာဒေသတိုင်းကို ဝါဒတောင်က ထိန်းချုပ်ထားနိုင်သည်မှာ အသေအချာ အာမခံရမည့်ကိစ္စပင်။
သို့ပေသိ အရှေ့ကောင်းကင်ဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ “အကြီးအကဲ’ချင်’” နှင့် လေနယ်မြေ ၊ ကန္တာဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲတို့ကတော့ အမတလက်ဖွဲ့အဆင့်ရှိသော သိုင်းဆရာသခင်များ ဖြစ်ကြသည်။
ရန်ကျောက်ကဲကတော့ သိုင်းဆရာသခင်တစ်ယောက် မဟုတ်သည့်တိုင် ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်ပမာ အခွင့်အာဏာရှိသူ ဖြစ်သည်။ ပထမအဆင့် ထိပ်တန်းအကြီးအကဲများဆိုသည်က သိုင်းဆရာသခင် သတ္တမအဆင့် ၊ အမတလက်ဖွဲ့အဆင့်ရောက်ရှိနေသူများ ဖြစ်ကြသည်။
လျန်ချုန်းယီက...
“ကျွန်တော်က ဒီလို ယုတ်ညံ့တဲ့သားကို မွေးထုတ်ပြီး ဝါဒတောင်က ကျင့်ကြံတွေကို ဒုက္ခရောက်စေခဲ့တာ ကျွန်တော်တို့အိမ်တော်ရဲ့ ကံမကောင်းခြင်းပါပဲ ၊ ဒီ ‘လျန်’ မျိုးနွယ်က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် အရမ်းဖြစ်ရပါတယ် ၊ ဒါကြောင့် သခင်လေး ကျွန်တော်တို့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပြီး တောင်းပန်စကားဆိုရင်း တောင်းပန်ခြင်းလက်ဆောင်တွေပေးအပ်ဖို့ ဒီအထိ တကူးတက ရောက်လာရတာပါဗျာ”
ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲရှေ့မှာပင် သေတ္တာငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။
ရန်ကျောက်ကဲကတော့ တစ်ချက်ကြည့်ရုံဖြင့် နားလည်လိုက်သည်။
“တကယ်တော့ တောင်းပန်ခြင်းလက်ဆောင်ဆိုတာထက် သူက ငါနဲ့ရင်းနှီးမှုရဖို့အတွက် လက်ဆောင်ပဏ္ဏာပေးချင်တဲ့သဘောပဲ”
***