ဒီညီလေးကလူကောင်းတစ်ယောက်ပါ
Vol. 17 Ch. 233
လျန်ချုန်းယီက လက်ဆောင်သေတ္တာကိုဖွင့်လိုက်သည့်အခါ သေတ္တာထဲတွင် ကျောက်စိမ်းနှင့်ဆင်တူသည့် ပစ္စည်းအချို့ကို တွေ့ရသည်။
ထိုပစ္စည်းက ထူထဲကြည်လင်ပြီး ရန်ကျောက်ကဲဆီသို့ပင် ကျောက်စိမ်းရောင်များ ထင်ဟပ်လာသည်။
ထိုပစ္စည်းက ကျောက်စိမ်းကန္တာအမြုတေဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။
‘လျန်’ အိမ်တော်ခံတပ်မှ ထိန်းချုပ်ထားသော နယ်မြေထဲတွင် သိုင်းသမားများကို များစွာအကျိုးပြုသော ကျောက်စိမ်းကန္တာစမ်းချောင်း တည်ရှိသည်။ ထိုစမ်းချောင်းက အလွန်နာမည်ကြီးသည်။
ထိုနယ်မြေရှိ ဝါဒတောင်မှ အကြီးအကဲအား နှစ်စဉ်နှစ်တိုင်း စမ်းရေပမာဏတစ်ခု ပေးအပ်ရသည်။
သို့သော် ကျောက်စိမ်းကန္တာစမ်းရေနှင့် နှိုင်းယှဉ်ပါက စမ်းချောင်းမှထွက်ရှိသည့် ကျောက်စိမ်းကန္တာအမြုတေက ပိုပြီးအဖိုးတန်သည်။
ကျောက်စိမ်းကန္တာအမြုတေက အလွန်ရှားပါးသည်။ ‘လျန်’ အိမ်တော်ခံတပ် သို့မဟုတ် ဝါဒတောင်သည်ပင် တစ်နှစ်လျှင် ပမာဏအနည်းငယ်သာ ရရှိသည်။ ထို့ပြင် လေလှိုင်းဓားဂိုဏ်းကလည်း ဝေစုရယူသေးလေရာ အခြားသိုင်းသမားများဆိုလျှင် ကျောက်စိမ်းကန္တာအမြုတေကို ရရှိရန် စိတ်ကူးပင် မယှဉ်ဝံ့ပေ။
လျန်ချုန်းယီပေးသည့် ကျောက်စိမ်းကန္တာအမြုတေက ရန်ကျောက်ကဲအတွက် ရေခွက်တစ်လုံးမျှသာ တန်ဖိုးရှိသော်လည်း လက်ဆောင်ပေးရသူဘက်မှတွက်မည်ဆိုလျှင် တစ်နှစ်ပတ်လုံး ရှာဖွေစုဆောင်းထားသည့်တန်ဖိုးနှင့် ညီမျှသည်။
အမှန်ဆိုရသော် ဝါဒတောင်တစ်ခုလုံး နှစ်စဉ်ရရှိသော ကျောက်စိမ်းကန္တာအမြုတေသည် ယခု ရန်ကျောက်ကဲကို ပေးအပ်သည့်ပမာဏထက်ပင် နည်းပါးနေသေးသည်။
အမှန်တော့ ‘လျန်’ အိမ်တော်ခံတပ်က ကျောက်စိမ်းကန္တာစမ်းချောင်းမှ ထွက်ရှိသော ကျောက်စိမ်းကန္တာအမြုတေများကို ဖုံးကွယ်လိမ်လည် သိမ်းယူထားခြင်း မရှိပေ။ ဤလက်ဆောင်မှာ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲစုဆောင်းထားသည့် ကျောက်စိမ်းကန္တာအမြုတေများပင် ဖြစ်သည်။ ပမာဏနည်းပါးသည့်တိုင် ‘လျန်’ အိမ်တော်အတွက်တော့ မြို့တစ်မြို့ကို ပိုင်ဆိုင်သည့်တန်ဖိုးပမာဏနှင့် ညီမျှပေသည်။
လျန်ချုန်းယီက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ဒီကိစ္စက ရုတ်တရက်ဖြစ်သွားတာဆိုတော့ ကမန်းကတန်းလာခဲ့ရလို့ ဒီလက်ဆောင်လေးပဲ ပြင်ဆင်နိုင်ခဲ့ပါတယ် ၊ သခင်လေး’ရန်’ က ထူးခြားတဲ့ အဖိုးတန်ရတနာပစ္စည်းမျိုးစုံကို တွေ့မြင်ဖူးတယ်ဆိုတော့... ဒီပစ္စည်းလေးက အဖိုးမတန်ပေမယ့် လက်ခံပေးစေလိုပါတယ် ၊ အိမ်တော်ကိုပြန်ရောက်မှ ဒီ ‘လျန်’ မျိုးနွယ်က နောက်ထပ်လက်ဆောင်တွေပြင်ဆင်ပြီး သခင်လေး’ရန်’ ဆီ အမြန်ဆုံး ပို့ပေးပါ့မယ်”
‘လျန်’ အိမ်တော်က ကျောက်စိမ်းကန္တာအမြုတေကို တေင်းပန်သည့်အနေဖြင့် သွေးရိုးသားရိုးလက်ဆောင်ပေးခြင်းဆိုလျှင် ဤစကား၏ နောက်ဆုံးအပိုင်းကို ထည့်သွင်းပြောဆိုမည် မဟုတ်ပေ။ ယခုတော့ နောက်ပိုင်းစကားက လက်ဆောင်ပေးရခြင်း၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ပြသနေသည်။
တောင်းပန်စကားဆိုရင်း ရန်ကျောက်ကဲနှင့် ရင်းနှီးမှုရရှိရန် အခွင့်အရေးကို အသုံးပြုရန် မျှော်လင့်နေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ကန္တာနယ်မြေတွင် အချိန်ကြာမြင့်စွာ နေထိုင်မည်မဟုတ်သည့်တိုင် ‘လျန်’ အိမ်တော်ခံတပ်က ဝါဒတောင်သခင်လေးနှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု သတင်းများ ပျံ့နှံ့သွားရုံဖြင့် ‘လျန်’ အိမ်တော်အတွက် များစွာအကျိုးရှိနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲကတော့ သူ့စကားအသွားအလာကိုကြည့်ပြီး အချက်အလက်အချို့ကို စဉ်းစားနေသည်။
ထိုစဉ် အားဟူက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို မေးခွန်းထုတ်လာသည်။
“သခင်လေး... ‘လျန်’ အိမ်တော်မှာ အကောင်းဆုံးပစ္စည်းဆိုလို့ ကျေက်စိမ်းကန္တာအမြုတေနဲ့ ကျောက်စိမ်းကန္တာစမ်းရေပဲ ရှိတာလေ ၊ သူက ဘာလက်ဆောင်တွေ ကြီးကြီးမားမား ထပ်ပြီးပြင်ဆင်မလို့လဲ ၊ ဒါမှမဟုတ် နောက်ထပ် ကျောက်စိမ်းကန္တာအမြုတေတွေ ထပ်ပေးမလို့လား ၊ အဲဒါဆိုရင်တော့ အစကတည်းက တစ်ခါတည်းယူလာလို့ရတာပဲ မဟုတ်လား”
ရန်ကျောက်ကဲက...
“လျန်’ အိမ်တော်မှာ ဒီ့ထက်ကောင်းတဲ့ပစ္စည်း ဘာမှမကျန်တော့ဘူး ၊ ဒါပေမဲ့ လူက လုပ်ပေးတာဆိုရင်တော့... အင်း... ငါတို့ ကန္တာဒေသကိုမလာခင် မင်းကိုစုံစမ်းခိုင်းထားတဲ့ သတင်းအချက်အလက်တွေကို မှတ်မိသေးလား”
အားဟူက သဘောပေါက်သွားဟန်ဖြင့်...
“လေလှိုင်းဓားဂိုဏ်းက အကြီးအကဲ’ဟုန်’ လား”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အမှန်ပဲ”
လက်ရှိ လေလှိုင်းဓားဂိုဏ်းတွင် ဂိုဏ်းချုပ်အသစ်ရွေးချယ်ရန် အချိန် နီးကပ်လာပြီ ဖြစ်သည်။ ဂိုဏ်းချုပ်ကြီးက အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်သောကြောင့် နောက်မျိုးဆက်များကို ဂိုဏ်းချုပ်ရာထူး လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။
လေလှိုင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဖြစ်လာရန် အထင်ရှားဆုံးသူမှာ ရန်တိ၏ မိတ်ဆွေ ၊ ကျွင်းလော့၏ဖခင် အကြီးအကဲ’ကျွင်း’ ပင် ဖြစ်သည်။
(T/N - အရင်အပိုင်းတွေမှာ ‘ကျွင်း’ ဂိုဏ်းချုပ်လို့ ရေးမိပါတယ် ၊ တကယ်တော့ ကျွင်းလော့အဖေက လေလှိုင်းဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်မဟုတ်ပါဘူး ၊ အကြီးအကဲ’ကျွင်း’ ပါ)
သူက ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး ရန်တိနှင့်လည်း မိတ်ဆွေများ ဖြစ်ကြသည်။
သို့သော် အကြီးအကဲ’ကျွင်း’ က ဂိုဏ်းချုပ်ရာထူးကို ရယူရန်ဆန္ဒမရှိကြောင်း ပွင့်လင်းစွာပြောဆိုခဲ့သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ရာထူးကိုပြိုင်ဆိုင်ရန် အခြားအကြီးအကဲ (၂)ယောက်သာ ကျန်ရစ်ခဲ့သည်။
ထိုအကြီးအကဲ (၂)ယောက်က အကြီးအကဲ’ဟုန်’ နှင့် အကြီးအကဲ’ပိုင်’ တို့ ဖြစ်ကြ၏။ သူတို့ (၂)ယောက်က အရည်အချင်းများတူညီနေရာ ဂိုဏ်းချုပ်ရာထူးအတွက်ရွေးချယ်ရန် ခက်ခဲစေခဲ့သည်။
သူတို့ (၂)ယောက်လုံးက ကျောထောက်နောက်ခံများ ရှာဖွေနေကြပြီး သူတို့အတွက် အရေးကြီးဆုံး ကျောထောက်နောက်ခံမှာ ဝါဒတောင်ပင် ဖြစ်သည်။
ဝါဒတောင်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲလည်းဖြစ် ၊ လှိုင်းလေဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်လည်းဖြစ်သော မူဝါဒအကြီးအကဲက ကြားနေဝါဒဖြင့် ရပ်တည်သည်။
အဘယ်ကြောင့်ဆိုသော ကန္တာဒေသက အရှေ့ထန်ကဲ့သို့ ရှုတ်ထွေးသည့်အခြေအနေမဟုတ်ဘဲ အကြီးအကဲ’ဟုန်’ ရော အကြီးအကဲ’ပိုင်’ ပါ ဝါဒတောင်ကို ထောက်ခံသူများ ဖြစ်ကြသည်။
ကျင့်ကြံခြင်းအဆင့်နှင့် အခြားသောအရည်အချင်းများတွင်လည်း သူတို့ (၂)ယောက်က သိသိသာသာ ကွဲပြားခြင်း မရှိပေ။ ထို့ကြောင့် ဝါဒတောင်က ဤကိစ္စတွင် ကြားနေအဖြစ် ထိန်းသိမ်းထားသည်။
ဝါဒတောင်အတွက်တော့ ဝါဒတောင်ကို ဆန့်ကျင်ပြီး အခြားသောထိပ်သီးသိုင်းဂိုဏ်းများကို ကန္တာဒေသတွင် အမြစ်တွယ်ခွင့် မပြုသရွေ့ လေလှိုင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်က မည်သူဖြစ်နေပါစေ အရေးမကြီးပေ။
ထို့ကြောင့် ဝါဒတောင်က သူတို့လက်အောက်ခံ စွမ်းအားစုများ၏ အတွင်းရေးကို ပေါ့ပေါ့တန်တန်ဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
သို့ဖြစ်ရာ အကြီးအကဲ’ဟုန်’ နှင့် အကြီးအကဲ’ဟွမ်’ ကလည်း အရမ်းကြီး မရှုတ်ဝံ့ပေ။ မဟုတ်ပါက သူတို့အရှုတ်အထွေးများကို အကြီးအကဲ’ကျွင်း’ က ဝင်ရှင်းရပေလိမ့်မည်။
ထိုသို့သောအခြေအနေမျိုးတွင် လှိုင်းလေဓားဂိုဏ်းနယ်မြေဖြစ်သော ကန္တာဒေသသို့ ရန်ကျောက်ကဲ ရုတ်တရက် ရောက်လာသည့်အခါ အကြီးအကဲ (၂)ယောက်လုံး အလင်းပွင့်သွားကြသည်။
ရန်ကျောက်ကဲက ကန္တာဒေသတွင် အကြာကြီးမနေဘဲ အနောက်ဘက်သဲကန္တာရသို့ အလျှင်စလို ထွက်ခွာသွားခဲ့သောကြောင့် အကြီးအကဲ’ဟုန်’ နှင့် အကြီးအကဲ’ပိုင်’ တို့မှာ သူနှင့်တွေ့ဆုံခွင့် မရလိုက်ကြပေ။
ထို့နောက် ရန်ကျောက်ကဲအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခံရသောသတင်းက ကန္တာဒေသတစ်ခုလုံး လွှမ်းခြုံသွားပြီး လေလှိုင်းဓားဂိုဏ်း၏ အတွင်းရေးပဋိပက္ခ ခေတ္တငြိမ်သက်သွားခဲ့သည်။
‘လျန်’ အိမ်တော်ခံတပ်က အကြီးအကဲ’ဟုန်’နှင့် နီးစပ်ပြီး လှိုင်းလေဓားဂိုဏ်း၏ လက်အောက်ခံ ဒုတိယအဆင့် စွမ်းအားစုတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ‘လျန်’ အိမ်တော်အတွက် တောင်းပန်ခြင်းဖြင့် ရန်ကျောက်ကဲနှင့် အခြားသော ဝါဒတောင်သိုင်သမားများ၏ စိတ်ထဲတွင် အမျက်ဒေါသများရှိနေပါက ဖြေဖျောက်ရန် နည်းလမ်းရှာဖွေရင်း အကြီးအကဲ’ဟုန်’ အတွက် ကူညီပြီး လမ်းဖွင့်ပေးရန် ရည်ရွယ်ခဲ့သည်။
ဖခင်ဖြစ်သူ ရန်တိနှင့်ဆက်စပ်ပြီး ရန်ကျောက်ကဲသည်လည်း အကြီးအကဲ’ကျွင်း’ နှင့် အလွန်ရင်းနှီးသည်။
သို့ပေသိ အကြီးအကဲ’ကျွင်း’က ဂိုဏ်းချုပ်ရာထူးကို စိတ်မဝင်စားသဖြင့် ရန်ကျောက်ကဲကလည်း အကြီးအကဲ’ဟုန်’ နှင့် အကြီးအကဲ’ပိုင်’ တို့၏ ပြိုင်ဆိုင်မှုကို အရေးမစိုက်ပေ။
ဤကိစ္စတွင် ရန်ကျောက်ကဲက ကန္တာဒေသမှ ပထမအဆင့်ထိပ်တန်းအကြီးအကဲနှင့် သဘောထားတူညီသည်။
သို့ပေသိ အကြီးအကဲ’ဟုန်’ နှင့် လျန်ချုန်းယီတို့ကတော့ ရန်ကျောက်ကဲနှင့် ဆက်သွယ်ရန် ဤအခွင့်အရေးကို အသုံးချ ကြိုးစားနေကြသည်။ ရန်ကျောက်ကဲသာ သဘောထားပြောင်းလဲသွားပါက အခြေအနေလည်း လုံးလုံးလျားလျား ပြောင်းလဲသွားမည်ပင်။
ရန်ကျောက်ကဲနောက်တွင်ရှိသော ရန်တိကို မပြောနှင့် ၊ ရန်ကျောက်ကဲကိုယ်တိုင်၏ စကားတစ်ခွန်းသည်ပင် သာမန်လူများနှင့် ယှဉ်၍မရနိုင်ပေ။
လေလှိုင်းဓား၏အကြီးအကဲများကို မဆိုထားနှင့် ကန္တာဒေသ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲသည်ပင် ရန်ကျောက်ကဲ၏ စကားတစ်ခွန်းကို မျက်နှာသာပေးမည် ဖြစ်သည်။
ရန်ကျောက်ကဲဘက်တွင်သာမက လျန်ယင်းက ကျွင်းလော့ကို သတ်မိလုနီးပါး ဖြစ်ခဲ့လေရာ လျန်ချုန်းယီက အကြီးအကဲ’ကျွင်း’ကိုလည်း ဝင်ရောက်တွေ့ဆုံပြီး အကျိုးရှိသောအခြေအနေတစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးစားရပေမည်။
အကြီးအကဲ’ကျွင်း’က ဂိုဏ်းချုပ်ရာထူးကို မလိုချင်သလို ဘက်မလိုက်သည့်ရပ်တည်ချက်လည်း ရှိသည်။ ထို့ကြောင့် သူနှင့် အကြီးအကဲ’ဟုန်’က အကြီးအကဲ’ကျွင်း’ကို အောင်မြင်စွာ စွဲဆေင်နိုင်ခဲ့လျှင် အခြေအနေက သိမ်မွေ့စွာ ပြောင်းလဲနိုင်ခြေ ရှိသည်။ ထို့ကြောင့် အကြီးအကဲ’ကျွင်း၏ သမီးလေး ကျွင်းလော့ အသက်အန္တရယ်ရင်ဆိုင်ရသည့် အခြေအနေကို အသုံးချကာ လျန်ချုန်းယီအနေဖြင့် သေသေချာချာ ဂရုစိုက်ဝင်ရောက်ရမည့် အနေအထား ဖြစ်သည်။
အားဟူက မျက်တောင်တစ်ချက်ခတ်လိုက်ရင်း...
“ဒါဆို... သူက အခု သခင်လေးကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား”
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...
“အင်း... အဲဒီလိုပြောလို့ရတယ်”
အားဟူက...
“ဒါဆို သူက ကန္တာဒေသရဲ့ ပထမအဆင့် ထိပ်တန်းအကြီးအကဲကို ဘာလို့ လာဘ်မထိုးရတာလဲ ၊ သူက ဒီဒေသမှာ တရားဝင် ရုံးစိုက်ပြီးနေထိုင်တဲ့သူပဲ ၊ သခင်လေးက ဖြတ်သွားဖြတ်လာ ခဏတည်းခိုတာလေ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အကြီးအကဲ’ပိုင်’လည်း ငါ့ကို လာတွေ့မှာပဲလေ ၊ ဒီတော့ အကြီးအကဲ’ဟုန်’ တို့ဘက်ကလည်း ရပ်ကြည့်မနေဘဲ လှုပ်ရှားလိုက်တဲ့သဘောပါပဲ ၊ သူတို့ (၂)ယောက်က တစ်ယောက်က ရှုံးမသွားမချင်း ယှဉ်ပြိုင်နေရဦးမှာလေ ၊ တကယ်ဆို အကြီးအကဲ (၂)ယောက်လုံး ငါ့ကိုလာတွေ့ဖို့က မခက်ပါဘူး ၊ ဒါပေမဲ့ လုံးဝကြည့်မကောင်းဘူးလေ ၊ ဒီတော့ သူတို့လက်အောက်ခံတွေက ပဏာမခြေလှမ်းလှမ်းပြီး အခွင့်အရေးရှာဖွေတဲ့ သဘောပေါ့”
အားဟူက...
“ဒီတော့ အခု ‘လျန်’ အိမ်တော်က အကြီးအကဲ’ဟုန်’ အတွက် လမ်းဖွင့်ပေးဖို့ အကြောင်းပြချက် ရှာတွေ့သွားတာပေါ့”
ရန်ကျောက်ကဲက...
“’လျန်’ အိမ်တော်သခင် ငါ့ဆီရောက်လာတဲ့သတင်းကြားတာနဲ့ အကြီးအကဲ’ပိုင်’ကလည်း သူ့လူတွေကို ငါ့ဆီလွှတ်ဖို့ စီစဉ်ပြီးနေလောက်ပြီ ၊ လျန်ချုန်းယီနဲ့ ရှေ့ဆင့်နောက်ဆင့်တောင် ရောက်လာနိုင်တယ်”
အားဟူက ရိုးသားစွာပင် ပြုံးရယ်လိုက်ရင်း...
“ဒါက သခင်လေးပွပေါက်တိုးဖို့ ဖြစ်လာတဲ့ အခွင့်အရေးပဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ကြီးမားသည့် ရာထူးနေရာကိုရရှိလာသည်နှင့်အမျှ ဤသို့သောပြဿနာမျာ ပေါ်လာမည်မှာ အမှန်ပင်။ ရန်ကျောက်ကဲအတွက်တော့ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
“စိတ်ပျက်စရာကောင်းလိုက်တာ ၊ ဒီညီလေးက လူကောင်းလေးတစ်ယောက်ပါ ၊ သူတို့က ငါ့ကို ဘာလို့ အမှားလုပ်မိအောင် သွေးဆောင်နေရတာလဲ”
ရန်ကျောက်ကဲ မချိပြုံးပြုံးရင်း တွေလိုက်လေ၏။
***