← Chapters

လက်ဆောင်များအသီးသီးပေးအပ်ပြီး အရည်အချင်းများကိုထုတ်ဖော်

Vol. 17 Ch. 234

လက်ဆောင်များအသီးသီးပေးအပ်ပြီး အရည်အချင်းများကိုထုတ်ဖော်

Vol. 17 Ch. 234

ရန်ကျောက်ကဲကိုကြည့်ရင်း လျန်ချုန်းယီစိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။

သာမန်ဆိုလျှင် သိုင်းပညာရှင်တစ်ယောက်ကို သိုင်းဆရာသခင်တစ်ယောက်က လက်ဆောင်များနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်ခြင်းမှာ သူ၏ရိုးသားမှုကို ပြသခြင်းဖြစ်လေရာ မျက်နှာသာပေးသည့်အနေဖြင့် လက်ဆောင်ကိုလက်ခံမည် ဖြစ်သည်။

မဟုတ်ပါက သူတို့ (၂)ယောက်ကြား လိုက်လျောညီထွေမဖြစ်သည့် သတင်းပေါက်ကြားသွားခဲ့လျှင် သိုင်းဆရာသခင်တစ်ယောက်အနေဖြင့် သူ့အတွက် အရှက်ရစေမည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက သာမန်သိုင်းပညာရှင်အဆင့် မဟုတ်ပေ။ သူ့အဆင့်အတန်းဖြင့် လျန်ချုန်းယီကို ထွက်မတွေ့လျှင်တောင်မှ လျန်ချုန်းယီအနေဖြင့် မချိပြုံးပြုံးနေရုံသာ တတ်နိုင်မည် ဖြစ်သည်။

တောင်းပန်ရန်ပင် မစဉ်းစားနိုင်ရုံသာမက လျန်ချုန်းယီမှာ စကားပြောဆိုရန် တစ်စုံတစ်ယောက်ကို ရှာဖွေပြီး တောင်းပန်စကားဖြင့် လက်ဆောင်ကို ပေးအပ်ခဲ့ရမည် ဖြစ်သည်။

လျန်ချုန်းယီကြားဖူးသည့်သတင်းများအရ ရန်ကျောက်ကဲက အလွန်တရာ အဆင့်အတန်းမြင့်မားသူဖြစ်ပြီး မာနလည်း ကြီးသူဖြစ်သည်။ သို့သော် သိရသလောက် ပေါင်းရသင်းရခက်သူမဟုတ်သလို ရက်စက်ကြမ်းကြုတ်သူလည်း မဟုတ်ပေ။

သို့ပေသိ လျန်ချုန်းယီကတော့ စိတ်ထဲတွင် အခြားအကြံအစည်တစ်ခု ရှိနေသဖြင့် သူ့ကိုယ်သူ ယုံကြည်ချက် ကင်းမဲ့နေသည်။

သူက ရန်ကျောက်ကဲကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရန် လာရောက်ရင်း အခြားသောရည်ရွယ်ချက်အချို့ကိုလည်း ချမှတ်ခဲ့သည်။

တတ်နိုင်လျှင် လျန်ချုန်းယီက ဤသို့သောကိစ္စများကို အလျင်စလို မလုပ်လိုပေ။ နောက်မှ ခရီးတစ်ခေါက် သပ်သပ်လာမည်ဆိုလျှင် သူ့အစီအစဉ်များ သဘာဝကျကျဖြင့် ပြီးမြောက်နိုင်ပြီး အကောင်းဆုံး အခြေအနေ ဖြစ်မည်ပင်။

သို့သော် ပထမအချက်မှာ ရန်ကျောက်ကဲက ကန္တာနယ်မြေမှ မည်သည့်အချိန်တွင် ထွက်ခွာမည်ကို မသိနိုင်သလို ဒုတိယအချက်မှာ အကြီးအကဲ’ပိုင်’ ဘက်မှ သူ့ထက်အရင် စေလွှတ်မည်ကို စိုးရိမ်ရသည်။ အကြီးအကဲ’ဟုန်’ နှင့် လျန်ချုန်းယီတို့ဘက်မှ လက်ဦးမှုရယူပြီး အခွင့်အရေးကို အခိုင်အမာဆုပ်ကိုင်ထားရမည် ဖြစ်သည်။

ထို့ကြောင့် ရန်‌ကျောက်ကဲက သူတို့ကို မကျေနပ်လျှင်လည်း သူတို့အတွက် ရွေးချယ်စရာလမ်းမရှိပေ။

လျန်ချုန်းယီကိုကြည့်ရင်း ရန်ကျောက်ကဲက ညင်သာစွာပြုံးလိုက်သည်။

“ခံတပ်သခင်’လျန်’က ယဉ်ကျေးလွန်းနေပါပြီ ၊ ခင်ဗျားတို့အိမ်တော်က လျန်ယင်းက မှားယွင်းတယ်ဆိုပေမယ့် ကံကောင်းစွာနဲ့ ပြန်ဆယ်လို့မရတဲ့ပြဿနာ မဖြစ်ခဲ့ပါဘူး ၊ တကယ်တော့ သူလည်း တခြားသူတွေအသုံးချတာခံရပြီး အသက်လည်းဆုံးခဲ့ရပါပြီ ၊ ဒါကြောင့် ဒီကိစ္စကို စိတ်ထဲထားဖို့ မရည်ရွယ်ပါဘူး”

သူက ဆက်ပြောသည်။

“တကယ်လို့ ကျွန်တော်တို့ ဂိုဏ်းဘက်က သိုင်းသမားတွေက ရန်ပြုတဲ့စကားတစ်စုံတစ်ရာ ပြောတာကို ခံတပ်သခင်’လျန်’ နားထဲရောက်တယ်ဆိုရင်လည်း စိတ်ထဲမထားပါနဲ့ဗျာ ၊ နောက်မှ ကျွန်တော် သူတို့ကို သတိပေးလိုက်ပါ့မယ်”

ထို့နောက် ရန်ကျောက်ကဲက လျန်ချုန်းယီ ယူဆောင်လာသည့် လက်ဆောင်သေတ္တာကို လှမ်းကြည့်လိုက်ပြီး...

“ဒီ ကျောက်စိမ်းကန္တာအမြုတေကတော့...”

ရန်ကျောက်ကဲ ငြင်းတော့မည်ကို သိရှိသည်နှင့် လျန်ချုန်းယီက ပြာပြာသလဲ ဆိုလိုက်သည်။

“ဒီလက်ဆောင်ကိုတော့ ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်လေး’ရန်’ ၊ လျန်ယင်းက အမှားလုပ်မိတာဟာ ကျွန်တော့် သွန်သင်မှု ညံ့ဖျင်းလို့ ဖြစ်ရတာပါ ၊ သခင်လေးသာ လက်ဆောင်ကို လက်မခံရင် စိတ်ထဲအေးနိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက သူ့ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ကျွန်တော်တို့ဂိုဏ်းက စုကျိုးရဲ့ အကြီးအကဲဖြစ်တဲ့ အကြီးအကဲ’လီ’က ကျွန်တော်နဲ့အတူ အနောက်ဘက်ကန္တာရကြီးကိုသွားရင်း အသက်ဆုံးပါးသွားခဲ့တယ် ၊ လောလော့ ၊ လျန်ချန်နဲ့ လျန်ယင်းတို့ကို ကယ်တင်ခဲ့တုန်းက အကြီးအကဲ’လီ’လည် ပါဝင်ခဲ့ပါတယ် ၊ သူ့မှာ မိသားစုတွေ ကျန်ခဲ့တယ်ဆိုတော့ ဒီ ကျောက်စိမ်းကန္တာအမြုတေကို သူတို့အတွက် သိမ်းထားလိုက်မယ်”

သူ့စကားကိုကြားတော့ လျန်ချုန်းယီက ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။

“အဲဒါ အကောင်းဆုံးပါပဲ ၊ ဒီ ‘လျန်’ မျိုးနွယ်ကလည်း အကြီးအကဲ’လီ’ ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်း ဖြစ်နေရတာပါ”

ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် လက်ဆောင်ကို ရန်ကျောက်ကဲ လက်ခံထားသည်က အကောင်းဆုံးပင် ဖြစ်သည်။

ရန်ကျောက်ကဲထံ လာရောက်ရသည့် ရည်ရွယ်ချက်အများစု ပြီးမြောက်အောင်မြင်သွားသည့်နောက် လျန်ချုန်းယီ စိတ်အေးသွားသည်။ သို့သော် သူ့ကို မချိပြုံးပြုံးစေခဲ့သည့်အရာမှာ ရန်ကျောက်ကဲက အကြီးအကဲ’ဟုန်’ ၏ ရည်ရွယ်ချက်များကို လက်မခံခဲ့ခြင်းပင် ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး လျန်ချုန်းယီသည်လည်း ထုတ်ဖော်ပြောဆို၍ မရနိုင်ပေ။ မဟုတ်ပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုအဖြစ် ရန်ကျောက်ကဲ တွန်းထုတ်ခြင်းကို ခံရမည် ဖြစ်သည်။

သူက ဘေးနားတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည့် လျန်ချန်ကို လှည့်ကြည့်လိုက်ရင်း...

“ပြီးတော့ ဒီတစ်ခေါက် လျန်ချန် အနောက်ဘက်ကန္တာရာကြီးထဲက ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာအတွက်လည်း သခင်လေး’ရန်’ကို ကျေးဇူးတင်ပါတယ် ၊ ဒီနေ့ ရောက်လာရတာက တောင်းပန်တာအပြင် ကျေးဇူးတင်ကြောင်းလည်း ပြောချင်လို့ပါ”

လျန်ချန်က ရန်‌ကျောက်ကဲကို ချက်ချင်း ဦးညွှတ်လိုက်ရင်း...

“ကျွန်တော့်အသက်ကိုကယ်ခဲ့တဲ့အတွက် သခင်လေး’ရန်’ကို ကျေးဇူးတင်ပါတယ်”

ထိုမြင်ကွင်းကိုတွေ့တော့ အားဟူက မည်သည့်စကားမှ မဆိုသော်လည်း နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

လျန်ချန်က ကျွင်းလော့နှင့် သူငယ်ချင်းဖြစ်သော်လည်း ကျွင်းလော့က လူတိုင်းအပေါ် အလွန်ဖော်ရွေစွာ ဆက်ဆံသူ ဖြစ်သည်။ လျန်ချန်ရော လျန်ယင်းရောက ထူးချွန်သူများ မဟုတ်ကြပေ။

ပုံမှန်ဆိုလျှင် လျန်ချုန်းယီသည် လျန်ချန်ကို တစ်ချက်ပင် အရေးစိုက်သူ မဟုတ်ပေ။ ယနေ့မှ လျန်ချန်က ရန်ကျောက်ကဲနှင့် အန္တရယ်အတူ ရင်ဆိုင်ခဲ့ရသောကြောင့် အနည်းငယ်ပတ်သက်မှု ရှိခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် အိမ်တော်သခင်၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။

ရန်ကျောက်ကဲနှင့် တွေ့ဆုံခြင်းက ကံကြမ္မာ၏အစိတ်အပိုင်းလည်း ဖြစ်သည်။ လျန်ချန်အတွက် ကောင်းကင်ထက်သို့ ခြေတစ်လှမ်းတည်းဖြင့်တက်ရန် မဖြစ်နိုင်သော်လည်း ဘဝအတွက် အပြောင်းအလဲဖြစ်ရန် အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။

ရန်ကျောက်ကဲက အနည်းငယ်ပြုံးလိုက်ရင်း...

“လျန်ချန်က မဆိုးပါဘူး ၊ လူတွေကြားကဆက်ဆံရေးကို အလေးထားတတ်တဲ့သူတစ်ယောက်ပါ ၊ ဒါပေမဲ့ ဒီ သိုင်းကျင့်ကြံသူလောကမှာ ဘယ်လောက်ပဲ တန်ဖိုးရှိပါစေ အားနည်းတဲ့သူက လွယ်လွယ်ကူကူနဲ့ ပျက်စီးတတ်ကြတယ် ၊ သွေးပူပြီး ခံနိုင်ရည်ရှိတဲ့သူတွေကမှ ခမ်းခမ်းနားနား အသက်ရှင်သန်ဖို့ ပိုပြီးဖြစ်နိုင်တယ်”

သူက ဆက်ပြောသည်။

“ငါတို့တွေ့ဆုံချိန်က တိုတောင်းပေမယ့် ငါပြောတဲ့စကားတွေက လေးနက်ပါတယ် ၊ ငါက ဖြစ်နိုင်ခြေရှိတာတွေ ပြောပြတာပါ ၊ မင်းဘဝကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ၊ တကယ်တော့ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်ဆုံးဖြတ်ရမှာလေ”

လျန်ချန်ကိုကြည့်နေသည့် လျန်ချုန်းယီ၏မျက်ဝန်းများက ကျေနပ်မှုဖြင့် လင်းလက်သွားသည်။ လျန်ချန်ကိုယ်တိုင်မှာလည်း အနည်းငယ်မှင်တက်သွားပြီးမှ ပြန်လည်သတိဝင်လာပြီး ရန်ကျောက်ကဲကို ဦးညွှတ်လိုက်သည်။

“အကြံဉာဏ်ပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး’ရန်’ ၊ ကျွန်တော်... ကျွန်တော်လည်း ပျော့ညံ့လွန်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ်”

ရန်ကျောက်ကဲက ပြုံးလျှက် လက်ကာပြလိုက်ပြီး စကားမဆိုတော့ပေ။

အရိပ်အခြေကိုကြည့်ပြီးနောက် ရန်ကျောက်ကဲက တွေ့ဆုံခြင်းအဆုံးသတ်ရန် ရည်ရွယ်သည်ကို သိရှိလိုက်သဖြင့် လျန်ချုန်းယီသည်လည်း တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

ရန်ကျောက်ကဲထံမှ ထွက်ခွာလာပြီးနောက် လျန်ချုန်းယီက သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ သူလာရောက်သည့် ခရီးစဉ်က အလကားမဖြစ်ခဲ့ပေ။

သို့သော် အကြီးအကဲ’ဟုန်’ အတွက်တော့ လမ်းဖွင့်ပေးရန် မတတ်နိုင်ခဲ့ပေ။ အစကတည်းက သူက မျှော်လင့်ချက် ကြီးကြီးမားမားလည်း မထားခဲ့ပေ။

ထို့နောက် သူက အကြီးအကဲ’ကျွင်း’ နှင့် ကျွင်းလော့ထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ ကျွင်းလော့က လျန်ယင်းလက်ထဲ သေလုနီးပါး ဖြစ်ခဲ့ရသောကြောင့် အကြီးအကဲ’ကျွင်း’ နှင့် သွားရောက်တွေ့ဆုံရန် လိုအပ်သည်။

အကယ်၍ အကြီးအကဲ’ကျွင်း’က ဤကိစ္စကို ခွင့်မလွှတ်နိုင်လျှင် ရန်ကျောက်ကဲသည်လည်း သဘောထားတစ်မျိုး ပြောင်းလဲသွားနိုင်သည်။ အမှန်တော့ လေလှိုင်းဓားဂိုဏ်းတွင် ရန်ကျောက်ကဲနှင့် အရင်းနှီးဆုံးသူမှာ အကြီးအကဲ’ကျွင်း’ပင် ဖြစ်သည် မဟုတ်ပါလား။

လျန်ချုန်းယီက စဉ်းစားနေရင်း သူ့အနောက်မှလိုက်လာသည့် လျန်ချန်ကို လေးနက်စွာ ကြည့်လိုက်သည်။

ထိုအချိန် ဝါဒတောင်သိုင်းသမားတစ်ယောက် ခေါ်ဆောင်လာသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူကိုတွေ့သည်နှင့် လျန်ချုန်းယီ၏ မျက်ဝန်းများ တင်းမာသွားသည်။

“အိမ်တော်သခင်’ဟွမ်’ ပါလား”

ထိုသူကို လျန်ချုန်းယီ ရင်းရင်းနှီးနှီး သိရှိလေသည်။ သူက လေလှိုင်းဓားဂိုဏ်း၏ ဒုတိယအဆင့် လက်အောက်ခံ လေဝါတောင်အိမ်တော်မှ အိမ်တော်အကြီးအကဲ ဖြစ်သည်။

‘လျန်’ အိမ်တော်ခံတပ်က အကြီးအကဲ’ဟုန်’ ကို ထောက်ခံသော်လည်း လေဝါတောင်အိမ်တော်ကတော့ အကြီးအကဲ’ပိုင်’ ကို ထောက်ခံသူ ဖြစ်သည်။

လျန်ချုန်းယီကို တွေ့သည့်အခါ အိမ်တော်သခင်’ဟွမ်’၏ အကြည့်များ အနည်းငယ် တုန်ခါသွားသည်။

“ခံတပ်သခင်’လျန်’ ၊ မတွေ့တာကြာပြီနော် ၊ ကျန်းမာပါစ”

လျန်ချုန်းယီက ပြုံးလိုက်ရင်း...

“ဟုတ်ပ... ၊ မတွေ့တာ အတော်ကြာနေပြီ ၊ အိမ်တော်သခင်’ဟွမ်’ကတော့ အမြဲ ဒေါင်ဒေါင်မြည် ကျမ်းမာနေတာပဲ ၊ ဒါနဲ့ ဒီလောက် မိုင်ပေါင်းများစွာဝေးတဲ့ စုကျိုးမြို့ကို ဘာကိစ္စရှိလို့ ရောက်လာရတာလဲ”

အိမ်တော်သခင်’ဟွမ်’က သက်ပြင်းချလိုက်ရင်း...

“ဒီအဘိုးကြီးက စုကျိုးမြို့က ဝါဒတောင်လုပ်ငန်းဆိုင်ရာအကြီးအကဲဖြစ်တဲ့ အကြီးအကဲ’လီ’ နဲ့ မိတ်ဆွေတွေပါ ၊ သူ ဆုံးသွားပြီကြားလို့ အပြေးအလွှားရောက်လာခဲ့ရတာ ၊ ပြီးတော့ ဝါဒတေင်သခင်လေးရဲ့ ကျော်ကြားမှုဂုဏ်သတင်းတွေကိုလည်း ကြားဖူးနေတာ ကြာပါပြီ ၊ သူက နဂါးတွေကြားက နဂါးလို့ ကျော်ကြားတဲ့သူဆိုတော့ ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုချင်မိလို့ပါ”

ထိုသို့ပြောပြီးသည်နှင့် သူက လျန်ချုန်းယီ၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။

လျန်ချုန်းယီက ပြုံးလိုက်ရင်း...

“ဒီ ‘လျန်’ မျိုးနွယ်က သခင်လေး’ရန်’ကို အခုပဲ တွေ့ခဲ့တာပါ ၊ သူက တကယ့်ကို ပြိုင်ဘက်ကင်းအဖြစ် မှတ်ကျောက်တင်လိုက်တဲ့သူပါပဲ ၊ အထူးသဖြင့် သူ့ရဲ့ ပိုင်းခြားသိမြင်နိုင်တဲ့ မျက်ဝန်းတွေက တကယ့်ကို ထူးခြားလွန်းတယ် ၊ ဘယ်အရာမဆို ထိုးထွင်းသိမြင်နေသလိုပါပဲ”

ထိုစကားကိုကြားတော့ အိမ်တော်သခင်’ဟွမ်’က ခေါင်းညိတ်လိုက်ရင်း...

“အင်း... ဒီလိုပဲဖြစ်မယ်ဆိုတာ ဒီအဘိုးကြီး တွေးထားပြီးသားပါ”

လျန်ချုန်းယီက အိမ်တော်သခင်’ဟွမ်’ကို လမ်းမှားရောက်စေရန်အတွက် လှည့်စားပြီး ထိုသို့သောစကားမျိုးကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် အိမ်‌တော်သခင်’ဟွမ်’က သူ့စကားများကြောင့် တုန်လှုပ်မသွားဘဲ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည့်အခါ လျန်ချုန်းယီ စိတ်မသက်မသာ ခံစားလိုက်ရသည်။

သူက စိတ်ထဲမှ ခံစားချက်ကို အပြင်တွင် ထိပ်မပြဘဲ အိမ်တော်သခင်’ဟွမ်’ကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

“ကဲ... ဒီ ‘လျန်’ မျိုးနွယ်တော့ သွားတော့မယ်ဗျာ ၊ အိမ်တော်သခင်’ဟွမ်’ အချိန်ရရင် ‘လျန်’ အိမ်တော်ကို အလည်အပတ် လာခဲ့ပါဦး”

အိမ်တော်သခင်’ဟွမ်’က

“ဒါပေါ့ ဒါပေါ့ ၊ မင်းလည်း ငါတို့ လေဝါတောင်အိမ်တော်ကိုလာမယ်ဆိုရင် အချိန်မရွေး ကြိုဆိုပါတယ်ကွာ”

နှုတ်ဆက်စကားဆိုပြီးနောက် နှစ်ယောက်သား ထွက်ခွာသွားကြသည်။

လျန်ချုန်းယီ နောက်သို့ လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲ နေထိုင်သည့် အိမ်တော်ရှိရာသို့ လမ်းလျှောက်သွားနေသည် အိမ်တော်သခင်’ဟွမ်’၏ ‌ကျောပြင်ကို တွေ့မြင်ရသည်။ လျန်ချုန်းယီစိတ်ထဲ ခံစားချက်များစွာ ချက်ချင်း ပြည့်နက်သွားသည်။

ယနေ့ အထဲမှ ကြီးမြတ်သူကို လှုပ်ရှားသွားအောင် မည်သူ ပြုလုပ်နိုင်ပါမည်နည်း။ ဤသည်က သူတို့ (၂)ယောက်၏ အစွမ်းအစအပေါ်တွင် မူတည်လေသည်။

ထို ကြီးမြတ်သူသည် အသက် (၂၀)ဝန်းကျင် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြ်သည်ကို တွေးတောရင်း လျန်ချုန်းယီသည် ကမ္ဘာပေါ်တွင် မှန်းဆမရနိုင်သည့်ကိစ္စရပ်များ အမှန်တကယ်ပင် တည်ရှိနေကြောင်း ခံစားနိုင်ခဲ့လေ၏။

***

All Chapters