← Chapters

တစ်ယောက်ကစင်ပေါ်တက်သီချင်းဆိုပြပြီး နောက်တစ်ယောက် စင်ပေါ်တက်လာသကဲ့သို့

Vol. 17 Ch. 235

တစ်ယောက်ကစင်ပေါ်တက်သီချင်းဆိုပြပြီး နောက်တစ်ယောက် စင်ပေါ်တက်လာသကဲ့သို့

Vol. 17 Ch. 235

လျန်ချုန်းယီ ထွက်ခွာသွားပြီးနောက် လေဝါတောင်အိမ်တော်မှ အိမ်တော်သခင် ရောက်ရှိလာသည်ဟု သတင်းကြားရသည့်အခါ ရန်ကျောက်ကဲ ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။

“တစ်ယောက်က စင်ပေါ်တက်သီချင်းဆိုပြပြီး ပြန်ဆင်းသွားပြီးနောက် နောက်တစ်ယောက် စင်ပေါ်တက်လာသကဲ့သို့” ဖြစ်သည်ဟု ရန်ကျောက်ကဲ တွေးမိသည်။ သို့ပေသည် ထိုအချက်က အလွန်ကောင်းပေသည်။ သူ အလွန်တရာ သြဇာကြီးကြောင်း ပြသရသည်ပေါ့။

ထိုသူများက သူတို့ရရှိလိုသည့် ထောက်ပံ့မှုအတွက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရင်း သူတို့လက်ထဲမှ မြှုပ်ကွက်များကို အဆက်မပြတ် ထုတ်ဖော်လာကြသည်။

ရန်ကျောက်ကဲကတော့ ထိုသို့သောကိစ္စများကို သဘောမကျပေ။ အကြီးအကဲ’ပိုင်’ပဲဖြစ်ဖြစ် ၊ အကြီးအကဲ’ဟုန်’ပဲဖြစ်ဖြစ် မည်သူ့ကိုမှ သူက အားကိုးခြင်း မရှိပေ။ ထို့ကြောင့် ထို အကြီးအကဲနှစ်ယောက်၏ ကိုယ်စားလှည်များကို တန်းတူအခွင့်အရေးပေးမည်သာ ဖြစ်သည်။

ရန်ကျောက်ကဲက လျန်ချုန်းယီကို လက်ခံတွေ့ဆုံပြီး အိမ်‌တော်သခင်’ဟွမ်’ကို တံခါးပိတ်ထားမည်ဆိုပါက အကြီးအကဲ’ဟုန်’ကို ထောက်ခံသည်ဟု ပြသရာရောက်ပေမည်။

ထို့ကြောင့် အိမ်တော်သခင်’ဟွမ်’ကို လည်း လက်ခံတွေ့ဆုံခဲ့ရသည်။

အိမ်တော်သခင်’ဟွမ်’က အကြီးအကဲ’လီ’ ၏ နာရေးသတင်းနှင့် စကားစတင်ပြီးနောက် ပုံမှန်အတိုင်းပင် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုသည့်ဘက်သို့ ဦးတည်သွားသည်။

ခဏမျှ စကားပြောဆိုပြီးနောက် အိမ်တော်သခင်’ဟွမ်’က နှောင့်နှေးမနေဝံ့ဘဲ သူ့အလုပ်များကို စတင်လုပ်ဆောင်သည်။ အချိန်များစွာ ရယူမိသဖြင့် ရန်ကျောက်ကဲ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်လေသည်။

သူက ပိုးသားသေတ္တာတစ်ခုကို ထုတ်ယူလိုက်ပြီး...

“သခင်လေး’ရန်’က ရှေးဟောင်းပစ္စည်းတွေကို သဘောကျပြီး စုဆောင်းတယ်လို့ ကြားဖူးတယ် ၊ မကြာခင်က ဒီအဘိုးကြီးက ရှေးဟောင်းရတနာပစ္စည်းတစ်ခုကို ရရှိခဲ့တယ် ၊ ဒါပေမဲ့ အဲဒီပစ္စည်းကနေ ဘာကိုမှ ခြေရာခံမရခဲ့ဘူး ၊ ဒါကြောင့် သခင်လေး’ရန်’ကို တစ်ချက်လောက် ကြည့်စေချင်ပါတယ်”

ပိုးသားသေတ္တာကိုဖွင့်ကြည့်လိုက်သည့်အခါ ရန်ကျောက်ကဲ အနည်းငယ် အံ့အားသင့်သွားသည်။

ပိုးသေတ္တာလေးထဲတွင် ရှေးဟောင်းသင်္ကေတများဖြင့် ပြည့်နေသည့် စက်ဝိုင်းခြမ်းသဏ္ဌန်ကျောက်စိမ်းပြားတစ်ခြမ်းကို တွေ့ရသည်။

ရန်ကျောက်ကဲ အားဟူကို ရှာဖွေခိုင်းထားသည့် ကျောက်စိမ်းပြားတစ်ခြမ်းဖြစ်နေသည်မှာ ထင်ရှားသည်။

အနက်ရောင်အိပ်မက်ဆိုးတောင်၏ အကြွင်းအကျန် ယောက်ရှန်းထံမှ ကျောက်စိမ်းပြားတစ်ခြမ်းကို ရရှိပြီးနောက် ထိုကျောက်စိမ်းပြားက ထက်ပိုင်းချိုးခံထားရသည်မှာ သိပ်မကြာသေးကြောင်း သိခဲ့ရသည်။ ထို့ကြောင့် ကျန်သော ကျောက်စိမ်းပြားတစ်ခြမ်းက ကန္တာဒေသတွင် ရှိနေဆဲဟု ရန်ကျောက်ကဲ ကောက်ချက်ချခဲ့သည်။

ရှာဖွေမှုမအောင်မြင်ပါက ကိုယ်တိုင် သံဖိနပ်စီး တောနင်းရျာဖွေရမည်ဟု ထင်ထားခဲ့သော်လည်း နောက်ဆုံးတော့ ဘာမှအားမထုတ်ရဘဲ လက်ထဲသို့ ရောက်ရှိလာသည်။

ရန်ကျောက်ကဲက အိမ်တော်သခင်’ဟွမ်’ကို အနည်းငယ် အကဲခတ်လိုက်သည်။

သူက ပျောက်ဆုံးနေသည့် ကျောက်စိမ်းပြားတစ်ခြမ်းကို ရှာဖွေနေချိန် ယခုကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင် လက်ဆောင်လာပေးသည်မှာ ထူးခြားသည်။ သူက အားဟူနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ကျောက်စိမ်းပြားတစ်ခြမ်းကို သိုသိုသိပ်သိပ် ရှာဖွေနေခြင်းဖြစ်ရာ သတင်းပေါက်ကြားခြင်း မရှိသင့်ပေ။

သတင်းပေါက်ကြားသည်ဆိုဦးတော့ ထိုသတင်းက အိမ်တော်သခင်’ဟွမ်’ နားထဲအထိ ပျံ့နှံ့မသွားသင့်ပေ။

ခဏမျှအကဲခတ်ပြီးနောက် ရန်ကျောက်ကဲတွင် ကျောက်စိမ်းပြားတစ်ခြမ်းရှိနေကြောင်းကို အိမ်တော်သခင်’ဟွမ်’ အမှန်ပင် မသိကြောင်း ကောက်ချက်ချလိုက်သည်။ အိမ်တော်သခင်’ဟွမ်’က သူရရှိထားသည့် ကျောက်စိမ်းပြားတစ်ခြမ်းမှာ အလွန်ရှေးကျပြီး လက်ရှိခေတ်၏ပစ္စည်းတစ်ခုမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရန်ကျောက်ကဲကို လာရောက် လက်ဆောင်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် အိမ်တော်သခင်’ဟွမ်’ အနေဖြင့် လျန်ချုန်းယီနှင့် တွေ့ဆုံစဉ်က ယုံကြည်မှုအပြည့် ရှိနေခြင်း ဖြစ်သည်။ သူ ရန်ကျောက်ကဲကို လာရောက်တွေ့ဆုံသည်က အခြေအမြစ်သော်လည်း ဤရှေးဟောင်းပစ္စည်းလေးက အကြောင်းရင်းကောင်းဟု ခံစားရသည်။ ရန်ကျောက်ကဲ သဘောကျသည့်အရာကို လက်ဆောင်အဖြစ် ပေးအပ်ခြင်းဖြင့် သူ့ကိုမျက်စိကျစေမည် ဖြစ်သည်။

ရန်ကျောက်ကဲက ကျောက်စိမ်းပြားလေးကို ခဏမျှ ပွတ်သပ်ကြည့်ပြီးနောက် ပြုံးလိုက်သည်။

“ဒီပစ္စည်းက တကယ့် ရှေးဟောင်းပစ္စည်းတစ်ခုပဲ ၊ သူ့ရဲ့ နောက်ခံဇာစ်မြစ်ကို ကျွန်တော်လည်း ချက်ချင်း မပြောနိုင်ဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီပစ္စည်းနဲ့ပတ်သက်ပြီး ကျွန်တော်တွေးမိတာ တစ်ခုရှိတယ် ၊ ဆိုတော့... ဒီပစ္စည်းကို အိမ်တော်သခင်’ဟွမ်’က စိတ်မဝင်စားဘူးဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ သုတေသနလုပ်ဖို့ ပေးထားနိုင်မလား”

အကြီးအကဲ’ဟွမ်’ ၏မျက်နှာထက် အပြုံးတစ်စ ချက်ချင်းပေါ်လာပြီး...

“ရတာပေါ့ဗျာ ၊ ဒီပစ္စည်းက သခင်လေး’ရန်’လက်ထဲရောက်မှာ နွံနစ်နေတဲ့ပုလဲလို ဖြစ်လာရမှာပါ”

ရန်ကျောက်ကဲက လက်ဆောင်ပစ္စည်းကိုလက်ခံသော်လည်း အကြီးအကဲ’ပိုင်’ကို တွေ့ဆုံံရန် စကားလမ်းကြောင်းသည့်အခါမှာတော့ လက်မခံသည့်အတွက် အိမ်တော်သခင်’ဟွမ်’ အနည်းငယ် စိတ်မကောင်း ဖြစ်ရသည်။ သို့သော် ဝါဒတောင်သခင်လေးအနေဖြင့် ဤသို့ လက်ခံစကားပြောဆိုသည်ကပင် အတော်လေး စိတ်ထားကောင်းလွန်းခြင်း ဖြစ်သည်။

အိမ်တော်သခင်’ဟွမ်’ ပြန်သွားပြီးနောက် ရန်ကျောက်ကဲက...

“အားဟူ... ငါ့ကိုယ်ပိုင် ရတနာပစ္စည်းတွေထဲက တစ်ချို့အရာတွေကို သူ့ကို လက်ဆောင်အဖြစ်ပြန်ပေးဖို့ စီစဉ်လိုက်ပါ”

သူက ကျောက်စိမ်းပြားတစ်ခြမ်းထည့်ထားသော ပိုးသေတ္တာလေးကို တစ်ချက်ပွတ်သပ်လိုက်ရင်း...

“ဒီပစ္စည်းက ငါ သဘောကျတဲ့ ရှေးဟောင်းပစ္စည်းဆိုတော့ နည်းနည်း တန်ဖိုးပိုကြီးတယ်လေ”

အားဟူက မျက်တောင်ခတ်လိုက်ရင်း...

“သခင်လေး ၊ သူတို့ (၂)ယောက်လုံးက ဝါဒတောင်က မဟုတ်ကြဘူး ၊ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ သခင်လေးကို လာရောက်ဂါရဝပြုတာဆိုပေမယ့် မသမာတဲ့အကြံအစည်နဲ့ ခြိမ်းခြောက်လိုမှုတွေတော့ မတွေ့ရပါဘူး ၊ သခင်လေးက သူတို့ဆီကလည်း ဘာမှ မယူခဲ့ဘူးဆိုတော့ သူတို့ကို လက်ဆောင်ပြန်မပေးလည်း ဘာမှဖြစ်ဘူး မဟုတ်လား ၊ ဂိုဏ်းကိုသတင်းပြန်ရောက်သွားရင်တောင် မကောင်းသတင်းမှ မဟုတ်တာ”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဒီကျောက်စိမ်းပြားက ကျောက်စိမ်ကန္တာအမြုတေလို ပစ္စည်းမျိုးဆိုရင်တော့ ပြဿနာမရှိပါဘူး ၊ သူ့ကို ဘာလက်ဆောင်မှ ပြန်မပေးလည်းရတယ် ၊ သူတို့နဲ့ ငါ့ကြားမှာ ဘာအရှုတ်အရှင်းမှ မရှိဘူး ၊ ဒါပေမဲ့ ဒီကျောက်စိမ်းပြားက ငါရှာနေတဲ့ပစ္စည်းဆိုတော့... သူသာ ဒီလိုလက်ဆောင်လာမပေးရင် အချိန်ကုန်ခံပြီး ရှာဖွေနေရမှာလေ ၊ ဒါကြောင့် သူ့ကို လက်ဆောင်ပြန်ပေးတာပါ”

ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း...

“နေဦး... ငါက အိမ်တော်သခင်’ဟွမ်’ တစ်ယောက်ကိုပဲ လက်ဆောင်ပေးမယ်ဆိုရင် အကြီးအကဲ’ပိုင်’ကို ဘက်လိုက်ပြီး ရွေးချယ်တယ်လို့ တခြားသူတွေ ထင်ကုန်ကြဦးမယ် ၊ အဲဒီတော့ ခံတပ်သခင်’လျန်’ ကိုရော အိမ်တော်သခင်’ဟွမ်’ကိုရော လက်ဆောင်တွေပေးလိုက်ပါ”

သူက ဆက်ပြောသည်။

“လေလှိုင်းဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ဦးလေး’ကျွင်း’က ဘယ်သူ့ဘက်မှ မရပ်တည်ဘူးဆိုရင် ငါလည်း အဲဒီကိစ္စကို ဝင်ပြီးစွက်ဖက်မှာ မဟုတ်ဘူး”

အားဟူက ရိုးရှင်းစွာပင် ရယ်မောလိုက်ရင်း...

“ဟုတ်ကဲ့ပါ သခင်လေး”

ထို့နောက် ရန်ကျောက်ကဲက သူ့တွင်ရှိသည့် ကျောက်စိမ်းပြားတစ်ခြမ်းကိုထုတ်ယူကာ ပိုးသားသေတ္တာထဲမှ ကျောက်စိမ်းပြားတစ်ခြမ်းဖြင့် ပေါင်းစပ်လိုက်သည်။

ကျောက်စိမ်းပြား နှစ်ခြမ်းကို ပေါင်းစပ်လိုက်သည်နှင့် ပြီးပြည့်စုံသည့် ကျောက်စိမ်းဒင်္ဂါးတစ်ခု ချက်ခြင်းဖြစ်ပေါ်လာပြီး တောက်ပသည့်အလင်းရောင်များ ဖျတ်ခနဲ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ကျောက်စိမ်းပြားအပြင်ဘက်တွင် ရေးထွင်းထားသည့် ဝိညာဉ်သင်္ကေတမျာကို ခြေရာခံပြီး ဝိညာဉ်အစီအရင်လည်ပတ်မှုကို စိတ်ထဲမှ ဖြည်းညင်းစွာ ပုံဖော်ကြည့်သည်။

ကျောက်စိမ်းပြားမှာ ထက်ခြမ်းကွဲသွားခဲ့သဖြင့် ဝိညာဉ်အစီအရင်က ပြီးပြည့်စုံခြင်း မရှိတော့ပေ။ ရန်ကျောက်ကဲက ဝိညာဉ်သင်္ကေတများကို အပြည့်အဝ ပြုပြင်နိုင်ခဲ့သော်လည်း အတွင်းထဲမှ ချီစွမ်းအားလည်ပတ်မှု ပြန်လည်ကောင်းမွန်ရန်ကတော့ အချိန်လိုအပ်နေသေးသည်။

***

ထို့သို့ဖြင့်...

နေ့ရက်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ပြီး ဝါဒတောင်မှစေလွှတ်သည့် စုကျိုးမြို့ လုပ်ငန်းဆိုင်ရာ ယာယီအကြီးအကဲ ရွှီဖေး ရောက်ရှိလာခဲ့သည်။

အဝေးဆီမှ အရပ်မြင့်မြင့်နှင့်လူတစ်ယောက် တက်တက်ကြွကြွလမ်းလျှောက်လာသည်ကို ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့က ကြိုဆိုစောင့်မျှော်နေကြသည်။ ထိုသူမှာ ‘ကောင်းကင်ဂဠုန်’ ရွှီဖေးပင် ဖြစ်သည်။

ရွှီဖေးက ရန်ကျောက်ကဲတို့ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာရင်း ရန်ကျောက်ကဲအနားသို့ရောက်တော့ ပခုံးကိုပုတ်ကာ ဟက်ဟက်ပက်ပက် ရယ်မောသည်။

“ဒီတစ်ခါတော့ ငါ မင်းကိုကူညီဖို့ ရောက်လာပြီ”

ရန်ကျောက်ကဲက...

“မင်းကို စုကျိုးမှာ ယာယီအကြီးအကဲခန့်လိုက်တာ မင်းအရည်အချင်းတွေတော့ နှမျောစရာပဲ”

ရွှီဖေးက ခါးတွင်ချိတ်ထားသည့် သေရည်ထည့်ထားသော သရေအိတ်ကိုဖြုတ်ယူကာ သေရည်တစ်ငုံ ပါးစပ်အပြည့် မော့သောက်လိုက်သည်။

ထို့နောက် နှုတ်ခမ်းထောင့်စွန်းမှစီးကျလာသည့် သေရည်များကို လက်ခုံဖြင့်သုတ်ရင်း...

“ဂိုဏ်းရဲ့အမိန့်အတိုင်း လိုက်နာရတာပါပဲကွာ ၊ ဆရာဘိုးဘိုးနဲ့ ဆရာက အဲဒီလိုပဲ ဆုံးဖြတ်ခဲ့တယ်လေ”

သူက ဆက်ပြောသည်။

“မင်း ဂိုဏ်းကိုလှမ်းပို့တဲ့ အစီရင်ခံစာကိုလည်း ငါ ဖတ်ရတယ် ၊ အနက်ရောင်အိပ်မက်ဆိုးတောင်တန်းနဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကိစ္စက ပေါ့သေးသေးကိစ္စမဟုတ်ဘူး ၊ ခပ်ပေါ့ပေါ့ သဘောထားလို့ မရဘူးလေ”

ပြောရင်း ရွှီ‌ဖေးက သေရည်ထည့်ထားသည့် သားရေအိတ်ကို ရန်ကျောက်ကဲထံလှမ်းပေးတော့ သူက တစ်ငုံမော့သောက်လိုက်သည်။

ပြီးမှ...

“ဒါပေမဲ့ ငါ ပြန်သွားတော့ မင်းတစ်ယောက်တည်းကျန်ခဲ့မှာပေါ့ ၊ အဲဒီအချိန်ကျ ဂိုဏ်းတူအစ်ကို’ရွှီ’ ပိုပြီးသတိထားရမယ်နော်”

ရွှီဖေးက...

“ငါ့ကို စိတ်ချစမ်းပါ”

ထို့နောက် သူက ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်ပြီး...

“ဒါက ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ မဟုတ်လား ၊ အခုမှပဲ ပထမဆုံးအကြိမ် တွေ့ရတော့တယ် ၊ တွေ့ရတာ ဝမ်းသာပါတယ်ကွာ”

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“ဟုတ်ကဲ့... ကျွန်မလည်း ဂိုဏ်းတူအစ်ကို’ရွှီဖေး’ရဲ့  နာမည်ကို ကြားဖူးနေတာ ကြာပါပြီ”

ရွှီဖေးက ရယ်မောရင်း ရန်ကျောက်ကဲကို လှည့်ကြည့်သည်။

“ငါ့ကို နာမည်ကြီးအရက်သမားဆိုပြီး မင်းပြောပြထားတာမဟုတ်လား”

ဖန်းယွင်ရှန်းက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ရင်း ရန်ကျောက်ကဲကို ပြုံးသလိုလို မပြုံးသလိုလိုနှင့် ကြည့်လိုက်သည်။

ရန်ကျောက်ကဲက မျက်လုံးတစ်ချက်လှန်လိုက်ရင်း...

“ငါ့ကိုသာ ရောင်းစားလိုက်ပါတော့”

ရွှီဖေးက ရယ်မောရင်း ရန်ကျောက်ကဲပခုံးကိုပုတ်လိုက်သည်။

“မင်းကို ရောင်းစားလို့ ဘယ်ဖြစ်မလဲ ၊ တော်စမ်းပါ ၊ ဘာပဲဖြစ်ဖြစ် ငါ အရက်သမားဆိုတာကလည်း အမှန်တရားပဲလေ”

ပြောပြောဆိုဆိုရယ်ရယ်မောမောဖြင့်ပင် ရွှီဖေးက တာဝန်လွှဲပြောင်းလက်ခံရန်အတွက် ရန်ကျောက်ကဲနှင့်အတူ လိုက်ပါသွားသည်။

ရွှီဖေးက ခပ်ကြမ်းကြမ်းလူတစ်ယောက်ဟု ထင်ရသော်လည်း အလုပ်တာဝန်ကိုတော့ စေ့စေ့စပ်စပ်ဖြင့် မြဲမြံခိုင်မာစွာ ကြိုးစားအားထုတ်သူတစ်ယောက် ဖြစ်သည်။

သူက အရည်အချင်းရှိသလို ထူးချွန်သူတစ်ယောက်ဖြစ်ပြီး စွမ်းအားလည်းမြင့်မားသည်။ ပြင်ပလောကတွင် နေ့စဉ်အလုပ်ကိစ္စများကို ကိုင်တွယ်ပြုလုပ်ရာတွင် တည်ငြိမ်ပြီး အနှောင်အဖွဲ့ကင်းကာ စိတ်ထားကောင်းမွန်းသူလည်း ဖြစ်သည်။

စုကျိုး၏ လုပ်ငန်းဆိုင်ရာအကြီးအကဲဖြင့် တာဝန်ထမ်းဆောင်ပြီး သိပ်မကြာမီမှာပင် ကန္တာဒေသ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲနှင့် လေလှိုင်းဓားဂိုဏ်းမှ အကြီးအကဲတို့၏ ချီကျူးမှုများက ကောင်းကင်တစ်ခွင် ပြည့်နက်နေခဲ့သည်။

ရွှီဖေး ရာထူးတာဝန်ယူပြီးနောက် ရန်ကျောက်ကဲက အပြည့်အဝပြန်ဆက်ထားပြီဖြစ်သော ကျောက်စိမ်းဒင်္ဂါးကို အာရုံစိုက်နေသည်။

ယနေ့တွင်တော့ ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်ရင်း ကျောက်စိမ်းပြားကို အာရုံစူးစိုက်နေသည်။ ရုတ်တရက် ကျောက်စိမ်းပြားမှ အလင်းရောင်တစ်ချက်လက်သွားပြီး ကျောက်စိမ်းပြားထက်မှ ဝိညာဉ်အစီအရင်က လေထဲသို့ ပျံတက်လာသည်။

သေသေချာချာကြည့်လိုက်သည့်အခါ ဝိညာဉ်အစီအရင်အလယ်ဗဟိုတွင် တံခါးပေါက်တစ်ခုရှိနေကြောင်း ရန်ကျောက်ကဲ တွေ့မြင်လိုက်ရလေ၏။

***

All Chapters