← Chapters

မင်းအဖေက နတ်ဆိုးဂိုဏ်းချုပ်ပါ

Vol. 20 Ch. 300

မင်းအဖေက နတ်ဆိုးဂိုဏ်းချုပ်ပါ

Vol. 20 Ch. 300

ရှောင်ချီစကားကိုကြားပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ လီဟော်ရန်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်ကြသည်။

ဤနေရာတွင် ဂိုဏ်းချုပ်ဟောင်းတစ်ယောက် ရှိနေပုံရသည်။

"ဟေ့ ဟေ့ ဟေ့ မင်းတို့ငါ့ကိုဘာလို့ ဒီလိုမျိုးကြည့်နေတာလဲ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ အကြည့်လွှဲသွားကြသည်။ မှန်သည်။ ကိုးငရဲဂိုဏ်းတစ်ခုတည်း ဂိုဏ်းချုပ်ရှိသည်မဟုတ်။ နေမင်းဂိုဏ်းနှင့် နှလုံးမဲ့ဂိုဏ်းလည်း ရှိကြသည်သာဖြစ်သည်။

ထို့ပြင် ချင်ဟော်ရန်သည် ဆင်းရဲလွန်းသဖြင့် ကြွေးရှင်များ နောက်မှလိုက်ခံရသည်။ ရတနာများ ချန်ထားခဲ့နိုင်ခြေမရှိ။

"သခင်မီဆိုတာ ဘယ်သူလဲ။ သခင်မီပြောတဲ့ ဂိုဏ်းချုပ်ဟောင်းဆိုတာကရော ဘယ်သူလဲ။ ဘာရတနာချန်ထားခဲ့တာလဲ"

ချင်ယန်ယန် အလေးအနက်လေသံဖြင့် မေးခွန်းများ ဆက်တိုက်မေးသည်။

အလယ်ပိုင်းတိုက်နယ်တစ်ခုလုံးတွင် နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်း...မဟုတ်သေး။ ဂိုဏ်းချုပ်ရှိနိုင်သည့် ဂိုဏ်းသုံးဂိုဏ်းသာ ကျန်တော့သည်။

သခင်မီသည် ထိုနတ်ဆိုးဂိုဏ်းသုံးဂိုဏ်းထဲမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်နိုင်သည်။

ချင်ယန်ယန် အလေးအနက်မေးသဖြင့် ရှောင်ချီလန့်သွားပြီး ခေါင်းခါသည်။

"ကျွန်မမသိဘူး။ သခင်မီကပဲ ကျွန်မတို့ကို ဆက်သွယ်တာ။ ကျွန်မတို့ဝိညာဉ်တွေမှာ အထိန်းအချုပ်တစ်ခုထားတယ်။ တော်ရုံတန်ရုံ သူဘာမှပြောလေ့မရှိဘူး။

သခင်မီ ယန်စွမ်းအင်စုစည်းဖို့လာတိုင်း ရှေးကြာပန်းမြို့မှာ တစ်ခုခုထူးခြားသလား ဒါမှမဟုတ် ထူးခြားတဲ့ပစ္စည်းတစ်ခုခုတွေ့သလားလို့ မေးတယ်"

သရဲသုံးယောက်လည်း သခင်မီ၏နောက်ခံကို မသိကြ။

မြို့စားဖန်လည်း အံ့အားသင့်သွားသည်။ ရှောင်ချီတို့သုံးယောက်သည် သခင်မီလက်အောက်တွင်ရှိမှန်း သူသိသည်။ သို့သော် သခင်မီသည် နတ်ဆိုးဂိုဏ်းဝင်ဖြစ်ကြောင်း သူမသိ။

သိခဲ့လျှင် ရှောင်ချီတို့ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုခဲ့မည်မဟုတ်။

သူ့မြို့ကို မည်မျှပင်တိုးတက်အောင်လုပ်ချင်သည်ဖြစ်စေ နတ်ဆိုးဂိုဏ်းနှင့်တော့ ပတ်သက်မည်မဟုတ်။

ထာဝဂဂိုဏ်းကိုလည်း မကြာသေးခင်ကမှ ဖြိုခွဲထားသည်။ ကိုယ်ပိုင်အကျိူးအမြတ်အတွက် ထိုဂိုဏ်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အရာရှိများစွာ ရာထူးထုတ်ပယ်ခံရသည်။ ရုံးတော်ဝင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။

ထာဝရဂိုဏ်းကို ရှာတွေ့ခဲ့သူက တာအိုလမ်းစဉ်ဂိုဏ်းဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် မသေမျိုးဂိုဏ်းငါးဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်ဖို့ ထိုက်တန်သည်။

ဘယ်တာအိုလမ်းစဉ်ဂိုဏ်း အကြီးအကဲကများ ထာဝရဂိုဏ်းကို ရှာတွေ့ခဲ့သည်မသိ။

"နတ်မယ်၊ သူတို့ဝိညာဉ်မှာ အချုပ်အနှောင်ရှိလား"

ဝိညာဉ်များကိစ္စနှင့် ပတ်သက်လျှင် လုယန် နကန်းတစ်လုံးမသိ။ စွယ်စုံသိသည့် နတ်မယ်ကိုမေးသည်က ပိုကောင်းသည်။

"ရှိတယ်။ ဒါပေမယ့် သုံးထားတဲ့နည်းက အတော်အဆင့်နိမ့်ပါတယ်။ အခြေခံအဆင့်ပဲ။ ငါဖယ်ရှားပေးရမလား"

လုယန် ခဏစဉ်းစားပြီး ပြန်မေးသည်။

"သခင်မီ သတိထားမိနိုင်လား"

"နင်နောက်နေတာလား။ ငါဘယ်သူလဲ မသိဘူးလား။ သခင်မီကိုယ်တိုင်ရောက်လာရင်တောင် ဒီသရဲတွေဆီက အချုပ်အနှောင်ဖယ်ရှားခံရတာကို သတိထားမိမယ်မထင်ဘူး"

"ဒါဆို၊ ဖယ်ရှားပေးပါ နတ်မယ်"

သခင်မီသည် နတ်ဆိုးဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်း လုယန်ပြောသည်နှင့် သရဲမသုံးယောက် ချက်ချင်းထိတ်လန့်သွားကြသည်။ ခေါင်းကိုအတင်းခါ၍ နတ်ဆိုးဂိုဏ်းနှင့် သူတို့ပတ်သက်မှုမရှိကြောင်း ပြောကြသည်။

လုယန် ပြုံးလိုက်သည်။

"မင်းတို့ဟာ နတ်ဆိုးဂိုဏ်းနဲ့ လုံးဝပတ်သက်မှုမရှိဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါစိုးရိမ်တာက သခင်မီက မင်းတို့မလုပ်ချင်တာတွေ အတင်းလုပ်ခိုင်းတာမျိုး ဖြစ်လာနိုင်တယ်။ ဒီတော့ မင်းတို့ကိုယ်ပေါ်က အချုပ်အနှောင်ကိုဖယ်ရှားပြီး မကောင်းမှုမကျူးလွန်မိအောင် တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ကြီးကြပ်မှုအောက်မှာထားဖို့ အကြံပေးချင်တယ်။ ဘယ်လိုသဘောရလဲ"

သရဲသုံးယောက် မငြင်းဆန်ရဲဘဲ ခေါင်းငြိမ့်လိုက်ရသည်။

ထာဝရနတ်မယ် သခင်မီ၏အချုပ်အနှောင်များကို တိတ်တဆိတ်ဖယ်ရှားပြီးနောက် အတုအယောင်များဖြင့် အစားထိုးသည်။ စုစည်းခြင်းအဆင့်အောက်မှ စွမ်းအားရှင်များ ကွဲပြားချက်ကို အာရုံခံနိုင်မည်မဟုတ်။

သရဲသုံးယောက်လုံး ဖိအားတစ်ခု ချက်ချင်းလျော့ကျ၍ လွတ်လပ်ပေါ့ပါးလာသလို ခံစားလိုက်ရသည်။

‌ရှောင်ချီက မဝံ့မရဲ လက်မြှောက်၍မေးသည်။

"ဟိုလေ၊ အခု ကျွန်မတို့ပြန်လို့ရပြီလား။ စာသင်ရမယ့်အချိန် နီးပြီမို့ပါ"

စာသင်သားများကို နေ့တိုင်းစာသင်ရသည်။ အမြဲတမ်း အချိန်တိကျ၍ စိတ်နှစ်ကိုယ်နှစ်ရှိသည်။

"အင်း...အခြေအနေကိုလည်း ငါတို့သေချာသိရပါပြီ"

အားလုံးထွက်သွားရန် ပြင်ဆင်ကြသည်။

ထွက်မသွားမီ လုယန်က မြို့စားကို သတိပေးသည်။

"မြို့စားဖန်၊ နတ်ဆိုးဂိုဏ်းကိစ္စက အရမ်းအရေးကြီးတယ်။ ကျုပ်တို့လာလည်တဲ့အကြောင်း ဘယ်သူကိုမှမပြောပါနဲ့"

နတ်ဆိုးဂိုဏ်း၏ သဲလွန်စများကို ဤမြို့တွင် တွေ့ရသဖြင့် ဂိုဏ်းသို့မပြန်မိ နည်းနည်းတော့လှုပ်ရှားခဲ့ရဦးမည်။

"စိတ်ချပါ"

မြို့စားဖန် ခေါင်းငြိမ့်သည်။ နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်လာလျှင် တာအိုလမ်းစဉ်ဂိုဏ်းလို ကျွမ်းကျင်သူများကို ဖြေရှင်းစေခြင်းက အကောင်းဆုံးဖြစ်သည်။ သူက အရာရှိငယ်လေးသာဖြစ်၍ ဝင်မပတ်သက်ချင်။

မြို့စားဖန်ကို နှုတ်ဆက်ပြီးနောက် လူသားလေးယောက် သရဲသုံးယောက် ဘုံကျောင်းပျက်သို့ပြန်ကြသည်။ သရဲမသုံးယောက်က ဘုံကျောင်းပင်မခန်းထဲတွင် စာသင်သည်။ လူသားလေးယောက်က ဘေးခန်းတစ်ခုတွင် ဆက်လုပ်ရမည့်တာဝန်ကို ဆွေးနွေးကြသည်။

အစောပိုင်းက မြို့စားရှေ့တွင် လီဟော်ရန် လွတ်လွတ်လပ်လပ်မပြောခဲ့ရ။ ယခု အပြင်လူများလည်း မပါသဖြင့် စိတ်သက်သာရာရသွားသည်။

"တကယ်တမ်းပြောရရင် အတိတ်ဘဝက ရှေးကြာပန်းမြို့ကိုလာပြီး တစ်ခုခုဝှက်ထားခဲ့တဲ့ မှတ်ဉာဏ်တစ်ခု ဝိုးတဝါးရခဲ့တယ်။ ဒါကို ဘယ်သူမှအာရုံမခံနိုင်အောင် သေချာဝှက်ထားခဲ့တာဆိုတော့ ရတနာပဲ ဖြစ်ရမယ်"

"ဒါဆိုဒီမှာ ရတနာတစ်ခု တကယ်ရှိတယ်ပေါ့"

"သခင်မီက တကယ်ကိုးငရဲဂိုဏ်းဝင်လား"

"ရတနာကို ဘယ်နေရာမှာ ဝှက်ထားတာလဲ"

"ဘာရတနာလဲ"

"မင်းအတိတ်ဘဝက ဒီလောက်ဆင်းရဲခဲ့တာ ရတနာတစ်ခု ဘယ်လိုထားခဲ့နိုင်မှာလဲ"

လုယန်နှင့်မုန်ကျင်းကျိုး မေးခွန်းများ ဆက်တိုက်မေးကြသည်။

လီဟော်ရန်က မျက်လုံးထောင့်ကပ်၍ စိတ်ပျက်လက်ပျက်ပြောသည်။

"ဒါက မှတ်ဉာဏ်အပိုင်းအစလေးတစ်ခုပါ။ ကျုပ်သေချာမမှတ်မိဘူး။ ဒါပေမယ့် ရှေးကြာပန်းမြို့မှာ တစ်ခုခုရှိနေတာတော့ သေချာတယ်"

"နေပါဦး၊ ရှင်တို့သုံးယောက် ဘာအကြောင်းပြောနေတာလဲ။ ဘာရတနာလဲ။ ဘာကိုးငရဲဂိုဏ်းလဲ"

ချင်ယန်ယန် နားမလည်ဖြစ်နေသည်။

လုယန်တို့သုံးယောက် အချင်းချင်းကြည့်ကြသည်။ လီဟော်ရန်မျက်လုံးတွင် တွန့်ဆုတ်နေသည့်အရိပ်များ ပေါ်နေသည်။

"ချင်ယန်ယန်နဲ့ စုယီရန်က တစ်နေ့နေ့ကျရင် ဒီအကြောင်းသိလာမှာပဲ။ အခုချိန်ထုတ်ပြောလိုက်တာ ပိုကောင်းတယ်"

ချင်ယန်ယန်၏ ဦးလေးအနေဖြင့် လုယန် အကြံပေးသည်။ သူ့တူမ အမှန်တရားကို သိသင့်သည်ဟု ယူဆသည်။

မုန်ကျင်းကျိုးလည်း သဘောတူသည်။

လီဟော်ရန် ခဏတုံ့ဆိုင်းနေပြီးနောက် အမှန်တရားကိုပြောပြလိုက်ရန် ဆုံးဖြတ်လိုက်သည်။

"တကယ်တော့ မင်းအဖေ ချင်ဟော်ရန်က ကိုးငရဲဂိုဏ်းချုပ်ဟောင်းပါ..."

လီဟော်ရန် ဇာတ်လမ်းတစ်ခုလုံးချပြသည်။ နားထောင်နေရင်းမှ ချင်ယန်ယန်အမူအရာ တဖြေးဖြေးပြောင်းလာသည်။ မမြင်လိုက်ရသည့် သူ့အဖေသည် လိမ်လည်လှည့်စားရာတွင် ကျွမ်းကျင်သည့် အကြွေးများပိနေသည့် နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက်ဖြစ်မည်ဟု တစ်ခါမှမတွေးဖူး။

ဇာတ်လမ်းဆုံးသွားပြီးနောက် ချင်ယန်ယန် သက်ပြင်းတစ်ချက်မှုတ်ထုတ်၍ မချိပြုံးပြုံးလိုက်သည်။ သူ့အဖေနတ်ဆိုးဂိုဏ်းချုပ်ဖြစ်လည်း သူဘာတတ်နိုင်မည်နည်း။ ထိုကိစ္စကို သူလက်ခံရုံသာရှိသည်။

အမှန်အတိုင်းပြောရလျှင် ချင်ဟော်ရန်ကို သူ့စိတ်ထဲမှ သံယောဇာဉ်တွယ်တာမှု လုံးဝမရှိပါ။ စုယီရန်နှင့် သူအတူကြီးပြင်းခဲ့သည်။ ချင်ဟော်ရန်က 'အဖေ'သင်္ကေတတစ်ခုမျှသာဖြစ်သည်။

"အိုး...ဒါနဲ့စကားမစပ် မင်းအဖေက နတ်ဆိုးဂိုဏ်းချုပ်ဖြစ်နေတော့ နိုင်ငံအုပ်ချုပ်ရေး၊ စစ်တပ်နဲ့ ဂိုဏ်းတစ်ခုခုရဲ့ ဝင်ခွင့်စာမေးပွဲတွေ ဝင်ခွင့်လျှောက်တဲ့အခါ အခက်အခဲတွေ အများကြီးဖြစ်လိမ့်မယ်။ ရာဇဝင်နောက်ခံစစ်ဆေးမှုကို မင်းအောင်မြင်မှာမဟုတ်ဘူး"

လုယန် စေတနာဖြင့် သတိပေးသည်။ အခုရက်ပိုင်း ရှားနိုင်ငံဥပဒေကို သူလေ့လာနေသည်။ အတော်များများသိထားသည်။

ချင်ယန်ယန် - "..."

သတိပေးတာ ကျေးဇူးတင်ပါတယ်။

မုန်ကျင်းကျိုးလည်း အလိုက်သင့်ဝင်ပြောသည်။

"မင်းမိဘတွေ လက်ထပ်ခဲ့တာ နှစ်ငါးရာကြာပြီ။ မင်းအဖေရဲ့ အမူအကျင့်တွေအရ အဲဒီ့အချိန်အတွင်းမှာ အကြွေးတွေပိုတိုးခဲ့လောက်တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ မင်းအမေက ဒီအကြွေးတွေအတွက် တာဝန်ယူစရာမလိုဘူး။ သူက အဲဒီ့အကြောင်းတွေမသိဘူး။ မင်းအဖေက အဲဒီ့ငွေတွေကို ကိုးငရဲဂိုဏ်းအတွက် သုံးခဲ့တာ။ ဥပဒေအရ ဒီအကြွေးတွေ လင်ဆိုင်မယားဆိုင်အကြွေးမျိုးမဟုတ်ဘူး"

မုန်ကျင်းကျိုးက စီပွားရေးဥပဒေပိုင်းတွင် အတော်နှံ့စံ့သည်။

ချင်ယန်ယန် - "..."

သတိပေးတာ ကျေးဇူးတင်ပါတယ်။

ဦးလေးနှစ်ယောက် စိတ်အားထက်သန်သည့် စိတ်ပူပန်မှုကို ချင်ယန်ယန်ခံစားရသည်။

"ကျွန်မအဖေက ကူးဖြတ်ခြင်းအဆင့်ကိုတက်နိုင်ဖို့ အရမ်းစိတိ်အားထက်သန်ခဲ့တာ။ ကျွန်မနဲ့ကျွန်မအမေအတွက် စိတ်ချရတဲ့အနာဂတ်တစ်ခု ရစေချင်တယ်လို့တောင် ပြောခဲ့တယ်"

လီဟော်ရန် အလေးအနက်ခေါင်းငြိမ့်သည်။

"ချေးငွေကန့်သတ်ချက်ကို တိုးမြှင့်နိုင်ဖို့လေ။ ပြီးတော့ အချိန်လွန်နေတဲ့ အကြွေးတွေဆပ်ဖို့ သူ့ခံနိုင်ရည်စွမ်းကို တိုးမြှင့်ဖို့ပေါ့"

**************************************

All Chapters