← Chapters

ထောင်နန်းစံရသူ

Vol. 20 Ch. 286

ထောင်နန်းစံရသူ

Vol. 20 Ch. 286

တာအိုရှင်ဝစီပိတ်။ နာမည်ရင်း ယဲ့ဝမ်လီ။ အသက် ၂၂၃၀ နှစ်။ လက်ရှိတွင် တာအိုလမ်းစဉ်ဂိုဏ်းချုပ်။ ထိန်းချုပ်ခံထားရသည့်ကာလတွင် ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် သူ့သဘောဆန္ဒအရ ရပ်လိုက်သည်။ ရာဇဝတ်မှုမမြောက်တော့သည့်သဘာဖြစ်သည်။ သူ့သဘောဆန္ဒအရအညံ့ခံခဲ့သည်။ နောင်တရကြောင်းပြသည်။ ကြံရာပါကို ဖော်ထုတ်သည်။ ရာဇဝတ်ဥပဒေအရ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရသင့်သည်။ ရာဇဝတ်ပြစ်ဒဏ်မှ သက်ညှာခွင့်ရသင့်သည်။

ရှုရှင်း။ ၂၂၃၂ နှစ်။ လက်ရှိ ရှားနိုင်ငံ၏ တရားရေးဝန်ကြီး။ ယန်ကောင်တီတွင် စီမံအုပ်ချုပ်နေစဉ် ရာဇဝတ်သားထွက်ပြေးဖို့အစီစဉ်ကို ဝစီပိတ်နှင့် ပေါ်ပေါ်ထင်ထင်ဆွေးနွေးသည်။ ကိုယ်တိုင် ထောင်ခန်းတံခါးဖွင့်ပေးသည်။ သိလျက်နှင့် ဥပဒေချိုးဖောက်သည်။ ဥပဒေကို မထေမဲ့မြင်ပြုခြင်းဖြစ်သည်။ အများရှေ့တွင် ရာဇဝတ်သားထွက်ပြေးနိုင်စေရန် ကြိုးစားသည်။ လူထုအပေါ် ဆိုးဝါးသည့် သက်ရောက်မှုဖြစ်စေခဲ့သည်။ ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်သည်။

မိုတန်ရှင်း ဝစီပိတ်နှင့် တရားရေးဝန်ကြီးကို တိတ်တဆိတ် အကဲဖြတ်နေသည်။

တာအိုလမ်းစဉ်ဂိုဏ်းချုပ် ပီသလှသည်။ တွေ့တွေ့ချင်းမှာပင် ဝန်ကြီးကို ထောင်ထဲသို့သွင်းသည်။ ဝန်ကြီးကလည်း ဥပဒေအကျွမ်းကျင်ဆုံး တရားရေဝန်ကြီးဖြစ်သည်။

"သခင်ရှု၊ ဝင်ပါခင်ဗျာ။ ဒီအမှုအတွက် ရုံးတင်စစ်ဆေးမယ့်ရက်ကို ကျုပ်သတ်မှတ်ပေးပါ့မယ်"

စီရင်ပိုင်ခွင့်ဥပဒေအရ မိုတန်ရှင်း ဤအမှုကိုကြားနာစစ်ဆေးခွင့်ရှိသည်။

သခင်ရှုသည် နိုင်ငံတွင် ဥပဒေအကျွမ်းကျင်ဆုံးပုဂ္ဂိုလ် ဖြစ်ကောင်းဖြစ်မည်။ ဥပဒေသဘောတရားများ လုပ်ထုံးလပ်နည်းများကို မိုတန်ရှင်းထက် ပိုနားလည်သည်။ သို့သော် ဝစီပိတ်၏လှည့်ကွက်များက မှန်းဆရခက်လွန်းသည်။ ဒေါသထွက်ပြီး ကိုယ်တိုင်တံခါးဖွင့်ပေး၍ ထောင်ချောက်ထဲ ဝင်လာအောင် မျှားခေါ်သည်။

ပုံမှန်ဆိုလျှင် ရှုရှင်း လူတစ်ယောက်ကို လွှတ်ပေးလည်း ဘယ်သူမှဘာမှပြောမည်မဟုတ်။ သို့သော် ဤတစ်ကြိမ်ကတော့ မတူ။ စာအုပ်ကြီးသမား မိုတန်ရှင်းရှိနေသည်။ သူ့ဘက်မှ ဥပဒေကြောင်းအရ ရပ်တည်ပေးစရာ အကြောင်းမရှိ။

ထို့ကြောင့် ထောင်ထဲသွင်းဖို့သာ ဆုံးဖြတ်လိုက်သည်။ ဘဝအတွေ့အကြုံတစ်ခုဟု သတ်မှတ်လိုက်သည်။

သခင်ရှု အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့၍ ထောင်ထဲသို့ဝင်သွားသည်။ တည်ငြိမ်ခံ့ညားသည့် ဝစီပိတ်ကို တစ်ချက်ကြည့်သည်။

"ဖယ်စမ်း၊ ဒါငါ့နေရာ။ ထောင်ထဲနေရုံပဲလေ။ ဘယ်သူက ကြောက်နေလို့လဲ"

အားလုံးက ပုံပြင်လာနားထောင်သူများဖြစ်၍ အကျဉ်းထောင်တစ်ခုလုံး ပြည့်ကြပ်နေသည်။ သို့သော် ဝစီပိတ်ထောင်ခန်းက ရှင်းလင်းနေသည်။

ဝစီပိတ်က စိတ်မဆိုးဘဲ ဘေးသို့ဖယ်ပေးပြီး နွေးထွေးစွာပြုံး၍ သခင်ရှုကို ကြိုဆိုသည်။

"သခင်ရှု၊ အခုချိန်ကစပြီး ငါတို့က ထောင်ကျဘက်တွေဖြစ်သွားပြီ။ အဆင်ပြေပြေနေကြတာပေါ့"

"ဝစီပိတ်၊ မင်းက အသက်ရှင်ရတာပျင်းနေပြီလားကွ"

သခင်ရှု ဝစီပိတ်မျက်နှာကိုထိုးသည်။ ဝစီပိတ်က ခေါင်းငဲ့၍ရှောင်သည်။

တာအိုရှင်ဝစီပိတ်သည် အချဉ်မဟုတ်။ လာတိုက်ခိုက်သူကို ပြန်မခုခံလျှင် ရှက်စရာကောင်းတော့မည်။

သခင်ရှုခွဆုံကို သူကန်လိုက်သည်။ သခင်ရှုက ခြေနှစ်ချောင်းကိုအမြန်ပူး၍ ဝစီပိတ်ခြေထောက်ကို ချုပ်ထားသည်။

နှစ်ယောက်လုံး စွမ်းအားကို အတိအကျထိန်းချုပ်သည်။ နည်းနည်းမှ အလေအလွင့်မရှိ။ သုံးလိုက်သည့်အင်အားက ဘေးသို့လျှံမထွက်ဘဲ ပြိုင်ဘက်ကိုသာထိသည်။

စုစည်းခြင်းထိပ်တန်းစွမ်းအားရှင်ကြီးနှစ်ယောက် ထောင်ခန်းထဲတွင် ထိုးကြိတ်ကြသည်။ ဘယ်သူမှ အသာစီးမရ။

တစ်ခြားထောင်သားများ တအံ့တဩကြည့်နေသည်။ စုစည်းခြင်းအဆင့်နှစ်ယောက်တိုက်ခိုက်သည်ကို ကြည့်ခွင့်ရမည်ဟု ထင်မထားကြ။

မိုတန်ရှင်း အသံတိတ်အကဲခတ်နေသည်။ ထောင်တွင်းတိုက်ခိုက်မှုသည် ရာဇဝတ်ဥပဒေ ချိုးဖောက်ခြင်းမဟုတ်။ ထောင်ထဲတွင် စည်းကမ်းထိန်းသိမ်းဖို့မှာ ထောင်ဝါဒါ၏တာဝန်ဖြစ်သည်။ သူ့တာဝန်မဟုတ်။

စုစည်းခြင်းအဆင့်တိုက်ခိုက်ရေးသမားနှစ်ယောက်က သူတို့ကျင့်စဉ်စွမ်းအား ပုံမှန်ထောင်သားများကဲ့သို့ ဝိညာဉ်ပြောင်းအဆင့်သို့ ဘယ်လိုလျှော့ချထားသလဲဟု မိုတန်ရှင်းတွေးနေသည်။

သမိုင်းသစ်ဖြစ်ရပ်တစ်ခုဖြစ်သည်။

"သခင်မို၊ အပြင်ဘက်မှာ ထောင်ဝင်ခွင့်တောင်းနေတဲ့လူတွေရှိပါတယ်"

အစောင့်တစ်ယောက် မိုတန်ရှင်းဆီ ပြေးလာပြီး သတင်းပို့သည်။

"ဒီလောက်အသေးအဖွဲကိစ္စကို ငါ့ခွင့်ပြုချက်တောင်‌နေစရာလိုသေးလား။ အထဲကိုလွှတ်လိုက်"

နေ့တိုင်း လူပေါင်းများစွာ အကျဉ်းထောင်သို့လာလည်ကြသည်။ လာလည်သည်ဟုပြောသော်လည်း တကယ်တော့ အစားအသောက်လာပို့ခြင်းဖြစ်သည်။ တစ်ချို့က ထောင်ခန်းများအပြင်ဘက်တွင်ထိုင်၍ပင် ဝစီပိတ်ပြောသည့် ပုံပြင်များကို နားထောင်ကြသည်။

ထိုကဲ့သို့ လာလည်သူတစ်ယောက် ထပ်ရောက်လာသည်ဟုသာ မိုတာ့ရှင်းယူဆသည်။

အစောင့်က တံခါးဝမလူများကို အချက်ပြလိုက်သည်။

"ဒါနဲ့..လာလည်တာက ဘယ်သူတွေလဲ"

မိုတန်ရှင်း ပုံမှန်အတိုင်း မေးလိုက်သည်။

"တာအိုလမ်းစဉ်ဂိုဏ်းချုပ်ရဲ့ ပထမတပည့်နဲ့စတုတ္ထတပည့်တွေလို ပြောပါတယ်"

'ပထမတပည့်'ဟုကြားသည်နှင့် ထောင်ခန်းထဲမှ လူနှစ်ယောက်တိုက်ပွဲ ချက်ချင်းရပ်သွားသည်ကို မိုတန်ရှင်း သတိမထားမိ။ စုစည်းခြင်းအဆင့်နှစ်ယောက်မျက်လုံးတွင်ထိတ်လန့်ရိပ်များ ပေါ်လာသည်

"မင်းကယွမ်ကျိကို ခေါ်လိုက်တယ်ပေါ့"

ရှုရှင်း ယွမ်ကျိအကြောင်း သိထားသည်။ ယွမ်ကျိဝင်လာချိန် ဆရာဖြစ်သူအရိုက်ခံနေရသည်ကိုတွေ့လျှင် မည်သို့တုံ့ပြန်မည်မသိနိုင်။

ဝစီပိတ်လည်း စိုးရိမ်နေသည်။

"ပေါက်တတ်ကရမပြောနဲ့ကွ။ ငါ့ကိုလာထုတ်ပေးဖို့ပဲ ဂိုဏ်းကို စာရေးပြီးပြောလိုက်တာ။ ပုံမှန်ဆို စတုတ္ထအကို လာနေကျပါ။ ရှောင်ယွမ်လာမယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ"

သူရှင်းမပြချင်ပါ။ သို့သော် ယွမ်ကျိလာသည်ကို သူကြောက်နေသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက လူတစ်ယောက်နဲ့ တွေ့ခွင့်ရတာ ကောင်းတာပေါ့။ ကျုပ်ထွက်ကြိုလိုက်မယ်"

ယွမ်ကျိအကြောင်းမသိသဖြင့် မိုတန်ရှင်း လောကဝတ်အရပြောသည်။

"မလိုပါဘူးသခင်မို၊ ကျွန်မတို့ ရောက်နေပါပြီ"

အေးစက်စက်စကားသံ ပေါ်လာသည်။ မိုတန်ရှင်း အံ့ဩနေချိန်မှာပင် ယွမ်ကျိနှင့်လုယန်က သူ့ရှေ့တွင်ရပ်နေသည်ကို မြင်လိုက်ရသည်။

တစ်လက်မမြေချုံ့ပညာ။

"ကျွန်မတို့ဆရာဆီကို လာလည်တာပါ။ သူဘယ်မှာလဲ"

မိုတန်ရှင်း အနီးမှထောင်ခန်းဆီ လက်ညှိုးထိုးပြသည်။

ယွမ်ကျိ လှမ်းကြည့်သည်။ အခန်းထောင့်တွင်ထိုင်နေသည့် ဝစီပိတ်ကိုတွေ့ရသည်။ သူ့ဘေးတွင် တရားရေးဝန်ကြီးထိုင်နေသည်။

ယွမ်ကျိ အတော်ကြာအောင် အသံတိတ်သွားသည်။ အဖြစ်အပျက်ကိုနားမလည်တော့။

သူ့ဆရာနှင့် တရားရေးဝန်ကြီး လမ်းပေါ်တွင် ရန်ဖြစ်၍ အဖမ်းခံရခြင်းလားမသိ။

သူ့ဆရာ၏အတိတ်ကလုပ်ရပ်များ၊ ဝန်ကြီးနှင့်ပတ်သက်ခဲ့သည့်ကိစ္စများကြောင့် ထိုသို့မဖြစ်နိုင်စရာလည်းမရှိ။

"အမယွမ်၊ ဆရာနဲ့အတူ ထောင်ကျနေတဲ့လူက ဘယ်သူလဲ"

လုယန် တီးတိုးကပ်မေးသည်။ ဝစီပိတ်လိုပင် အဆင့်မြင့်အဝတ်အစားနှင့် တည်ကြည်ခံ့ညားသည့်ဟန်ပန်ရှိသည့်ရှုရှင်းကို သူသတိထားမိသည်။ သူ့ဆရာလို နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မည်။

"သူက တရားရေးဝန်ကြီး ရှုရှင်းပါ"

"ဟူး..."

လုယန် တွေးသည်။ မဟာရှား၏ဥပဒေစနစ်သည် တင်းကြပ်လွန်းလှသည်။ တရားရေးဝန်ကြီးကိုပင် ထောင်ချသည်။ နောက်ဆိုလျှင် သူ့ဆရာလိုမဖြစ်အောင် သူသတိထားဆင်ခြင်မှဖြစ်မည်။

ဆုံးဖြတ်လိုက်သည်။ နောင်တစ်ချိန် ထောင်ထဲမရောက်စေရန် ဥပဒေပညာကို ကြိုးစားလေ့လာတော့မည်။

ယွမ်ကျိက သူ့ဆရာကို အေးစက်စက်စိုက်ကြည့်သည်။

"ကျွန်မတို့မတွေ့တာ လအတော်ကြာပြီ။ ဆရာက ခါတိုင်းလိုပဲ ပျော်နေတာတွေ့တော့ စိတ်ချသွားပါပြီ။ ပုံပြင်နားထောင်တဲ့လူတွေရော ရန်သူတွေရော အဖော်ရှိနေတာပဲ။ ဆရာထောင်ထဲမှာ ကောင်းကောင်းနေရတယ်ဆိုတော့ ကျွန်မအေးအေးဆေး‌‌ဆေး နားလို့ရပြီပေါ့"

လုယန်တွေးသည်။

'အမယွမ် တမင်ဒီလိုလုပ်တာမဟုတ်လား။ အမက ကျုပ်နဲ့ ဆိုင်မှာစားသောက်ရုံပဲမဟုတ်လား။ ကျုပ်ထက်တောင် အများကြီးပိုစားတယ်။ ဆရာ့အတွက် လုံးဝမစိုးရိမ်ဘူးမဟုတ်လား'

တကယ်လည်း သူ့ဆရာအတွက် ဘယ်သူမှစိုးရိမ်စရာမလိုပါ။ ဝစီပိတ်၏ လှည့်စားမှုအောက် ရောက်သွားမည့်လူများသာ စိုးရိမ်သင့်သည်။

ယွမ်ကျိ၏ သဘောထားက 'ကိုယ့်ကိုယ်ကိုအားကိုးတော့'ဟု ရည်ညွှန်းလိုမှန်း ရိပ်စားမိသဖြင့် ဝစီပိတ် အမြန်ပြန်ပြောသည်။

"တပည့်အလိမ္မာလေး။ မင်းဆရာကို ဒီမှာထားခဲ့လို့မဖြစ်ဘူးလေ။ ငါက အပြစ်မရှိပါဘူး"

အပြစ်ကင်းမကင်းဆုံးဖြတ်ရာတွင် ဝါရင့်နေသည့် တရားရေးဝန်ကြီးက အကြံပြသည်။

"မဟာယုခေတ်က မှတ်တမ်းတစ်ခုရှိတယ်။ အပြစ်မရှိတဲ့လူတစ်ယောက်ကို ခေါင်းဖြတ်လိုက်ရင် ဇွန်လမှာ နှင်းကျတယ်တဲ့။ အခုလက ဇွန်လပဲ။ ဒီတော့ နှင်းကျမကျသိရအောင် ဝစီပိတ်ခေါင်းကို ငါတို့ဖြတ်ကြည့်သင့်တယ်"

(**ယွန်မင်းဆက်ပြဇာတ်တစ်ပုဒ်မှ အဖြစ်အပျက်ကို ရည်ညွှန်း၍ပြောခြင်းဖြစ်သည်)

"ရှုရှင်း၊ ခွေးသူတောင်းစား။ တရားရေးဝန်ကြီးဖြစ်ပြီး တရားမျှတမှုမရှိတဲ့ကောင်"

ဝစီပိတ် အော်ဟစ်လိုက်သည်။

"ငါတရားမျှတပါတယ်။ ဒါပေမယ့် မင်းကိုတော့မဟုတ်ဘူး။ မင်းငါ့ကို ဘယ်နှခါ ဒုက္ခပေးခဲ့သလဲဆိုတာတောင် မင်းမှတ်မိရဲ့လား။ ငါ့ကို မင်းအတွက် စကားကောင်းပြောပေးဖို့ မျှော်လင့်နေတာလား"

ကျဉ်းကြပ်သည့်ထောင်ခန်းထဲတွင် စုစည်းခြင်းအဆင့်တိုက်ပွဲ နောက်တစ်ကြိမ်ပြန်စသည်။

ယွမ်ကျိ စိတ်ပျက်လက်ပျက် နားထင်ကို လက်ဖြင့်ပွတ်လိုက်သည်။ သူခဏတဖြုတ် အနားယူချင်ခဲ့သည်။ သို့သော်ယခု ဖြစ်နိုင်မည့်ပုံမပေါ်။

All Chapters