သူခိုးဘိုးဘေးဂိုဏ်း
Vol. 20 Ch. 287
"သခင်မို၊ ကျွန်မဆရာ ဒီတစ်ခါ ဘာပြစ်မှုကျူးလွန်လို့ ထောင်ကျတာလဲ။ ပြည့်တန်ဆာကို ငွေမပေးဘဲ မြူဆွယ်ဖျားယောင်းတာလား။ မတော်တဆဖြစ်ချင်ဟန်ဆောင်ပြီး ငွေညှစ်တာလား။ အစိတ်အပိုင်းလိုသလိုချုံ့ချဲ့မှော်ပညာစာအုပ် ထပ်ရောင်းတာလား"
အပြစ်မရှိဟုပြောသည့် သူ့ဆရာစကားကို သူမယုံ။
နှစ်တစ်ထောင်နီးပါး သူ့ဆရာနဲ့အတူ အချိန်ကုန်လွန်ခဲ့သည်။ ဝစီပိတ်စကားကို ဘယ်အချိန်ယုံသင့်မယုံသင့် ယွမ်ကျိ နားလည်သည်။
"အမယွမ်၊ ဆရာ့စကားကို ဘယ်အချိန်ယုံလို့ရလဲ"
လုယန် စိတ်ဝင်တစားမေးလိုက်သည်။
"ဆရာစကားမပြောတဲ့အချိန်ပေါ့"
"ဒါဆို ဘယ်အချိန် မယုံရဘူးလဲ"
"ဆရာစကားပြောတဲ့အချိန်"
"..."
တရားရေးဝန်ကြီးက ယွမ်ကျိစကားကြားသည်နှင့် ချက်ချင်းဉာဏ်အလင်းရသွားပြီး ဝမ်းသာအားရသူ့ပေါင်သူ ပုတ်လိုက်သည်။
ထိုမိန်းကလေး၏ ကျင့်စဉ်စွမ်းအား ထိုမျှမြင့်မားနေသည်မှာ မဆန်းတော့။ အခြေအနေကို ခြုံငုံသုံးသပ်နိုင်စွမ်းက သူ့ထက်များစွာ သာလွန်သည်။
အစောပိုင်းက ဝစီပိတ်၏စကားကိုသာ သူယုံခဲ့လျှင် ယခုလို ထောင်ထဲရောက်နေမည်မဟုတ်။
သခင်မို ခေါင်းခါသည်။
"အဲဒီ့အမှုတွေမဟုတ်ပါဘူး။ ကျုပ်တို့စုံစမ်းစစ်ဆေးချက်အရ တာအိုရှင်ဝစီပိတ်ဟာ မဟာယန်ကောင်တီမှာ ဆယ်ရက်ကျော်နေခဲ့တယ်။ အဲဒီ့အချိန်အတွင်း သူနေတာထိုင်တာ အတော်လေးကောင်းပါတယ်။ နေ့ဘက်မှာ 'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ပုံပြင်ကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပြောတယ်။ ပြောတိုင်းလည်း တစ်ဆိုင်လုံး လူပြည့်တယ်။ နေ့တိုင်း 'ဆက်ရန်ရှိသေးသည်'ဆိုတာနဲ့ အဆုံးသတ်တော့ နောက်တစ်နေ့ဆက်နားထောင်ဖို့ လူတွေက စိတ်အားထက်ထက်သန်သန်နဲ့ စောင့်မျှော်ကြတယ်။ ညဘက်ရောက်ရင် နောက်တစ်နေ့ပြောမယ်ပုံပြင်အတွက် ဘယ်လိုဇာတ်လမ်းဆင်ရမလဲ သူစဉ်းစားတယ်။ အတော့်ကို ဇိမ်ကျနေတာပါ"
လုယန် မင်သက်မိသွားသည်။ သူ့ဆရာပြောသည့် ပုံပြင်များသည် လက်တန်းဖန်တီးခြင်းဖြစ်နေသည်။
ကိုယ့်ကိုယ်ကို ဇာတ်လမ်းဆင်တော်သည်ဟု လုယန်ယူဆထားသည်။ မုန်ကျင်းကျိုးထက်မညံ့။ သို့သော် သူ့ဆရာက ဇာတ်ကိုတစ်ညဖန်တီးပြီး နောက်တစ်နေ့တွင်ပြောသည်။
"ဪ...တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီဆိုတာ မင်းဖန်တီးထားတာပေါ့"
သခင်ရှုက ဝစီပိတ်ကို တအံ့တဩကြည့်သည်။
'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'သည် အတော်လူသိများသည်။ နန်းမြို့တော်မှ လက်ဖက်ရည်ဆိုင်များပင် ထိုပုံပြင်ကိုပြောကြသည်။ သူလည်း အပျင်းပြေတစ်ခါနားထောင်ဖူးသည်။
တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်ခေတ် ဇာတ်လမ်းများကို ကြားရသည်။ ဝစီပိတ်ကို အသားပေးအမွှမ်းတင်ထားသည့် အကြောင်းအရာများစွာ ပါနေသည်။ စိတ်ပျက်သွားသဖြင့် သူဆက်နားမထောင်တော့။
နန်းမြို့တော်မှ တစ်ခြားအရာရှိများလည်း ထိုနည်းတူသာဖြစ်သည်။ စိတ်ဝင်စားသဖြင့် နားထောင်ကြည့်သည်။ ပုံပြင်ဇာတ်လမ်းများက သူတို့သိထားသည်နှင့် တစ်ခြားစီဖြစ်နေသည်။ ဆက်နားမထောင်တော့။
သို့သော် သာမန်လူများအတွက်တော့ အတော်စွဲမက်စရာဖြစ်နေသည်။ အပိုချဲ့ကားမှုများစွာ ပါနေသော်လည်း အရောင်စုံအသွေးစုံ အံ့မခန်းလုပ်ရပ်များ အပြည့်ပါသည် ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း၏ ကျင့်ကြံသူများနှင့်ပတ်သက်သည့် ပုံပြင်ဖြစ်သည်။
"မင်းမှာ အရှက်ဆိုတာရော ရှိရဲ့လား။ ပုံပြင်ထဲက ဇာတ်ဆောင်က နာမည်ကလွဲလို့ မင်းနဲ့ဘယ်နေရာမှတူတာမရှိဘူးကွ"
သခင်ရှု ဝစီပိတ်ကို ရွံရှာဟန်ဖြင့်ကြည့်သည်။
"ဒါက သင့်တော်အောင် တန်ဆာဆင်တာဆို့ခေါ်တယ်"
ဝစီပိတ်မျက်နှာတွင် ရှက်သည့်အရိပ်အယောင် တစ်စွန်းတစ်စပင်မရှိ။
သခင်မို ဆက်ပြောသည်။
"လွန်ခဲ့တဲ့သုံးရက်က တစ်လတစ်ကြိမ်လုပ်တဲ့ ကျင့်ကြံသူဈေးတန်း ဖွင့်တယ်။ တာအိုရှင်ဝစီပိတ်က ဈေးထောင့်တစ်နေရာမှာ ဆိုင်လေးတစ်ခုဆောက်တယ်။ အမြန်နှုန်းတိုးစေတယ်ဆိုတဲ့ ပညာရပ်တစ်ခုကို ရောင်းတယ်။ ဒါဟာ နာမည်ကျော်'သူခိုးဂိုဏ်းရဲ့ဘိုးဘေး'က လေ့ကျင့်ခဲ့တဲ့ပညာလို့ သူကြေညာတယ်။
ဝယ်တဲ့လူတွေက လှည့်စားခံရမှန်းသိသွားတော့ ငွေပြန်တောင်းတယ်။ သူကငြင်းတယ်။ သူရောင်းတဲ့ ပညာရပ်ဟာ အစစ်အမှန်မှာလို့ ပြောတယ်။
ဒီပြဿနာကို ရှင်းလို့မရတော့ ဝယ်တဲ့လူတွေက ရုံးကိုတိုင်တယ်။ စုံစမ်းစစ်ဆေးကြည့်တော့ ဒီပညာဟာအတုဖြစ်နေတာတွေ့တယ်။ ဒါကြောင့် သူ့ကို ဆယ်ရက်ထောင်ချဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်"
မရင်းနှီးသည့် နာမည်တစ်ခုကြားသဖြင့် ထာဝရနတ်မယ် သိစိတ်နယ်မြေကို ခေါက်ပြီး လုယန်ကိုမေးသည်။
"လုယန်၊ သူခိုးဂိုဏ်းရဲ့ဘိုးဘေးဆိုတာ ဘယ်သူလဲ"
လုယန် ရှင်းပြသည်။
"သူခိုးဂိုဏ်းဘိုးဘေးအကြောင်း ကျုပ်နည်းနည်းကြားဖူးတယ်။ သမရိုးကျမဟုတ်တဲ့ ကျင့်စဉ်ဂိုဏ်းတွေ သုံးထောင်ကျော်ရှိတယ်ဆိုတာ ခင်ဗျားသိမှာပါ။ အဲဒီထဲကတစ်ခုက သူခိုးဂိုဏ်းပဲ"
နတ်မယ်ခေါင်းငြိမ့်၍ ဆက်ပြောရန် အချက်ပြသည်။
"သူခိုးဂိုဏ်းမှာ ပြိုင်ဘက်ကင်းသူခိုးတစ်ယောက်ရှိခဲ့တယ်။ သူ့လှုပ်ရှားမှုအမြန်နှုန်းကို ဘယ်သူမှမယှဉ်နိုင်ဘူး။ သူခိုးဂိုဏ်းမှာ သူပေါ်မလာခင်နဲ့ ပေါ်လာပြီးနောက် အချိန်ကာလနှစ်ခုဟာ လုံးဝကွဲပြားသွားတယ်။ သူခိုးဂိုဏ်းဝင်တွေက သူ့ကို ဘိုးဘေးအဖြစ် သတ်မှတ်ကြတယ်။ သူခိုးဘိုးဘေးလို့ ခေါ်ကြတယ်။
သူခိုးဘိုးဘေးက လျင်မြန်လွန်းတော့ နန်းတော်ကို သူ့စိတ်ကြိုက်ဝင်ထွက်နိုင်တယ်။ ဝိညာဉ်ကျောက်တွေ မှော်ရတနာ်တွေ အများကြီးခိုးတယ်။ အရဲတင်းဆုံးလုပ်ရပ်က နန်းတောဂိတ်တံခါးကို ခိုးခဲ့တာပဲ။ ရုံးတော်က ဒေါသူပုန်ထပေမယ့် သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး"
"အဲဒီ့သူခိုးဘိုးဘေး နောက်တော့ ဘယ်လိုဖြစ်သွားလဲ"
နတ်မယ် စိတ်ဝင်တစားထပ်မေးသည်။ ထိုကဲ့သို့ အမြန်နုန်းကို ဦးစားပေးလေ့ကျင့်ထားသည့် ကျင့်ကြံသူမျိုးနှင့် သူတစ်ခါမှမကြုံဖူး။ ထိုလူမျိုးနှင့်တွေ့လျှင် ယှဉ်ပြိုင်ကြည့်ချင်သည်။
လုယန်ခေါင်းခါသည်။
"အဲဒါက ပဟေဠိတစ်ပုဒ်ပဲ။ သူခိုးဘိုးဘေး ဘာဖြစ်သွားလဲ ဘယ်သူမှမသိဘူး။ သေသွားတယ်လို့ လည်းတစ်ချို့ကပြောကြတယ်။ တစ်ချို့ကလည်း လောကအရှုပ်အထွေးတွေကို စိတ်ကုန်လို့ ဂူအောင်းသွားတယ်တဲ့။ မသေမျိုးအဆင့်တက်တာ မအောင်မြင်လို့ သေသွားတယ်လို့လည်း ပြောကြတယ်"
သူခိုးဘိုးဘေးအကြောင်းပြောရင်း တစ်ခြားလူတစ်ယောက်အကြောင်း လုယန်တွေးမိသည်။ သူခိုးဘိုးဘေးပြီးလျှင် ဒုတိယအမြန်ဆုံးသူခိုးဖြစ်သည် သူခိုးဘုရင်ဖြစ်သည်။
လောကတစ်ခွင် ဘယ်နေရာမဆို ဝင်ထွက်နိုင်သည့်အဆင့်သို့ ရောက်ခဲ့သည်။ သူခိုးဂိုဏ်း၏ ဘိုးဘေးအဆုံးအမဖြစ်သည့် 'ရွှေစီးပွားနယ်မြေမှ မခိုးရ'ဟူသည့် စည်းကမ်းကို ဖောက်ဖျက်ခဲ့သဖြင့် သဲလွန်စမကျန်အောင် ပျောက်သွားခဲ့သူဖြစ်သည်။ လောကကြီးမှ အငွေ့ပျံသွားသလိုထင်ရသည်။
ဝစီပိတ်က သူအပြစ်ကင်းကြောင်း ဆက်၍လျှောက်လဲချက်ပေးသည်။ ယုံကြည်ချက်အပြည့်ဖြင့် ထွက်ဆိုသည်။
"တကယ်ပြောတာပါ။ ငါရောင်းလိုက်တဲ့ ပညာကိုသာလေ့ကျင့်ရင် သေချာပေါက် သူခိုးဘိုးဘေးလောက် မြန်လာလိမ့်မယ်"
ယွမ်ကျိ ခဏအသံတိတ်သွားသည်။ တစ်ခုခုတွေးမိလာဟန်ရှိသည်။
"သခင်မို၊ ကျွန်မဆရာရောင်းတဲ့ ပညာရပ်ကို ကျွန်မကြည့်လို့ရမလား"
"ရပါတယ်"
မိုတန်ရှင်း လက်ထောက်တစ်ယောက်ခေါ်၍ သိမ်းဆည်းထားသည့်သက်သေပစ္စည်းကို သွားယူခိုင်းသည်။
မကြာမီ သူ့လက်ထောက် စာအုပ်တစ်အုပ်ကိုင်၍ ပြန်ရောက်လာသည်။ စာအုပ်က ခပ်ပါးပါးဖြစ်သည်။ အတော်ဟောင်းနွမ်းနေသည်။ စာအုပ်နာမည် ရေးသူနာမည် မပါ။ ဂူသင်္ချိုင်းတစ်ခုမှ ခိုးယူလာသလို ထင်ရသည်။
ကျင့်ကြံသူများ လှည့်စားခံရသည်မှာလည်း အံ့ဩစရာတော့မရှိ။ စာအုပ်က တကယ်ယုံကြည်လောက်သည်။
သခင်မို ထပ်ပြောသည်။
"တာအိုရှင်ဝစီပိတ်က ဒီပညာရပ်စာအုပ်မိတ္တူ ဆယ်အုပ်ရောင်းခဲ့ပါတယ်။ ဆယ်အုပ်လုံးကျုပ်တို့သိမ်းခဲ့တယ်။ ဒါက အဲဒီထဲကတစ်အုပ်ပါ"
ယွမ်ကျိ ပထမစာမျက်နှာကို လှန်ကြည့်သည်။ လုယန်လည်း စိတ်ဝင်တစား ဘေးမှလှမ်းကြည့်သည်။
ပထမစာမျက်နှာတွင်
"ဤပညာရပ်ကို လေ့ကျင့်ဖို့ ခြေတစ်ချောင်း အရင်ချိုးပါ"
ဝစီပိတ်က လက်နှစ်ဘက်ကို ဆန့်လျက်
"တွေ့လား၊ ငါပြောသားပဲ။ ငါဘယ်သူ့ကိုမှ မလိမ်ပါဘူး။ ဒီပညာကိုသာလေ့ကျင့်ရင် သူခိုးဘိုးဘေးလောက်မြန်လာမယ်ဆိုတာ ငါအာမခံနိုင်တယ်"
လုယန် - "..."
သခင်မို၊ ကျုပ်ဆရာဟာ မှားယွင်းစွပ်စွဲခံရတာလုံးဝမဟုတ်ပါဘူး။
ဒါနဲ့များ စွပ်စွဲခံရတယ်လို့ ကြွေးကြော်နေသေးတယ်။ ထောင်ဒဏ်တစ်နှစ်ချရင်တောင် များတယ်လို့ မဆိုနိုင်ဘူး။
ကူးဖြတ်ခြင်းအဆင့်အောက်တွင် သူ့ဆရာ စွမ်းအားအကြီးဆုံးဖြစ်ရသည့်အကြောင်းရင်းကို လုယန်နားလည်လာသည်။
အကယ်၍ ဝစီပိတ်သာ ထိုထက်စွမ်းအားနည်းလျှင် အစောကြီးကတည်းက အသေရိုက်သတ်ခံရပြီးဖြစ်မည်။
ယွမ်ကျိမျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။
"သူခိုးဘိုးဘေးက တကယ်လည်း ခြေတစ်ချောင်းတည်းရှိတာပါ။ ဒီတော့ သူ့အမြန်နှုန်းဟာ ပြိုင်ဘက်ကင်းဘဲလို့ ကြွေးကြော်တယ်။ ဘယ်သူမှသူနဲ့ ပြိုင်မငြင်းကြဘူး"
"ဟုတ်ပါတယ်။ ကျုပ်လည်း ဒီအကြောင်းကြားဖူးတယ်"
တရားရေးဝန်ကြီး ခေါင်းငြိမ့်သည်။
ယွမ်ကျိထုတ်မပြောသည့် နောက်တစ်ချက်ရှိသည်။ စာအုပ်ကို ဆက်လှန်ကြည့်ရင်း သေချာစဉ်းစားတွက်ချက်ကြည့်သည်။ ထိုပညာကိုလေ့ကျင့်လျှင် 'အဆင့်တူချင်း'တွင် တကယ်အမြန်ဆုံးဖြစ်နိုင်သည်။
ဤစာအုပ်သည် သူခိုးဘိုးဘေး၏ ပညာရပ်အစစ် ဖြစ်နေသလားမသိ။