ဤအိမ်သည် အဆင်တန်ဆာမဲ့၍ ရိုးရှင်းကောင်းရိုးရှင်းလိမ့်မည်။ သို့သော် ငါသည့်မြင့်မြတ်သည့်လူတစ်ယောက်ဖြစ်၍ သက်တောင်သက်သာရှိပါသည်
Vol. 20 Ch. 288
"ဒါဆို ကျုပ်ဆုံးဖြတ်ချက်မှားတယ်လို့ ပြောနေတာလား"
ဝစီပိတ်ရောင်းသည့်ပစ္စည်း အစစ်အမှန်ဖြစ်ကြောင်း ယွမ်ကျိတစ်ယောက်တည်းသာ ပြောသည်ဆိုလျှင် မိုတန်ရှင် သံသယဖြစ်ကောင်းဖြစ်မည်။
သို့သော် ရှုရှင်းစကားကြောင့် ယုံကြည်လက်ခံနိုင်ခြေ များစွာမြင့်တက်သွားသည်။
ဝစီပိတ် တဟားဟားအော်ရယ်နေသည်။ မျက်နှာတွင် အပျော်ရိပ်များဝေဆာနေသည်။ ရောက်လာသူက စတုတ္ထအကြီးအကဲမဟုတ်။ သူ့တပည့်အလိမ္မာ ယွမ်ကျိဖြစ်သည်။ ဘယ်သူလာလာ သူလွတ်ဖို့သာ အရေးကြီးသည်။
"ရပါတယ်၊ ရပါတယ်။ သခင်မို ကိုယ့်ဘာသာမှားတယ်ဆိုတာသိရင် တော်ပါပြီ။ ရုံးတော်ကနေ ကျုပ်လျှော်ကြေးမတောင်းပါဘူး။ ကျုပ်ကိုပဲ လွှတ်ပေးပါ"
ဤနိုင်ငံဥပဒေအရ မိုတန်ရှင်းသည် ရုံးတော်ကို ကိုယ်စားပြုသည်။ ဝစီပိတ်ကို သူမှားယွင်းပြစ်ဒဏ်ချမိလျှင် ရုံးတော်၏အမှားဟု သတ်မှတ်နိုင်သည်။ ရုံးတော်က လျော်ကြေးပေးဖို့လိုသည်။
မိုတန်ရှင်းခေါင်းခါသည်။
"အဲဒါတော့ မဖြစ်နိုင်သေးဘူး။ ခုနက ထောင်ကနေထွက်ပြေးဖို့ ခင်ဗျားကြိုးစားခဲ့တယ်။ ကြိုးစားတာမအောင်မြင်ပေမယ့် ထောင်ထဲမှာပဲ နေရဦးမယ်"
ဝစီပိတ် - "..."
"ဆရာ၊ ဂရုစိုက်ပါ။ မောင်လေးလုကို အရင်ပြန်ခေါ်သွားနှင့်မယ်"
ဆရာအပြစ်ကင်းကြောင်း ရှင်းလင်းပြီးဖြစ်၍ ယွမ်ကျိစိတ်သက်သာရာရသွားပြီး လှည့်ပြန်ရန်ပြင်သည်။
"ခဏနေပါဦး၊ ငါ့ကိုထောင်ထဲကနေ လွှတ်မပေးသေးဘူးလေ"
ဝစီပိတ် ယွမ်ကျိကို အမြန်လှမ်းခေါ်သည်။
ယွမ်ကျိက လက်နှစ်ဘက်ဆုပ်၍ လေးစားရိပ်ပါသည့်လေသံဖြင့်
"ဆရာအမြဲပြောတယ်လေ။ "တောင်တစ်လုံးဟာ မြင့်လို့နာမည်ကျော်တာမဟုတ်ဘူး။ တောင်ပေါ်မှာနေတဲ့ မသေမျိုးတွေကြောင့်ပဲ။ ရေကန်တစ်ခုဟာ အတိမ်အနက်ကြောင့် ဆန်းကြယ်တာမဟုတ်ဘူး။ ကန်ထဲမှာနေတဲ့ နဂါးကြောင့်ပဲ။ ဒီအိမ်ဟာ အဆင်တန်ဆာမဲ့ပြိး ရိုးရှင်းကောင်းရိုးရှင်းမယ်။ ဒါမေပယ့် ငါဟာမြင့်မြတ်တဲ့လူဖြစ်လို့ သက်တောင့်သက်သာရှိပါတယ်"တဲ့။ ဒီထောင်တွင်းပတ်ဝန်းကျင်က ရိုးရှင်းပေမယ့် ဆရာ့လို မြင့်မြတ်ဖြောင့်မတ်တဲ့လူ ရှိနေတဲ့အတွက် နိမ့်ကျမှာမဟုတ်ပါဘူး"
လွန်ခဲ့သည့် နှစ်ပေါင်းရာချီက ငယ်ရွယ်သေးသည့်ယွမ်ကျိကို ဝစီပိတ်က တပည့်အဖြစ်လက်ခံ၍ ကောင်းကင်တောင်ထိပ်တွင် သင်ကြားလမ်းညွှန်ပေးသည်။ အစက တောင်ထိပ်တွင် ဝစီပိတ်တစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် အိမ်တစ်လုံးသာရှိသည်။ ယွမ်ကျိရောက်လာသဖြင့် နောက်ထပ်အိမ်တစ်လုံးလိုလာသည်။ ထို့ကြောင့် ဝစီပိတ်က ပျင်းရိပျင်းတွဲဖြင့် ရိုးရှင်းသည့် သစ်သားအိမ်ငယ်တစ်လုံး ဆောက်ပေးရသည်။
နားမလည်နိုင်အောင်ဖြစ်နေသည့် ယွမ်ကျိ၏ခေါင်းကိုပုတ်၍ ဝစီပိတ်က နူးညံ့သည့်မျက်နှာဖြင့် ပြောသည်။
""တောင်တစ်လုံးဟာ မြင့်လို့နာမည်ကျော်တာမဟုတ်ဘူး။ တောင်ပေါ်မှာနေတဲ့ မသေမျိုးတွေကြောင့်ပဲ။ ရေကန်တစ်ခုဟာ အတိမ်အနက်ကြောင့် ဆန်းကြယ်တာမဟုတ်ဘူး။ ကန်ထဲမှာနေတဲ့ နဂါးကြောင့်ပဲ။ ဒီအိမ်ဟာ အဆင်တန်ဆာမဲ့ပြိး ရိုးရှင်းကောင်းရိုးရှင်းမယ်။ ဒါမေပယ့် ငါဟာမြင့်မြတ်တဲ့လူဖြစ်လို့ သက်တောင့်သက်သာရှိပါတယ်"တဲ့။
နောက်ဆုံးစာကြောင်းက စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့လူဟာ အိမ်ကိုရိုးရှင်းတယ်လို့ မမြင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ မင်းက လိမ္မာတဲ့ကလေးပါ။ ဒီသစ်သားအိမ်ပတ်ဝန်းကျင်ကို ရိုးရှင်းတယ်လို့ မမြင်ဘူးမဟုတ်လား"
"အင်း"
ယွမ်ကျိ လက်သီးနှစ်ဘက်ဆုပ်၍ အလေးအနက်ခေါင်းငြိမ့်သည်။
ယခု ကံကြမ္မာက တစ်ပတ်လည်လာသည်။
ပြတ်သားစွာထွက်သွားသည့်ယွမ်ကျိကို ဝစီပိတ် စိတ်ပျက်လက်ပျက်ကြည့်နေသည်။ စိတ်ဓာတ်ကျသွားသည်။
သိပ်မကြာမီ လုယန် ထောင်ထဲသို့ ပြန်ပြေးဝင်လာသည်။ ဝစီပိတ် အားတက်သွားသည်။
"တပည့်လေး၊ ရှောင်ယွမ်ကမင်းကို လွှတ်လိုက်တာလား"
လုယန် ခေါင်းငြိမ့်သည်။
ဝစီပိတ် ပို၍အားတက်သွားသည်။
"တပည့်အလိမ္မာလေး။ မင်းက ရွှေသန္ဓေတောင်တည်ဆောက်ပြီးပြီပေါ့။ ပထမအဆင့်ရွှေသန္ဓေပဲ။ အရင်က ငါမင်းကို ကောင်းကောင်းမသင်ပေးခဲ့ရဘူး။ ငါဒီကထွက်တာနဲ့ မင်းရဲ့ကျင့်ကြံမှုအတွက် သေချာပေါက်လမ်းပြပေးမှာပါ"
လုယန် အနေခက်လာဟန်ဖြင့် ခေါင်းတစ်ချက်ကုတ်သည်။
"အမယွမ်က ကျုပ်ကို အစားအသောက်သွားပို့ဖို့ပြောလိုက်တာပါ"
"...အစားအသောက်ယူလာတာလည်း ကောင်းပါတယ်လေ"
လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ အစားအသောက်ဘူးများထုတ်လိုက်သည်။ အဖုံးမဖွင့်မီပင် မွှေးပျံသည့်ရနံ့က ဝေ့ဝဲလွင့်ပျံလာသည်။ ရက်အတော်ကြာ ဥပုသ်စောင့်ခဲ့ရသည့်ဝစီပိတ် နှာခေါင်းတရှုံ့ရှုံ့ဖြစ်လာသည်။ ထိုအစားအသောက်သည် မဟာယန်ကောင်တီ၏ အကောင်းဆုံးစားသောက်ဆိုင်မှဖြစ်ကြောင်း သူသိသည်။
ထို့နောက် လုယန်က အစားအသောက်ဘူးများကို တစ်ခြားထောင်ခန်းတံခါးများရှေ့သို့ သွားချပေးသည်။ ဝစီပိတ်တံခါးရှေ့သို့ရောက်ချန်တွင် တစ်ခုမှမကျန်တော့။
"ငါ့အတွက်ကရော"
ဝစိပိတ် မင်သက်မိသွားသည်။ ယခု အစားအသောက်နံ့ကြောင့် သူသွားရေယိုနေပြီဖြစ်သည်။
လုယန်က အရိုးခံမျက်နှာဖြင့် ပြောသည်။
'အမယွမ်ကပြောတယ်။ ထောင်ထဲမှာ အနိုင်ကျင့်တာမျိုးတွေ ခဏခဏဖြစ်တတ်တယ်တဲ့။ ဆရာ့လိုအသက်ကြီးပြီး အားနည်းနေတဲ့လူကို အနိုင်ကျင့်ကြမှာကို အမယွမ်စိုးရိမ်တယ်။ ဒါကြောင့် ကျူးယွမ်စားသောက်ဆိုင်ကနေ အစားအသောက်တွေမှာပြီး ဆရာ့ရဲ့ ထောင်ကျဘက်တွဆီ ကျွန်တော့်ကို သွားပို့ခိုင်းတာပါ။ အဲလိုဆို သူတို့က ဆရာ့ကို အနိုင်ကျင့်တော့မှာ မဟုတ်ဘူးလေ"
ဝစီပိတ် - "..."
ဘေးမှ တရားရေးဝန်ကြီးက ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။ တစ်တောင်ထက်တစ်တောင်မြင့်သည်ဆိုသည်မှာ တကယ်မှန်သည်။ ဥပဒေမဲ့ရမ်းကားသည့် တာအိုရှင်ဝစီပိတ် သူ့တပည့်ရင်း၏ နှိပ်ကွပ်ခြင်းခံရမည်ဟု ဘယ်သူထင်မိမည်နည်း။
ကောင်းလေစွ။
အစားအသောက်ပို့ပြီးနောက် လုယန် ထောင်ထဲမှထွက်လာပြီး ယွမ်ကျိနှင့် ကောင်တီဂိတ်တံခါးတွင် သွားတွေ့သည်။
ယွမ်ကျိ တိမ်တိုက်တစ်ခုဆင့်ခေါ်သည်။ လုယန်ကိုခေါ်သွားသည်။
ထူးဆန်းသည်။ ယွမ်ကျိက လမ်းသွားလမ်းလာများ မျက်စိရှေ့တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သို့သော် ယွမ်ကျိနှင့်လုယန် ရှိမနေသကဲ့သို့ပင်ဖြစ်သည်။ ဘယ်သူမှ အရေးမစိုက်ကြ။
တိမ်ပေါ်တွင်စီးရင်း လုယန်စပ်စုလိုက်သည်။
"အမယွမ်၊ ဆရာရောင်းလိုက်တဲ့ ပညာရပ်က သူခိုးဘိုးဘေးကျင့်ကြခဲ့တဲ့ ပညာရပ်အစစ်လား"
ထာဝရနတ်မယ်ထံမှ လုယန်သတင်းကြားပြီးဖြစ်သည်။ ဤပညာသည် ထူးခြားသည်။ သေမျိုးများဖန်တီးခဲ့ခြင်းဟုတ်ဟုဆိုသည်။
ယွမ်ကျိက တိမ်ပေါ်တွင်ရပ်၍ ကောင်းကင်ပြာကိုမော့ကြည့်နေသည်။ နေရောင်ချီက တိမ်လွှာကို ထိုးခွဲသည်။ တိမ်တိုက်ကြားမှ အလင်းတန်းများ ထိုးကျလာသည်။
သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဖြေးဖြေးချင်းပြောသည်။
"ဆရာနဲ့ သူခိုးဘိုးဘေးကြားက ဆက်ဆံရေးအရဆိုရင် ဒီပညာက အစစ်ပဲဖြစ်လောက်တယ်"
"ဆရာနဲ့သူခိုးဘိုးဘေးကြားက ဆက်ဆံရေး..."
"အသက်ချင်းကွာပေမယ့် သူခိုးဘိုးဘေးနဲ့ဆရာက မိတ်ဆွေတွေပါ။ သူခိုးဘိုးဘေးက ကံရေစက်ပါတဲ့တပည့်တစ်ယောက်လိုချင်တယ်။ သူ့ပညာရပ်လေးပုံတစ်ပုံကို ဖြန့်ဝေဖို့ ဆရာ့ကို တာဝန်ပေးတယ်။ ဒီလေးပုံတစ်ပုံကို လေ့ကျင့်နိုင်တဲ့ ဘယ်သူမဆို သူ့တပည့်အဖြစ်လက်ခံမယ်တဲ့"
"ဒါဆို သူခိုးဘိုးဘေးက မသေမသေးဘူးပေါ့။ အခုထိ အသက်ရှင်နေသေးတယ်ပေါ့"
"အတော့်ကို ကောင်းကောင်းမွန်မွန် အသက်ရှင်နေပါတယ်"
…
ယွမ်ကျိနှင့် လုယန်ထွက်သွားပြီးနောက် မိုတန်ရှင်းအတော်ကြာအောင် စဉ်းစားသည်။ တရားရေးဝန်ကြီးကို ဤနေရာတွင် ထောင်ချထား၍မဖြစ်။
ဝန်ကြီးစိတ်ဆိုးမည်ကို သူမကြောက်ပါ။ သို့သော် တရားစီရင်ရေးဌာနသည် ဝန်ကြီး၏ဆုံးဖြတ်ချက်များစွာလိုအပ်သည်။ သူ့ကို ဆယ်ရက်ဆယ့်ငါးရက်လောက် ထောင်ချထားလိုက်သည်နှင့် ဝန်ကြီးဌာနတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်မည်။
"ကင်းလွတ်ခွင့်ပုဒ်မတစ်ခု ရှိတယ်ထင်တယ်...တွေ့ပြီ"
ရာဇဝတ်ဥပဒေမှ စာပိုဒ်တစ်ပိုဒ်ကို သူတွေ့သည်။ ရာဇဝတ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသည့် အခြေအနေခြောက်ခုထဲမှ တစ်ခုဖြစ်သည်။
ထိုစာပိုဒ်က ဖော်ပြထားသည်။ တရားရေးဝန်ကြီးက ရှင်းပြချက်ပေးပြီးလျှင် ထိုရာဇဝတ်ပြစ်ဒဏ်ကီု ဆက်လက်ဆောင်ရွက်ရန် မလိုအပ်။
ဒေသခံအာဏာပိုင်များက ထိုကင်းလွတ်ခွင့်ဥပဒေကို စီရင်ပိုင်ခွင့်မရှိ။ တရားရေးဝန်ကြီးသာ ထိုအခွင့်အာဏာမျိုးရှိသည်။
မိုတန်ရှင်း အခြေအနေကို အမြန်ရေးချပြီး တရားရေးဝန်ကြီးရုံးသို့ ချက်ချင်းပို့လိုက်သည်။
......
တရားရေးဌာန၏ဒုဝန်ကြီးထံ မဟာန်ယန်ကောင်တီမှ အစီရင်ခံစာ ချက်ချင်းရောက်လာသည်။ ဒေသခံအရာရှိတစ်ယောက် သိသိလျက်နှင့် ဥပဒေဖောက်ဖျက်ပြီး အကျဉ်းသားတစ်ယောက် ထွက်ပြေးနိုင်အောင် ပေါ်ပေါ်ထင်ထင် ကူညီခဲ့သည်။ သို့သော် ထိုအရာရှိ၏ အရေးပါမှုကြောင့် ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုထားသည်။
ဒုဝန်ကြီး နှာခေါင်းရှုံ့လိုက်သည်။
"မိုတန်ရှင်းကို လူမှန်ကြီးမိုလို့ ခေါ်ကြတယ်လို့ ကြားထားတာ။ ထင်သလောက်လည်း မဟုတ်ပါလား။ သိလျက်နဲ့ဥပဒေချိုးဖောက်တဲ့ အရာရှိဆိုရင် ပိုပြီးတောင် ပြင်းပြင်းထန်ထန်အပြစ်ပေးရမှာ။ အခုတော့ ကင်းလွတ်ခွင့်အကြောင်း လာပြောနေတယ်ပေါ့။ အတော်ရယ်စရာကောင်းတာပဲ။
ဒီအရာရှိဆိုတာက ရုံးတော်မှာ အဆက်အသွယ်တွေရှိလို့လား။ ဒါမှမဟုတ် မိုတန်ရှင်းကို လာဘ်ထိုးထားလို့လား။
ဒါပေမယ့် ကင်းလွတ်ခွင့်ဆိုတာ ဝန်ကြီးရှုရဲ့ ထောက်ခံချက်လိုတယ်။ ငါသဘောတူရင်တောင် ဝန်ကြီးရှုက လက်ခံမှာမဟုတ်ဘူး။
ကြည့်ရအောင်...ဘယ်အရာရှိကများ ဥပဒေချိုးဖောက်...ဟာ...ဝန်ကြီးရှုလား"
ဒုဝန်ကြီး မျက်လုံးကိုပွတ်၍ မျက်လုံးကြည်လင်စေသည့် မှော်ပညာသုံးခုသုံးလိုက်သည်။ ယန်ကောင်တီအစီရင်ခံစာကို နောက်တစ်ကြိမ်ပြန်ဖတ်သည်။ အိပ်မက်မက်နေသည်ဟု ထင်မိသည်။
မနေ့က စားသောက်ပွဲအတွင်း ဝန်ကြီးရှု ရုတ်တရက်ပျောက်သွားတယ်ကြားတယ်။ ဒါဆိုသူက ယန်ကောင်တီအကျဉ်းထောင်ကိုသွားတာလား"
ဒုဝန်ကြီးမျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်နေသည်။ ရာဇဝတ်ဥပဒေအရ ထိုကင်းလွတ်ခွင့်ကိစ္စသည် သူ့အထက်လူကြီးဖြစ်သည် တရားရေးဝန်ကြီး၏ ထောက်ခံချက်လိုသည်။
ဝန်ကြီးရှုကလည်း သေချာက်ပေါက် ထောက်ခံပေလိမ့်မည်။
သို့သော် ပြဿနာက ဝန်ကြိုးကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ ဥပဒေအရ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ ကိုယ်ဘာသာဆုံးဖြတ်ချက်ချ၍ မရ။