မုန်ကျင်းကျိုးရွှေသန္ဓေ
Vol. 20 Ch. 289
ဥပဒေ၏အသက်သည် တည်တံ့ခြင်း၌တည်မီနေသည်။ ဥပဒေတည်တံ့ခိုင်မြဲ၍ မဟာရှားနိုင်ငံ၏ ကံကြမ္မာ ခိုင်မာနေခြင်းဖြစ်သည်။
မဟာရှားနိုင်ငံဥပဒေကို ချိုးဖောက်ရဲသူရှားသည်။ အထူးသဖြင့် အပြင်းထန်ဆုံးရာဇဝတ်ဥပဒေများကို ဖောက်ဖျက်သူရှားသည်။
ဥပဒေ ပြဌာန်းထားသော်လည်း မထင်မှတ်သည့်အခြေအနေများ အမြဲတမ်းပေါ်လာတတ်သည်။
ဥပဒေအရ အပြစ်ပေးသင့်သော်လည်း အခြေအနေအရ အပြစ်ပေးဖို့မလိုသည့် ကိစ္စမျိုးဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ရာဇဝတ်ဥပဒေက တရားရေးဝန်ကြီးကို အာဏာအပ်နှင်းထားသည်။ ကင်းလွတ်ခွင့် ပေးပိုင်ခွင့်ရှိသည်။
ထိုအာဏာသည် ဘုရင့်မိသားစုများ လူကုံထံမိသားစုများ အလွယ်တကူပြစ်ဒဏ်ရှောင်ရှားနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လာသည်။
သို့သော် တကယ့်လက်တွေ့တွင် ထိုအခြေအနေမျိုး ကြုံကြိုက်ခဲသည်။ အဓိကအကြောင်းရင်းက မသေမျိုးငါးဂိုဏ်း၏ နောက်ခံအရှိန်အဝါကြောင့်ဖြစ်သည်။ တရားရေးဝန်ကြီးဌာနက လက်လွတ်စပယ်မလုပ်ရဲ။
ဥပဒေပြုပညာရှင်များပင် ယနေ့လို တရားရေးဝန်ကြီး ထောင်ကျနေသည့်အဖြစ်မျိုးကို ကြိုတွေးမိခဲ့မည်မဟုတ်။
နန်းတော်ဘိုးဘေးခန်းမထဲတွင် အင်ပါယာရှား စိတ်ပျက်လက်ပျက် နားထင်နှစ်ဘက်ကို လက်ဖြင့်ပွတ်နေသည်။
ဘာကြောင့် တာအိုလမ်းစဉ်ဂိုဏ်းနှင့် ပတ်သက်သည့်ကိစ္စအားလုံးသည် အလှည့်အပြောင်းသစ်များ ရှိနေရသည်မသိ။
သူသတင်းနှစ်ခုရထားသည်။ ထာဝရမြို့ပျက်တွင် မတည်ရှိခဲ့သည့် ရှင်းဟွာနိုင်ငံတော်အကြောင်း ယွမ်ကျိသဲလွန်စရသည်။ ထိုကိစ္စက အရေးမကြီးပါ။ သူတို့ ထိုနိုင်ငံအကြောင်း ဖြေးဖြေးချင်းစုံစမ်းနိုင်သည်။
ရှေးဟောင်းမသေမျိုး၏ လှိုဏ်ဂူအမ်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ သယ်သွားချင်ကြောင်း ယွမ်ကျိတောင်းဆိုသည်။ သူသဘောတူပေးနိုင်သည်။
ဒုတိယသတင်းက တရားရေးဝန်ကြီး ဝစီပိတ်နှင့်အတူ ထောင့်ကျနေသည့်သတင်းဖြစ်သည်။
ဝန်ကြီး ထောင်ထဲမှ ထွက်သွားရဲလျှင် ရှားနိုင်ငံသည် အကျင့်ပျက်၍ တရားမျှတမှုမရှိပါဟု ဝစီပိတ်က သတင်းဖြန့်မည်။
ဝစီပိတ်ထွက်သွားလျှင်လည် ဝန်ကြီးက သေချာပေါက်တားပေလိမ့်မည်။
တကယ့်အကျဉ်းအကြပ်ဖြစ်သည်။
"ရှုရှင်ကို ငါလွှတ်ပေးလိုက်ရမလား"
အင်ပါယာရှား ခပ်တိုးတိုးရေရွတ်သည်။ အင်ပါယာတစ်ယောက်ဖြစ်၍ သူ့လက်အောက်ခံများကို လွှတ်ပေးနိုင်သည့်အာဏာရှိသည်။
ခဏစဉ်းစားပြီးနောက် ထိုစိတ်ကူးကိုစွန့်လွှတ်ပြီး တစ်ခြားအမိန့်တစ်ခု ထုတ်လိုက်သည်။
"တရားစီရင်ရေးဝန်ကြီးဌာနတစ်ခုလုံး မဟာယန်ကောင်တီကို ပြောင်းစေ"
.....
"ဪ...ဒါကြောင့် မင်းတို့အားလုံး ငါ့ကိုထောင်ထဲမှာ လာတွေ့ကြတာပေါ့"
ဝန်ကြီးရှု သူ့လက်အောက်ခံအရာရှိများကို ဒေါသမျက်လုံးဖြင့် စိုက်ကြည့်သည်။
"မင်းကြီးရဲ့အမိန့်ပါ။ ကျုပ်တို့ လွန်ဆန်လို့မရဘူး"
ဒုဝန်ကြီးက မျက်နှာတည်တည်ဖြင့် ပြောသည်။ သို့သော် အခြေအနေက ရယ်စရာကောင်းလွန်းသည်။ သူနှင့် မိတ်ဆွေအရာရှိမျာ ရယ်ချင်စိတ်ကို အတင်းထိန်းထားရသည်။
ဝစီပိတ်က အနားတွင်ဆောင့်ကြောင့်ထိုင်နေသည်။ လောကဝတ်အရ ဒုဝန်ကြီးနှင့် တစ်ခြားလူများ သူ့ကိုနှုတ်ဆက်ချင်သည်။ သို့သော် တင်းမာနေသည့် ဝန်ကြီးမျက်နှာကြောင့် နှုတ်မဆက်ရဲကြ။
"ဝန်ကြီးရှု။ ဒါပြီးခဲ့တဲ့နှစ်ရက်အတွင်းက စာရွက်စာတမ်းတွေပါ။ စီစစ်ပေးပါဦး"
ဒုဝန်ကြီးက မှတ်တမ်းတစ်ချို့ပေး၍ လေးလေးစားစာပြောသည်။
ဝန်ကြီးရှု နှာခေါင်းတစ်ချက်ရှုံ့သည်။
"ထားခဲ့"
အစက "ရက်ပိုင်းလောက်စောင့်ပါ။ မင်းကြီးစိတ်ပြေသွားလျှင် ခွင့်လွှတ်ပါလိမ့်မည်"ဟု ဒုဝန်ကြီးပြောချင်ခဲ့သည်။ သို့မဟုတ် အစားအသောက်တစ်ခုခု လိုသလားဟု ပြောချင်ခဲ့သည်။ သို့သော် သူအသံတိတ်နေလိုက်သည်။
အရာရှိများ ထောင်ခန်းထဲမှ ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ်မှ မှတ်တမ်းများကို ကောက်ယူ၍ စစ်ဆေးသည်။
သူမျက်မှောင်ကျုံ့သွားသည်။ အတော်အလိုမကျဖြစ်နေသည်။
"ရယ်စရာကောင်းလိုက်တာကွာ။ ဒီစနစ်ကို ငါအများကြီးစဉ်းစားပြီးမှ စီစဉ်ခဲ့တာ။ ကောင်တီမျိုးစုံမှာ စမ်းသပ်အကောင်အထည်ဖော်တုန်းက အားလုံးအဆင်ပြေပါတယ်။ ဘယ်လိုလုပ်အမှားရှိနိုင်မှာလဲ"
ဝစီပိတ် မှတ်တမ်းအကြောင်းအရာကို တစ်ချက်လှမ်းကြည့်ပြီးနောက် အကြမ်းဖျင်းအခြေအနေကို နားလည်သွားသည်။ ထိုမှတ်တမ်းတွင် စနစ်တစ်ခုသည် အကျိုးမရှိဟုဖော်ပြထားသည်။ ကောင်တီ၏ အလုပ်တာဝန်ပိစေသဖြင့် ဖျက်သိမ်းဖို့ အကြံပြုထားသည်။ သို့သော် ဤစနစ်သည် ရှုရှင်းကိုယ်တိုင် ဂုဏ်ယူရသည့်စနစ်ဖြစ်နေသည်။ တစ်ခြားလူများ သူ့စနစ်ကို ဝေဖန်ကြသည်ကိုမကြိုက်။
ဝစီပိတ် ဟက်ခနဲရယ်လိုက်သည်။
"မင်းကိုယ်မင်း အမှားကင်းတဲ့သူတော်စင်လို့ ထင်နေတာလား။ အဲလောက်အစွမ်းအစရှိနေရင် မင်းဘာလို့ အင်ပါယာမဖြစ်တာလဲ"
ဝန်ကြီးရှု ပို၍ပင် အလိုမကျဖြစ်သွားသည်။ ဝစီပိတ်ကို အေးစက်စက်စိုက်ကြည့်သည်။ သူ့လက်အောက်ငယ်သားများဆိုလျှင် သူ့ကိုထိုသို့ပြောရဲမည်မဟုတ်။ သို့သော် ဝစီပိတ်က သူ့ကိုမကြောက်။
ရွှေသန္ဓေ၊ နတ်ဝိညာဉ်၊ ဝိညာဉ်ပြောင်း။ သုံးဆင့်လုံးတွင် ဝစီပိတ်က ရှုရှင်းကို အနိုင်ရခဲ့သည်။
ဝစိတ်ပိတ်က ခရီးအသွားအလာများသည်။ ရာဇဝတ်ဥပဒေ အတွေ့အကြုံကျယ်ပြန့်သည်။ ဥပဒေသဘောတရားများကို ရှုရှင်းလိုပင် ကျွမ်းကျင်သည်။
"...အတည်ပြုပြဌာန်းရတဲ့ အဓိပ္ပါယ်ကို မင်းထည့်စဉ်းစားဖူးလား။ ဥပဒေပညာရှင်တွေရဲ့ မူလရည်ရွယ်ချက်က..."
"...ဥပဒေထဲက ဟာကွက်ကို မင်းမေ့နေတာပဲ..."
"...ငါ့ကို သဘောတရားတွေ လာမပြောနဲ့ကွ။ တကယ့်လက်တွေ့မှာ...."
နှစ်ယောက်သား အကျိတ်အနယ်ငြင်းခုန်ကြသည်။ ဘယ်ဘက်ကမှ အလျှော့မပေးကြ။ တစ်ခြားအကျဉ်းသားများ မကြားနိုင်အောင် အသံလုံမှော်စက်ဝန်းများပင် ကာထားသည်။
နောက်ဆုံးတွင် ဝန်ကြီးရှု လေသံပျော့သွားသည်။ အရှိန်လျော့လာသည်။ ဝစီပိတ်ပြောသည့်စကားများက ကျိုးကြောင်းယုတ္တိရှိသည်ဟု လက်ခံလာသည်။
"ပါးစပ်ပိတ်ထားစမ်းပါ။ ငါစဉ်းစားကြည့်ဦးမယ်"
ဝန်ကြီးရှု ခေါင်းငုံ့စဉ်းစားနေသည်။ ဝစီပိတ်သည် ပရမ်းပတာနိုင်သော်လည်း ထိုကိစ္စများကို လုံးဝနောက်ပြောင်ခြင်းမရှိ။ သူထိုသို့ပြောသည်ဆိုလျှင် အလေးအနက်ပြောခြင်းသာ ဖြစ်ရမည်။
အင်ပါယာရှားကလည်း ထိုသို့ဖြစ်အောင် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ရှုရှင်းသည် နိုင်ငံအတွက် စိတ်နှစ်ပြီး မရပ်မနားအလုပ်လုပ်သည်။ ဥပဒေ၏ ဟာကွက်များကို ဖြည့်သည်။ မသင့်တော်သည့် ဆုံးဖြတ်ချက်တစ်ချို့လည်း လုပ်မိသည်သာဖြစ်သည်။
ထိုကိစ္စများကို အင်ပါယာရှားလည်း မကျွမ်းကျင်။ ရှုရှင်း၏ ရှားနိုင်ငံဥပဒေကျွမ်းကျင်မှုက ပြိုင်ဘက်ကင်းသည်။ သူနှင့်ယှဉ်ဆွေးနွေးနိုင်သူ ရှားလှသည်။
ရှုရှင်းဆုံးဖြတ်ချက်များ မှန်သည်မှားသည်ဟု အင်ပါယာရှား ပိုင်သေမပြောနိုင်။ တစ်ချို့ကိစ္စများသည် မသင့်တော်ဟုခံစားရသည်သာရှိသည်။ ထိုကိစ္စတိုးတက်အောင် မည်သို့လုပ်ရမည် မသိခဲ့။
ကံကောင်းထောက်မစွာဖြင့် ဥပဒေကျွမ်းကျင်၏ အတွေ့အကြုံကြွယ်သည့် ဝစီပိတ်ရောက်လာသည်။ ရှုရှင်းနှင့် ဥပဒေအကြောင်းဆွေးနွေးဖို့ အသင့်တော်ဆုံးလူဖြစ်သည်။
အင်ပါယာရှားက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူတို့နှစ်ယောက်ကို ဆွေးနွေးစေခြင်းဖြစ်သည်။
ရှုရှင်း ကိုယ့်လိုအပ်ချက်များကို သဘောပေါက်လာလျှင် သူ့ကိုလွှတ်ပေးနိုင်သည်။
....
ယွမ်ကျိနှင့် လုယန်တို့ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် တောနက်မှပြန်လာသည့် မုန်ကျင်းကျိုးနှင့်တွေ့သည်။
တောနက်ထဲတွင် မုန်ကျင်းကျိုး ဉာဏ်အလင်းပွင့်ခဲ့သည်။ နတ်ဆိုးချုပ်တောင်ကြားသို့ပြန်၍ သူ့သန္ဓေကိုတည်ဆောက်ခဲ့သည်။ ထို့နောက် ဂိုဏ်းသို့ပြန်လာသည်။ ထောင်ယော်ယဲ့နှင့်အရိုးရိုင်းတို့ကတော့ တောနက်ထဲတွင် လေ့ကျင့်ရေးဆက်လုပ်နေခဲ့သည်။
အပြန်လမ်းတွင် တစ်ချို့သူဌေးသားတစ်ချို့ ကြွားလုံးထုတ်သည်နှင့် ကြုံရသဖြင့် သူ့နောက်ခံကို ထုတ်ပြောပြီး အရှက်ခွဲခဲ့သည်။ သို့သော် ထိုကိစ္စက ပြောရလောက်အောင် အရေးမကြီးပါ။
"ဟားဟား၊ ငါလည်း သန္ဓေတည်ဆောက်ပြီးပြီကွ"
လုယန်ကိုမြင်သည်နှင့် သူကြွားလုံးထုတ်သည်။ လုယန်ဘယ်လိုရွှေသန္ဓေမျိုးတည်ဆောက်ခဲ့သည်ကို မသိသော်လည်း သူ့ကိုယ်ပိုင်ရွှေသန္ဓေကသာ အသန်မားဆုံးနှင့် ပြိုင်ဘက်အကင်းဆုံးဟု ယုံကြည်သည်။
"မင်းကိုပြောပြမယ်။ ငါ့ရွှေသန္ဓေမျိုး အရင်ကတစ်ခါမှမရှိဖူးဘူးကွ။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရဲ့ ကံကြမ္မာကို ငါချိုးဖျက်တော့မယ်"
မုန်ကျင်းကျိုး စိတ်အားတက်ကြွလွန်းသဖြင့် ကူးဖြတ်ခြင်းအဆင့်တက်ပြီးစလူလို ဆောင့်ကြွားကြွားဖြစ်နေသည်။
လုယန်လည်း တကယ်အံ့အားသင့်သွားသည်။
"မင်းမှာ ဒီလိုစွမ်းရည်မျိုးရှိတယ်ပေါ့။ ဘယ်လိုရွှေသန္ဓေမျိုး တည်ဆောက်ခဲ့တာလဲ"
မုန်ကျင်းကျိုးက ရယ်မော၍ လုယန်ကို လက်ဖက်ရည်ဆိုင်တစ်ခုသို့ ဆွဲခေါ်သွားပြီး လက်ဖက်ရည်သောက်ရင်း ဆက်ကြွားသည်။
"မင်းသိတဲ့အတိုင်းပဲ။ ငါက တစ်ကိုယ်တော်ဝိညာဉ်မြစ်ဆိုတော့ သန္ဓေတည်ဆောက်ရင် တစ်ကိုယ်တော်ရွှေသန္ဓေဖြစ်လာမှာပဲလေ"
လုယန်ခေါင်းငြိမ့်သည်။ အထီးကျန်တာအိုရှင်၏ ရွှေသန္ဓေအတွေ့အကြုံများ သူဖတ်ဖူးသည်။
"ဒါဆိုမင်းက တစ်ကိုယ်တော်ရွှေသန္ဓေတ်ဆောက်လိုက်တာလား"
မုန်ကျင်းကျိုးက ချက်ချင်းပြန်မဖြေ။ လက်ဖက်ရည်တစ်ခွက် စားပွဲပေါ်တင်သည်။
"ဒါက လူတစ်ယောက်။ တစ်ကိုယ်တော်ပေါ့"
ထို့နောက် နောက်ထပ်လက်ဖက်ရည်ခွက်တစ်လုံး တင်သည်။
"ဒါလည်း လူတစ်ယောက်ပဲ။ တစ်ကိုယ်တော်ပဲ"
ထို့နောက် ခွက်နှစ်လုံးကို ထိခတ်လိုက်သည်။ ကြည်လင်သာယာသည့်အသံ ထွက်လာသည်။ အချိန်ကြာမြင့်စွာ သူတွေးထားသည့်သုံးသပ်ချက်ကို ကြေညာလိုက်သည်။
"တစ်ကိုယ်တော်နှစ်ခုဆိုရင် တစ်စုံဖြစ်သွားတယ်မဟုတ်လား"
"အင်း...အဲဒီတော့..."
"အဲဒီတော့ တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခု ငါတည်ဆောက်ခဲ့တာပေါ့"