← Chapters

ညီမျှသော အလဲအလှယ်

Vol. 20 Ch. 290

ညီမျှသော အလဲအလှယ်

Vol. 20 Ch. 290

လုယန် နောက်သို့အနည်းငယ်မှီလိုက်သည်။ မုန်ကျင်းကျိုးရွှေသန္ဓေအကြောင်း သိရသဖြင့် အံ့အားသင့်သွားသည်။

တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခု။

အထီးကျန်တာအိုရှင်သည်ပင် ထိုကဲ့သို့လုပ်ရဲမည်မထင်။ တကယ် တစ်ခါမှမရှိခဲ့ဖူးသည့် ရွှေသန္ဓေမျိုးဖြစ်သည်။

အတွေးကို သေချာစီစဉ်၍ လေသံပျော့ဖြင့် ပြောလိုက်သည်။

"တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခုဆိုရင် မင်းပိုပြီးတစ်ကိုယ်တော်ဖြစ်မသွားနိုင်ဘူးဆိုတာ သေချာရဲ့လား"

မုန်ကျင်းကျိုး လက်ဝှေ့ယမ်းပြသည်။

"မင်းနားမလည်ပါဘူး။ အစွန်းနှစ်ခုဆုံတွေ့တယ်ဆိုတဲ့ စကားလိုပေါ့။ အရာတစ်ခုဟာ အဆုံးစွန်ကိုရောက်လာရင် ဆန့်ကျင်ဘက်ကိုပြောင်းသွားတယ်။ ငါ့ရွှေသန္ဓေလည်း ဒီလိုပဲလေ။ တစ်ကိုယ်တော်သဘာဝ အဆုံးကိုရောက်သွားပြီဆိုရင် အကောင်းဘက်ကို ပြောင်းလာမှာပေါ့။ မိန်းမတွေကြားမှာ ငါပိုပြီးရေပန်းစားလာမယ်လေ။ ငါပြန်လာတုန်းကတောင် လှေပျံပေါ်မှာ ကြုံခဲ့ရသေးတယ်"

"ဘာကြုံခဲ့တာလဲ"

"လှေပျံပေါ်မှာ မထင်မရှားနေရာက သူဌေးသားတစ်ယောက် တစ်ခြားလူတွေကို အနိုင်ကျင့်နေတယ်။ သူချမ်းသာကြောင်း ကြွားလုံးထုတ်နေတယ်။ ငါသည်းမခံနိုင်တော့လို့ ငါဟာမုန်မိသားစုရဲ့ အကြီးဆုံးသားပါလို့ပြောလိုက်တယ်။ သူအရမ်းကြောက်သွားပြီး ဒူးထောက်တောင်းပန်တယ်။ အဲဒီအချိန်မှာ မိန်းမလှလေးတွေက ငါ့ဆွဲဆောင်မှုကြောင့်အနားကိုဝိုင်းလာကြတယ်လေ"

"...မင်းက တကယ်ကိုယ့်စိတ်ကိုယ်လှည့်စားနေတာပဲ"

လုယန်၏မှတ်ချက်ကို မုန်ကျင်းကျို မကြားချင်ယောင်ဆောင်နေသည်။ တောက်ပသည့်အနာဂတ်ကို မြင်နေရသကဲ့သို့ မျက်လုံးများ အရောင်လက်နေသည်။

"ဘယ်လိုပဲ ပြောပြော၊ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျိန်စာကို ငါချိုးဖျက်နိုင်ခဲ့ပြီ။ ငါပြန်မွေးဖွားတော့မယ်ကွ"

"ဟေ့၊ ဒီကောင်လေးရဲ့ ရွှေသန္ဓေက စိတ်ဝင်စားစရာပဲ"

နတ်မယ်၏ စကားသံကြောင့် လုယန်အာရုံစိုက်မိသွားသည်။

"ဘာကိုပြောချင်တာလဲ နတ်မယ်"

မုန်ကျင်းကျိုး တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျိန်စာကို တကယ်ချိုးဖျက်နိုင်ခဲ့ပြီလားမသိ။

"မှော်ကျိန်စာဆိုတာ နင်ကြားဖူးလား"

နတ်မယ်က ထူးထူးဆန်းဆန်းမေးသည်။

လုယန် ခေါင်းခါသည်။ ရှေးဟောင်းအရိုင်းမျိုးနွယ်တို့သုံးသည့် ကျိန်စာများမှလွဲ၍ ဘာကျိန်စာမှ သူမကြားဖူး။

"ဒီလိုမှော်စွမ်းအားမျိုးကို ကျိန်စာလို့ခေါ်တယ်။ အလဲအလှယ်သဘော ဒါမှမဟုတ် စည်းမျဉ်းတစ်ခုလို သဘောမျိုးပါပဲ။ တူညီတုံ့ပြန်ပညာလို့ခေါ်တယ်။ အဲဒီ့ပညာမျိုးသုံးမယ်ဆိုရင် နင်ဘာပဲဆုံးရှုံးဆုံးရှုံး တစ်ခြားတစ်ခု ပြန်ရတယ်။

ဥပမာ ပြောရရင် နင်ကဉာဏ်ကောင်းတယ်မဟုတ်လား။ အဲဒီ့တူညီတုံ့ပြန်ပညာနဲ့ နင့်ဉာဏ်ရည်ကို လျှော့ချပြီး တိုက်ခိုက်စွမ်းအားတိုးအောင် လုပ်လို့ရတယ်"

"အံ့ဩစရာပါလား"

လုယန် အတော်အံံဩသွားသည်။

နတ်မယ်က သူ့ကိုသဘောကျဟန်ဖြင့်ကြည့်သည်။

"ဟား..အခု ငါဘယ်လောက်ဗဟုသုတများလဲ နင်သိပြီမဟုတ်လား။ နင်တို့ခေတ်မှာ ဘယ်သူမှ ဒီပညာမျိုးမတတ်ဘူးဆိုတာ ငါပြောရဲတယ်။ နင့်ခေတ်မှာ ဒီပညာအကြောင်းသိတာ နင်ပထမဆုံးပဲ"

"ဒီမှော်ပညာကို ခင်ဗျားသုံးနိုင်လား နတ်မယ်"

လုယန် အတော်စိတ်ဝင်စားနေသည်။ ထိုသို့အလဲအလှယ်လုပ်နိုင်သည့် ပညာမျိုးတတ်ထားလျှင် ပြိုင်ဘက်ကင်းဖြစ်လာနိုင်သည့် သဘောပင်ဖြစ်သည်။

သို့သော် နတ်မယ်က ခေါင်းခါပြသည်။

"ဘယ်သူမှ ဒီပညာကို မသင်နိုင်ဘူး။ ဒါမှမဟုတ် သင်ချင်တဲ့လူတွေ ဘယ်တော့မှသင်နိုင်မှာမဟုတ်ဘူးလို့ ပြောရင်လည်းရတယ်"

လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။ သင်ချင်သူများ မသင်နိုင်ဟုဆိုလျှင် မသင်ချင်သူများ သင်နိုင်သည့်သဘောများ ဖြစ်လေမလား။

"ဟုတ်တယ်၊ မသင်ချင်တဲ့လူတွေ ဒီပညာကို တတ်နိုင်တယ်"

နတ်မယ်ဆက်ပြောသည်။

"တူညီတုံ့ပြန်ပညာဆိုတာ သင်စရာမလိုဘူး။ အချိန်အခါသင့်တာနဲ့ အလိုလိုကျိန်စာတိုက်ပြီးသားဖြစ်သွားတာ။ ကျိန်စာတိုက်လိုက်တဲ့လူတွေတောင် ကိုယ့်ကိုယ်ကို အဲလိုလုပ်လိုက်မိပြီဆိုတာ မသိကြဘူး။

လူသားသမိုင်းမှာ ဒီမှော်ကျိန်စာမျိုး ပထမဆုံးသုံးလိုက်တဲ့လူမျိုးပဲ။ တမင်သင်တာ ဒါမှမဟုတ် ကျိန်စာတိုက်လိုက်တာမဟုတ်ဘူး။ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့သဘောပဲ"

"သဘော‌ပေါက်ပါပြီ"

လုယန်စိတ်ပျက်သွားသည်။ မှောပညာအသစ်တစ်ခု သင်ရတော့မည်ဟု သူတကယ်ထင်ထားခဲ့သည်။

ထို့နောက် တစ်ခုခုမူမမှန်ကြောင်း သူနားလည်လာသည်။ ခုနက သူတို့ပြောနေသည့်စကားက ဘေးရောက်သွားသည်။

"နေပါဦး၊ ကျုပ်တို့က မုန်ကျင်းကျိုးရဲ့ ရွှေသန္ဓေအကြောင်း ပြောနေကြတာမဟုတ်လား။ တူညီတုံ့ပြန်မှော်ကျိန်စာအကြောင်း စကားလမ်းကြောင်းဘယ်လိုလွဲသွားတာလဲ"

"စကားလမ်းကြောင်းမလွဲပါဘူး။ အစကတော့ မသိသာဘူး။ အခုမှ ငါနားလည်လာတယ်။ ဒီမုန်မျိုးရိုးကောင်လေးက တူညီတုံ့ပြန်မှော်ပညာကို အသုံးပြုလိုက်တာပဲ"

"ဘယ်လိုသုံးလိုက်တာလဲ"

တစ်ကိုယ်တော်ဝိညာဉ်မြစ်၏ အများမသိ‌သေးသည့်လျှို့ဝှက်ချက်ကို နတ်မယ်က အလေးအနက်ထုတ်ပြောပြသည်။

"ဘာလို့တစ်ကိုယ်တော်ဝိညာဉ်မြစ်က ဒီလောက်စွမ်းအားကြီးတယ်ထင်လဲ။ ကြီးမားတဲ့ကျင့်စဉ်ပါရမီနဲ့ တိုက်ခိုက်စွမ်းအားကို တစ်ကိုယ်တော်လူပျိုဘဝနဲ့ အလဲအလှယ်လုပ်ထားလို့ပဲ။ ပြောရရင် တူညီတုံ့ပြန်ကျိန်စာလိုပဲပေါ့။

သာမန်တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျင့်ကြံသူတစ်ယောက်က မိန်းမတစ်ယောက်နဲ့ ဇာတ်ရှုပ်ရင် သူတို့ရဲ့ သန့်စင်ယန်ခန္ဓာ ပျက်စီးမယ်။ ကျင့်စဉ်စွမ်းအားလည်း တိုးတက်လာမှာမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ကိုယ်တော်ဝိညာဉ်မြစ် နှစ်ခုတိုးထားတဲ့ မုန်မျိုးရိုးသာ မိန်းမတစ်ယောက်နဲ့ သွားပတ်သက်မိရင် သူ့ကျင့်စဉ်စွမ်းအား ချက်ချင်းထိုးကျမယ်။

အဓိပဓိစွမ်းအားရဖို့ သူ့ဝိညာဉ်မြစ်ရဲ့ 'တစ်ကိုယ်တော်'စွမ်းအားကို သူနှစ်ဆပွားလိုက်တဲ့သဘော ဖြစ်သွားပြီ။ လုံးဝနောက်မဆုတ်တော့တဲ့ သတ္တိမျိုးပဲ။ သမိုင်းတစ်ယောက် တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျင့်ကြံသူတွေထဲမှာ သူဟာ စွမ်းအားအကြီးဆုံးဖြစ်လိမ့်မယ်"

လုယန် မျက်ခုံးလှုပ်သွားသည်။ မုန်ကျင်းကျိုးသာ ဤအကြောင်းသိလျှင် အတော်ဝမ်းနည်းသွားလောက်သည်။

"ဒီကျိန်စာကို ချိုးဖျက်နိုင်တဲ့နည်းလမ်းရှိလား"

"ရှိတယ်။ တူညီတုံ့ပြန်ပညာဟာ မသေမျိုးတွေပေါ်မှာ သက်ရောက်မှုမရှိဘူး။ သူမသေမျိုးဖြစ်လာရင် အဆင်ပြေသွားမှာပါ"

"..."

မုန်ကျင်းကျိုး မသေမျိုးဖြစ်လာမလာကိုနောက်ထား။ ဖြစ်လာမည်ဆိုလျှင်ပင် ဘယ်လောက်အချိန်ကြာဦးမည်မသိ။ ရှေးဟောင်းခေတ်တွင် မသေမျိုးငါးယောက်သာ ပေါ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်သုံးသိန်းအတွင်း ဘယ်လောက်များများ ပေါ်ထွက်ခဲ့သည်ကို မသိကြ။ အမယွမ်ပင် ပြောပြနိုင်မည်မထင်။

မသေမျိုးဖြစ်လာဖို့ဆိုသည်မှာ ကောင်းကင်တက်ရသည်ထက် ပိုခက်ခဲသည်။

လုယန်စဉ်းစားသည်။

"ဒါဆို မုန်ကျင်းကျိုးက သူ့အနာဂတ်ပျော်ရွှင်မှုကို လက်ရှိစွမ်းအားအတွက် လဲလိုက်တာပေါ့"

လေးစားလောက်ပါသည်။

"မင်းငါ့ကို ဘာလို့ဒီလိုမျိုးစိုက်ကြည့်နေတာလဲ"

လုယန်၏အကြည့်က ထူးဆန်းနေသည်။ သနားရိပ်လွှမ်းသလိုဖြစ်နေသည်ဟု မုန်ကျင်းကျိုးခံစားရသည်။

ထို့နောက် ပျင်းရိပျင်းတွဲ ခေါင်းကုတ်သည်။

"ငါအခုမှသန္ဓေတည်ဆောက်ပြီးတာ။ တောထဲမှာ တိုက်ခိုက်ခဲ့ရတာလောက်နဲ့ မလုံလောက်ဘူး။ ငါ့ကြွက်သားတွေ ဆန့်ထုတ်ဖို့ သိုင်းပြိုင်ကွင်းကို သွားတော့မယ်"

တစ်ခါမှမရှိဘူးသည် တစ်ကိုယ်တောအမွှာရွှေသန္ဓေများ တည်ဆောက်ထားသဖြင့် သူနည်းနည်းကြွားလုံးထုတ်ချင်နေသည်။

လုယန် အံ့ဩနေချိန်တွင် မုန်ကျင်းကျိုး လက်ဖက်ရည်ဖိုးရှင်းပြီး အနီးအနားမှ သိုင်းပြိုင်ကွင်းဆီသို့ ဦးတည်သွားသည်။

ထိုအချိန်တွင် သိုင်ပြိုင်ကွင်းမှ တိုက်ခိုက်မှုက ပြီးဆုံးစဖြစ်သည်။ ပြိုင်ပွဲဝင်များ အောက်သို့ဆင်းလာသည်။ မုန်ကျင်းကျိုး စင်ပေါ်သို့ ခုန်တက်သွားသည်။ မျက်နှာက နေတစ်စင်းလို ဝင်းပနေသည်။

"ဟားဟား၊ ကျုပ်က အခုမှသန္ဓေတည်ဆောက်ပြီးစပါ။ ဘယ်အကိုအမတွေများ ယှဉ်ပြိုင်ချင်လဲ"

အရင်က အခြေတည်အဆင့်သာဖြစ်၍ သူ့အကိုအမများကို မနိုင်ခဲ့ခြင်းဟု သူယူဆသည်။ အခု ရွှေသန္ဓေအဆင့်တူချင်းဖြစ်၍ မယှဉ်နိုင်စရာမရှိ။

"ငါလာမယ်"

ဗုဒ္ဓရွှေခန္ဓာကျင့်စဉ် အနည်းငယ်အောင်မြင်ထားသည့် ခေါင်းတုံးအကိုတစ်ယောက် ရိုးရှင်းသည့်အပြုံးဖြင့် ခုန်တက်လာသည်။

"ညီလေးမုန်၊ အကို့ကို နည်းနည်းငဲ့ညှာပေးပါ"

ထိုအကိုနာမည်က ကျန်းကျင်းဖြစ်သည်။ ရွှေသန္ဓေထိပ်တန်းအဆင့်ရှိသည်။ ရွှေသန္ဓေအဆင့်များကြားတွင် သိပ်နာမည်ကျော်လှသူမဟုတ်။

'ဟားဟား၊ ကျုပ်ကိုမညှာပါနဲ့ အကိုကျန်း။ ကျုပ်အများကြီးပြောင်းလဲလာပါပြီ"

မုန်ကျင်းကျိုး အားတက်သရောပြောသည်။

မကြာမီ လုယန်က သစ်သားကိုယ်ပွားတစ်ခုဖန်တီး၍ မုန်ကျင်းကျိုးကို စင်ပေါ်မှ ထမ်းစဉ်ဖြင့် သယ်ထုတ်ရသည်။

"ဒီကောင်စိတ်လည်းမှန်ပါတယ်။ ဘာလို့သေကြောင်းကြံနေရတာလဲ"

လုယန် သက်ပြင်းချသည်။ သူ့ပြိုင်ဘက်ကင်းသန္ဓေရှိနေသည်ကို ကျိတ်ဝမ်းသာမိသည်။ ပြိုင်ဘက်တစ်ယောက်ကို သူနိုင်ခြေရှိမရှိ သိနိုင်သည်။

ထိုသို့မဟုတ်လျှင် သူလည်း မုန်ကျင်းကျိုးလို ထမ်းထုတ်ခံရလိမ့်မည်။

မုန်ကျင်းကျိုး အခြေတည်အဆင့်သာရှိသေးလျှင် အကိုကျန်းက ထိုမျှကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်မည်မဟုတ်။ သို့သော်ယခု မုန်ကျင်းကျိုးက သန္ဓေတည်ဆောက်ပြီး အခြေခိုင်ပြီဖြစ်၍ သူလုံးဝမညှာတော့။

လုယန် မုန်ကျင်းကျိုးကို သယ်ထုတ်လာစဉ် လူသုံးယောက် သူ့ရှေ့မှပိတ်ရပ်သည်။

လုယန် မော့ကြည့်သည်။ ရင်းနှီးနေသည့်မျက်နှာများကို မြင်ရသည်။ အသားကင်ဆိုင်မှ သခင်လျိုနှင့် သခင်ကောင်းတို့ဖြစ်သည်။

"ကျုပ်တို့နဲ့ လိုက်ခဲ့ပါ"

All Chapters