← Chapters

ကံမစမ်းချင်ပါနဲ့

Vol. 20 Ch. 291

ကံမစမ်းချင်ပါနဲ့

Vol. 20 Ch. 291

မုန်ကျင်းကျိုး နာကျင်သလိုဟန်ဆောင်နေရာမှ ချက်ချင်းခုန်ထလာသည်။

သခင်လျိုနှင့် သခင်ကောင်းတို့ အဆီများပေကျံနေသည့် အသားကင်ဆိုင်ဝတ်စုံများ မဝတ်ထားကြ။ ဖောက်သည်များကို ကြိုဆိုနေကျ အပြုံးမျိုးလည်း မရှိကြ။ ပုံစံကျဝတ်စုံဝတ်၍ တည်ကြည်သည့်မျက်နှာထားမျိုးရှိသည်။ ထာဝရဂိုဏ်းဘုန်းမီးနေလတောက်ပစဉ် အချိန်ကလို ဖြစ်နေသည်။

လုယန်နှင့်မုန်ကျင်းကျိုး နှစ်ယောက်လုံး ကြက်သီးထသွားကြသည်။

"ကျုပ်တို့နဲ့လိုက်ခဲ့ပါ။ ခင်ဗျားတို့ဆီက အကူအညီတစ်ခုလိုလို့ပါ"

သခင်လျိုနှင့် သခင်ကောင်းတို့ လေ့လာထားပြီးဖြစ်သည်။ လုယန်နှင့် ယွမ်ကျိတို့ ပြန်လာပြီးနောက် ယွမ်ကျိက ကိစ္စတစ်ခုကြောင့် ဂိုဏ်းမှနောက်တစ်ကြိမ်ထွက်သွားသည်။ လုယန်နှင့် ရင်ဆိုင်ဖြေရှင်းရန် သူတို့အခွင့်ကောင်းရလာသည်။

အခုချိန်မလှုပ်ရှားလျှင် ဘယ်အချိန်လှုပ်ရှားမည်နည်း။

ဤဂိုဏ်းတွင် လူပေါင်းများစွာရှိသည်။ လှုပ်ရှားဖို့အဆင်မပြေ။ လုယန်တို့နှစ်ယောက်ကို ထာဝရဂိုဏ်း၏ဌာနချုပ်'နောက်တစ်ခေါက်အသားကင်ဆိုင်'သို့ ခေါ်သွားဖို့လိုသည်။

အစက အသားကင်ဆိုင်သည် ဈေးလမ်းတွင် ခြေချနိုင်ရုံမျှသာဖြစ်သည်။ ရန်သူများဝိုင်းနေသည်။ စွမ်းအားမြင့် စုစည်းခြင်းအဆင့်ကျင့်ကြံသူမျာက သူ့တို့ကို လောဘရိပ်ဖြင့်စောင့်ကြည့်နေသည်။ သူတို့အခြေအနေ အတော်ဆိုးဝါးခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ထာဝရဂိုဏ်းချုပ်နှင့် ထာဝရအရှင်၏ လမ်းညွှန်မှု၊ ထာဝရဂိုဏ်းအကြီးအကဲများ၏ သေချာအစီအစဉ်ချမှုတို့ကြောင့် အသားကင်ဆိုင်က ထာဝရဂိုဏ်း၏ဌာနချုပ်အဖြစ် ပြောင်းလဲသွားသည်။

ဈေးလမ်းတွင် သူတို့ဆိုင်တဖြေးဖြေး နယ်ချဲ့လာသည်ကို တာအိုလမ်းစဉ်ဂိုဏ်းက မသိကြ။

"ဒါဆိုလည်း သွားစို့လေ"

လုယန်နှင့် မုန်ကျင်းကျိုးတို့ ပုံမပျက်ပြောလိုက်သည်။

စုစည်းခြင်းအဆင့်နှစ်ယောက်က သူတို့ကိုလာခေါ်ခြင်းဖြစ်သည်။ သူတို့ ဆန့်ကျင်နိုင်သည့်ခွန်အားမရှိ။ မသွားချင်လျှင်လည်း ဆွဲခေါ်ခံရမည်။ ထို့ကြောင့် ကိုယ့်ဘာသာလျှောက်ခြင်းက ပိုကောင်းသည်။

"ဒီဘက်ကို ကြွပါ"

သခင်ကောင်း လက်ကိုဆန့်ထုတ်၍အသားကင်ဆိုင်ဆီ ဖိတ်ခေါ်သည်။

ဆိုင်တံခါးဝရောက်ချိန်တွင် အတွင်းဘက်၌ မှောင်မဲနေသည်ကို လုယန်သတိထားမိလိုက်သည်။ အမှောင်ထုထဲတွင် အရိပ်နှစ်ခုသာ မြင်နေရသည်။

သူတို့ ဆိုင်ထဲသို့ဝင်ပြီနောက် သခင်လျိုနှင့ သခင်ကောင်းက သံမဏိရုပ်ထုနှစ်ခုပမာ ဆိုင်တံခါးဝတွင် စောင့်ကြပ်နေသည်။

အပြင်လောကနှင့် စည်းခြားလိုက်သလို လုယန်ခံစားရသည်။ အသံလည်း မကြားရ။ ဘာမှလည်း မမြင်ရတော့။

အမြင်အာရုံနှင့် အကြားအားရုံသာမက။ ဝိညာဉ်အာရုံမထိုးဖောက်နိုင်သည် ပြိုင်ဘက်ကင်းမှော်စက်ဝန်းတစ်ခုပါ ဂိုဏ်းချုပ်က တည်ဆောက်လိုက်သည်။

ထူးဆန်းသည့်အလင်းတစ်ခု အသားကင်ဆိုင်ထဲတွင် တဖြေးဖြေးပြည့်နက်လာသည်။ အရိပ်နှစ်ခု၏သဏ္ဌာန်ပေါ်လာသည်။ တစ်ယောက်က ဂိုဏ်းချုပ်ဖြစ်သည်။ နောက်တစ်ယောက်က ထာဝရအရှင်ဖြစ်သည်။ နှစ်ယောက်လုံး ပွဲတက်ဝတ်စုံများဝတ်ထားသည်။ ထူးဆန်းသည့်အရာတစ်ခုခု အောင်မြင်ထားကြသလို ဖြစ်နေသည်။

"ထိုင်ကြပါ"

ဂိုဏ်းချုပ်က သူတို့ကို ဖိတ်ခေါ်သည်။

"ပြောပါ။ ဘာကိစ္စလဲ"

လုယန် ခပ်တင်းတင်းပြန်မေးလိုက်သည်။ ထာဝရဂိုဏ်းချုပ် ဘာရည်ရွယ်ချက်ရှိမှန်း သူမသိသေး။

သို့သော် သူမကြောက်ပါ။ ထာဝရအရှင်လည်း သူ့ဘေးတွင် ထိုင်နေသည်။

ထာဝရသွေးဆက်ပိုင်ရှင် ထာဝရနတ်မယ်သည် ထာဝရဂိုဏ်း၏ ယုံကြည်မှုရင်းမြစ် ထာဝရအရှင်ကို အပြည့်အဝထိန်းချုပ်နိုင်သည်။ ထို့‌ကြောင့် ဂိုဏ်းချုပ်အနေဖြင့် သိပ်ပြဿနာရှာနိုင်မည်မဟုတ်။

"အရေးတကြီးကိစ္စမျိုးတော့မဟုတ်ပါဘူး။ မိတ်ဆွေလုဆီက အကူအညီလေးတစ်ခု တောင်းချင်လို့ပါ။ တာအိုလမ်းစဉ်ဂိုဏ်းမှာ မိတ်ဆွေလုရဲ့ အဆင့်အတန်းနဲ့ဆိုရက် စကားလေးတစ်ခွန်းနှစ်ခွန်း ပြောရုံလောက်ပါပဲ။

မိတ်ဆွေတို့နှစ်ယောက်လုံး ရွှေသန္ဓေတည်ဆောက်ပြီးကြပြီဆိုတာသိလို့ ကျုပ်တို့စေတနာကိုပြဖို့ လက်ဆောင်လေးကြိုပြင်ထားပါတယ်။ လက်ခံကြမယ်လို့ မျှော်လင့်ပါတယ်"

ဂိုဏ်းချုပ် လက်‌ဆောင်ဘူးနှစ်ခု လုယန်နှင့် မုန်ကျင်းကျိုးဆီ အသာထိုးပေးလိုက်သည်။

ဘူးနှစ်ခုကိုဖွင့်လိုက်သည်။ အထဲမှ ပစ္စည်းများ ပေါ်လာသည်။

အလွန်တန်ဖိုးကြီးသည့် အသက်ဓာတ်တည်ငြိမ်ဆေးများဖြစ်သည်။ ရွှေသန္ဓေတည်ဆောက်ထားသူများ၏ စွမ်းအားအခြေခံကို တည်ငြိမ်စေသည်။ ကျင့်ကြံမှုကို အဟန့်အတားဖြစ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးမျိုးမရှိ။ လက်ကျန်ဆေးစွမ်းအားကို အခြေခံစွမ်းအားအဖြစ် ပြောင်းလဲပေးသည်။ နောင်တစ်ချိန် အဆင့်တက်ဖို့ ကူညီနိုင်သည်။

စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုကို တစ်ချက်ကာကွယ်နိုင်သည့် မှော်ရတနာတစ်မျိုးလည်း ပါသည်။

"ရွှေသန္ဓေအဆင့်ကျင့်ကြံမှုအတွေးအမြင်" စာအုပ်တစ်အုပ်။

မီးတောက်စစ်၊ ရေစင်၊ တည်ငြိမ်မြေသားတို့ ဓာတ်ငါးမျိုးရတနာများသန့်စင်နိုင်သည့် အခြေခံဓာတ်ငါးမျိုးကုန်ကြမ်း ပုလင်းငါးခု။

ထို့ပြင် တစ်ခြားအဖိုးတန်ပစ္စည်းမျိုးစုံလည်းပါသည်။ ပစ္စည်းတိုင်းက ရွှေသန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက် မတတ်နိုင်လောက်သည့် အရာများဖြစ်သည်။

သူတို့နှစ်ယောက် စေတနာပြလက်ဆောင်ကို မယူကြ။ လုယန်က ခပ်ရှင်းရှင်းပြောသည်။

"ဂိုဏ်းချုပ်၊ ကျုပ်တို့က အသိအကျွမ်းဟောင်းတွေပါ။ စကားကို ဝေ့ဝိုက်မနေပါနဲ့။ ဒဲ့ပဲပြောပါ"

အချိန်အတော်ကြာ အစီအစဉ်ချခဲ့သည့်ကိစ္စကို ဂိုဏ်းချုပ်က ဖြေးဖြေးချင်း ပြောပြသည်။

"လိုရင်းကိုပြောရရင်တော့ ကျုပ်တို့အတွက် ဂိုဏ်းမဲ့ကျင့်ကြံသူတွေ စုစည်းဖို့၊ ကျုပ်တို့ဩဇာကို ချဲ့ထွင်ဖို့၊ ရှားနိုင်အပေါ် ကျုပ်တို့ရဲ့စွမ်းအားသက်ရောက်မှု တိုးမြှင့်ဖို့နဲ့ လူတွေကျုပ်တို့ကို မမေ့နိုင်အောင် လုပ်ဖို့ပါ။

ဒီအစီအစဉ် အောင်မြင်ရင် မိတ်ဆွေတို့ကို ဆုကြေးများများပေးပါ့မယ်။

ခင်ဗျားတို့နှစ်ယောက်တော့ သိချင်မှသိမယ်။ ကျုပ်တို့ရဲ့ လွှမ်းမိုးမှုက အသံတိတ်ပျံ့နှံ့နေတာပါ။ ဈေးလမ်းတစ်ခုလုံးထိ ပျံ့နှံ့နေပါပြီ။ တာအိုလမ်းစဉ်ဂိုဏ်းက ဒီအကြောင်း ဘာမှမသိပါဘူး"

လုယန် မျက်မှောင်ကျုံ့သွားသည်။ ဂိုဏ်းချုပ်စကားက ဈေးလမ်းတစ်ခုလုံးကို ထိန်းချုပ်ထားသည့် သဘောမျိုးဖြစ်သည်။ တောင်းဆိုချက်ကို သဘောမတူလျှင် ဤလမ်းထဲမှ အသက်ရှင်လျက် ထွက်သွားရမည်မထင်။

သို့သော် သူလက်မလျှော့သေး။

"ခင်ဗျားတို့တောင်းဆိုတာကို ကျုပ်တို့မကူညီရင်ရော"

"မကူညီဘူးလား"

ဂိုဏ်းချုပ် ဖြေးညှင်းစွာ ထရပ်လာသည်။

အိပ်မောကျနေသည့် တောင်တန်းနတ်ဘုရား နိုးထလာသယောင်ထင်ရသည်။ လုယန်တို့နှစ်ယောက် ကြီးမားသည့်ဖိအားတစ်ခုကို ရင်ဆိုင်နေရသည်။

ဂိုဏ်းချုပ်က သူတို့ကို မျက်မှောင်ကျုံ့၍ကြည့်နေပြီး ခပ်တင်းတင်းခြိမ်းခြောက်သည်။

"ကျုပ်ခင်ဗျားတို့ကို ယဉ်ယဉ်ကျေးကျေးပြောခဲ့တယ်။ ကျုပ်တို့က အပြင်လောကမှာ အသားကင်ဆိုင်ခွဲတစ်ခု ဖွင့်ချင်ရုံပါပဲ။ ဒါကိုမှ ခင်ဗျားတို့လက်မခံရင်တော့ ကျုပ်ဒူးထောက်တောင်းပန်တာကို အပြစ်မတင်ကြနဲ့"

တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့သည်ဟု သူယူဆသည်။ သခင်လျိုနှင့် သခင်ကောင်းကို ဆိုင်ယူနီဖောင်းများမဝတ်ဘဲ ပွဲတက်ဝတ်စုံများဝတ်၍ ဧည့်သည်နှစ်ယောက်ကို အပြုံးနှင့်ကြိုဆိုခဲ့ဖို့ ဆုံးဖြတ်ထားသည်။

ဇွန်လဖြစ်၍ ရာသီဥတုပူပြင်းသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ အပူသက်သာစေရန် လေအေးမှော်စက်ဝန်းများပင် သခင်လျိုနှင့်ကောင်းကို တည်ဆောက်ခိုင်းခဲ့သည်။

ပြိုင်ဘက်ဆိုင်လုပ်ငန်းစုများ ခိုးနားမထောင်နိုင်စေရန် အဆင့်မြင့်မှော်စက်ဝန်းတစ်ခု တည်ဆောက်ခဲ့သည်။

အသားကင်ဆိုင်ကို ဆီတစ်ပေါက်မှအစွန်းအထင်းမရှိအောင် ရှင်းလင်းထားခဲ့သည်။

သားသတ်ရုံကို လည်ပတ်ရင်း သူ့အားလပ်ချိန်တွင် အကာအကွယ်မှော်ရတနာများ ဖန်တီးခဲ့သည်။

ရွှေသန္ဓေအဆင့်ကျင့်ကြံမှုအတွေးအမြင်စာအုပ်သည်။ ထာဝရဂိုဏ်း နောက်လိုက်များ၏မှတ်ဉာဏ်များကို အခြေခံ၍ ထာဝရအရှင်ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်သည်။

သန့်စင်မှုတစ်ရာဈေးဆိုင်တန်းမှ ဆိုင်ရှင်များဆီ ကိုယ်တိုင်သွားရောက်လည်ပတ်ဖျောင်းဖျပြီး ဓာတ်ငါးမျိုးကုန်ကြမ်းပစ္စည်းများ ဝယ်ခဲ့သည်။

လိုအပ်သမျှအားလုံး လုပ်ခဲ့သည်။

လုယန်နှင့် မုန်ကျင်းကျိုး ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကြောင့် မင်သက်မိသွားပြီး ထာဝရဂိုဏ်းချုပ်ကို အမြန်တားဆီးလိုက်သည်။

"ခင်ဗျားက အသားကင်ဆိုင်ခွဲဖွင့်ချင်တာလား"

"ဟုတ်ပါတယ်"

"ဒါဆို ဂိုဏ်းမဲ့ကျင့်ကြံသူတွေစုစည်းမယ်လို့ ဘာလို့ပြောခဲ့တာလဲ"

"ဆိုင်အတွက် ဝန်ထမ်းငှားဖို့ပါ"

သူတို့သည် တာအိုလမ်းစဉ်ဂိုဏ်းမှထွက်ခွာ၍ အပြင်လောကတွင် ဆိုင်ခွဲဖွင့်၍မရ။ ထို့ကြောင့် ဆိုင်အလုပ်သမား ငှားဖို့လိုသည်။

"ဒါဆို ဩဇာချဲ့ထွင်မယ်ဆိုတာကရော"

"တာအိုလမ်းစဉ်ဂိုဏ်းအပြင်ဘက်မှာ အသားကင်ဆိုင်ဖွင့်ဖို့ပါ"

"ရှားနိုင်ငံအပေါ် စွမ်းအားသက်ရောက်မှု တိုးမြှင့်ဖို့ဆိုတာက..."

"အဓိကဘဏ္ဍာခွန်ဆောင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာချင်တာပါ"

"လူတွေမမေ့နိုင်အောင် လုပ်မယ်ဆိုတာကရော"

"ကျုပ်တို့ဆိုင်အတွက် ဖောက်သည်ပိုတိုးလာအောင် ဆွဲဆောင်ဖို့ပါ"

မုန်ကျင်းကျိုးက ဂိုဏ်းချုပ်ကို သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။

"ခင်ဗျားတို့လွှမ်းမိုးမှုက ဈေးလမ်းတစ်ခုလုံး ပျံ့နှံ့နေပြီလို့ ပြောတယ်။ တာအိုလမ်းစဉ်ဂိုဏ်းကလည်း ဒီအကြောင်းမသိဘူးတဲ့"

"ကျုပ်တို့က ရောင်းရငွေကို စာရင်းမှားပြပြီး စီမံအုပ်ချုပ်မှုအခွန်ကို လျှော့ပေးခဲ့တာပါ"

ထာဝရအရှင်က ထပ်ပြောသည်။

"တစ်နည်းပြောရရင် တာအိုလမ်းစဉ်ဂိုဏ်းမှာ ကျုပ်တို့အသားကင်ဆိုင်ရောင်းအားက အမြင့်ဆုံးအပြည့်ဝဆုံးအခြေအနေကို ရောက်နေပါပြီ။ ဒါကြောင့် ဈေးကွက်သစ်ရှာဖို့ အပြင်လောကမှ ဆိုင်ခွဲတွေဖွင့်ဖို့လိုပါတယ်"

လုယန် - "..."

မုန်ကျင်းကျိုး - "..."

အသားကင်ဆိုင်ဖွဲဖွင့်ဖို့ကိစ္စကို ထိုမျှရှုပ်ထွေးအောင်ပြောဖို့ လိုအပ်သလော။

All Chapters