← Chapters

ညှင်းပန်းခံရသူ

Vol. 20 Ch. 293

ညှင်းပန်းခံရသူ

Vol. 20 Ch. 293

သန့်စင်မှုတောင်ထိပ်တွင် လုယန်နှင့် မုန်ကျင်းကျိုးတို့ သကြားမုန့်လုပ်ရင်း စာဖတ်နေသည့် ကျိုးလုလုနှင့် တွေ့သည်။

"အမကျိုး၊ ညီလေးလီ တောင်ပေါ်မှာရှိလား"

"ဪ၊ မောင်လေးလုနဲ့ မောင်လေးမုန်။ မင်းတို့က ရွှေသန္ဓေတောင်တည်ဆောက်ပြီးပြီပေ့ါ။ မြန်လှချည်လား"

ကျိုးလုလုမျက်လုံးတွင် အံ့ဩရိပ်တစ်ချက်သန်းသွားသည်။

သူတို့နှစ်ယောက်အသက်အရွယ်လောက်က သူသည် အခြေတည်အဆင့်သာရှိခဲ့သည်။

"မောင်လေးလီက သူ့ဂူထဲမှာ ရှိပါတယ်"

လုယန်နှင့် မုန်ကျင်းကျိုးတို့ ပြုံးလိုက်သည်။ လီဟော်ရန်နှင့် ညီအကိုရင်းများလို ရင်းနှီးသည်။ ထို့ကြောင့် သူတို့၏ရွှေသန္ဓေများအကြောင်း လာကြွားခြင်းဖြစ်သည်။

ထိုလောက်မှ မကြွားရလျှင် ကျင့်ကြံရသည့်အလုပ်သည် ဘာအကျိုးထူးမည်နည်း။

"မောင်လေးလီက အိပ်ပျော်နေတုန်းဖြစ်မယ်"

"အိပ်နေတယ်...ညီလေးလီက အဲလောက်အအိပ်မကြီးပါဘူး"

"အရင်ကတော့ဟုတ်တယ်။ သူ့မိသားစုဆီသွားလည်ပြီး ပြန်လာကတည်းက သူအိပ်တဲ့အချိန်ပိုများလာတယ်။ နိုးလာတိုင်းလည်း မျက်နှာကမှုန်နေတယ်။ အိပ်မက်ဆိုးမက်လို့လားတော့မသိဘူး။ သူ့ကိုမေးတော့လည်း ဘာမှပြောမပြဘူး။ ငါ့အဖေကိုလည်း ဒီကိစ္စပြောပြတယ်။ အဖေက စိတ်မပူပါနဲ့တဲ့"

လုယန်နှင့် မုန်ကျင်းကျိုး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အခြေအနေကို အကြမ်းဖျင်းခန့်မှန်းမသိည်။ လီဟော်ရန် အတိတ်ဘဝမှတ်ဉာဏ်များအကြောင်း အိပ်မက်မက်ခြင်းဖြစ်မည်။

ချင်ဟောရန်သည် နတ်ဆိုးဂိုဏ်းချုပ်စစ်စစ်တစ်ယောက်ဖြစ်သည်။ မကောင်းမှုမျိုးစုံလုပ်သည်။ ချင်ဟော်ရန်၏ ဂိုဏ်းချုပ်နေရာကိုလည်း အတော်များများက မျက်စောင်းထိုးခဲ့သည်ဟု သိရသည်။ ထိုမှတ်ဉာဏ်များကြောင့် လီဟော်ရန် စိတ်မသက်မသာဖြစ်မည်က သေချာနေသည်။

ကြွားလုံးထုတ်မည့်ကိစ္စကို ဘေးဖယ်၍ လီဟော်ရန်ဆီသွားလည်ဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် လက်ဗလာဖြင့် သွားလည်လျှင် မသင့်တော်။ အမကျိုး၏ သကြားရုပ်များက စိတ်ဝင်စားစရာကောင်းသဖြင့် လီဟော်ရန်အတွက် တစ်ခုလောက်ဝယ်သွားဖို့ တွေးမိသည်။

သူဘာမှမပြောနိုင်မီ ကျိုးလုလုက သကြားမုန့်ရုပ်နှစ်ခုကို လေဖြင့်အအသာမှုတ်လိုက်သည်။ သကြားရုပ်နှစ်ခု အသက်ဝင်လာဟန်ဖြင့် သကြားလက်နက်များကိုင်ပြီး အချင်းချင်းစတိုက်ခိုက်ကြသည်။

လုယန် မျက်လုံးပြူးသွားသည်။ ထိုသကြားရုပ်များ၏ တိုက်ခိုက်စွမ်းအားက ရွှေသန္ဓေအဆင့်နှင့် တန်းတူရှိသည်။

ထိုအရာများ လီဟော်ရန်အတွက်ဝယ်ပေးလိုက်လျှင် အရိုက်ခံနေရဖို့များသည်။

တစ်ခြားလက်ဆောင်ကိုသာ ရွေးသင့်သည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့ ဈေးဆိုင်တန်းတွင် လှည့်ပတ်ကြည့်ကြသည်။ အရွယ်အစားချုံ့ချဲ့၍ ရက်မတန်းအဖြစ််သုံးနိုင်သည့် မုန့်ချောင်းများ၊ လက်နက်ပုန်းအဖြစ်သုံးနိုင်သည့် မုန့်ပြားများ။ နှလုံးကာမှန်အဖြစ်သုံးနိုင်သည့်မုန့်များ၊ သံလက်ဝါးပညာလေ့ကျင့်ဖို့ နှမ်းစေ့ကြော်များ။ ထိုပစ္စည်းများကို လက်ဆောင်အဖြစ် အသုံးချ၍မရ။

"နင်တို့ဈေးတန်းရဲ့ အချက်အပြုတ်စွမ်းရည်က အဆင့်မြင့်သားပဲ"

သန့်စင်မှုတ်စရာတေင်ထိပ်၏ ဈေးတန်းမှပစ္စည်းများကို နတ်မယ်က အကဲဖြတ်သည်။

"သူတို့ အဲလောက်အဆင့်မမြင့်ရင် သိပ်ကောင်းမှာ"

"နင်က ရည်မှန်းချက်ကို မရှိဘူး"

လုယန် မကြားချင်ယောင် ဆောင်နေသည်။

.....

မည်းမှောင်နေသည့် လှိုဏ်ဂူထဲတွင် လူတစ်ယောက် ဝေဒနာကြောင့် တွန့်လိမ်နေသည်။ မျက်နှာက ရှုံ့မဲ့နေသည်။ အိပ်ပျော်နေချိန် နှိပ်စက်ခံနေရပုံမျိုးဖြစ်သည်။ နိုင်းထနိုင်စွမ်းမရှိ။ နာကျင်မှုကို ကြိတ်မှိတ်သည်းခံနေရသည်။

ရုတ်တရက် သူ့မျက်လုံးများ ပွင့်လာသည်။ အဝတ်အစားများ အိပ်ယာခင်းများ ချွေးစိုနေသည်။

ဖယောင်းတိုင်မီး လင်းလာသည်။ လှိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားသည်။ လီဟော်ရန်မျက်နှာ ပေါ်လာသည်။

လှိုဏ်ဂူကို သူငေးကြောင်၍ ကြည့်နေသည်။ သူအိပ်ယာနိုးလာပြီဖြစ်သည်။

အတိတ်ဘဝအတွေ့အကြုံများ အိပ်မက်ထဲတွင် ပြန်မြင်ရသည်။ ကိုးငရဲဂိုဏ်း၏ အမှောင်ဘက်ခြမ်း။ ချင်ဟော်ရန်ခံစားခဲ့ရသည့် ဘာမှန်းမသိသည့်ဖိအားများ။ သူကြက်သီးထပြီး ကျိန်ဆဲမိသည်။

"သောက်ရေးမပါတဲ့ အတိတ်မှတ်ဉာဏ်တွေ.."

ပြန်ပေါ်လာသည့် အတိတ်မှတ်ဉာဏ်များကိစ္စကို သူ့ဆရာ ပဥ္စမအကြီးအကဲလည်း မဖြေရှင်းပေးနိုင်။

မန္တာန်တစ်ခု လီဟော်ရန် ရွတ်ဆိုလိုက်သည်။ ဝတ်စုံကို သန့်ပြန့်အောင် အရင်ရှင်းသည်။ ခန္ဓာကိုယ်ကို သန့်စင်သည်။ ပို၍နေသာထိုင်သာရှိလာသည်။

"ဪ...အကိုလုနဲ့ အကိုမုန် ရောက်နေတာလား"

လှိုဏ်ဂူမှော်စက်ဝန်းက သတိပေးသဖြင့် သူထရပ်ပြီး တံခါးသွားဖွင့်သည်။ လုယန်နှင့်မုန်ကျင်းကျိုး ပြုံး၍ကြည့်နေသည်ကို တွေ့ရသည်။

"ညီလေးလီ၊ နိုးလာပြီလား"

လုယန်ပြုံး၍ပြောပြီး လီဟော်ရန်အခြေအနေကို မသိမသာအကဲခတ်သည်။

လီဟော်ရန်၏မျက်ကွင်းမျာ ညိုနေသည်။ မျက်ခွံများ ကျနေသည်။ အားအင်ကုန်ခမ်းနေပုံရသည်။ ချင်ဟော်ရန်၏မှတ်ဉာဏ်များ နှိပ်စက်သောကြောင့် ဖြစ်လိမ့်မည်။

"လာကြပါ"

နှစ်ယောက်သား လီဟော်ရန်ဂူထဲသို့ ရောက်လာသည်။ သန့်စင်ထားသည့် ပစ္စည်းများစွာ ခင်းကျင်းထားသည်။ သံချပ်ကာ၊ ဒိုင်း၊ ကြေးအိုး။ ရွှေသန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်သာမြင်လျှင် လေးစားမိကြပေလိမ့်မည်။

လီဟော်ရန် လက်ချောင်းတစ်ချက် ဆတ်ခနဲလှုပ်ရှားလိုက်သည်။ စားပွဲပေါ်မှ လက်ဖက်ရည်အိုး သူ့ဘာသာစတင်လှုပ်ရှားလာသည်။ လက်နှစ်ဘက်ခြေနှစ်ဘက်ပေါက်ပြီး စားပွဲပေါ်တွင် စပြေးသည်။ သူ့ကိုယ်သူ ရေဖြည့်သည်။ လက်ဖက်ရွက်ထည့်သည်။ အဖုံးဖုံးသည်။ ထို့နောက် မီးဖိုပေါ်တွင်ထိုင်၍ ရေနွေးတည်သည်။

သိပ်မကြာမီ ရေနွေးဆူလာသည်။ လက်ဖက်ရည်အိုးက ဘေးသို့စောင်း၍ ခွက်များထဲ ထည့်ပေးသည်။ လုယန်နှင့်မုန်ကျင်းကျိုးရှေ့သို့ ထိုးပေးသည်။

နှစ်ယောက်သား အလိုလို "ကျေးဇူးပါ"ဟု ပြန်ပြောမိကြသည်။ ပြီးမှ ထိုလက်ဖက်ရည်အိုးသည် အသက်မရှိသည့်ပစ္စည်းတစ်ခုသာဖြစ်ကြောင်း ကျေးဇူးတင်ဖို့မလိုကြောင်း ပြန်သတိရလာသည်။

"အခုရက်ပိုင်း ညီလေးလီ ကောင်းကောင်းအနားမယူနိုင်ဘူးလို့ကြားတယ်"

လီဟော်ရန် မချိပြုံးပြုံးသည်။

"အကိုလုပြောတာ မှန်ပါတယ်။ ကျုပ်ဟာ ချင်ဟော်ရန်လူဝင်စားပါဆိုတာ တစ်ခြားဘယ်သူ့ကိုမှ ပြောပြလို့မရဘူး။ အကိုတို့နှစ်ယောက်ကိုပဲ ရင်ဖွင့်နိုင်တာ"

လုယန်က ကိုယ်ချင်းစာဟန်ဖြင့် လီဟော်ရန်ပုခုံးကို ပုတ်လိုက်သည်။

"အိပ်မက်ထဲမှာ ကိုးငရဲဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေအများကြီး မြင်ခဲ့မှာပေါ့။ ဒီလျှို့ဝှက်ချက်တွေကြောင့် မင်းဝေဒနာခံစားနေရတာပဲ"

လီဟော်ရန် ခေါင်းငြိမ့်သည်။ ရင်ဖွင့်ရမည့်လူ ရှိလာသဖြင့် စိတ်လှုပ်ရှားလာဟန်ရှိသည်။

"ကျုပ်မျက်လုံးမှိတ်လိုက်တာနဲ့ ကိုးငရဲဂိုဏ်းရဲ့ လိုငွေစာရင်းတွေကိုပဲ မြင်ရတယ်။

နောက်လိုက်တွေအတွက်လခ၊ အသုဘကုန်ကျစရိတ်၊ ခရီးသွားကုန်ကျစရိတ်။ ဂိုဏ်းစခန်းတည်ဆောက်စရိတ်။ နေရာတိုင်းက ငွေကုန်တဲ့ချောက်နက်တွေပြည့်နေတယ်။ ကိုးငရဲဂိုဏ်းမှာ ငွေရှာနိုင်ဖို့ သင့်တော်တဲ့ လမ်းကြောင်းမျိုးမရှိဘူး။ ဓားပြတိုက်တာ သတ်ဖြတ်တာလောက်ပဲရှိတာ။ ငွေအရနည်းတယ်။ ရေပုံးထဲ ရေတစ်စက်ချသလောက်ပဲ။ နေ့တိုင်း ငွေးလိုတာတွေပဲ မြင်နေရတယ်။

ဒီလောက်ကြီးတဲ့ ကိုးငရဲဂိုဏ်း နေထိုင်စားသောက်စရိတ်တွေ ကောင်းကင်ကကျလာတာတော့ မဖြစ်နိုင်ဘူး။ ဝိညာဉ်ကျောက်တွေ သူတို့ဘယ်ကရလာတာလဲ။

လက်အောက်ငယ်သားတွေက ဘာမှမသိဘူး။ မြေအောက် ကိုးငရဲမြို့တော်တည်ဆောက်မယ်လို့ စိတ်ကူးယဉ်ဆန်ဆန်ပြောနေတယ်။ ရုံးတော်က စုံစမ်းမိသွားမှာကိုလည်း လုံးဝအရေးမစိုက်ဘူး။ ကိုးငရဲဂိုဏ်းမှာ မြို့တော်တစ်ခုတည်ဆောက်ဖို့ ဝိညာည်ကျောက်တွေရော ရှိသေးလို့လား။

အကိုတို့ တွေးကြည့်ပါ။ ချင်ဟော်ရန်က ဂိုဏ်းချုပ်နေရာမှာထိုင်ပြီး ကိစ္စမျိုးစုံ ဖြေရှင်းရတာ။ ငွေရနိုင်မယ့် နည်းလမ်းတွေ စဉ်းစားနေရတာ။

အိပ်မက်ထဲမှာ ချင်ဟော်ရန်နေရာကနေ မြင်ကွင်းတွေကို မြင်ရတယ်။ သူနဲ့အတူ ငေးငိုင်ပြီးထုင်ရင် ငွေရှာဖို့နည်းလမ်းစဉ်းစားရတယ်။ ကုန်ကျစရိတ်တွေကြည့်ရုံနဲ့တောင် အခုထိ ကျုပ်ခေါင်းကိုက်နေတယ်။

နောက်ပိုင်းမှာ စုယီရန်နဲ့တွေ့တာ ချင်ဟော်ရန်အတွက် သုခဘုံတစ်ခုပဲ။ မဟုတ်ရင် ချင်ဟော်ရန်ဘဝက ဘယ်လောက်ထိခက်ခဲမလဲဆိုတာ စိတ်ကူတောင်ယဉ်ကြည့်လို့မရဘူး"

လီဟော်ရန် နားထင်နှစ်ဘက်ကို နာကျင်စွာပွတ်ရင်း ညည်းညူသည်။

လုယန် - "..."

မုန်ကျင်းကျိုး - "..."

အခြေအနေက သူတို့ထင်ထားသလို လုံးဝမဟုတ်။

ချင်ဟော်ရန်နှင့် စုယီရန် စတွေ့စဉ်ကအခြေအနေကို လုယန်ပြန်သတိရလာသည်။ ချင်ဟော်ရန်ကို လူတစ်ယောက်လိုက်သတ်သည်။ ဒဏ်ရာအပြင်းအထန်ရသည်။ အကာအကွယ်တစ်ခု ချိုးဖျက်ပြီးနောက် စုယီရန်ရှေ့တွင် သတိလစ်သွားသည်။ သူတို့နှစ်ယောက် ရေစက်ကြုံခြင်းဖြစ်သည်။

အစက ကိုးငရဲဂိုဏ်း အတွင်းပိုင်းအရှုပ်အထွေးဖြစ်ပြီး လူတစ်ယောက် ဂိုဏ်းချုပ်နေရာလုလို၍ ချင်ဟော်ရ်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်မည်ဟု လုယန်ထင်ခဲ့သည်။

သို့သော်ယခု ထိုကဲ့သို့ ဖြစ်နိုင်ခြေ လုံးဝရှိပုံမပေါ်။

"ဒါဆို အရင်က ချင်ဟော်ရန်ကို လိုက်ဖမ်းခဲ့တဲ့လူတွေဆိုတာက..."

"သူ့အကြွေးရှင်တွေပါ"

လီဟော်ရန် အပြုံးအရယ်မရှိ ပြန်ပြောသည်။

All Chapters