← Chapters

အကြောင်းရင်းမှန်

Vol. 20 Ch. 294

အကြောင်းရင်းမှန်

Vol. 20 Ch. 294

အကြွေးရှင်။

လုယန်ကောင်းကောင်းသိထားသည့် စကားလုံးဖြစ်သည်။ ထိုစကားလုံးနှင့် ကိုက်ညီသည့် မိတ်ဆွေတစ်ယောက်လည်းရှိသည်။

"မင်းဘာလို့ ငါ့ကိုကြည့်နေတာလဲ။ ငါဘာငွေမှ ချေးမထားပါဘူး"

လုယန်အကြည့်ကို မုန်ကျင်းကျိုး သတိထားမိသဖြင့် ပြန်မေးသည်။

"အဲဒီ့ကြွေးရှင်တွေက ဘယ်အဖွဲ့စည်းကလဲဆိုတာ မင်းသိလို့လား။ မုန်မိသားစု၊ ရွှေစီးပွားနယ်မြေအသင်း ဒါမှမဟုတ် တစ်ခြားအဖွဲ့အစည်းတစ်ခုခုပဲ ဖြစ်နိုင်မှာမဟုတ်လား"

နာမည်အကျော်ကြားဆုံး ငွေချေးအဖွဲ့အစည်းနှစ်ခုသည် မုန်မိသားစုနှင့် ရွှေစီးပွားနယ်မြေသာရှိသည်။ တစ်လောကလုံးတွင် သူတို့၏လုပ်ငန်းခွဲများရှိသည်။

လီဟော်ရန် ခေါင်းခါသည်။

"ဘယ်အဖွဲ့အစည်းလဲတော့ ကျုပ်မသိဘူး။ အိပ်မက်မှတ်ဉာဏ်တွေက နည်းနည်းစီ ပေါ်လာတာ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချင်ဟော်ရန်ဒဏ်ရာအပြင်းအထန်မရမီလေးက မှတ်ဉာဏ်တွေကို အိပ်မက်မက်တယ်။ သူတို့ပြောတဲ့စကားအရ အဲဒီ့လူတွေဟာ ကြွေးရှင်တွေဆိုတာ သိရတယ်။ ပြီးတော့ ချင်ဟော်ရန်မှာလည်း ငွေမရှိဘူး။

ဒါပေမယ့် ငွေချေးတဲ့လူဟာ ချင်ဟော်ရန်လည်း ဟုတ်ချင်မှဟုတ်မယ်။ ကိုးငရဲဂိုဏ်းတစ်ခုလုံး ငွေချေးထားတာဖြစ်နိုင်တယ်။ ကြွေးရှင်တွေက တာဝန်ရှိတဲ့ဂိုဏ်းချုပ်ကို လာရှာကြတာဖြစ်မယ်"

"ငွေချေးတဲ့လူတွေက ချင်ဟော်ရန်ကို ကိုးငရဲဂိုဏ်းချုပ်မှန်း သိကြတယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။ ကိုးငရဲဂိုဏ်းကို ငွေချေးရဲသည်မှာ တော်ရုံသတ္တိမဟုတ်။

ရှားနိုင်ငံသာ ထိုအကြောင်းသိသွားလျှင် အကြီးအကျယ် ဒုက္ခရောက်နိုင်သည်။

လီဟော်ရန် ခေါင်းခါပြန်သည်။ မေးစေ့ကိုပွတ်၍ စဉ်းစားနေသည်။ ချင်ဟော်ရန်၏မှတ်ဉာဏ်များ ထပ်တလဲလဲနှိပ်စက်ခံထားရသဖြင့် သူ့သိထားသည့်ကိစ္စ အတော်များလာသည်။

"သူတို့မသိလောက်ဘူး။ ကျုပ်ရထားတဲ့ မှတ်ဉာဏ်တွေနဲ့ ချင်ဟော်ရန်အကြောင်း သိထားသမျှအရ ဖြစ်နိုင်ချေအရှိဆုံးကိစ္စက ဒီလိုပါ။ ပထမဆုံး ချင်ဟော်ရန်က ကိုးငရဲဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကနေ ဝိညာဉ်ကျောက်တွေယူပြီး အသေးစားလုပ်ငန်းလေးတစ်ခု တရားဝင်မှတ်ပုံတင်ခဲ့တယ်။ အဖွဲ့ဝင်တွေကတော့ ချင်ဟော်ရန်နဲ့ ကိုးငရဲဂိုဏ်းဝင်တစ်ချို့ပေါ့။ ပြီးတော့ ကာလတိုစွန့်စားရတဲ့ နည်းလမ်းတစ်ချို့သုံးပြီး ဒီလုပ်ငန်း အတော်တိုးတက်အောင်မြင်လာတဲ့ ပုံစံဖြစ်အောင်လုပ်တယ်။

ဒီလုပ်ငန်းက လေးငါးကြိမ်ငွေချေးတယ်။ ချေးတိုင်းလည်း အချိန်မှန်ပြန်ဆပ်တယ်။

ဒီတော့ ငွေရှင်တွေကလည်း ဒီလုပ်ငန်းရဲ့အခြေအနေကို အကဲခတ်လာတယ်။ ယုံကြည်လာတယ်။ အခြေခံခိုင်ခံ့ပြီး အလားအလာကောင်းတယ်လို့ မြင်လာတယ်။

အဲဒါပြီးတော့ ဒီလုပ်ငန်းက လုပ်ငန်းချဲ့ထွင်ဖို့ ငွေအများကြီးချေးလိုက်တယ်။ ငွေရှင်တွေကလည်း သဘောတူကြမယ်လေ။

ငွေရလာတော့ လုပ်ငန်းအတွက် သုံးသလို အယောင်ပြတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ရလာတဲ့ဝိညာဉ်ကျောက်အားလုံးကို ကိုးငရဲဂိုဏ်းဆီ တိတ်တဆိတ်လွှဲလိုက်တယ်။

နောက်ဆုံးမှာ လုပ်ငန်းကို ဒေဝါလီခံလိုက်ပြီလို့ ကြေညာတယ်။

ချင်ဟော်ရန်က အသေးစားလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားတော့ ရင်းနှီးငွေပမာဏာအတွက်ပဲ တာဝန်ယူရတယ်။ အဖွဲ့ဝင်တွေက တာဝန်ယူစရာမလိုတော့ဘူး။ ကြွေးရှင်တွေက ချင်ဟော်ရန်နဲ့ ကိုးငရဲဂိုဏ်းခေါင်းဆောင်တွေဆီကနေ တိုက်ရိုက်အကြွေးတောင်းလို့မရတော့ဘူး။

ဒီလိုပုံစံနဲ့ ချင်ဟော်ရန်တို့က ငွေပြန်ဆပ်စရာမလိုဘဲ ငွေချေးတဲ့နည်းကို သုံးသွားတာ။ တကယ်ပြည့်စုံတဲ့ အစီအစဉ်ပါ"

ကြွေးရှင်များ ချင်ဟော်ရန်နောက်သို့ လိုက်ကြသည်မှာ မဆန်းလှဟု လုယန်တွေးမိသည်။

သူနားလည်နိုင်သည်။

"ချင်ဟော်ရန်သေသွားတာ ကံကောင်းတယ်။ သူ့အကြွေးတွေကို မင်းတာဝန်ယူစရာမလိုပါဘူး"

မုန်ကျင်းကျိုး လီဟော်ရန်အတွက် စိတ်အေးသွားသည်။ ထိုသို့သာမဟုတ်လျှင် လီဟော်ရန်ကိုရောင်းလျှင်ပင် အတိုးဆပ်ဖို့မဆိုထားနှင့်။ အရင်းပင်ကြေမည်မဟုတ်။

"အဲလိုပဲ မျှော်လင့်ပါတယ်"

လီဟော်ရန် စိတ်မအေးနိုင်သေး။ သူညတိုင်းအိပ်ရေးပျက်ရသည်မှာ ထိုကိစ္စလည်းပါသည်။

ဥပဒေကြောင်းအရ အတိတ်ဘဝအကြွေးများကို သူအမွေဆက်ခံဖို့မလို။ သို့သော် ကြွေးရှင်များက ဥပဒေကို လေးစားမည်မလေးစားမည် ဘယ်သူမှမသိနိုင်။

ခွေးသူတောင်းစား ချင်ဟော်ရန်။ သူသေသင့်သည်။

လုယန် လီဟော်ရန်ပုခုံးကို ပုတ်လိုက်သည်။

"ဂူထဲမှာ အမြဲအောင်းနေတာ မင်းအတွက် မကောင်းဘူးကွ။ အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား။ ရွှေသန္ဓေတည်ဆောက်ဖို့ နည်းလမ်းရှာတွေ့ပြီလား"

လီဟော်ရန် ခေါင်းခါသည်။

"မတွေ့သေးဘူး"

ချင်ဟော်ရန်၏ ရွှေသန္ဓေတည်ဆောက်နည်းကို မှတ်ဉာဏ်ထဲတွင် ရထားပြီးဖြစ်သည်။ သို့သော် ထိုလမ်းကြောင်းကို သူမလိုက်ချင်။

"ဒါဆိုရင် ကွက်တိပဲ။ မင်းရဲ့ရွှေသန္ဓေကို သိပ်မကြာခင် တည်ဆောက်သင့်တယ်။ အပြင်ထွက်ပြီး စိတ်အပြောင်းအလဲဖြစ်အောင် နေပါ။ ဒါမှ ရွှေသန္ဓေတည်ဆောက်ဖို့ အခွင့်အရေးရနိုင်မှာ"

"ငါတို့ရွှေသန္ဓေအဆင့်စွမ်းအားရှင်နှစ်ယောက် မင်းကိုကာကွယ်ပေးမှာပါ။ ဒီခရီးစဉ်က အမှားအယွင်းမဖြစ်နိုင်ပါဘူး"

မုန်ကျင်းကျိုး လက်မထောင်ပြသည်။ သူတို့လာလည်ရသည့် ကြွားလုံးထုတ်ဖို့ရည်ရွယ်ချက်ကို သူမမေ့။

လီဟော်ရန် - "..."

မင်းတို့ ရွှေသန္ဓေတည်ဆောက်ပြီးတော့ရော ဘာအရေးစိုက်စရာရှိလဲ။ စုစည်းခြင်းထိပ်ဆုံးအဆင့်တစ်ယောက်ရဲ့ အတွေ့အကြုံအတွေးအမြင်တွေ ငါရထားတယ်ကွ။ နောက်ဆုံးကျရင် ငါမင်းတို့ထက် သာသွားမှာပါ။

လီဟော်ရန်ကို ဂိုဏ်းမှမထွက်ရန်၊ တောနက်ထဲသို့သွားပြီး ရွှေသန္ဓေတည်ဆောက်ဖို့ အခွင့်အရေးမရှာရန် အမယွမ်က တင်းကြပ်စွာ တားမြစ်ထာသည်။

ဂိုဏ်းမှထွက်လိုလျှင် လုယန်၏ ဦးဆောင်မှုအောက်တွင်သာ သွားရမည်။

လုယန်နှင့်သွားသည်က ပဥ္စမအကြီးအကဲနှင့် သွားသည်ထက် ပိုစိတ်ချရသည်။ မသေမျိုးများနှင့် ရင်ဆိုင်တွေ့လျှင်ပင် ကြောက်စရာမလို။

"မသွားခင် ကျုပ်ဆရာကိုတော့ အသိပေးခဲ့ဦးမယ်"

"သွားစို့လေ"

သူတို့သုံးယောက် လက်နက်များသွန်းလုပ်နေသည့် ပဥ္စမအကြီးအကဲကို သွားတွေ့သည်။ အကြီးအကဲက သံတူကြီးတစ်လက်ကိုင်၍ လက်နက်တစ်ခုကို ပုံသွင်းနေသည်။ မီးပွားများ နေရာတိုင်းလွင့်စင်ထွက်နေသည်။ တူတစ်ချက်ရိုက်လိုက်တိုင်း မြေပြင်တုန်ခါသွားသည်။

"ဘာကိစ္စလဲ ဟော်ရန်"

သူတို့သုံးယောက်ကို မြင်သည်နှင့် အကြီးအကဲက သံတူကိုချုံ့ပြီး တောင့်တင်းနေသည့် သူ့ခါးကိုနှိပ်နယ်ရင်း လှမ်းမေးသည်။

"ဒီလိုပါဆရာ၊ အကိုလုတို့နဲ့အတူ ကျုပ်အပြင်ကိုသွားချင်လို့...."

အခြေအနေကို လီဟော်ရန် အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ပဥ္စမအကြီးအကဲ ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။ လီဟော်ရန်၏ အခက်အခဲများကို သူနားလည်သည်။ လီဟော်ရန်အဖြစ်က ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ကိစ္စများကို နေ့တိုင်းရင်ဆိုင်ဖြေရှင်းနေရသလိုပင်ဖြစ်သည်။ အတော်စိတ်ပင်ပန်းသည်။

တာအိုရှင်ဝစီပိတ်ကို ဂိုဏ်းချုပ်ရာထူး ထိုးပေးခဲ့ကြသည်မှာလည်း ထိုအကြောင်းကြောင့်ဖြစ်သည်။

"တူမယွမ်ကျိကပြောထားတယ်။ လုယန်နဲ့အတူသွားရင် မင်းဘာမှမဖြစ်နိုင်ဘူးတဲ့။ အဲတော့ သွားပါ"

"အမယွမ်ကို အသိပေးရဦးမလား"

ယွမ်ကျိကိုအသိမပေးဘဲ ထွက်သွားရမည်ကို လီဟော်ရန် စိတ်မရဲ။

"အမယွမ်က ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားတယ်။ ပြန်မလာလောက်သေးဘူး"

လုယန်က ပြောသည်။ ယွမ်ကျိဘာလုပ်နေသည်ကို သိသူသည် တာအိုလမ်းစဉ်ဂိုဏ်းတွင် သူတစ်ယောက်တည်းသာ ရှိပုံရသည်။

အင်ပါယာရှားက မသေမျိုးလှိုဏ်ဂူကို ရွှေ့ပြောင်းခွင့်ပြုသည်။ ထို့ကြောင့် အမယွမ်က နတ်မယ်၏ မီးဖိုချောင်ကို သွားသယ်ခြင်းဖြစ်သည်။

ထာဝရမြို့ပျက်၏ အတွင်းပိုင်းတည်ဆောက်မှုကို မပျက်စီးစေဘဲ မီးဖိုချောင်ကို ရွှေ့ပြောင်းဖို့ကိစ္စက အလွန်တရာခက်ခဲသည်။ ယွမ်ကျိကိုယ်တိုင် လုပ်ဖို့လိုသည်။

ဤရက်ပိုင်းအတွင်း ထာဝရနတ်မယ် အတော်ပျော်မြူး၍ အပြုံးပန်းဝေနေသည်။ မီးဖိုချောင် ပြန်ရောက်လာသည်နှင့် လုယန်ကို သူ့လက်ရာများ အစွမ်းပြမည်မှာ သေချာနေသည်။

လုယန် ကြောက်လွန်းသဖြင့် စကားတစ်ခွန်းမှ မဟရဲ။

ပဥ္စမအကြီးအကဲကို အသိပေးပြီးနောက် လှေပျံပေါ်တက်၍ တာအိုလမ်းစဉ်ဂိုဏ်းမှ သူတို့ထွက်ရန်ပြင်သည်။

"ဒါနဲ့၊ ငါတို့က ဘယ်နေရာကိုသွားမှာလဲ"

ဦးတည်ရာမသိဘဲ လှေပျံလက်မှတ် ဘယ်လိုဝယ်မည်နည်း။

သုံးယောက်သား အချင်းချင်းကြည့်ကြသည်။ ဘယ်နေရာသွားရမည်ကို မဆုံးဖြတ်နိုင်ကြ။

တောနက်ထဲသို့လည်း ပြန်သွား၍မဖြစ်။

"ဒီလိုလုပ်ကြမယ်။ မစ်ရှင်ခန်းမကိုသွားပြီး မစ်ရှင်တစ်ခုရွေးတာပေါ့။ မစ်ရှင်ရှိတဲ့နေရာကို သွားကြမယ်လေ"

လီဟော်ရန် အကြံပြုသည်။ သူလည်း ကျိုးဆောင်မှတ်လိုအပ်နေသည်။

"ကောင်းသားပဲ"

လုယန်တို့နှစ်ယောက် ခေါင်းငြိမ့်သည်။ လီဟော်ရန် ကျိုးဆောင်မှတ်ယူရာတွင် အဖော်လိုက်ပေးဖို့ သဘောတူလိုက်ကြသည်။

သူတို့သုံးယောက်ထဲတွင် လီဟော်ရန်က ကျိုးဆောင်မှတ်အရှားဆုံးဖြစ်သည်။ လုယန်တွင်ကျိုးဆောင်မှတ်များစွာရှိသည်။ ထာဝရနတ်မယ်၏ ကျိုးဆောင်မှတ်များကို အချိန်မရွေးသုံးနိုင်သည်။

မုန်ကျင်းကျိုးက ကျိုးဆောင်မှတ်အတွက် ဝိညာဉ်‌ကျောက်များဖြင့် လဲလှယ်နိုင်သည်။

မစ်ရှင်ခန်းမသို့ရောက်သည်နှင့် သဘောကျသည့် မစ်ရှင်တစ်ခု မုန်ကျင်းကျိုး ချက်ချင်းတွေ့သည်။

"ကျိကျိုးတောင်ပိုင်း ရှိုထန်ကောင်တီ၊ ရှေးကြာပန်းမြို့။ မြို့ပြင်တွင် ခရီးသွားများ နားခိုလေ့ရှိသည့် ဘုံ‌ကျောင်းပျက်တစ်ခုရှိသည်။ ယန်စွမ်းအင်စားသုံးသည့် သရဲမတစ်ကောင်ရှိသည်ဟု သတင်းကြားသည်။ ခရီးသွားများ မကြာခဏပျောက်ဆုံးနေသည်..."

"ဒီမစ်ရှင်ပဲပေါ့ကွာ"

မုန်ကျင်းကျိုး စိတ်လှုပ်ရှားလာပြီး သူ့ပေါင်သူ ဖျန်းခနဲရိုက်လိုက်သည်။ ထိုမစ်ရှင်နှင့် ကံရေစက်ပါသည်ဟု ခံစားရသည်။

သူ့အမွှာဝိညာဉ်မြစ်ကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကောင်းဖြစ်သည်။

လီဟော်ရန် မေးစေ့ကိုကိုင်၍ စဉ်းစားနေသည်။ ရှေးဟောင်းကြာပန်းမြို့ဟူသည့်နာမည်ကို သူအတော်ရင်းနှီးနေသလို ထင်မိသည်။

*************************************

All Chapters