← Chapters

ကောလဟာလဆိုသည်မှာ

Vol. 20 Ch. 295

ကောလဟာလဆိုသည်မှာ

Vol. 20 Ch. 295

နန်းမြို့တော်တွင် ထူးဆန်းထွေပြားသည့် အဆောက်အဦးများစွာ ရှိသည်။ တစ်ချို့က စွမ်းအားရှင်များ စိတ်ကူးတည့်ရာ တည်ဆောက်ထားခြင်းဖြစ်သည်။ တစ်ချို့က ဗိသုကာအရည်အသွေးမရှိ။ တစ်ချို့က အထိမ်းအမှတ်အဆောက်အဦးများဖြစ်သည်။

ကြေးအိုးကြီးတစ်ခု မြို့တော်၏ထောင့်တစ်နေရာတွင် ရှိသည်။ တောင်တန်းငယ်တစ်ခုစာ မြင့်မားသည်။ မျက်နှာပြင်က မှန်သားလိုချောမွတ်နေသည်။ အနုစိတ်အလှအပများ တန်ဆာဆင်ထားသည်။ အဝေးမှကြည့်လျှင်ပင် ရှေးဟောင်းလက်ရာတစ်ခုကဲ့သို့ ထည်ဝါနေသည်။

ဤနေရာသည် မြို့တော်၏ အစည်ကားဆုံးနေရာဖြစ်သည်။ မြေတစ်လက်မတန်ဖိုးတိုင်းက ရွှေသားနှင့်ချိန်စက်ရလောက်အောင် တန်ဖိုးကြီးသည်။ ထိုမျှကြီးမားသည့် ကြေးအိုးကြီးတစ်ခု ဤနေရာတွင် တည်ဆောက်ရသည့်ကုန်ကျစရိတ်က နည်းမည်မဟုတ်။

ရွှေစီးပွားနယ်မြေအသင်းလို အဓိကလုပ်ငန်းစုကြီးများမှလွဲလျှင် ထိုအရာမျိုးတည်ဆောက်ဖို့ ကုန်ကျစရိတ် တတ်နိုင်မည်မဟုတ်။

ဆေးနံ့များလွှမ်းခြုံနေသည့် ဆံဖြူဝတ်ရုံဖြူ သက်ကြီးပိုင်းများစွာ ကြေးအိုးအဆောက်အဦးထဲသို့ လက်နှစ်ဘက်နောက်ပစ်၍ လျှောက်သွားကြသည်။ ဘယ်သူ့ကိုမှ အရေးမစိုက်။

လမ်းသွားလမ်းလာများက သူတို့ကို လေးစားအားကျရိပ်ဖြင့် ငေးကြည့်နေသည်။

ထိုလူများသည် ဆေးပညာနယ်မှ နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်သည်။ အတော်များများက တစ်ချို့ဆေးနည်းများ၏ ရှေ့ဆောင်လမ်းပြများဖြစ်သည်။

ဆေးပညာမဟာမိတ်အဖွဲ့။

ဆေးလောက၏ အမြင့်ဆုံးဩဇာကို ကိုယ်စားပြုသည်။ နှစ်စဉ်နှစ်တိုင်း ဆေးနည်းပေါင်းများစွာ ဤနေရာမှ လောကတစ်ခွင်သို့ ဖြန့်ဖြူးသည်။ ထူးခြားသည့် သူတို့အစွမ်းအစကို ထုတ်ဖော်ပြသသည်။ ‌ဆေးပညာရှင်အားလုံးအတွက် ဤနေရာသည် တော်ဝင်မြေဖြစ်သည်။ ထိုနေရာထက်အဆင့်မြင့်သည်က တာအိုလမ်းစဉ်ဂိုဏ်း၏ ဆေးအိုးတောင်ထိပ်သာရှိသည်။

ကြေးအိုးအတွင်းပိုင်းရှိ ခမ်းနားထည်ဝါသည့် ကျောက်စားပွဲတစ်ခုဘေးပတ်လည်တွင် ဆေးပညာရှင်များ အသံတိတ်ထိုင်နေကြသည်။ သူတို့မျက်နှာများက အရယ်အပြုံးမရှိ။

နောက်ဆုံးတွင် လူတစ်ယောက် ရောက်လာပြီး ဆွေးနွေးပွဲစတင်ကြောင်း ကြေညာသည်။ သူသည် ဆေးပညာမဟာမိတ်၏ခေါင်းဆောင် မိုးပြာတိမ်တာအိုရှင်ဖြစ်သည်။ သူ့စွမ်းရည်က ပြိုင်ဘက်ကင်းသည်။ ဆေးစွမ်းအမြင့်ဆုံး ပညာရှင်ဖြစ်သည်။

သူ့ဘေးပတ်လည်တွင် ဆေးလောက၏နာမည်ကျော်များ ထိုင်နေသည်။ အားလုံးက ဆေးပညာမြင့်မားသ်ောလည်း မိုးပြာတိမ်၏ ရာထူးကို အသိအမှတ်ပြုကြသည်။

ပုံမှန်ဆိုလျှင် အလွန်မောက်မာလေ့ရှိသည့် သတ္တမအကြီးအကဲပင် သူပြီးလျှင် မိုးပြာတိမ်သည် ဆေးပညာအမြင့်ဆုံးဖြစ်ကြောင်း ဝန်ခံရသည်။

မိုးပြာတိမ် မပွင့်တပွင့်ပြုံးနေသည်။ အေးဆေးတည်ငြိမ်သည့် အမူအရာရှိသည်။

"ဒီပုံမှန်အစည်းအဝေးကတော့ ခါတိုင်းလို ဆေးပညာအသိအမြင်တွေ ဖလှယ်ဖို့ပါပဲ။ အားလုံး စိတ်ထဲရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်"

"တကယ်စိတ်ထဲရှိတဲ့အတိုင်း ပြောလို့ရလား"

ပညာရှင်တစ်ယောက်က လက်မြှောက်၍မေးသည်။

"ရပါတယ်"

ထိုပညာရှင် အမူအရာပြောင်းသွားသည်။ စားပွဲကို ဒေါသတကြီး လက်ဖြင့်ရိုက်လိုက်သည်။

"မိုပြာတိမ်၊ နောက်ကျမှရောက်လာပြီး ဘာလို့ခပ်အေးအေးပုံစံမျိုး ဟန်လုပ်နေတာလဲ။ ခင်ဗျားကို ကျုပ်တို့စောင့်နေရတာ နေ့တစ်ဝက်ကျိုးပြီ"

မိုးပြာတိမ် ဆေးစွမ်းထက်မှန်းသိသော်လည်း အချိန်မတိကျသည်ကို သည်းခံမည်ဟု မဆိုလို။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ကျုပ်က ဆေးနည်းအသစ်တစ်ခု လေ့လာရင်း ထူးခြားတဲ့တိုးတက်မှုတစ်ခု ကြုံခဲ့လို့ အချိန်ကိုသတိမထားမိဘဲ ဖြစ်သွားတာပါ"

"ဘာဆေးနည်းမို့ ခင်ဗျားအဲလောက်ဈာန်ဝင်သွားရတာလဲ"

မိုးပြာတိမ်က ထူးဆန်းသည့်အပြုံးဖြင့်

"ရှေးဟောင်းဆေးနည်းတစ်ခုပါ။ သားမွေးဆေးလုံးဖော်စပ်နည်းလေ"

"ခင်ဗျားဒီဆေးလုံးကို ဖော်စပ်နိုင်ပြီပေါ့"

လူအုပ်ကြီး အံ့အားသင့်သွားသည်။ သူတို့အားလုံး ဆေးညွှန်းကို သိကြပါသည်။ သို့သော် ဘယ်လောက်ကြိုးစား ဖော်စပ်သည်ဖြစ်စေ ထိုဆေးက လက်တွဲဖော်တို့၏အလှကို တိုးမြှင့်ပေးရုံသာ တတ်နိုင်သည်။

ယခုရက်ပိုင်းအတွင်း မှောင်ခိုဈေးတွင် အလှတိုးဆေးလုံးများစွာ ရောင်းချနေသည်။ ထိုဆေးအားလုံးက သူတို့ဖော်စပ်ခဲ့သည့် သားမွေးဆေးများဖြစ်သည်။ အသုံးပြုသူကို ရုပ်ပိုလှအောင်လုပ်ပေးနိုင်သည်မှလွဲ၍ ဘာမှသုံးစားမရ။

"မဖော်စပ်နိုင်သေးပါဘူး။ တိုးတက်မှုတစ်ချို့တော့ရှိလာပါပြီ။ ကျုပ်လေ့လာထားတဲ့ အချက်အလက်တွေအရ။ သားမွေးဆေးရဲ့ မူလဖန်တီးရှင်ဟာ ချင်ဟဲပါ။ သူက မသေမျိုးတစ်ယောက်နဲ့ အနီးကပ် ပတ်သက်နေပါတယ်။ ဒီဆေးဟာလည်း အဲဒီ့မသေမျိုးနဲ့ ပတ်သက်နိုင်ပါတယ်"

"မသေမျိုးတစ်ယောက်နဲ့ ပတ်သက်နေတာလား။ အဲဒါ ဖြစ်နိုင်တာပဲ"

လူအုပ်ကြီး အံ့ဩနေကြပြီးနောက် နားလည်လာကြသည်။ ဆေးပစ္စည်းများထဲတစ်ခုသည် မသေမျိုးသစ်သီးတစ်လုံး ဖြစ်ရမည်။ ထို့ကြောင့် ဆေးဖာ်စပ်ရန် ခက်နေခြင်းဖြစ်မည်။

"ဟား...တစ်ခုခု ထူးခြားမလားလို့ ထင်ထားတာ။ လက်စသပ်တော့ ဒါပဲလား"

သတ္တမအကြီးအကဲက မိုးပြာတိမ်ကို လှောင်သံပါပါဖြင့်ပြောသည်။

"ဘယ်သူပြောလိုက်တာလဲ။ ဪ...ဆေးတောင်ထိပ်က ဝူကျိဇီပဲ။ ခင်ဗျားများ ဝေဖန်ထောက်ပြစရာအချက်တစ်ခုခု ရှိလို့လား"

သတ္တမအကြီးအကဲကို မြင်သည်နှင့် မိုးပြာတိမ်၏အမူအရာ ပြောင်းသွားသည်။ သူ့လေသံတွင် ရန်လိုရိပ်ပါလာသည်။

မိုးပြာတိမ်နှင့် သတ္တမအကြီးအကဲတို့ စိုက်ကြည့်နေသည်။

ကျန်သည့်လူများ အလိုက်တသိ အသံတိတ်နေကြသည်။ ထိုနှစ်ယောက်၏ အတိတ်ဇာတ်လမ်းကို ကြားဖူးထားပြီးဖြစ်သည်။

ငယ်စဉ်က မိန်းကလေးတစ်ယောက်ကို သူတို့နှစ်ယောက်လုံးက ကြိုက်ခဲ့ကြသည်။ အပြိုင်အဆိုင် ပိုးပန်းခဲ့ကြပြီးနောက် သတ္တမအကြီးအကဲက မိုးပြာတိမ်ကို အနိုင်ယူခဲ့သည်။ မိန်းကလေးက ပါရမီရှိသည့် မိုးပြာတိမ်ကို ရွေးချယ်သွားသည်။

ထိုသို့ဖြင့် သူတို့ရန်ငြှိုး ဖြစ်တည်လာသည်။

သတ္တမအကြီးအကဲက မကြာခဏ ထူးဆန်းသည့်ဆေးလုံးများ တီထွင်နိုင်သဖြင့် သူ့ဆေးပညာစွမ်းကို ခန့်မှန်းဖို့ ခက်ခဲသည်။

သို့သော် တစ်ခုတော့ သေချာသည်။ တိုက်ခိုက်ရာတွင် ယခုရှိနေသည့် ဆေးပညာရှင်များ တစ်ယောက်မှ သူ့ကိုမယှဉ်နိုင်။

သတ္တမအကြီးအကဲ ဖြေးညှင်းစွာပြောသည်။

"ကျုပ်လေ့လာထားတဲ့ အချက်အလက်အရ ဆေးညွှန်းရဲ့ အဓိကသော့ချက်က ဆေးပစ္စည်းတွေမဟုတ်ဘူး။ သုံးစွဲတဲ့နည်းလမ်းပဲ။

ဆေးညွှန်းအစမှာ သုံးစွဲနည်းကို 'ကိုယ်ဝန်ဆောင်ဖို့ မြစ်ရေနှင့်သောက်ပါ'လို့ ပြောထားတာကို သတိထားမိကြလား။

'‌ရေ'လို့ ရိုးရိုးမပြောဘဲ ဘာကြောင့် 'မြစ်ရေ'လို့ ထူးထူးခြားခြား ဖော်ပြထားတာလဲ။

ဒီမေးခွန်းကို စဉ်းစားပြီး ရှေးမှတ်တမ်းတွေမှာ ‌ကျုပ်ရှာတယ်။ ရှေးဟောင်းခေတ်အကြောင်း ဗဟုသုတများတဲ့ လူငယ်ပညာရှင်တစ်ယောက်ကို မေးမြန်းခဲ့တယ်။ နောက်ဆုံးမှာ ဒီအဖြေကို ကျုပ်သိရတယ်။

ဆေးညွှန်းမှာ မြစ်ရေလို့ ဖော်ပြထားတာက သာမန်မြစ်ရေမဟုတ်ဘူး။ ရှေးဟောင်းခေတ်မသေမျိုးတစ်ယောက် ဖန်တီးထားတဲ့ သားအမိမြစ်ရဲ့ ရေပဲ။

သားအမိမြစ်ကရေကိုသောက်ရင် ကိုယ်ဝန်တည်တဲ့ အာနိသင်ရှိတယ်"

အားလုံး အံ့အားသင့်သွားကြသည်။

"ဘယ်လို"

"သားအမိမြစ်"

"ဒီလိုထူးဆန်းတဲ့မြစ်မျိုး တကယ်ရှိခဲ့တာလား"

သတ္တမအကြီးအကဲသည် ထူးထူးဆန်းဆန်းဆေးလုံးများ မကြာခဏဖော်စပ်လေ့ရှိသော်လည်း ထိုကိစ္စမျိုးကို နောက်ပြောင်၍ ပြောမည်မဟုတ်။

"ဘယ်မသေမျိုးလဲ"

မိုးပြာတိမ် လက်မလျှော့သေးဘဲ စိတ်အားထက်သန်စွာ ထပ်မေးသည်။

ရှေးဟောင်းကျမ်းစာများကို သူရှာဖွေလေ့လာဖူးသည်။ နန်းတောမှ စာအုပ်များကိုပင် ငှားဖတ်ဖူးသည်။ ထိုမသေမျိုး၏နာမည်ကို သူရှာမရ။ တမင်ဖုံးကွယ်ထားသလို ဖြစ်နေသည်။

သတ္တမမသေမျိုးက တည်ငြိမ်စွာ ခေါင်းငြိမ့်သည်။

"ယင်ထန်မသေမျိုးပါ"

မိုးပြာတိမ် သဘောပေါက်သွားသည်။

"ဪ သူလား။ ဒါဆိုရင် အားလုံးက အဓိပ္ပါယ်ရှိသွားပါပြီ"

"ဘာကြောင့်လဲ"

တစ်ချို့က မိုးပြာတိမ်၏စကားကို နားမလည်ကြ။ သားအမိမြစ်ဖန်တီသည့် ယင်ထန်မသေမျိုးအကြောင်း တစ်ခါမှမကြားဖူးကြ။

မိုးပြာတိမ်က ပဟေဠိဆန်ဆန်ပြောသည်။

"ရှေးဟောင်းနယ်မြေကရတဲ့ မှတ်တမ်းစာအုပ်တစ်ခု တွေ့ဖူးတယ်။ 'ဟင်းချက်နည်းပေါင်းချုပ်'တဲ့။ အကြောင်းအရာအားလုံးကို ကျုပ်နားမလည်ပေမယ့် တစ်ခုတော့ သေချာတယ်။ ဒီစာအုပ်ဟာ ဟင်းချက်နည်းတွေအကြောင်း သင်ပြလမ်းညွှန်သလို ထင်ရပေမယ့် တကယ်တော့ နက်နဲတဲ့လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတယ်ဆိုတာပဲ"

လူအုပ်ကြီး နားမလည်နိုင်အောင် ဖြစ်သွားသည်။ နာမည်က ရိုးရိုးသာဖြစ်သည်။

"အစကတော့ ကျုပ်လည်း သာမန်ရှေးခေတ်ဟင်းချက်နည်းစာအုပ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ဒီစာအုပ်ထဲကအတိုင်း ဟင်းပွဲတစ်ချို့ ကျုပ်လုပ်ကြည့်တဲ့အခါ ဒီဟင်းကိုစားတဲ့သူတိုင်း အနည်းဆုံးတော့ သတိလစ်သွားတယ်ဆိုတာ တွေ့ရတယ်။

ဒါက ဟင်းချက်နည်းမဟုတ်ဘူး။ အဆိပ်ကျမ်းတစ်စောင်ပဲ"

အားလုံး အံ့အားသင့်သွားသည်။ ရှေးဟောင်းအဆိပ်ကျမ်းက ကြောက်စရာကောင်းလှသည်။

"ပြီးတော့ ဒီအဆိပ်ကျမ်းကို ရေးတဲ့လူက ယင်ထန်မသေမျိုးပါ။

ဆေးပညာနဲ့ အဆိပ်ပညာကို ပေါင်းစပ်ထားတယ်။ ယင်ထန်မသေမျိုးဟာ ဒီလိုအဆိပ်ကျမ်းမျိုးကို ရေးနိုင်တယ်ဆိုရင် ဆေးပညာအကြောင်းလည်း အတော်လေးနှံ့စပ်ထားလို့ပဲဖြစ်ရမယ်လေ။

ရှေးခေတ်စကားပုံတစ်ခုကြားဖူးတယ်။ စွမ်းအားအကြီးဆုံး ဆေးပညာရှင်ဟာ ဆေးပစ္စည်းတွေကို ရှာဖွေရုံပဲမဟုတ်ဘူး။ တီထွင်မှုလည်းလုပ်တယ်တဲ့။

သားအမိမြစ်ဟာ ယင်ထန်မသေမျိုးဖန်တီးထားတဲ့ ဆေးပစ္စည်းတစ်ခုဖြစ်နိုင်တယ်။

...မဟုတ်သေးဘူး။ သားအမိမြစ်ရဲ့ရေဆာ ဆေးပစ္စည်းမဟုတ်လောက်ဘူး။ အဆိပ်ဖြစ်နိုင်တယ်။

ဒီမြစ်ရေကို တိုက်ပွဲမှာ ပြိုင်ဘက်တစ်ယောက်အပေါ် အဆိပ်ခတ်ဖို့ သုံးမယ်ဆိုပါစို့။ ကိုယ်ဝန်ရှိနေရင် မတိုက်ခိုက်နိုင်တော့ဘူးလေ"

ပြောနေရင်းမှာပင် မိုးပြာတိမ်၏ မျက်လုံးများ အရောင်လက်လာသည်။ သူ့သုံးသပ်ချက် ယုတ္တိကျသည်ဟု ခံစားရသည်။ ရှေးဟောင်းပဟေဠိတစ်ခုကို ဖြေရှင်းလိုက်နိုင်သကဲ့သို့ပင်ဖြစ်သည်

"ယင်ထန်မသေမျိုးရဲ့ သားအမိမြစ်ကြောင့် မိန်းမဘယ်နှစ်ယောက်များ ကိုယ်ဝန်ရခဲ့ကြမလဲ"

လူအုပ်ကြီး ယင်ထန်၏စွမ်းအားကို အံ့ဩဘနန်းသွားသည်။

မသေမျိူးတစ်ယောက်သာ ထိုမျှအံ့ဖွယ်ရတနာမျိုး ဖန်တီးနိုင်ပေလိမ့်မည်။

အားလုံးကို လက်ဖက်ရည်ငှဲ့ပေးနေသည့်အစေခံတစ်ယောက် အခန်းထဲမှ အသံတိတ်ပြန်ထွက်သွားသည်။ ဤနေရာတွင် ရှိနေသူအားလုံးက မသေမျိုးများအကြောင်း ဆွေးနွေးနေသည့် ဆေးပညာအကျော်အမော်များဖြစ်သည်။ ထိုထက်ကြာကြာ သူဆက်မနေရဲ။

သူအပြင်ရောက်သည်နှင့် သူ့အဖော်များ ဝိုင်းအုံလာကြသည်။

"ဘယ်လိုလဲ။ သူတို့ဘာတွေပြောကြလဲ"

ဆေးပညာထိပ်သီးများ ဆွေးနွေးပွဲသည် နောက်ဆုံးပေါ် ဆေးပညာအသိများကို ကိုယ်စားပြုသည်။ နည်းနည်းကြားသိရုံဖြင့် ကြွားဝါဖို့လုံလောက်သည်။

အစေခံက ဆေးပညာရှင်များ ပြောနေသည့်အကြောင်းအရာကို ပြန်စဉ်းစားပြီးနောက် မရှင်းမလင်းပြောသည်။

"သူတို့က ရှေးခေတ်ယင်ထန်မသေမျိုးက မရေမတွက်နိုင်တဲ့မိန်းမတွေကို ကိုယ်ဝန်ရှိအောင်လုပ်ခဲ့တယ်လို့ ပြောနေတာထင်တယ်"

သူ့အဖော်များ မင်သက်မိသွားသည်။

ဤကိစ္စသည် ရှေးဟောင်းလျှို့ဝှက်ချက်ဖြစ်သည်။

All Chapters