← Chapters

လီဟော်ရန်ကံကြမ္မာ

Vol. 20 Ch. 297

လီဟော်ရန်ကံကြမ္မာ

Vol. 20 Ch. 297

ဘေးခန်းထဲတွင်လုယန် ဆီမီးအိမ်တစ်လုံးထွန်း၍ စာအုပ်ကို အာရုံစိုက်ထားသည်။ ဝတ်ရုံစိမ်းမိန်းကလေးတစ်ယောက် အခန်းထဲတွင်ပေါ်လာသည်ကို သတိမထားမိ။

လုယန်ပုံစံက စာဖတ်နေသယောင်ထင်ရသော်လည်း အမှန်တော့ သူ့သိစိတ်နယ်မြေမှ မသေမျိုးနှင့် စကားပြောနေခြင်းဖြစ်သည်။

"..လုယန်၊ နင်အပြစ်လုပ်တာတွေများလွန်းလို့ တာအိုလမ်းစဉ်ဂိုဏ်းကနေ နှင်ထုတ်ခံရပြီး ဒီလိုနေရာမှာ နေနေရတာလား"

နတ်မယ်မျက်လုံးတွင် အပျော်ရိပ်သန်းနေသည်။ လုယန်ကံဆိုးသည်ကို ‌‌ကျေနပ်နေဟန်ရှိသည်။

"...ခင်ဗျားက တကယ်တွေးတတ်တာပဲ။ ပြီတော့ တစ်ခြားလူတွေက် အိပ်ချိန်ကို နာရီနဲ့တိုင်းတာသတ်မှတ်တယ်။ ခင်ဗျားကဘာလို့ ရက်နဲ့သတ်မှတ်တာလဲ"

နတ်မယ်က အလိုမကျဟန်ဖြင့် တင်ပါးပေါ်လက်တင်၍

"မသေမျိုးတစ်ယောက်က ဘယ်လိုလုပ် သေမျိုးတွေနဲ့ တူနိုင်မှာလဲ"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ခင်ဗျားက အတုမရှိတဲ့လူပါ နတ်မယ်။ ဒီတော့ အခုပြန်အိပ်လိုက်ပါလား။ ကျုပ်လုပ်စရာတွေရှိသေးတယ်"

"ဘာလုပ်စရာတွေလဲ"

နတ်မယ်စိတ်ဝင်စားမှု မြင့်တက်လာသည်။

အကျိုးအကြောင်းမသိမချင်း နတ်မယ်အလွတ်ပေးမည်မဟုတ်မှန် သိသဖြင့် လုယန် ရှင်းပြလိုက်ရသည်။

"ဒါဆိုနင်က သရဲမကို မျှားခေါ်ပြီးဖမ်းမယ်ပေါ့"

"ဟုတ်တယ်"

"ဒါလောက်ကတော့ အလွယ်လေးပါ။ ငါ့တာဝန်ထားလိုက်"

နတ်မယ် ယုံကြည်ချက်အပြည့်ဖြင့် ရင်ဘတ်ကိုပုတ်၍ ပြောသည်။ ပြိုင်ဘက်ကင်းသန္ဓေကဲ့သို့ ပြိုင်ဘက်ကင်းဟန်ပန်မျိုးရှိနေသည်။

နတ်မယ်သည် ဝိညာဉ်အသွင်ဖြင့် ရှိနေခြင်းဖြစ်၍ သရဲဟု သတ်မှတ်နိုင်သည်။ ယခုကိစ္စအတွက် အသင့်တော်ဆုံးဖြစ်သည်။

"နေပါဦး။ ခင်ဗျားက သရဲကြောက်တယ်မဟုတ်လား"

မဟာအကြီးအကဲတည်ဆောက်ထားသည့် ဂူသင်္ချိုင်းသို့ရောက်သွားစဉ်က ကြုံခဲ့ရသည့်အခြေအနေကို လုယန်ပြန်သတိရလာသည်။ ထိုစဉ်က နတ်မယ် အတော်ကြောက်လန့်နေသည်။

"မြင်ရတဲ့သရဲတွေကို ငါ....မဟုတ်ဘူး။ ဘယ်သရဲမှ ငါမကြောက်ဘူး"

စကားမှားပြေမိမှန်းသိသဖြင့် အမြန်ပြန်ပြင်သည်။

"ကောင်းပြီလေ၊ ဒါပေမယ့် စည်းကျော်ဘောင်ကျော်တဲ့ကိစ္စမျိုး ဘာမှမလုပ်နဲ့နော်"

လုယန်သတိပေး၍ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေးလိုက်သည်။

"အချစ်ရေ၊ ကျွန်မအရမ်းအထီးကျန်တာပဲ။ ကျွန်မကို အဖောပြုပေးပါ"

တတ်ရုံစိမ်းမိန်းကလေးက လုယန်ရှေ့တွင်ပေါ်လာပြီး ညှို့အားအပြည့်ဖြင့်ကြည့်သည်။ သူ့စကားသံက အရိုးများပျော့ခွေသွားလောက်အောင် ချိုသာနူးညံ့သည်။

သို့သော် သူ့ရှေ့မှလူသည် လုယန်မဟုတ်တော့ကြောင်း သူမသိ။

လုယန်မျက်နှာတွင် ပြီတီတီအပြုံးတစ်ခု ပေါ်လာသည်။ ဝတ်ရုံစိမ်းမိန်းကလေးကို ဖျတ်ခနဲ အမြန်ဆွဲပွေ့လိုက်သည်။

ဝတ်ရုံစိမ်း အံ့အားသင့်သွားသည်။ အစောပိုင်းကခန်းမထဲတွင် လုယန်၏အပြုအမူက ထိုသို့မဟုတ်။

လုယန်က ဝတ်ရုံစိမ်း၏မေးစေ့ကို လက်ချောင်းဖြင့်မ,၍ ညုတုတုအသံဖြင့် ပြန်ပြောသည်။

"အထီးကျန်နေတဲ့ အလှလေး။ မမ မင်းကိုအဖော်ပြုပေးရမလား"

ဝတ်ရုံစိမ်းကို အနီးသို့ဆွဲကပ်ထားပြီး သူ့လက်များက လွတ်လပ်စွာလှုပ်ရှားနေသည်။

"မင်းခန္ဓာကိုယ်က အတော်ကောင်းပါတယ်။ ဒါပေမယ့် ငါ့ကိုတော့ မမီသေးဘူး"

ခန္ဓာကိုယ် သူ့ကိုမမီဟုပြောသည်။ သူ့ကိုယ်သူ "မမ"ဟုပြောသည်။ ယောက်ျားအဖြစ် ဟန်ဆောင်ထားသည့် မိန်းကလေးလည်းဟုတ်ဟန်မတူ။

ဝတ်ရုံစိမ်း ကြက်သီးထလာသည်။ လိင်တူတစ်ယောက်နှင့် ကြုံရပြီဟု တွေးလိုက်သည်။

"လာပါအလှလေး။ ညတာကတိုတယ်။ မမနဲ့လာကစားပါ"

လုယန် တဟက်ဟက်ရယ်နေသည်။ မျက်နှာက ဣန္ဒေတစ်စက်မှမရှိ။

ဝတ်ရုံစိမ်း ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် လုယန်ဖမ်းချုပ်ထားသည်က ကြောက်စရာကောင်းလောက်အောင် သန်မာလွန်းသည်။ အခြေတည်အဆင့်စွမ်းအားဖြင့်ပင် ရုန်းမထွက်နိုင်။

"ထွက်ပြေးချင်တယ်ပေါ့"

လုယန် သူ့ဆီခုန်အုပ်သည်။

သိစိတ်နယ်မြေတွင် လုယန်က ထာဝရနတ်မယ်ကို ခုန်အုပ်သည်။

"ခွေးသူတောင်းစားပဲဝါ။ ကျုပ်ခန္ဓာကိုယ်နဲ့ ဘာလုပ်နေတာလဲ"

"နည်းနည်း‌ပျော်ရုံပဲလေ။ တကယ်လုပ်တာမှမဟုတ်တာ"

နတ်မယ် ထွက်ပြေးရင်း ပြန်အော်သည်။

"ဒါလည်း လက်မခံနိုင်ဘူး။ ကျုပ်သိက္ခာကျတယ်"

...

မုန်ကျင်းကျိုး အိပ်ချင်ယောင်ဆောင်နေသည်။ ပြုံးချင်စိတ်ကိုထိန်း၍ သရဲမရောက်အလာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

သူ့ကုတင်ဘေးတွင် သရဲမက အနီရောင်သတို့သမီးဝတ်စုံဖြင့် ပေါ်လာသည်။

သရဲမက မုန်ကျင်းကျိုးကို လေတစ်ချက်မှုတ်လိုက်သည်။

"အချစ်ရေ၊ ထတော့လေ"

မုန်ကျင်းကျိုးနားထဲသို့ နူးညံ့ညင်သာသည့်စကားသံ ဝင်လာသည်။

မုန်ကျင်းကျိုး အိပ်ချင်မူးတူးပုံစံဖြင့်ထလာသည်။ သရဲမကိုမြင်ပြီးနောက် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။

"မင်းကဘယ်သူလဲ"

"မေ့နေပြီလား အချစ်ရယ်။ ကျွန်မက အကို့ဇနီးလေ"

မုန်ကျင်းကျိုးမျက်လုံးများ အရောင်တောက်လာသည်။ သူ့အမွှာတစ်ကိုယ်တော်ရွှေသန္ဓေ အစွမ်းပြလာပြီထင်သည်။ မြင်မြင်ချင်းမှာပင် သူ့မိန်းမဟု ပြောနေသည်။

သူစိတ်တည်ငြိမ်အောင် ထိန်းထားရမည်။ စိတ်အတွေးလွှမ်းမိုးသွား၍မဖြစ်။

ထို့နောက် ငေးငေးငိုင်ငိုင်အမူအရာမျိုး ပြန်ထိန်းလိုက်သည်။

သရဲမ၏ နှင်းဆီရောင်နှုတ်ခမ်းနှစ်လွှာက မုန်ကျင်းကျိုးနားသို့ ဖြေးညှင်းစွာ တိုးကပ်လာသည်။ မုန်ကျင်းကျိုး ရင်တဒိန်းဒိန်းခုန်လာသည်။

"ဘုန်း"

သို့သော် သရဲမနှုတ်ခမ်းနှစ်လွှာမထိနိုင်မီ မုန်ကျင်းကျိုးကိုယ်ထဲမှ မမြင်နိုင်သည့်စွမ်းအားတစ်ခုကြောင့် သရဲမလွင့်ထွက်သွားပြီး သတိလစ်သွားသည်။ သူ့နှုတ်ခမ်းများ ဝက်အူချောင်းလို နီရဲရောင်ကိုင်းလျက် ပုံပျက်ပန်းပျက်ဖြစ်လာသည်။

တစ်ကိုယ်တော်ရွှေသန္ဓေသည် တောက်ပသည့်နေမင်းပမာ ဖြောင့်မတ်တည်ကြည်သည်။ ဒန်ထန်တွင် ဗဟိုပြုသည်။ အရပ်ဆယ်မျက်နှာကို စောင့်ကြပ်သည်။ နတ်ဆိုးလို သရဲလို မကောင်းဆိုးဝါးများ အနားသို့မကပ်နိုင်။

တစ်ကိုယ်တော်ရွှေသန္ဓေ အမွှာနှစ်ခုစွမ်းအားက ထိုထက်ပိုပြင်းထန်သည်မှာ မဆန်းလှ။

မုန်ကျင်းကျိုး - "..."

သရဲမ သူ့ကို ထိပင်မထိနိုင်ခဲ့။

....

ခန်းမထဲတွင် လီဟော်ရန် ဗုဒ္ဓရပ်ထုရှေ့၌ အိပ်နေသည်။ ဝိညာဉ်အာရုံကိုဖြန့်၍ လှုပ်ရှားမှုမှန်သမျှကို အာရုံခံနေသည်။

လက်လွတ်စပယ် သူမလှုပ်ရှားရဲ။ သရဲမရိပ်မိသွားမည်ကို စိုးရိမ်နေသည်။

သူရောက်လာပြီ။

ဝတ်ရုံဖြူသရဲမက လီဟော်ရန်နားသို့ အသံတိတ် ချဉ်းကပ်လာသည်။ သူလှုပ်ရှားမှုမှန်သမျှ လီဟော်ရန်အာရုံခံနိုင်သည်ကို သူမသိ။

"ဟူး.."

သရဲမ လေအေးတစ်ချက် မှုတ်ထုတ်လိုက်သည်။ လီဟော်ရန် ကြက်သီးထသွားသည်။

"မင်းဘယ်သူလဲ"

သရဲမကိုမြင်သည်နှင့် လီဟော်ရန် ကြောက်လန့်တကြားခုန်ထလာသည်။

"မကြောက်ပါနဲ့ သခင်လေး။ ကျွန်မက ဝိညာဉ်ချီမရှိတဲ့ လေလွင့်သရဲပါ။ သခင်လေးရဲ့ ယန်စွမ်းအင်နည်းနည်းလောက် လိုချင်လို့ပါ"

သရဲမက သနားကမားပုံစံဖြင့် ပြောသည်။

လီဟော်ရန် သူ့စကားကို လုံးဝမယုံ။ သရဲအသွင် ထိုမျှထင်ရှားနေပြီး သိစိတ်လည်း ရှင်းလင်းပြတ်သားသည်။ ဝိညာဉ်ချီစွမ်းအင်တစ်ခု ခပ်မှိန်မှိန်ထွက်နေသည်။

အခြေတည်ထိပ်တန်းအဆင့်။

ကံဆိုးလှသည်။ အဆင့်တူသရဲမနှင့် လာတိုးနေသည်။

"သခင်လေးကို သက်တောင့်သက်သာခံဏားရအောင် ကျွန်မလုပ်ပေးပါ့မယ်"

သရဲမ၏ ညှို့အားအပြည့်ပါသည့် စကားသံကြောင့် သူ့ရင်ထဲ လှုပ်ခါသွားသည်။

သူနားမလည်နိုင်အောင် ဖြစ်နေသည်။ ယခုချိန်ဆို လုယန်နှင့် မုန်ကျင်းကျိုးတို့ သူတို့သရဲများကို ဖမ်းဆီး၍ ရုန်းရင်းဆန်ခတ် ဖြစ်နေရမည်။ ယခု ဘာသံမှမကြားရ။

တစ်ခုခု အမှားအယွင်းဖြစ်နေသလားမသိ။

လီဟော်ရန် သရဲမလိမ်နေသည်ကို မဖော်ထုတ်သေးဘဲ အလိုက်သင့်ကစား၍ သတင်းတစ်ချို့နှိုက်ထုတ်ရန် ဆုံးဖြတ်သည်။

"သရဲတွေက ဘာလို့ ယန်စွမ်းအင်လိုအပ်တာလဲ။ အသက်ပြန်ရှင်သန်ဖို့လား"

"နောက်နေတာလား သခင်လေး။ သရဲတွေက အသက်ပြန်မရှင်နိုင်ဘူးလေ။ သရဲဘဝရှင်သန်ဖို့အတွက် ယန်စွမ်းအင်နည်းနည်းစုဆောင်းရုံပါပဲ"

ညုတုတုအမူအရာဖြင့် ဝတ်ရုံဖြူသရဲ လီဟော်ရန် ရင်ခွင်ထဲသို့ ဝင်လာသည်။ အကြည်ချင်းဆုံကြသည်။

ထိုစဉ် ခန်းမတံခါး ရုတ်တရက်ပွင့်သွားပြီး မိန်းကလေးတစ်ယောက် ဝင်လာသည်။

"ဒီမှာ လူရှိလားရှင်။ ကျွန်မ ခရီးစရိတ်ပြတ်သွားလို့ပါ။ ဒီမှာ တစ်ညလောက် တည်းခိုလို့ရမလား"

ထိုမိန်းကလေးက ကိုယ်ဟန်မတ်မတ်ရပ်နေသည်။ သူ့ဝတ်စုံက ရိုးရှင်းသည်။ သို့သော် ခရီးဆောင်အိတ်မပါ။ ဘုံကျောင်းပတ်လည်တွင် ရွှံ့ဗွက်များထနေသော်လည်း သူ့ဖိနိပ်များက အစွန်းအထင်းမရှိ။

လီဟော်ရန်နှင့် သရဲမ မိန်းကလေးကို ပြိုင်တူလှည့်ကြည့်သည်။

သူတို့နှစ်ယောက်ကိုကြည့်၍ မိန်းကလေးလည်း မင်သက်မိနေသည်။ ပထမဆုံးအကြိမ် ခရီးထွက်လာခြင်းဖြစ်သည်။ အပြင်လောက ထိုမျှပွင့်လင်းမြင်သာရှိမည်ဟု သူမထင်ထား။ ဘုံကျောင်းပျက်မှာပင် ထိုလုပ်ရပ်မျိုး လုပ်နေကြသည်။

ထိုအခြေအနေမျိုး ကြုံရမည်ထင်မထားသဖြင့် မိန်းကလေး အနေခက်သွားသည်။ လောကအသိ မပြည့်စုံသေးသည့်တိုင် ထိုမြင်ကွင်းမျိုးကို ရှောင်ရမည်မှန်း သူသိသည်။

ချက်ချင်း လှည့်ထွက်သွားရန်ပြင်သည်။ သို့သော် မြေပေါ်တွင်လဲလျောင်းနေသည့်လူကို မြင်ဖူးသလိုလို သူခံစားလိုက်ရသည်။

ရှေ့သို့တစ်လှမ်းတိုးပြီးကြည့်လိုက်သည်။ သူ့အထင်မမှား။

လီဟော်ရန်ကို သူငုံ့ကြည့်သည်။ သူ့အပြုံးက မျက်လုံးသို့ရောက်မလာ။ ဝတ်ရုံဖြူသရဲထက်ပင် နူးညံ့သည့်လေသံဖြင့် သူမေးလိုက်သည်။

"အဖေ၊ ဘာတွေလုပ်နေတာလဲ"

လီဟော်ရန် တံတွေးတစ်ချက် ကျိတ်မျိုချသည်။ သူ့ဘဝအဆုံးသတ်ပြီဟု ခံစားရသည်။

ထိုမိန်းကလေးက တစ်ခြားလူမဟုတ်။ သူ့အတိတ်ဘဝ ချင်ယွမ်ဟောင်၏သမီး ချင်ယန်ယန်ပင် ဖြစ်သည်။

All Chapters