အလုပ်ကြိုးစားတဲ့သရဲများ
Vol. 20 Ch. 299
"မြို့စားကဒီအကြောင်းသိတယ်လို့ မင်းပြောတယ်နော်။ ငါတို့နဲ့အတူ မြို့စားနဲ့သွားတွေ့ရဲလား"
လီဟော်ရန် ထိုသရဲမစကားကို မယုံသေး။ ကြောက်လန့်ရိပ်တစ်ချို့ပေါ်လာမည်ဟု ထင်ထားသည်။
သို့သော် ထိုအရိပ်မျိုး လုံးဝပေါ်မလာ။
လူသားလေးယောက် သရဲမသုံးယောက် ဘုံကျောင်းပျက်တွင် တစ်ညလုံးစောင့်ကြသည်။ အရုဏ်ချိန်မတိုင်မီ လရောင်လျော့၍ နေအလင်းထွက်ပေါ်စတွင် မြို့စားနှင့်တွေ့ရန် ထွက်ခဲ့ကြသည်။
ရှေးကြာပန်းမြို့သည် ထင်းရှူးပင်များကြောင့် နာမည်ကျော်သည်။ သက်တမ်းရင့်ထင်းရှူးပင်များ နေရာတိုင်းရှိနေသည်။ အကြီးဆုံးထင်းရှူးပင်က လူသုံးယောက်ဖက်စာပင်မက။ ဤထင်းရှူးပင်ကြီးသည် နှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီး ရှေးကြာပန်းမြို့ထက်ပင် သက်တမ်းရင့်ကြောင့် ရှောင်ချီဟုခေါ်သည့် ဝတ်ရုံဖြူသရဲမက ပြောပြသည်။
(**ထင်းရှူးပင်ဟုသာ လွယ်အောင်ဘာသာပြန်လိုက်ပါသည်။ ရှန်းရှဝတ္ထုများတွင် တွေ့ရများသည့် locust သစ်ပင်ဖြစ်သည်)
ထင်းရှူးပင်များ ယင်ဓာတ်သဘာဝရှိသည်။ တစ်မြို့လုံး အုံ့မိုင်းအေးမြသည့်လေထုက လွှမ်းခြုံထားသည်။ နေအပူဒဏ်ခိုလှုံဖို့ နေရာကောင်းတစ်ခုဖြစ်သည်။
လုယန်လည်ပတ်ဖူးသမျှ မြို့အားလုံးတွင် ရှေးကြာပန်းမြို့သည် အကြီးဆုံးဖြစ်သည်။
ထို့ပြင် မြို့က ဖွံ့ဖြိုးတိုးတက်သည်။ နောက်တစ်ချိန် ပိုစည်ကားလာမည့်အနေအထားပင် ရှိနေသည်။
အစိုးရရုံးတော်တွင် သူတို့ကျောက်စိမ်းတံဆိပ်များ ထုတ်ပြလိုက်ပြီးနောက် မြို့စားက ချက်ချင်းထွက်ရက် ကြိုဆိုသည်။ နည်းနည်းချမ်းသာသည့် ဟန်ပန်မျိုးရှိသည်။ အားလုံးကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။
"တာအိုလမ်းစဉ်ဂိုဏ်းကကျင့်ကြံသူတွေ ရောက်လာမယ်လို့ ထင်မထားဘူးဗျာ။ ကောင်းကောင်းမကြိုဆိုခဲ့မိတာ ခွင့်လွှတ်ပါ"
မြို့စားက နှိမ့်ချသည့်လေသံဖြင့် တောင်းပန်စကားဆိုသည်။
ထိုမြို့စား အခြေတည်ထိပ်တန်းအဆင့်ရှိကြောင်း လုယန်သတိထားမိသည်။
သူတို့နောက်မှ သရဲမသုံးယောက်ကိုမြင်သည်နှင့် မြို့စား နည်းနည်းအမူအရာပျက်သွားသည်။ သို့သော် အမြန်မျက်နှာပြန်ပြင်ပြီး ယဉ်ယဉ်ကျေးကျေးပြောသည်။
"ကျုပ်မျိုးရိုးက ဖန် ပါ။ နာမည်ရင်း ဖန်ကုယန်ပါ။ ရှောင်ဖန်လို့ပဲ ခေါ်နိုင်ပါတယ်။ အထဲကို ကြွပါခင်ဗျာ"
"မြို့စားဖန်က သဘောကောင်းလွန်းနေပါပြီ"
မြို့စားငှဲ့ပေးသည့် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း လုယန်ပြောသည်။ ထို့နောက် ခေါင်းတစ်ချက်ငြိမ့်သည်။ ဘာလက်ဖက်ရည်မှန်း သူမခွဲခြားတတ်။
"ကျုပ်တို့ဘာကြောင့်ရောက်လာလဲဆိုတာ မြို့စားဖန်လည်း ရိပ်မိလောက်ပါတယ်။ ဒီသရဲသုံးယောက်ရဲ့နောက်ခံနဲ့ အခြေအနေမှန်ကိုသိချင်လို့ လာခဲ့တာပါ"
"ကောင်းပါပြီ"
မြို့စားဖန် သက်ပြင်းချလိုက်သည်။ အမှန်ဆိုရလျှင် ထိုကိစ္စကို သူသိပ်ပြောမပြချင်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းက မေးလာသဖြင့် မပြော၍မဖြစ်။
"ဒီသရဲမသုံးယောက် လူတွေရဲ့ ယန်စွမ်းအင်စုပ်ယူနေတာကို မြို့စားဖန်သိသလား"
လုယန် တိုက်ရိုက်မေးသည်။
"သိပါတယ်။ အရင်က မြို့ပြင်စွန့်ပစ်ဘုံကျောင်းမှာ သရဲမတွေ စွမ်းအင်စုပ်ယူနေတယ်လို့ ခရီးသွားတစ်ယောက်က ကျုပ်ဆီလာသတင်းပို့တယ်။ ဒီသတင်းကြားတော့ အရေးကြီးတဲ့ကိစ္စပဲလို့တွေးပြီး ချက်ချင်းသွားစုံစမ်းပါတယ်"
ဘုံကျောင်းကိုရောက်တော့ ရှောင်ချီတို့သုံးယောက်က လူတစ်ယောက်ရဲ့ ယန်စွမ်းအင်ကို အကုန်စုပ်ယူတဲ့ မကောင်းဆိုးဝါးမျိုးမဟုတ်တာကို တွေ့ရပါတယ်။ သူတို့က လူတွေကို ဒုက္ခပေးလိုစိတ်မရှိတဲ့ သရဲတွေပါ။
အရင်က ရှေးကြာပန်းမြို့ဟာ အခုလောက် မဖွံ့ဖြိုးသေးဘူး။ ကျုပ်က မြို့ရဲ့ဝင်ငွေတိုးလာဖို့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ချင်တယ်။ ဒါပေမယ့် ထင်းရှူးပင်တွေချည်းသက်သက်နဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ မလုံလောက်ဘူး။
ဒီသရဲမတွေကို ကျုပ်တွေးမိလာတယ်။ ပြဿနာမဖြစ်အောင် ဥပဒေပြဌာန်းချက်ကို လေ့လာကြည့်တယ်။ ဥပဒေက လူတွေထိခိုက်နိုင်တဲ့ ဒါမှမဟုတ် သာမန်နေထိုင်မှုဘဝပျက်စီးလောက်တဲ့အထိ သရဲတွေ ယန်စွမ်းအင်စုပ်ယူတာကို တားမြစ်ထားပေမယ့် စွမ်းအင်မစုပ်ယူရဘူးလို့ လုံးဝတားမြစ်ထားတာမျိုး မရှိဘူး။
သရဲတွေ ယန်စွမ်းအင်စုပ်ယူတာကို ပြည့်တန်ဆာလုပ်ငန်းလို့ သတ်မှတ်လို့မရဘူး။ ခရီးသွားတွေက ငွေပေးစရာတောင်မလိုဘူးလေ။
ပြီးတော့ အခွန်ဥပဒေအရလည်း ယန်စွမ်းအင်စုပ်ယူတဲ့အတွက် သရဲတွေ အခွန်ပေးဆောင်စရာမလိုဘူး။
ဒါတွေသေချာစဉ်းစားပြီးမှ ဒီသရဲတွေကို ရှေးကြာပန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ်သုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ အတော်လည်း အလုပ်ဖြစ်ခဲ့တယ်။ ခရီးသွားအတော်များများ ကြည်နူးစရာရှာဖွေဖို့ လာကြတယ်။ မြို့ဝင်ငွေ သိသိသာသာ တိုးလာတယ်။ ဒေသစီးပွားရေး တိုးတက်လာတယ။ ကောင်တီက ကျုပ်တို့ကို ဂုဏ်ပြုဆုချီးမြှင့်တယ်။ ကျုပ်ကိုယ်တိုင်လည်း အခြေတည်ထိပ်တန်းအဆင့်ထိ ချောချောမွေ့မွေ့ကျင့်ကြံနိုင်ဖို့ အထောက််အပံ့တွေ ရခဲ့ပါတယ်။
ကျုပ်ကို ကောင်တီမှာ ရာထူးတိုးပေးဖို့တောင် ပြောနေကြတယ်။ ဒါပေမယ့် ဒီမှာမြို့စားလုပ်ရတာက ကောင်တီမှာ လက်အောက်ငယ်သားလုပ်ရတာထက် အစားအသောက်ဝိညာဉ်နဲ့ ဝိညာဉ်ကျောက်တွေ အများကြီးပိုသာတယ်လေ။ ဒါကြောင့် ကျုပ်ငြင်းလိုက်တယ်။
ရွှေသန္ဓေအဆင့်ရောက်ပြီးမှပဲ ရာထူးတိုးကိစ္စ စဉ်းစားဖို့ ဆုံးဖြတ်ထားပါတယ်"
မြို့စားဖန်က သူ့ရှေ့ရေးအတွက် ရှင်းလင်းသည့် သတ်မှတ်ချက်မျိုးရှိသည်။
သရဲမသုံးယောက် ခေါင်းအထပ်ထပ်ငြိမ့်နေကြသည်။ သူတို့အပြစ်ကင်းကြောင်း သက်သေခံနေသည်။
"နေပါဦး။ အားလုံး အဆင်ပြေနေတယ်ဆိုရင် ဒီမှာသရဲမတွေရှိနေပါတယ်လို့ပြောပြီး ကျုပ်တို့ဂိုဏ်းကို အကူအညီလာတောင်းတာ ဘယ်သူလဲ"
မုန်ကျင်းကျိုး မေးခွန်းထုတ်သည်။
ဤမစ်ရှင်ကို ဂိုဏ်းက စစီစဉ်ခြင်းမဟုတ်။ လူတစ်ယောက်က သတင်းပို့ခဲ့ခြင်းဖြစ်သည်။
ပြိုင်ဘက်လား။
ဤလုပ်ငန်းတွင် ပြိုင်ဘက်ရှိနေ၍လား။
မြို့စားဖန်လည်း အံ့အားသင့်သွားသည်။ လုယန်တို့ ခရီးသွားရင်း သရဲများကိုတွေ့၍ ရှင်းလင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ထင်ထားသည်။
"မြို့စားဖန်၊ အဲလိုလာသတင်းပို့တာ ဘယ်သူဖြစ်နိုင်မလဲ"
"မပြောတတ်ဘူး။..ဒါနဲ့..ခင်ဗျားတို့မစ်ရှင်မှာ ဒီအကြောင်းကို ဘယ်လိုဖော်ပြထားသလဲ"
"စာပေသမားတွေကို ချိနဲ့အားနည်းအောင် ယန်စွမ်းအင်စုပ်ယူနေတဲ သရဲမတွေ ရှေးကြာပန်းမြို့မှာ ရှိနေတယ်လို့ ပြောထားတယ်"
မြို့စားဖန် အမူအရာပြောင်းသွားသည်။
"တစ်ခုခုတွေးမိလို့လား မြို့စားဖန်"
မြို့စား ခေါင်းငြိမ့်သည်။
"ကျိုးမျိုးရိုး စာပေသမားတစ်ယောက်မှာ သားတစ်ယောက်ရှိတယ်။ အားလုံးက အဲဒီ့ကလေးကို ရှောင်ကျိုးလို့ ခေါ်ကြတယ်။ ရှောင်ကျိုးက နန်းတွင်းစာမေးပွဲကို အကြိမ်ကြိမ်ကျထားတဲ့ သာမန်ကျာင်းသားတစ်ယောက်ပါ။
ဒါပေမယ့် ဒါကို သရဲမတွေဆီ မကြာခဏသွားလို့ စိတ်ထွေပြားပြီး သူ့စွမ်းအင်လျော့လာလို့ ကောင်းကောင်းစာမလေ့လာနိုင်တာလို့ သူ့အမေက ယူဆတယ်။
သူ့အမေ ကျုပ်ဆီလာပြီး သရဲမတွေကို အပြစ်ပေးဖို့ တောင်းဆိုဖူးတယ်။ ဒါပေမယ့် ရှောင်ကျိုးစာညံ့တာကို အားလုံးသိနေတာပဲလေ။ သူ့စရိုက်ကိုက ကစားမက်ပြီး ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်တာပါ။ သရဲတွေနဲ့ ဘာမှမဆိုင်ပါဘူး။
သူတမင်ပြဿနာရှာတယ်လို့ သဘောထားပြီး ကျုပ်လျစ်လျူရှုထားလိုက်တယ်။ သူထွက်သွားတော့ တစ်ခြားမိဘတစ်ချို့လည်း သူတို့ကလေးတွေ စာမေးပွဲကျတဲ့ကိစ္စအတွက် သရဲမတွေကို အပြစ်တင်ကြတယ်။ ဒါပေမယ့် အားလုံးကို ကျုပ်မောင်းထုတ်လိုက်တယ်။
သူတို့က ဒါကိုမကျေနပ်နိုင်သေးဘဲ တာအိုလမ်းစဉ်ဂိုဏ်းအထိ သွားတိုင်မယ်လို့ ထင်မထားဘူး"
မြို့စားဖန် သက်ပြင်းချသည်။
"ရှောင်ချီတို့သုံးယောက်က အကောင်းဆုံးလုပ်ပေးခဲ့ကြပါတယ်"
သရဲဖြူရှောင်ချီက ဝင်ပြောသည်။
"ဒီကိစ္စ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး လမ်းမှန်ကျင့်ကြံသူတွေ ကျွန်မတို့ကို ရှာတွေ့သွားမှာစိုးတယ်။ ဒါကြောင့် စာညံ့တဲ့ကလေးတွေကို ဘုံကျောင်းမှာခေါ်ပြီး စာပြပေးခဲ့ပါတယ်။
ကျွန်မတို့ ညီမသုံးယောက်ဟာ မသေခင်တုန်းက စာပေသမားမိသားစုကပါ။ သူတို့ကိုသင်ပေးရတာ ကျွန်မတို့အတွက် မခက်ပါဘူး။
သူတို့ ကောင်းကောင်းသင်ယူရင် သူတို့ကို ဆုချတယ်။ သူတို့မကြိုးစားရင် ဘာမှမပေးဘူး။ ဒီလိုဆုပေးဒဏ်ပေးစနစ်နဲ့ သင်လိုက်တော့ သူတို့ရမှတ်အဆင့်တွေ ချက်ချင်းတိုးတက်လာပါတယ်"
လုယန် သရဲမသုံးယောက်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။ ဝတ်ရုံနီသရဲ၏နှုတ်ခမ်းက ရောင်ကိုင်းနေဆဲဖြစ်၍ မပြောတော့။ ဝတ်ရုံဖြူသရဲနှင့် ဝတ်ရုံစိမ်းသရဲက ဆွဲဆောင်မှုရှိသည်။ အဝတ်အစားမလုံ့တလုံဝတ်ထားသည်။ တစ်ယောက်တစ်မျိုးစီလှနေသည်။ ထိုအခြေမျိုးတွင် ထိုစာသင်သားလေးများ မည်သို့အာရုံစိုက်၍ လေ့လာနိုင်မည်နည်း။
ဪ...မှန်သည်။ သူတို့ကောင်းကောင်းမသင်ယူလျှင် ဆုလာဘ်ရမည်မဟုတ်။
"ကျောင်းသားတွေကလည်း ဒီလိုသင်ယူဖို့ ဆန္ဒရှိကြပါတယ်။ ဥပမာ မနေ့ကဆိုရင် ဆယ်နှစ်တစ်ကြိမ်ကြုံရခဲတဲ့ မိုးသည်းသည်းမည်းမည်းရွာနေချိန်မှာတောင် ရှောင်ကျိုးတို့တို့က ကျွန်မတို့သင်ပြတာကို နားထောင်ဖို့ မိုးရေကိုကြားကဖြတ်ပြီး အရောက်လာကြတယ်။ မိုးတိတ်သွားတဲ့အထိ သူတို့စာသင်ပြီးမှ ဘုံကျောင်းကနေ ပင်ပင်ပန်းပန်းနဲ့ ထွက်သွားကြတာပါ။
ကျွန်မတို့ ဒီလောက်ကြိုးစားခဲ့တာတောင် သူတို့မိဘတွေက ကျွန်မတို့ကို တိုင်ကြသေးတယ်"
ရှောင်ချီက သူရင်ဆိုင်နေရသည် လူ့ဘဝသရဲဘဝအခက်အခဲများကို ဝမ်းနည်းသည့်လေသံဖြင့် ပြောသည်။
လုယန် ကောက်ချက်ချသည်။
"ဒါဆို မင်းတို့က နေ့ခင်းပိုင်းမှာ ကလေးတွေကိုစာသင်ပေးပြီး ညရောက်ရင် မြို့ထဲကတည်းခိုခန်းတွေမှာ ယန်စွမ်းအင်စုပ်ယူတယ်ပေါ့"
"ဟုတ်ပါတယ်"
လုယန်တို့လူစု နည်းနည်းရှက်သွားကြသည်။ ဤသရဲမများက သူတို့ထက်ပင် ဝီရိယကောင်းကြသည်။
ချင်ယန်ယန်လည်း အကြီးအကျယ် အံ့ဩနေသည်။ သရဲအားလုံး သူတို့လိုပဲလားမသိ။
ရှောင်ချီက ဆက်ပြောသည်။
"ပြီးတော့ ကျွန်မတို့စုပ်ယူတဲ့ ယန်စွမ်းအင် ခုနစ်ဆယ်ရာနှုန်းကို လွှဲပေးရပါတယ်။ သုံးဆယ်ရာနှုန်းပဲ သိမ်းဆည်းခွင့်ရှိတယ်"
"ဟမ်..မင်းတို့က ဘယ်သူ့ကိုလွှဲပေးရတာလဲ"
အစိုးရဝန်ထမ်းများသည် ယန်စွမ်းအင်မလိုအပ်။
"ကျွန်မတို့ရဲ့ အထက်အရာရှိပါ။ သူ့ကို သခင်မီလို့ ကျွန်မတို့ခေါ်ပါတယ်။ ဒီရှေးကြာပန်းမြို့မှာ တစ်ချိန်က ဂိုဏ်းချုပ်ဟောင်းတစ်ယောက်ချန်ထားခဲ့တဲ့ ရတနာတွေရှိတယ်လို့လည်း သခင်မီကပြောတယ်။ ကျွန်မတို့ကို စောင့်ကြည့်ဖို့တာဝန်ပေးထားတာပါ"