← Chapters

လင်ကျိုးနှင့်နောက်တစ်ကြိမ်ပြန်တွေ့ခြင်း

Vol. 17 Ch. 236

လင်ကျိုးနှင့်နောက်တစ်ကြိမ်ပြန်တွေ့ခြင်း

Vol. 17 Ch. 236

ဝိညာဉ်အစီအရင်အလယ်ဗဟိုမှ ပုံရိပ်ယောင်တံခါးကို ကြည့်ရင်း ရန်ကျောက်ကဲ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ကျောက်စိမ်းဒင်္ဂါးပြားထက်မှ သင်္ကေတပုံစံများကို အခြေခံပြိး ဝိညာဉ်အစီအရင်အကြောင်း သူကောက်ချက်ချခဲ့သည်မှာ တိကျမှန်ကန်ခဲ့သည်။ ဤဝိညာဉ်အစီအရင်သည် အမှန်တကယ်ပင် လျှို့ဝှက်နယ်မြေတစ်ခုဆီသို့ ဦးတည်နေခဲ့သည်။

ရန်ကျောက်ကဲဘေးတွင်ရပ်နေသည့် အားဟူက...

“သခင်လေး... ဒီလိုသေးငယ်တဲ့ ကျောက်စိမ်းပြားလေးက ဗလာနယ်စကြာဝဠာနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား ၊ ဒီတံခါးကနေတစ်ဆင့် လူတွေကို ဗလာနယ်အာကာသထဲ တန်းပြီး ရောက်သွားစေနိုင်တာလား”

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“မဟာကပ်ဘေးကြီးမတိုင်ခင်က ကမ္ဘာပေါ်မှာ အယူအဆများစွာကို ခွဲခြမ်းစိတ်ဖြာပြီး အလွန်နက်နဲတဲ့အဆင့်အထိ သိုင်းတာအိုဟာ ထွန်းကားခဲ့တယ် ၊ ဒါကြောင့် ထူးဆန်းလေးနက်တဲ့ အချို့အရာတွေကို သာမန်လူတွေတောင် အသုံးပြုနိုင်တယ် ၊ သာမန်လူတွေအနေနဲ့ အဲဒီပစ္စည်းတွေရဲ့ ဇာစ်မြစ်သဘောတရားကို နားမလည်ကြပေမယ့် အသုံးပြုနိုင်စွမ်း ရှိကြတယ်”

ရန်ကျောက်ကဲက မတ်တတ်ထရပ်လိုက်ရင်း...

“တကယ်တော့ အရိပ်ကျုံ့အိတ်ဆိုတဲ့ပစ္စည်းမျိုးက အခုမှသာ ရှားပါးနေတာ ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က သာမန်ပစ္စည်းတစ်ခုပါပဲ”

ပြောရင်း ရန်ကျောက်ကဲက အခြားတစ်ဖက်တွင်ရှိနေသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးရှိရာသို့ ရောက်လာသည်။ ကျောက်တိုင်ကြီးသည် အရင်ကအတိုင်းမပြောင်းမလဲ မြင့်မားစွာရပ်တည်နေဆဲပင်။

သို့သော် ရန်ကျောက်ကဲက ကျောက်တိုင်ကြီး၏ မျက်နှာပြင်ကို လက်ဖဝါးဖြင့် အသာဖိကပ်လိုက်သည့်အခါ မြင့်မားသည့်တိုင်လုံးကြီးသည် ချက်ချင်းပင် ကျုံ့ဝင်သွားကာ လှံရှည်တစ်လက်အနေအထားမျှသာရှိတော့သည်။

ထိုတိုင်လုံးငယ်က ရန်ကျောက်ကဲလက်ဖဝါးထက်သို့ ပျံသန်းကျရောက်လာသည်။

ရန်ကျောက်ကဲက တိုင်လုံးငယ်ကို ဒေါင်လိုက်သာလျှင်ကိုင်ထားနိုင်သည်။ အလျားလိုက် ကိုင်ကြည့်သည်နှင့် ထိုတိုင်လုံး၏ အလေးချိန်ကို ယခုအချိန်ထိ ခံနိုင်ရည် မရှိသေးပေ။

ယခုရက်ပိုင်းအတွင်း ရန်ကျောက်ကဲက ကြိုးကြိုးစားစားဖြင့် ကောင်းကင်ဘုံနန်းတော်တိုင်လုံးကြီးကို ဒုတိယအကြိမ် သန့်စင်ခြင်း ပြီးဆုံးအောင် ပြုလုပ်ခဲ့သည်။

ထိုတိုင်လုံးကြီးနှင့်ပတ်သက်ပြီး သုတေသနပြုရမည့် ထူးခြားချက်များ ကျန်ရှိနေသေးသော်လည်း လက်ရှိတွင် ထိုဧရာမတိုင်လုံးကြီး၏အရွယ်အစားကို လိုသလိုထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ထို့နောက် သူက အနားတွင်ရှိနေသည့် ရွှီဖေးနှင့် ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...

“ဂိုဏ်းတူအစ်ကို’ရွှီဖေး’ ၊ ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ ... ကျေးဇူးပြုပြီး ဒီနေရာကို ခဏလောက်စောင့်ရှောက်ပေးထားပါ”

ရွှီဖေးနှင့် ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။

ရွှီဖေးက...

“စိတ်အေးအေးထားပြီး လုပ်စရာရှိတာလုပ် ၊ နောက်ပိုင်းကိစ္စအန္တရယ်ကင်းဖို့ ငါတို့တာဝန်ထား...”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဖြင့် သွားကြစို့...”

သူက လက်ထဲတွင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ကိုင်ထားရင်း လေထဲသို့ ပျံသန်းထွက်ခွာသွားကာ ကျောက်စိမ်းဒင်္ဂါး၏ ဝိညာဉ်အစီအရင်မှ ပြသထားသော တံခါးထဲသို့ ဝင်ရောက်သွားသည်။

အားဟူကလည်း ရန်ကျောက်ကဲပုံစံအတိုင်း နောက်မှလိုက်ပါသွားသည်။

တံခါးကိုဖြတ်ကျော်လိုက်သည်နှင့် ခဏမျှ တုန်လှုပ်သွားသည်ကို ခံစားရသော်လည်း သူက ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ဖြတ်ကျော်သွားသည်။

တံခါးကို ဖြတ်ကျော်လာစဉ် စူးရှသည့်အဖြူရောင်အလင်းတန်းတစ်ခုက သူ့အမြင်အာရုံကို လွှမ်းခြုံသွားသည်။ သို့သော် ထိုအလင်းတန်းက ခဏအတွင်းပင် ပျောက်ကွယ်သွား၏။

ရန်ကျောက်ကဲက မျက်လုံးများကို မှေးမှိတ်လိုက်ပြီးမှ ပြန်ဖွင့်လိုက်သည်။ ထိုအခါ သူ့အရှေ့တွင် သက်ဝင်လှုပ်ရှား စိမ်းလန်းစိုပြေနေသည့် နယ်မြေတစ်ခုကို တွေ့လိုက်ရသည်။

သူ့နောက်မှ ကပ်လိုက်လာသည့်အားဟူက လှပသည့် ရှုမျှော်ခင်းများကိုကြည့်ရင်း တက်တစ်ချက်ခေါက်ကာ ချီးမွမ်းစကားဆိုသည်။

“သခင်လေးသာ ပြောမထားရင် ဒါကို တခြားနေရာကမ္ဘာတစ်ခုဆိုတာ သိမှာမဟုတ်ဘူး ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာလို့ပဲ ထင်နေဦးမှာ”

သူတို့ (၂)ယောက်သည် ရှေးဟောင်းတောအုပ်တစ်ခုအတွင်း ရောက်ရှိနေပြီး အဝေးဆီတွင် တောင်တန်းများကို တွေ့မြင်နိုင်သည်။

နောက်ကိုလှည့်ကြည့်လိုက်တော့ သူတို့ဝင်လာသည့် တံခါးက အလင်းတံခါးတစ်ခုအဖြစ် လေထဲတွင်ငြိမ်သက်နေသည်ကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုနောက်ပစ်ရင်း ပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ အကဲခတ်နေသည်။

“ဒါပေမဲ့ ဒီနေရာရဲ့ အရွယ်အစားက အကန့်အသတ်ရှိတယ် ၊ ငါတို့တံခါးဖွင့်ပြီးတင်လာတဲ့ ဝိညာဉ်အစီအရင်အရဆိုရင် (၆၅) မိုင်ပတ်လည်လောက်ပဲ ရှိမယ်”

အားဟူက သက်ပြင်းချရင်း...

“နေရာကျဉ်းပေမယ့် ဝိညာဉ်စွမ်းအားတွေကတော့ တကယ်ပေါများတာပဲ”

ဤနေရာက အမှန်တကယ်ပင် မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိခဲ့ပြီး စကြာဝဠာ၏ထောင့်တစ်နေရာတွင်ကပ်လျှက် မဟာကပ်ဘေးကြီး၏ ကံကြမ္မာမှ လွတ်ကင်းခဲ့သည်။

သို့ပေသိ ယခုတော့ ဤနေရာတွင် ဝိညာဉ်စွမ်းအားခုန်နှုန်းများ တဖြည်းဖြည်း ယိုယင်းလာသည်ကို ရှင်းရှင်းလင်လင်ခံစားရသည်။ ကံဆိုးလျှင် နောက်ဆက်တွဲငလျင်ဒဏ်ကိုပင် ကြုံတွေ့ရနိုင်သည်။

ဤနေရာက အစဉ်အမြဲ စည်းတံဆိပ်ခတ်ထားသည့် နေရာတစ်ခုအဖြစ် အချိန်အတန်ကြာအောင် တည်ရှိခဲ့သည်။ ယခု ရန်ကျောက်ကဲတို့က တံခါးတစ်ချပ်မှတစ်ဆင့် စကြာဝဠာကိုဖြတ်သန်းဝင်ရောက်လာသဖြင့် ပြင်ပနှင့်ချိတ်ဆက်မိပြီး လျှင်မြန်စွာ ယိုယင်းပျက်စီးလာခဲ့သည်။

သိပ်မကြာခင် ဤကမ္ဘာငယ်သည် ပျက်ဆီးသွားနိုင်သည်။

အားဟူက ဤနေရာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုကို တိတ်တဆိတ်အာရုံခံကြည့်လိုက်ရင်း...

“နည်းနည်းတော့ ခက်ပြီ သခင်လေး ၊ ကျွန်တော်တို့ အချိန်လုံလောက်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက...

“ကိစ္စမရှိဘူး ၊ ငါ ကျောက်စိမ်းပြားပေါ်က ဝိညာဉ်အစီအရင်ကို လေ့လာကြည့်ပြီးပြီ ၊ အဲဒီအစီအရင်က ဒီကမ္ဘာငယ်အကြောင်းကို ပြောပြထားတယ် ၊ ငါတို့ပစ်မှတ်က ဒီနေရာရဲ့ အလယ်ဗဟိုမှာပဲ ၊ အဲဒီနေရာကို တန်းပြီးသွားကြတာပေါ့ ၊ ငါလိုချင်တဲ့ပစ္စည်းက အဲဒီမှာ ရှိကောင်းရှိနိုင်တယ်”

ရန်ကျောက်ကဲက အဝေးတစ်နေရာသို့ စူးစိုက်ကြည့်ရင်း...

“အဲဒီပစ္စည်းက ‘ဘဝအလင်းအမတကျောက်တုံး’ ပဲ ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က လွတ်လပ်သမားတော်’ဟယ်’ရဲ့ ရတနာပစ္စည်းတစ်ခုပေါ့ ၊ ဒီနေရာက လွတ်လပ်သမားတော် ရတနာပစ္စည်းတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ ၊ အမွေအနှစ်ပစ္စည်းတွေလို့ပြောရင် ပိုမှန်နိုင်တယ်”

အခြားသူများအတွက်တော့ ‘ဘဝအလင်းအမတကျောက်တုံး’ က အရေးပါမည် မဟုတ်ပေ။ သို့သော် ရန်ကျောက်ကဲကတော့ သိုင်းဆရာသခင်အဆင့်သို့ လျှင်မြန်စွာရောက်ရှိရန်အတွက် ထိုရတနာပစ္စည်းက အလွန်အရေးပါသည်။

ထိုပစ္စည်းက မဟာကပ်ဘေးကြီးမဖြစ်ပွားမီကပင် အလွန်ရှားပါးခဲ့ပြီး မဟာကပ်ဘေးကြီးနောက်ပိုင်းကာလတွင်တော့ လုံးဝမတွေ့မြင်ရတော့ပေ။

ရန်ကျောက်ကဲက ရှာတွေ့ရန် မျှော်လင့်ချက်မရှိတော့သဖြင့် ထိုပစ္စည်းနေရာတွင် အစားထိုးနိုင်မည့် ပစ္စည်းများကိုပင် ရှာဖွေနေခဲ့သည်။

နောက်ဆုံး ယောက်ရှန်းထံမှ ကျောက်စိမ်းဒင်္ဂါးတစ်ခြမ်းရရှိပြီး ပိုင်းခြားစိတ်ဖြာကြည့်သည့်အခါ မဟာကပ်ဘေးကြီးမတိုင်ခင်က လွတ်လပ်သမားတော်၏ပစ္စည်းဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်ခဲ့ရသည်။

လွတ်လပ်သမားတော်ထံတွင် ‘ဘဝအလင်းအမတကျောက်တုံး’ တစ်တုံးပိုင်ဆိုင်ကြောင်း ရန်ကျောက်ကဲ သိရှိထားသည်။

ထို့ကြောင့် ရန်ကျောက်ကဲ၏ မျှော်လင့်ချက်များ ပြန်လည်လင်းလက်လာခဲ့သည်။

ဤကမ္ဘာငယ်တွင် သူလိုချင်သည့် ‘ဘဝအလင်းအမတကျောက်တုံး’ မရှိလျှင်တောင်မှ မဟာကပ်ဘေးမတိုင်ခင်က အဖိုးတန်ရတနာပစ္စည်း များစွာရှိနေနိုင်သည်။ ထို့ကြောင့် ဤခရီးစဉ်သည် ရန်ကျောက်ကဲအတွက် အရှုံးရှိမည် မဟုတ်ပေ။

ရန်ကျောက်ကဲမှတ်မိသလောက် လွတ်လပ်သမားတော်သည် ဝိညာဉ်ဆေးပင်များကို ပြုစုပျိုး‌ထောင်ရာတွင် ကျွမ်းကျင်ပြီး ဝိညာဉ်ဆေးလုံးများစွာ ဖော်စပ်ခဲ့သည်။  ထို့ကြောင့် အနည်းဆုံး ဝိညာဉ်ဆေးလုံးများ ရရှိနိုင်ပေမည်။

အခြားကမ္ဘာငယ်တွင် ဖြတ်သန်းလမ်းလျှောက်လာရင်း ရန်ကျောက်ကဲနှင့် အားဟူတို့ တစ်ခုခုမှားနေပြီဟု ရုတ်ချည်းခံစားလိုက်ရသည်။

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း ရန်ကျောက်ကဲကို အံ့အားသင့်စွာ လှမ်းကြည့်သည်။

“သခင်လေး... ဒါ ဘာဖြစ်တာလဲ ၊ ကျွန်တော်ပဲ သွေးလေ‌ခြောက်ခြားလို့ ခံစားနေရတာလား ၊ ဒါမှမဟုတ် တံခါးဖွင့်ဝင်လိုက်တဲ့အတွက် ဒီကမ္ဘာက ဝိညာဉ်စွမ်းအားလှည့်ပတ်မှုတွေ လျှင်မြန်သွားတာလား”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“မဟုတ်ဘူး ၊ မင်းရဲ့ခံစားချက်က အရမ်းမှန်တယ် ၊ အချိန်ကြာလာတာနဲ့အမျှ ဒီနေရာက ဝိညာဉ်စွမ်းအားပျက်ဆီးမှုတွေ အဆမတန်များလာတာ ဆိုပေမယ့် အခု နည်းနည်းအန္တရယ်များနေပြီ”

အားဟူက ခါတိုင်းလို ပြုံးရယ်ခြင်းမရှိတော့ဘဲ သူ့မျက်နှာအမူအရာက လေးနက်နေသည်။

“သခင်လေး... နောက်ထပ်ကျောက်စိမ်းဒင်္ဂါးပြားတစ်ခု ရှိနေနိုင်တာလား ၊ ဒါမှမဟုတ် ဒီနေရာကိုလာဖို့ တခြားတံခါးတစ်ခုခု ရှိနေတာလား ၊ ကျွန်တော်တို့လိုပဲ ဒီနေရာကို လူတစ်ယောက် ဝင်လာတာ ဖြစ်နိုင်တယ် မဟုတ်လား”

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“ကျောက်စိမ်းဒင်္ဂါးလိုမျိုး တံခါးဖွင့်တဲ့သော့မရှိဘဲ ဒီနေရာကို ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး”

သူက ဆက်ပြောသည်။

“ထောင်ပေါင်းများစွာသော ကမ္ဘာတွေမှာ အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ ၊ ထူးခြားတဲ့အခြေအနေတစ်ခုကြောင့် ဗလာနယ်ထဲမှာ မရည်ရွယ်ဘဲ အက်ကွဲကြောင်းတစ်ခု ဖြစ်လာမယ်ဆိုရင် အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ တခြားကမ္ဘာတွေကြားမှာ ဥမင်လမ်းကြောင်းတစ်ခု ပွင့်သွားနိုင်တယ်”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာရင်း...

“အဲဒီလိုလမ်းပွင့်သွားရင် တခြားကမ္ဘာတွေက ထူးခြားတဲ့ပစ္စည်းတွေကို ရယူနိုင်တာပေါ့ ၊ ဒါပေမဲ့ မြေပုံညွှန်းကိန်းသတ်မှတ်ရတာတော့ ခက်ခဲမှာပေါ့”

ရုတ်တရက် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ ခရမ်းရောင်အလင်းတစ်ချက်လင်းလက်သွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

သူက ချက်ချင်း ခေါင်းကိုလှည့်ကြည့်လိုက်ရာ လျှပ်စီးကြောင်းတစ်ခု လက်ခနဲတောက်ပသွားသည်။

အားဟူသည်လည်း အလားတူခံစားချက်ကို ခံစားလိုက်ရကာ အေးစက်သည့်နှာမှုတ်သံတစ်ချက်ပြုရင်း ရန်ကျောက်ကဲကြည့်ရာနေရာသို့ လှမ်းကြည့်လိုက်သည်။

ခရမ်းစိမ်းရောင်လျှပ်စီးက ရန်ကျောက်ကဲ ညာဘက်မျက်လုံးတွင် လင်းလက်နေပြီး မိုးခြိမ်းသံများ ထွက်ပေါ်လျှက် ရှိသည်။ ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီတွင် ပုံမှန်မဟုတ်ဘဲ ရေပြင်အလား လှိုင်းထနေသည်ကို တွေ့မြင်ရသည်။

ထိုနေရာသည် (၆၅)မိုင်ပတ်လည်မျှသာ ကျယ်ဝန်းသော ဤအခြားကမ္ဘာငယ်လေးထဲတွင်တည်ရှိသည့် ရှေးဟောင်းသစ်တော အစွန်းတစ်ဖက် ဖြစ်သည်။

ထိုနေရာရှိ သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းကြီးတစ်ခုထက်တွင် လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်။

သူ့လက်ထဲတွင် သလင်းကြေးမုံတစ်ချပ်ကိုင်ထားသည်။ ကြေးမုံပြင်ထက် လျှပ်စီးတစ်ချက်လက်သွားပြီးနောက် ကြေးမုံမှန်သည် အစိတ်အစိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

လူငယ်က ခပ်တိုးတိုးရေရွတ်သံတစ်ချက် ပြုလိုက်၏။

“မိုးကြိုးဧကရာဇ်မျက်လုံး…”

သူ၏မျက်နှာအမူအရာမှာလည်း ချက်ချင်း စိတ်ရှုတ်ထွေးသွားဟန်ပင်။

ထိုလူငယ်ကား အခြားသူမဟုတ် ၊ မိုးကြိုးသခင်လေး ‘လင်ကျိုး’ ပင် ဖြစ်တော့၏။

***

All Chapters