← Chapters

အစေခံသိုင်းဆရာသခင်

Vol. 17 Ch. 237

အစေခံသိုင်းဆရာသခင်

Vol. 17 Ch. 237

လျှပ်စီးတစ်ချက် လက်ခနဲတောက်ပပြီး သူ့လက်ထဲတွင် အစိတ်စိတ်အမွှာမွှာကွဲကြေသွားသော သလင်းကြေးမုံမှန်ကိုကြည့်ရင်း လင်ကျိုး အတော်လေး စိတ်ရှုတ်ထွေးသွားသည်။

ကွဲကြေနေသည့် မှန်ထဲတွင် သူ့ပုံရိပ်ကို ပြန်မြင်နေရခြင်းက ပို၍ စိတ်အနှောက်အယှက် ဖြစ်စေသည်ပင်။

“မိုးကြိုးဧကရာဇ်မျက်လုံး…”

လင်ကျိုးသည် မိုးကြိုးဧကရာဇ်မျက်လုံးအတွက် အရှေ့နှင်းတောင်တန်းများတွင် တိုက်ပွဲဝင်ခဲ့သည်ကို ပြန်တွေးမိသည့်အခါ ခံစားချက်များ နစ်မွန်းသွားသည်။

သူ အရင်ဆုံးရရှိခဲ့သော မိုးကြိုးဧကရာဇ်မျက်လုံးသည် ရန်ကျောက်ကဲလက်ထဲ ရောက်ရှိသွားပြီး သူကိုယ်တိုင်ကလည်း ရန်ကျောက်ကဲ၏ လက်သီးချက်မှလွတ်မြောက်ရန် တားမြစ်ပညာတစ်ခုဖြစ်သော သွေးအလင်းကျောက်စိမ်းကိုအသုံးပြုလိုက်ရသောကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ထိုဒဏ်ရာကြောင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် မပါဝင်နိုင်ခဲ့ရပေ။

ကြည်လင်လျှို့ဝှက်‌ရေကန်တွင် မတော်တဆ တိုက်ပွဲပြင်းထန်ခဲ့သည့် “ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ”။

ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရသော်လည်း ကောလဟလများနှင့် အစီရင်ခံချက်များအရ မိစ္ဆာနယ်မြေကို ဖျက်ဆီးရာတွင် ရန်ကျောက်ကဲ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုခဲ့ပြီး အဓိကအခန်းကန္တာမှပါဝင်သည်ဟု ကောက်ချက်ချခဲ့ကြသည်။ ထိုအချက်က လင်ကျိုးကို အတော်လေး မပျော်မရွှင် ဖြစ်စေခဲ့သည်။

ယခုလည်း ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုကာ သူအသုံးပြုနေသည့် အဝေးမှ ကင်းထောက်နိုင်သော သလင်းကြေးမုံမှန်ကို အပိုင်းပိုင်းခွဲပစ်လိုက်လေရာ လင်ကျိုး၏မျက်နှာမှာ မဲမှောင်နေတော့သည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်၏။

“ရန်ကျောက်ကဲက ဘာကိစ္စ ဒီနေရာကို ရောက်လာတာလဲ ၊ ငါ ဗလာနယ်တံခါးကို ဖွင့်လိုက်တော့ အဲဒီတံခါးက ဒီသီးခြားကမ္ဘာကိုလွှမ်းခြုံသွားပြီး တခြားနေရာတွေက ဗလာနယ်တံခါးတွေကိုပါ ဖွင့်လိုက်သလို ဖြစ်သွားတာလား ၊ ဒါကြောင့် သူက တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာကို ရောက်လာတာလား ၊ ဒါမှမဟုတ် သူ့မှ တံခါးကိုဖွင့်နိုင်တဲ့ တခြားနည်းလမ်းတစ်ခု ရှိနေတာလား”

လင်ကျိုး မျက်ခုံးများကို တင်းတင်းကျပ်ကျပ်တွန့်ချိုးထားသည်။

“အမတကြိုးကြာတောင်ပံ ဒီနေရာမှာရှိနေတာကို သူလည်း သိနေတာလား ၊ ဒါမှမဟုတ် တာ့ပေဘိုးဘိုးဂူဗိမာန်ထဲမှာလိုပဲ ဒီနေရာမှာ အမတကြိုးကြာတောင်ပံအပြင် ငါမသိတဲ့ တခြားရတနာပစ္စည်းတစ်ခုခု ရှိနေသေးတာလား”

“ဒီကောင်က တကယ့်ကို အနှောက်ပဲ”

ရန်ကျောက်ကဲနှင့် ထပ်မံတွေ့ဆုံရခြင်းက လင်ကျိုးကို အတော်လေး မကျေမနပ် ဖြစ်စေသည်။

ဤနေရာတွင် သူ အလွန်တန်ဖိုးထားသော ရတနာပစ္စည်းတစ်ခုဖြစ်သည့် “အမတကြိုးကြာတောင်ပံ” ရှိနေခဲ့သည်။ ဤသီးခြားကမ္ဘာငယ်သို့ လာရောက်ရန်ပင် သူ့မှာ အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရသည်။

ဘဝကူးပြောင်းလာပြီးနောက် သူ၏ကိုယ်ပိုင်မှတ်ဉာဏ်များထဲမှ ဗလာနယ်တံခါးကို ဖွင့်နိုင်သည့် ရတနာပစ္စည်းတစ်ခုကို အရင်ဆုံးရှာဖွေခဲ့ရသည်။ ထို့နောက် လွတ်လပ်သမားတော်’ဟယ်’ ၏ လျှို့ဝှက်နယ်မြေဖြစ်သော ကမ္ဘာငယ်၏တည်နေရာကို ရှာဖွေရသည်။ ပြီးမှ ဤသီးခြားကမ္ဘာငယ်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကြားတွင် ဥမင်တစ်ခု အောင်မြင်စွာဖွင့်လှစ်ပြီး ရောက်ရှိလာခဲ့ခြင်းပင်။

“ရှန်ထျန်းနှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ဒီကောင့်ရဲ့ စွမ်းအားက တော်တော်ထူးခြားတယ် ၊ ပြီးတော့ သူ့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစလည်း ရှိနေသေးတယ် ၊ ပြီးတော့ ဟို အစေခံကောင်ကလည်း သူ့နောက်က တပ်ကြပ်မကွာ လိုက်နေတာ”

လင်ကျိုး စိတ်တည်ငြိမ်အောင် ကြိုးစားရင် ရေရွတ်လိုက်သည်။

“သူနဲ့ဆိုရင်တော့ ရတနာပစ္စည်းတွေကို ပြိုင်လုဖို့ မလွယ်လောက်ဘူး”

လင်ကျိုးက သူရောက်ရိနေသည့်နေရာမှ အဝေးသို့ လှမ်းကြည့်လိုက်သည်။

“သူ ဒီနေရာက မပြန်နိုင်ခင် ဒီသီးခြားကမ္ဘာပြိုကျသွားရင်တော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတောင် သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး ၊ သေလမ်းမြန်းရမှာပဲ ၊ ငါ ဒီနေရာကိုလာဖို့ ဗလာနယ်တံခါးဖွင့်လိုက်ကတည်းက ဝိညာဉ်စွမ်းအားတွေ ယိုယွင်းပြီး အပြောင်းအလဲတစ်ခု ဖြစ်သွားတယ် ၊ ဒါကြောင့် ဒီနေရာ ပြိုကျမယ့် အချိန်အတိအကျကို ငါလည်း မခန့်မှန်းနိုင်ဘူး”

ခဏမျှ စဉ်းစားပြီးနောက် သူဝင်လာသည့် တံခါးမှ လှည့်ထွက်သွားတော့သည်။

***

ရန်ကျောက်ကဲက ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်သည်။ သူ့ ညာဘက်မျက်လုံးမှ မိုးခြိမ်းသံထွက်ပေါ်လာပြီး ခရမ်းရောင်လျှပ်စီးများက ပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့် တစ်ခါတစ်ရံ လက်ခနဲ တောက်ပလာသည်။

အားဟူက နှာတစ်ချက်မှုတ်ရင်း...

“သူက သိုင်းဆရာသခင်တစ်ယောက် မဟုတ်ဘူး ၊ သိုင်းပညာရှင်အဆင့်ပဲ ရှိသေးတယ် ၊ ကျွန်တော်တို့ကို လျှို့ဝှက်ထောက်လှမ်းဖို့ ရတနာပစ္စည်းတစ်ခုခု အသုံးပြုပြီး ရောက်လာတာများလား”

ရန်ကျောက်ကဲက...

“သူက ရည်ရွယ်ချက်ရှိရှိနဲ့တော့ ငါတို့ကို လျှို့ဝှက်ထောက်လှမ်းတာမျိုး မဟုတ်လောက်ဘူး ၊ သူက ဒီနေရာရဲ့ အခြေအနေကို လေ့လာနေတာ ဖြစ်ရမယ်”

အားဟူက...

“သခင်လေး ၊ တခြားသူတွေလည်း ဒီနေရာကို ဝင်ထွက်နိုင်နေတယ်ဆိုရင် ကျင့်ကြံခြင်းအဆင့် မမြင့်မားပေမယ့် ဒီအထဲရောက်နေတဲ့သူတွေ ဘယ်နှစ်ယောက်ရှိနိုင်မလဲ မသိဘူး ၊ ရောက်လာတဲ့လူတွေထဲမှာ သိုင်းဆရာသခင်တွေ ပါမလားဆိုတာလည်း မသိနိုင်ဘူး”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ ငါတို့ ခြေတစ်လှမ်းနောက်ကျလို့ မရဘူး ၊ ငါတို့ကိစ္စအနှောက်အယှက်မဖြစ်အောင် မြန်မြန်လှုပ်ရှားကြတာပေါ့”

ထို့နောက် ရန်ကျောက်ကဲက ရှေ့မှ ခပ်မြန်မြန် လျှောက်သွားပြီး အားဟူက နောက်မှကပ်လိုက်လာသည်။

သူတို့က ဤနေရာမှ ဝိညာဉ်စွမ်းအားသွေးကြောအတိုင်း လျှင်မြန်စွာလျှောက်လာပြီး သူတို့ ‌ရောက်ရောက်ချင်း တွေ့မြင်ခဲ့ရသည့် ရှေးဟောင်းတောအုပ်ထဲမှ ထွက်ခွာလာခဲ့ကြသည်။

မကြာမီ သက်ကယ်မိုးတဲ့လေးတစ်လုံး သူတို့မျက်စိရှေ့တွင်ပေါ်လာသည်။ တဲငယ်လေး ဆောက်လုပ်ထားသည့်လက်ရာက အတော်ကြမ်းသည်။

သို့သော် သေသေချာချာ ကြည့်မည်ဆိုလျှင် တဲခေါင်မိုးထက်တွင် အရိပ်ဆွဲနေသည့် အရာတစ်ခု တွေ့မြင်ရသည်။ ထိုအရိပ်က အတောင်ပံများဖြန့်ထားသည့် အမတကြိုးကြာတစ်ကောင် ဖြစ်သည်။

ပထမဆုံး ကြည့်ကြည့်ချင်း ထိုသဏ္ဌန်က စာငှက်တစ်ကောင်အလား သေးငယ်ပြီး လက်ရာမြောက်သည်ဟု ထင်မှတ်ရသည်။

နောက်တစ်ကြိမ် သေသေချာချာ ထပ်ကြည့်လိုက်သည့်အခါ ထိုအရာက ရှည်လျားသည့် အမွှေးအတောင်များကို ဖြန့်ကျက်ထားပြီး တဲငယ်တစ်ခုလုံးကို အုပ်မိုးထားကြောင်း တွေ့လိုက်ရသည်။

ခဏမျှ လေ့လာပြီးနောက် ရန်‌ကျောက်ကဲက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...

“လွတ်လပ်သမားတော်’ဟယ်’ ရဲ့ လက်သီးသိုင်းဝိညာဉ်နဲ့ ထိန်းချုပ်ထးတဲ့အရာတွေက အခုချိန်ထိ ကျန်ရှိနေသေးတာပဲ”

အမတကြိုးကြာငှက်ပုံသဏ္ဌန်အော်ကမှ သက်ကယ်မိုးတဲငယ်လေးကိုကြည့်ရင်း ရန်ကျောက်ကဲ လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။

“အထဲကိုဝင်ဖို့ အဲဒီ ထိန်းချုပ်ထားတဲ့အရာတွေကို အရင် ချိုးဖျက်ပစ်ရမယ်”

သူတို့ ပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်ရင်း သက်ကယ်မိုးတဲလေးဆီသို့ လမ်းလျှောက်လာသည်။

ရန်ကျောက်ကဲက...

“အားဟူ... ပတ်ဝန်းကျင်ကိုစောင့်ကြည့်ရင်း ငါ့ကို ကာကွယ်ပေး”

အားဟူက သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကို အမြင့်မားဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီး ရန်ကျောက်ကဲဘေးတွင် ခိုင်ခိုင်မာမာ ရပ်တည်ကာ ပတ်ဝန်းကျင်ကို သတိရှိရှိဖြင့် အကဲခတ်နေသည်။

အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

ဤသီးခြားကမ္ဘာငယ်လေးတွင် နေထွက်ချိန် ၊ နေဝင်ချိန်မရှိသော်လည်း အားဟူက အချိန်ကို စိတ်ထဲတွင် သေသေချာချာ ရေတွက်မှတ်သားရင်း ထိန်းချုပ်ထားသည့်အရာများကို ချိုးဖျက်နေသည့် ရန်ကျောက်ကဲ၏ တိုးတက်မှုအရှိန်အဟုန်ကို သတိပြုမိလာသည်။

ဤကမ္ဘာငယ်က ကြီးမားသည် မဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးခြင်းမရှိသည့် သူတို့ (၂)ယောက်အတွက် လမ်းလျှောက်သွားလျှင်ပင် အချိန်များစွာ ယူရမည် မဟုတ်ပေ။

သို့သော် သူတို့စိုးရိမ်သည်မှာ ဤကမ္ဘာငယ်၏ မူလပိုင်ရှင်က ထိန်းချုပ်မှုများနှင့် ကန့်သတ်မှုများ ပြုလုပ်ထားလေရာ ယခုကဲ့သို့သော အခြေအနေများနှင့် ကမ္ဘာငယ်ပြိုကျမည့်အချိန်ကို ထည့်သွင်းစဉ်းစားတွက်ချက်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲက သက်ကယ်မိုးတဲလေးနံဘေးတွင် မရပ်မနား အလုပ်လုပ်နေချိန် အားဟူကလည်း တစ်ချက်မိားဘဲ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအား ယိုယွင်းမှုများ သိသိသာသာ လျှင်မြန်လာသည်ကို စူးစိုက်အာရုံခံနေသည်။

သူတို့ ဤနေရာသို့ ရောက်စက ခံစားခဲ့ရသော ကြွယ်ဝသည့် ဝိညာဉ်စွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်နေပြီ ဖြစ်သည်။

“ဟမ်...”

အားဟူမျက်ဝန်းများ ရုတ်တရက်တင်းမာသွားသည်။ သူက ငိုက်မျည်းနေရာမှ နိုးထလာသည့်ကျားတစ်ကောင်ပမာ မြင်မြင်သမျှကို ကိုက်ဖြတ်စားသောက်တော့မည့်အလား ဖြစ်သည်။

သူက နေရာတွင်ပင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး အနည်းငယ်ပင် လှုပ်ရှားခြင်း မရှိပေ။ အတန်ကြာမှ လေထဲသို့ ရုတ်တရက် ခုန်ဝင်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း အားဟူသည် တောအုပ်တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားပြီး လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသည်။ လေပြင်းဒဏ်ကြောင့် သစ်ပင်များအားလုံး အမြစ်မှကျွတ်ကာ ကောင်းကင်ထက်ပျံတက်သွားပြီး ကြီးမားသည့် သစ်ပင်ကြီးများမှာလဲ လဲပြိုကျကုန်သည်။

တောအုပ်ထဲတွင် ပုန်းအောင်းနေသည့် လူရိပ် (၂)ခု ထွက်ပေါ်လာသည်။ ထိုသူများက သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများဖြစ်ပြီး ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် မှင်တက်နေကြသည်။ အားဟူ သူတို့ရှေ့ ရောက်လာမှ သတိပြန်ဝင်လာကြ၏။

သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် အားဟူလက်ချက်ဖြင့် လေထဲသို့ လွင့်ထွက်သွားကြပြီ ဖြစ်သည်။

ထို (၂)ယောက်ကို တိုက်ခိုက်ပြီးသည်နှင့် အားဟူ၏ပုံရိပ်က လေထဲတွင် ရိပ်ခနဲလှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်း အခြားနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ခြုံပုတ်တစ်ခုထဲ ပုန်းအောင်းနေသည့် သိုင်းပညာရှင်တစ်ယောက် ရှိနေပြီး သူက တိုက်ခိုက်ရန် အခွင့်ကောင်းကို စောင့်နေခြင်းပင်။ အားဟူက ရုတ်တရက် တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ပေ။

ထိုသူက မကောင်းသည့်ခံစားချက်ခံစားလိုက်ရချိန် အရင်လူ (၂)ယောက်လိုပင် တုံ့ပြန်ရန် အချိန်မရဘဲ အားဟူက သူ့ရှေ့ရောက်လာသည်။

သူက ရှန်ထျန်းအဆင့် သိုင်းပညာရှင်ဖြစ်လေရာ အားဟူကို ခုခံနိုင်ခြင်း မရှိဘဲ လွင့်ထွက်သွားတော့သည်။ အားဟူက သူ၏ ပြိုင်ဘက် မဟုတ်ပေ။

ထိုစဉ် အဝေးတစ်နေရာရှိ တောအုပ်ထဲမှ အံ့သြတကြီး စကားဆိုသံ ထွက်ပေါ်လာသည်။

“သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူပဲ”

ထိုစကားကိုကြားတော့ အားဟူ တိုက်ခိုက်ခြင်းကိုခံလိုက်ရသည့် သိုင်းပညာရှင် (၃)ယောက်မှာ ကုန်းရုန်းထလိုက်ကြပြီး အားဟူကို တစ်ချက်ခိုးကြည့်လိုက်ကြသည်။ ထို့နောက် အသံတစ်စက်မထွက်ရဲဘဲ ကုပ်ချောင်းတိုးလျှိုးစွာဖြင့် ထွက်ပြေးသွားကြတော့၏။

အားဟူ အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ လူရွယ်တစ်ယောက်ထွက်လာပြီး အားဟူရှိရာသို့ ပျံသန်းဝင်ရောက်လာသည်။ သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။

ထိုသူဝတ်ဆင်ထားသည့် အဝတ်အစားများကို အနီးကပ်တွေ့မြင်ရပြီး သူ၏ ကြယ်တာရာချီစွမ်းအားများကို အာရုံခံမိသည့်အခါ အားဟူ၏မျက်ဝန်းများ အေးစက်သွားသည်။

ထိုသူမှ နေသူတော်စင်ဂိုဏ်းမှဖြစ်ကြောင်း ထင်ရှားသည်။

သူက အားဟူကို ကြည့်ရင်း...

“မင်းအကြောင်း ငါကြားဖူးပါတယ် ၊ ရန်ကျောက်ကဲနောက် အမြဲလိုက်နေတဲ့ ငတုံးကောင်မဟုတ်လား ၊ မင်း သိုင်းပညာရှင်အဆင့်တုန်းက ရန်ကျောက်ကဲနောက်လိုက်တာ ထားပါတော့ ၊ အခု သိုင်းဆရာသခင်အဆင့်ရောက်နေတာတောင်မှ အစေခံလုပ်ဖို့ ဆန္ဒရှိနေတုန်းလား”

သူက အားဟူကိုကြည့်ကာ ရယ်မောလိုက်သည်။

“လုံးဝရယ်စရာပဲကွာ ၊ မင်းအဆင့်နဲ့ဆိုရင် ဒုတိယအဆင့် စွမ်းအားစုတစ်ခုအနေနဲ့ ကိုယ်ပိုင်သိုင်းဂိုဏ်းတစ်ခုတည်ထောင်ပြီး ရပ်တည်သင့်တာ”

အားဟူက သူ့နားရွက်ကို လက်ညှိုးဖြင့်ထိုးခါလိုက်ရင်း...

“ငါ ဘာပဲလုပ်လုပ် မင်းအပူပါလား”

နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်က ရယ်မောလိုက်ရင်း...

“ဒီကာလအတွင်း ငါတို့ နေသူတော်စင်ဂိုဏ်းက ဝါဒတောင်နဲ့ ပဋိပက္ခမဖြစ်အောင် ကြိုးစားပြီးနေခဲ့တယ် ၊ ဒါပေမဲ့ အဲဒါက ငါတို့လိုချင်တဲ့ ကံကြမ္မာ မဟုတ်ဘူးကွာ ၊ မင်းက အခုမှ သိုင်းဆရာသခင်အဆင့်တက်လာတဲ့သူ မဟုတ်လား ၊ ဒီနေ့ မင်းကို သင်ခန်းစာကောင်းကောင်းပေးရမယ်”

***

All Chapters