← Chapters

မင်းကိုး

Vol. 17 Ch. 238

မင်းကိုး

Vol. 17 Ch. 238

ပြောပြီးသည်နှင့် နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်က တစ်ချက်မတုံ့ဆိုင်းဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ့လက်ဖဝါးပြင်ထက်မှ စူးရှသည်အလင်းရောင် ထွက်ပေါ်လာပြီး သူ၏ကြယ်တာရာချီစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်‌ယောင်မိုးမြေက တောက်ပသည့် ဝိညာဉ်နယ်မြေအဖြစ် သိပ်သည်းသွားသည်။

ကောင်းကင်ရိုက်လက်ဝါးသိုင်းက ကောင်းကင်ထက်မှ နေမင်းကြီးဆင်းသက်လာသည့်အလား အားဟူထံသို့ ဝင်ရောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း လင်းထိန်သွားသည်။

အားဟူက ရက်စက်စွာ ပြုံးလိုက်သည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်လေပြင်းများထွက်ပေါ်လာသဖြင့် နေရောင်ပင် မှေးမှိန်သွားသလို ခံစားရသည်။ အားဟူ ထုတ်ဖော်လိုက်သည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းက ကမ္ဘာငယ်တစ်ခုလုံးမှ နေရာတိုင်းသို့ ဖုံးလွှမ်းသွားသည်။

လူရွယ်က...

“အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ ကိုယ်ပိုင်သိုင်းပညာပဲ”

ရေရွတ်ရင်း သူက အေးစက်စွာ ပြုံးလိုက်သည်။

“ဒါပေမဲ့ အနက်ရောင်အိပ်မက်ဆိုးတောင်ရဲ့ သိုင်းပညာဆိုတော့ရော ဘာဖြစ်သလဲ”

ထို့နောက် သူက ကောင်းကင်ရိုက်လက်ဝါးကို ဆက်လက်ထုတ်ဖော်လိုက်ရာ အားဟူက နတ်ကျားတစ္ဆေလက်သည်းသိုင်းဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်က တဟားဟား ရယ်မောလိုက်ရင်း...

“သိုင်းဆရာသခင်အဆင့် အစေခံ ၊ မင်းက မင်းသခင်ကို သိုင်းသူတော်စင်လို့ ထင်နေတာလား ၊ ရယ်စရာပဲ”

သူက အားဟူကို စကားနာထိုးရင် သူ၏လက်ချောင်းများဖြင့် ကုတ်ဆွဲလိုက်ရာ ရွှေရောင်အလင်းတန်း (၅)ခု ထွက်ပေါ်လာပြီး အားဟူထံသို့ ကြီးမားလှသည့် ရွှေရောင်လက်ကြီးတစ်ဖက် ဝင်ရောက်သွားသည်။

အားဟူက အံတင်းတင်းကြိတ်လိုက်၏။ သူ့မျက်နှာထက်တွင် ရက်စက်ကြမ်းတမ်းသည့် အမူအရာများ ဖုံးလွှမ်းနေသည်။

သူက...

“မင်းသာ မင်းကိုယ်မင်း သိုင်းသူတော်စင်လို့ထင်နေတာ မဟုတ်ဘူးလား”

ပြောပြီးသည်နှင့် အားဟူက သူ၏လက်သည်းများကို ထုတ်ဖော်လိုက်သည်။ လေးပြင်းတစ်ချက်တိုက်ခတ်လာပြီး သူ့အရှေ့မှလေထု အပိုင်းပိုင်းပြတ်တောက်သွားသည်။

ထိုအခါ အားဟူထံ ဝင်ရောက်လာသည့် ကြီးမားလှသော ရွှေရောင်လက်ဖဝါးကြီးက ချက်ချင်းပင် လေထဲတွင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ရွှေရောင်အလင်းတန်းများအဖြစ် လွင့်ပြယ်သွားသည်။

အားဟူက ရုတ်တရက် လှောင်အိမ်ထဲမှ ကျားတစ်ကောင်အလား ခန္ဓာကိုယ်ကို ဝပ်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ ရန်သူထံသို့ အရှိန်အဟုန်ဖြင့် ခုန်ဝင်သွားသည်။

သူ၏ညာဘက်လက်က ရန်သူ၏လည်ပင်းကို ကုတ်ဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်က ရင်ဘတ်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ အားဟူ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ခံစားလိုက်ရသည်နှင့် ရန်သူမှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်သည် အားဟူ၏ တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသည်နှင့် အံ့သြတုန်လှုပ်သွား၏။

“သူက သိုင်းဆရာသခင်အဆင့်ကိုရောက်တာ မကြာသေးဘူး ၊ ဒါပေမဲ့ ထန်ယုံဟောင်နဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့အဆင့်မှာ ရှိတာပဲ ၊ စွမ်းအားက ပြင်းထန်လွန်းတယ်”

ဒါပေမဲ့...

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ထန်ယုံ‌ဟောင် မည်သို့သောလူစားမျိုးဖြစ်သည်ကို တစ်လောကလုံး သိရှိကြသည်။

ထန်ယုံဟောင်ဆိုသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလံးတွင် နံပါတ် (၁) လူငယ်မျိုးဆက်တစ်ယောက်ဖြစ်သည်ဟု မီးနယ်မြေတစ်ခုလုံးနှင့် နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများအားလုံးက မှတ်ယူထားကြသည်။

ထန်ယုံဟောင်က အရင်တစ်ချိန်က ကျော်ကြားခဲ့သော ရန်တိနှင့် မယှဉ်နိုင်သည့်တိုင် တူညီသည့်မျိုးဆက်တစ်ခုတွင် အထူးချွန်ဆုံးသိုင်သမားတစ်ယောက် ဖြစ်သည်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ထန်ယုံဟောင်က ပင်လယ်ခုနစ်စင်းသခင်လေး’စုန့်ချောင်’ ကို အနိုင်ယူခဲ့သည်။ စုန့်ချောင်ဆိုသည်က နေသူတော်စင်ဂိုဏ်းနှင့် ကာလာရှည်ကြာ ရန်သူဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော်မှ ထိပ်တန်းအဆင့် လူငယ်မျိုးဆက်တစ်ယောက် ဖြစ်၏။

ထို့နောက် ဝါဒတောင်မှ ရွှီဖေးနှင့် တိုက်ခိုက်ရာတွင် သရေကျခဲ့သည်။

ဘယ်ကဘယ်လို ထင်ပေါ်ကျော်ကြားလာမှန်းမသိသည့် ရန်ကျောက်ကဲ၏ လွှမ်းမိုးခြင်းကို ခံရသည့်တိုင် ထန်ယုံဟောင်ဆိုသည်က ပါရမီရင်များကြားမှ ပါရမီရှင် ၊ လူငယ်မျိုးဆက်များထဲတွင် ထိပ်တန်းအဆင့်ဖြစ်သည်မှာ ငြင်းစရာမရှိပေ။

ပါရမီရှင်များတွင် သာမန်လူများနှင့်မတူညီသော စံနှုန်းများရှိကြသည်။ ပါရမီရှင်များကြားတွင်ပင် ကြီးကျယ်ခမ်းနားမှုကို အဆင့်ခွဲခြားမည်ဆိုပါက ထန်ယုံဟောင်သည် မျိုးဆက်တူညီသူများကြားတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အထွတ်ထိပ်ပုဂ္ဂိုလ်တစ်ယောက်ဆိုသည်မှာ အသေအချာပင်။

ထိုခဏမှာပင် နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်မျာ သူ၏ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အနည်းငယ် သံသယဝင်သွားသည်။

ရန်ကျောက်ကဲနောက် တစ်ချိန်လုံးလိုက်နေသည့် ထို ခပ်တုံးတုံး လူထွားကြီးက ထန်ယုံဟောင်နှင့် ယှဉ်ပြိုင်နိုင်လောက်အောင် စွမ်းအားမြင့်မားနေခဲ့ပြီလား။

ဘယ်လောက်တောင် ရယ်စရာကောင်းပါသနည်း။

ထိုစဉ်က အရှေ့ထန်တိုက်ပွဲတွင် အားဟူက ရှန်ထျန်းအဆင့် သိုင်းပညာရှင်ဖြစ်ခဲ့ပြီး နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများနှင့် တိုက်ခိုက်ဖူးသည်။

သို့သော် ထိုအချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် အားဟူ၏ လက်သီးစွမ်းနှင့် တိုက်ခိုက်စွမ်းရည်က သိသိသာသာအားကောင်းလာကြောင်း သိလိုက်ရသည်။

“နေ့ခင်းကြောင်တောင် သရဲခြောက်ခံနေရသလိုပဲ”

ထိုသိုင်းဆရာသခင်က အံတင်းတင်းကြိတ်လိုက်ပြီး အားဟူ၏ တိုက်ကွက် (၂)ခုလုံးကို ရှောင်တိမ်းရင်း နေမင်းခုန်ပျံသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။

သို့ပေသိ အားဟူ၏ အရှိန်အဟုန်က သူ့ထက် သိသိသာသာ ပိုမိုလျှင်မြန်နေပြီး ရန်သူ၏ မျက်ခုံးနှစ်ခုကြားဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး လက်ဝါးရိုက်ချက်နောက်မှ လက်သည်းကုတ်ချက်ကပါ ဆက်တိုက်လိုက်ပါလာသည်။

နေသူ‌တော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်မှာ တိုက်ပွဲပေါင်းရာချီတိုက်ခိုက်ဖူးသော ဝါရင့်သိုင်းသမားတစ်ယောက်ဖြစ်ပြီး အားဟူ၏တိုက်ကွက်ကို တွေ့မြင်လိုက်သည်နှင့် ဆက်လက်တိုက်ခိုက်ဝံ့ခြင်း မရှိတော့ပေ။

ကောင်းကင်ရိုက်လက်ဝါးသိုင်းဆိုသည်က လျှင်မြန်မှုကို အခြေပြုကာ အသုံးပြုရသော သိုင်းပညာတစ်ရပ် ဖြစ်သည်။ ဆက်တိုက် တိုက်ခိုက်နိုင်မှသာ လက်ဝါးသိုင်းကချောမွေ့ပြီး အားသာချက် ရရှိမည် ဖြစ်သည်။ သို့ပေသိ ထိုသို့ဆက်တိုက် မတိုက်ခိုက်နိုင်ပါက ပြောင်းပြန်အကျိုးဆက်အနေဖြင့် အားသာချက်မှ အားနည်းချက်သို့ ပြောင်းလဲသွားပြီး သိုင်းကွက်အသုံးပြုသူအတွက် အခြေအနေဆိုးရွားသွားစေနိုင်သည်။

ထို့ကြောင့် ထိုသိုင်းဆရာသခင်က ကောင်းကင်ရိုက်လက်ဝါးသိုင်းကို အသုံးမပြုတော့ဘဲ ဆည်းဆာပုံရိပ်တစ်ထောင်လက်ဝါးသိုင်းကို ပြောင်းလဲအသုံးပြုလိုက်သည်။ ထိုသိုင်းပညာက ပေါ့ပါးပြီးကျက်သရေရှိသလို သိုင်းကွက်အလှည့်အပြောင်းများလည်း များပြားလေရာ အားဟူနှင့် ကြာရှည်စွာတိုက်ပွဲဝင်နိုင်ရန် ကူညီပေးသည်။

ထိုသိုင်းကွက်ထုတ်ဖော်လိုက်သည်နှင့် နေရောင်ခြည်များတောက်ပနေသည့် ရှေးဟောင်းတောအုပ်ကြီးသည် ချက်ချင်းပင် ဆည်းဆာနေဝင်ချိန်အလား ပုစွန်ဆီရောင်သမ်းသွားသည်။

သို့သော် အားဟူက တိုက်ပွဲတွင် အသာစီးရထားသူဖြစ်လေရာ တိုက်ခိုက်သည့် အရှိန်အဟုန်ကို မလျှော့ခဲ့ပေ။ သူက တစ္ဆေတစ်ကောင်အလား ခန့်မှန်းရခက်သော သိုင်းကွက်လှုပ်ရှားမှုများဖြင့် နတ်ကျားတစ္ဆေလက်သည်းသိုင်းကို အပြင်းအထန် ထုတ်ဖော်လိုက်သည်။ သူက ၎င်းသိုင်းပညာ၏ အနှစ်သာရကို နားလည်သည်ဖြစ်ရာ လေထုကိုပင် ထိုးခွင်းပစ်နိုင်စွမ်းရှိလေ၏။

အားဟူက တိုက်ပွဲတွင်အသာစီးရယူရင်း နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်ကို အဆက်မပြတ်နောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။

အားဟူ၏ စိတ်အာရုံတစ်စိတ်တစ်ပိုင်းက ပတ်ဝန်းကျင်မှရန်သူများကို သတိထားအာရုံစိုက်နေခြင်း မရှိပါက ထိုသိုင်းဆရာသခင်မှာ သူ၏လက်သည်းကုတ်ချက်ဖြင့် အစောကြီးကတည်းကပင် အသက်ပျောက်ပေလိမ့်မည်။

သူတို့ (၂)ယောက် ထိပ်တိုက်ရင်ဆိုင်တုက်ပွဲကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ အရေမတွက်နိုင်သော သစ်ပင်အမြင့်ကြီးများ လဲပြိုပျက်စီးကုန်ပြီး အချို့ဆိုလျှင် ပြာမှုန့်များအလား အပိုင်းပိုင်းကွဲကြေကုန်ကြသည်။

တစ်ဖေက်တွင်တော့ လွတ်လပ်သမားတော်’ဟယ်’ ချန်ထားခဲ့သော ထိန်းချုပ်မှုများက ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး သူ့တစ်ကိုယ်လုံး အလင်းရောင်များ တောက်ပနေသည်။

သိုင်းဆရာသခင် (၂)ယောက်ကြားမှ တိုက်ပွဲကြောင်းဖြစ်ပေါ်လာသော နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် အချို့သောအမှတ်အသားများက အစကပင် သဏ္ဌန်မရှိသော လက်သီးသိုင်းဝိညာဉ်ထိန်းချုပ်မှုထဲတွင် ထွက်ပေါ်လာသည်။

လွတ်လပ်သမားတော်’ဟယ်’၏ လက်သီးသိုင်းဝိညာဉ်ထိန်းချုပ်မှုက ရန်ကျောက်ကဲ သက်ကယ်မိုးတဲလေးအတွင်း ဝင်ရောက်ရန် ပိတ်ဆို့ထားသော်လည်း ထိုထိန်းချုပ်မှုများက သူ့ကိုလည်း တိုက်ပွဲအန္တရယ်မှ ကာကွယ်ပေးထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ၎င်းထိန်းချုပ်မှုကို ချိုးဖျက်ရန် အပြည့်အဝ အာရုံစိုက်နိုင်ခဲ့သည်။

တဖြည်းဖြည်း သူ့ရှေ့မှ လက်သီးသိုင်းဝိညာဉ် အားနည်းသွားကြောင်း ရန်ကျောက်ကဲ ခံစားရသည်။

ဤလက်သီးသိုင်းဝိညာဉ်၏ထိန်းချုပ်မှုက ဤသီးခြားကမ္ဘာငယ်နှင့် အနည်းနဲ့အများ ဆက်စပ်နေဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်မှုပျက်စီးသွားသည်နှင့် ဤနေရာမှ ဝိညာဉ်စွမ်းအားများလည်း ပျက်စီးခြင်းဆီသို့ ဦးတည်လာပြီး လေထုတစ်ခုလုံး တုန်လှုပ်လာသည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထိန်းချုပ်မှုကို ချိုးဖျက်ပြီးသည်နှင့် ဤသီးခြားကမ္ဘာငယ် မပြိုကွဲမီ သူလိုချင်သောအရာများကို ရယူရန် ကြိုးပမ်းရပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲသည်လည်း သက်ကယ်မိုးတဲလေးနှင့် တဖြည်းဖြည်း နီးကပ်လာသည်။

ထိုအချိန် သက်ကယ်မိုးတဲငယ်ထက်မှ အမတကြိုးကြာပုံရိပ်သည် ရှည်လျားဆွဲငင်စွာ တစ်ချက်အော်မြည်လိုက်ပြီး နေရာမှပျောက်ကွယ်သွားသည်။

ရုတ်ချည်းပင် ရန်ကျောက်ကဲသွားမည့်လမ်းမှ အတားအဆီးများအားလုံး ‌ပျောက်ကွယ်ငြိမ်သက်သွားပြီး တဲငယ်ရှိရာသို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။

သို့သော် လက်သီးသိုင်းဝိညာဉ်ဖြင့် ထိန်းချုပ်ထားမှုများ လုံးဝ‌ပျောက်ကွယ်သွားသည့် တစ်ခဏမှပင် အဝေးဆီမှ စူးရှပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ထိုရောင်ဝါက လျှပ်စီးလက်သလို လျှင်မြန်လွန်းပြီး သက်ကယ်မိုးတဲငယ်ရှိရာသို့ အလျှင်အမြန် ရောက်ရှိလာသည်။

ထိုသူက သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲက ထိန်းချုပ်မှုများကို ချိုးဖျက်ပြီးသည်အထိ ပုန်းအောင်းစောင့်ဆိုင်းနေသူ ဖြစ်သည်။

အားဟူက ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားစေသည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး ပြင်းထန်သည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာစေကာ ထိုသိုင်းဆရာသခင်၏လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ပြီး ထိုသူ့ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

အသစ်ရောက်လာသော သိုင်းဆရာသခင်ကို အားဟူတိုက်ခိုက်လိုက်သည်ကို အခွင့်ကောင်းယူပြီး နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်က အလစ်ချောင်းတိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း တကယ်တမ်း အားဟူက သူ့ကိုလည်း အလွတ်မပေးခဲ့ပေ။

အားဟူ၏ လက်သီးသိုင်းဝိညာဉ်က အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မုန်တိုင်းတစ်ခုပမာ လှည့်ပတ်သွားသည်။ ထိုမုန်တိုင်းက သက်ကယ်မိုးတဲငယ်လေး ပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးအုပ်သွားသည်။ အားဟူက လက်နှစ်ဖက်ကိုယှက်ပြီး ကြုံးဝါးသံတစ်ချက်ပြုလိုက်ချိန် လေပြင်းများက အော်ြမည်တိုက်ခတ်လာသည်။

ထို့ကြောင့် သိုင်းဆရာသခင် (၂)ယောက်လုံးမှာ သက်ကယ်မိုးတဲငယ်လေးဆီသို့ ခြေတစ်လှမ်းပင် မချဉ်းကပ်နိုင်တော့ပေ။ အားဟူက သိုင်းဆရာသခင် (၂)ယောက်လုံးကို ကိုယ်ပိုင်စွမ်းအားအသုံးပြုပြီး အပြင်းအထန် ထိန်းချုပ်တိုက်ခိုက်နေသည်။

ထိုအချိန် ရန်ကျောက်ကဲက သက်ကယ်မိုးတဲလေးအတွင်းသို့ ဝင်ရောက်လာသည်။ သူ့မျက်လုံးထဲ ပထမဆုံး တွေ့မြင်သည်က နှင်းပွင့်များအလား ဆွတ်ဆွတ်ဖြူနေသည့် ကြိုးကြာအမွှေးများဖြင့် ပြုလုပ်ထားသော ဝတ်ရုံကြီးတစ်ခု ဖြစ်သည်။

အခန်းထဲတွင် ချိတ်ဆွဲထားသည့် ကြိုးကြာငှက်မွှေးဝတ်ရုံ၏ အောက်ဘက်တွင်တော့ ပစ္စည်းအချို့တင်ထားသည့် စားပွဲတိုလေးတစ်ခုရှိသည်။

ထိုပစ္စည်းများကြားတွင် အလင်းရောင်တောက်ပနေသည့် ကျောက်တုံးတစ်တုံးကို ရန်ကျောက်ကဲ တွေ့လိုက်သည်။ သူ ရှာဖွေနေသည့် ဘဝအလင်းအမတကျောက်တုံးပင် ဖြစ်၏။

သို့ပေသိ သူ စားပွဲတို‌လေးအနား ချဉ်းကပ်လိုက်သည်နှင့် ကြိုးကြာငှက်မွှေးဝတ်ရုံက ရုတ်တရက် တုန်ခါသွားပြီး တဖြည်းဖြည်း ပြန့်ကားလာသည်။ ကြိုးကြာငှက်မွှေးများက အမတကြိုးကြာငှက်မွှေးများအဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သည့်လေပြင်းများက ရန်ကျောက်ကဲထံ ဝင်ရောက်တိုက်ခတ်လာသည်။ ထို့ကြောင့် ရန်ကျောက်ကဲမှာ စားပွဲတိုလေးအနားသို့ ချဉ်းကပ်နိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ညာဘက်မျက်လုံးမှ ခရမ်းရောင်လျှပ်စီးများတောက်ပလာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာကာ လေပြင်းများကို တားဆီးထားလိုက်သည်။ ထို့နောက် စားပွဲတိုလေးထက်မှ ပစ္စည်းများကို လက်လှမ်းယူလိုက်၏။

ထိုအချိန် အပြင်ဘက်မှ အားဟူ၏ ဒေါသတကြီးကြုံးဝါးသံကြီးကို ကြားလိုက်ရသည်။

ထို့နောက် တဲငယ်တံခါးပွင့်သွားပြီး မှေးမှိန်သည့်အလင်းရောင်တစ်ချက် လင်းလက်သွားကာ ရန်ကျောက်ကဲနောက်ကျောဆီသို့ အသံတိတ်ဓားတစ်လက် ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...

“မင်းကိုး...”

တိုက်ခိုက်လာသူက အခြားသူ မဟုတ်ပေ။

ကြည်လင်လျှို့ဝှက်ရေကန် ၊ မိစ္ဆာနယ်မြေတွင် ရန်ကျောက်ကဲကို အလစ်ချောင်းတိုက်ခိုက်ခဲ့သော အမှောင်ဘက်ခြမ်းကျရောက်နေသည့် အနက်ရောင်ဝတ် သိုင်းဆရာသခင်ပင် ဖြစ်လေတော့၏။

***

All Chapters