အမှောင်မရဏဓားသိုင်း ၊ အမတကြိုးကြာတောင်ပံ
Vol. 17 Ch. 239
ရန်ကျောက်ကဲအမြင်အာရုံထဲသို့ အနက်ရောင်ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ ထိုပုံရိပ်က အစိမ်းသက်သက်ဖြစ်သော်လည်း ရင်းနှီးနေသည့်ပုံရိပ်တစ်ခုပင်။
ထိုသူကို သူ (၂)ကြိမ်တိုင်တိုင် တွေ့မြင်ခဲ့ဖူးသည် မဟုတ်ပါလား။
ရင်းနှီးရသည့်အကြောင်းရင်းမှာ ရန်ကျောက်ကဲအနေဖြင့် ထိုသူ၏ဓားမှ မရဏအငွေ့အသက်ကို နဖူးတွေ့ဒူးတွေ့ ကြုံဆုံဖူးလေသည်။
ထိုသူက အနက်ရောင်မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင်ခေါင်းဆောင်းကိုလည်း ဆောင်းထားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုသူကို တွေ့မြင်ရသည်မှာ မြို့တစ်မြို့ကို ဖုံးလွှမ်းထားသည့် အနက်ရောင်တိမ်တိုက်တစ်ခုပမာ ဖြစ်သည်။
သူ့တစ်ကိုယ်လုံးတွင် အလင်းရောင်ရှိနေသည့် တစ်ခုတည်းသောနေရာဆို၍ သွေးရောင်လွှမ်းနေသည့် အဝါရောင်မျက်ဝန်းများသာ ဖြစ်သည်။ ပြီးတော့ သူ့လက်ထဲမှဓားကလည်း မှေးမှိန်သည့် ဓားအလင်းရောင် တောက်ပနေသည်။
ထိုသူထံမှ အသံတိတ်ဓားဝိညာဉ်တစ်ခုက ရန်ကျောက်ကဲဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
ကြည်လင်လျှို့ဝှက်ရေကန် ၊ မိစ္ဆာနယ်မြေတွင် အလစ်ချောင်းတိုက်ခိုက်ခံရစဉ်နှင့်ဆာလျှင် ယခုတစ်ကြိမ်က အနည်းငယ် သက်သာသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ ရောက်လာလာချင်း အားဟူက တားဆီးထားခဲ့သဖြင့် ရန်ကျောက်ကဲက အခြေအနေကို ရိပ်မိပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုသူအနေဖြင့် သူ့ကို လျှို့ဝှက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သို့ပေသိ ထိုသူ၏ လှုပ်ရှားမှုက အရင်ကထက် ပိုမိုလျှင်မြန်လာသလို ပြင်းထန်လာသည်။
အနက်ရောင်လျှပ်စီးကြောင်းအလား မှေးမှိန်သည့် ဓားအလင်းရောင်သည် ရန်ကျောက်ကဲထံသို့ စူးစူးစိုက်စိုက် ထိုးဆင်းလာသည်။
ကျဉ်းထဲကျပ်ထဲကျရောက်ချိန် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ မိုးကြိုးဧကရာဇ်အပိုင်းအစမှာ ကြိုးကြာငှက်မွှေးများဖြင့် တိုက်ခတ်လာသည့် လေပြင်းများကို တားဆီးထားရသည်။
ရန်ကျောက်ကဲက ဝတ်ရုံနက်သိုင်းဆရာသခင်၏ ဓားချက်အတွင်းမှ စွမ်းအား ၊ လျှင်မြန်မှု ၊ တိကျမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ခွဲထုတ်လိုက်သည့်အခါ ဓားကွက်က အတိအကျ ထွက်ပေါ်လာသည်။
ထိုဓားချက်က ရန်ကျောက်ကဲကို တစ်ချက်တည်းဖြင့် ဇီဝိန်ခြွေလိုခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက လျှပ်စီးအလား အရှိန်အဟုန်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီး ဘေးဘက်သို့ လျှပ်တပြက် ခုန်ရှောင်လိုက်သည်။
တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် အရှိန်အဟုန်နှင့် လျှင်မြန်မှု၌ ရန်ကျောက်ကဲက ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများထက်ပင် အနည်းငယ်သာလွန်သည်။
ရောက်လာသည့် သိုင်းဆရာသခင်ကလည်း အရင်ကလို အလစ်ချောင်းတိုက်ခိုက်ခြင်း မဟုတ်သဖြင့် ရန်ကျောက်ကဲအနေဖြင့် သူ၏ဓားချက်ကို အောင်မြင်စွာ ရှောင်တိမ်းတိုင်ခဲ့သည်။
သို့ပေသိ ထိုသူ၏ဓားချက်များက အရင်ကထက် ပိုမိုလျှင်မြန်ပြီး အချက်တိုင်းက ရန်ကျောက်ကဲထံ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။ မှေးမှိန်သည့်ဓားအလင်းတန်းသည် ရန်ကျောက်ကဲနောက်သို့ အပြင်းအထန် လိုက်ပါတိုက်ခိုက်လျှက် ရှိ၏။
ရန်သူ၏တိုက်ခိုက်မှုက အားဟူနှင့် အခြားသောသိုင်းဆရာသခင်များကဲ့သို့ ကောင်းကင်ထက် ပျံတက်သွားလောက်အောင် အရှိန်အဟုန်မပြင်းထန်သလို ကျောက်ဆောင် ၊ မြေပြင်နှင့် တေင်တန်းများကို ကြေမွပျက်စီးသွားစေလောက်အောင် စွမ်းအားမကြီးလှပေ။
သို့ရောတွင် အားနည်းပြီးမှေးမှိန်ဟန်ရှိသည့် ဓားအလင်းရောင်နောက်ကွယ်တွင် အလွန်ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဖုံးကွယ်ထားဟန် ရှိသည်။
ထိုဓားအလင်းရောင်ဖြင့် ထိုးနှက်ခံရပါက ကြံ့မိတ်စ္ဆာလက်သီးသိုင်းနှင့် ပင်လယ်ငြိမ်သက်လက်သီးသိုင်းများဖြင့်ပင် ကာကွယ်နိုင်မည်မဟုတ်ဘဲ ရန်ကျောက်ကဲတစ်ကိုယ်လုံးမှ စွမ်းအားများ ရပ်တန့်သွားမည်မှာ မေးခွန်းထုတ်စရာမလိုသလို သံသယဝင်စရာလည်း မရှိပေ။
တစ်ဖက်လူ ကျင့်ကြံထားသည့် သိုင်းပညာကို သူ မှတ်မိသိရှိပြီးသား ဖြစ်သည်။
“အမှောင်မရဏဓားသိုင်း”
ဓားချက်တစ်ချက်က မျဉ်းကြောင်းတစ်ကြောင်းပမာ ပါးလွှာသည်။ ရန်သူဖြင့် တိုက်ခိုက်ချိန်တွင် ဓားသိုင်းတွင်ပါဝင်သည့် ကြယ်တာရာချီစွမ်းအားက အလင်း ၊ အသံနှင့် ဓား၏တည်ရှိမှုကို ဖုံးကွယ်ပေးထားသလို ဓားသိုင်းအသုံးပြုသူကိုလည်း မှော်ဝင်ပစ္စည်းတစ်ခုဖြင့် လွှမ်းခြုံထားသည့်အလား ဖုံးကွယ်ပေးထားနိုင်စွမ်း ရှိသည်။
ရန်သူကို သတ်ဖြတ်ပြီးမှသာ ဓားအလင်းက တောက်ပလာမည်ဖြစ်၏။
ရန်ကျောက်ကဲ အထူးသတိထားရမည့်အချက်မှာ သူ့ရှေ့မှရန်သူ ကိုင်ဆောင်ထားသည့်လက်နက်က အဆင့်နိမ့်မှော်ဝင်ဓားတစ်လက် ဖြစ်နေခြင်းပင်။
ရန်ကျောက်ကဲတွင် ထိုသူအသုံးပြုသည့်ဓားထက် ပိုမိုသာလွန်သည့် မှော်ဝင်လက်နက် များစွာရှိသည်။
အများစုက ပြိုင်ဘက်များကို အနိုင်ယူပြီး ရရှိထားသည့် လက်နက်များဖြစ်သည်။
သို့သော် ပြဿနာရှိနေသည်မှာ ထိုလက်နက်များ၏ ပိုင်ရှင်များအားလုံးက ရန်ကျောက်ကဲကဲ့သို့ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြခြင်းပင်။
သိုင်းပညာရှင်များသည် မှော်ဝင်လက်နက်များ၏စွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိကြပေ။
သိုင်းဆရာသခင်များကတော့ ထိုသို့မဟုတ်ပေ။ ဝိညာဉ်ခန္ဓာ ကနဦးအဆင့် သိုင်းဆရာသခင်ဖြစ်သည့်တိုင် သူ့လက်ထဲတွင် အဆင့်နိမ့်မှော်ဝင်လက်နက်တစ်ခု ကိုင်ဆောင်ထားပါက ကျားကိုအတောင်တပ်ပေးလိုက်သည့်ပမာ ဖြစ်သည်။
သိုင်းဆရာသခင်တစ်ယောက်လက်ထဲတွင်ရှိသော မှော်ဝင်လက်နက်တစ်ခုနှင့် သိုင်းပညာရှင်တစ်ယောက်လက်ထဲတွင်ရှိသော မှော်ဝင်လက်နက်တစ်ခုတို့က လုံးဝ အဓိပ္ပါယ် မတူကွဲပြားသည်။
အနက်ရောင်ဝတ် သိုင်းဆရာသခင်သည် စကားတစ်ခွန်းမှမဆိုဘဲ အမှောင်မရဏဓားသိုင်းကို ပြီးပြည့်စုံစွာ ထုတ်ဖော် အသုံးပြုရင်း မှော်ဝင်ဓား၏ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ဓားအလင်းရောင်က မှိန်ဖျော့ပြီး အားနည်းနေသည့်ဟန် မှောင်မှိုင်းနေသော်လည်း ဓားချက်တိုင်းက အရင်ကထက် ပိုမိုလျှင်မြန်လာသလို ပိုမိုပြင်းထန်လာသည်။ ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည့် ဓားသိုင်းအရှိန်အဟုန်မှာ တောင်နှင့်ပင်လယ်များ တောက်လျှောက်ပြိုကျလာသည့်အလား ဖြစ်သည်။
ရန်ကျောက်ကဲ၏ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှာ ကြိုးကြာငှက်မွှေးလေပြင်းများကို ထိန်းချုပ်ထားရသဖြင့် ရန်သူကို တိုက်ခိုက်ရန် အသုံးမပြုနိုင်ခဲ့ပေ။
တဲငယ်လေးအပြင်ဘက်တွင်တော့ ဒေါသအမျက်ချောင်းချောင်းထွက်နေသော အားဟူမှာ စွမ်းအားပြည့်အဝ အသုံးပြုပြီး အလျှင်စလို တိုက်ခိုက်နေသည်။
သို့သော် သူတို့ရင်ဆိုင်နေရသည့် ရန်သူများက တစ်ဂိုဏ်းတည်းသားချင်း မဟုတ်ကြသည့်တိုင် ရန်ကျောက်ကဲနှင့် အားဟူကို ထိန်းချုပ်ရန်အတွက် လက်ရှိအခိုက်အတန့်တွင် တိတ်တဆိတ် သဘောတူညီချက်ရယူကာ ပူးပေါင်းလုပ်ဆောင်နေကြသည်။
အားဟူက သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အနက်ရောင်အိပ်မက်ဆိုးသံချပ်ကာဝတ်စုံ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်ပြီဖြစ်သည်။ သူ တိုက်ခိုက်လိုက်တိုင်း အနက်ရောင်တိမ်တိုက်များနှင့် အနက်ရောင်လေပြင်းများက နတ်ဆိုးဘုရင်တစ်ပါး၏ ကြုံးဝါးသံပမာ ကြောက်မက်ဖွယ်ရာအော်မြည်လျှက် ရှိသည်။
ရန်ကျောက်ကဲက အလယ်ဆင့်မှော်ဝင်လက်နက်တစ်ခုဖြစ်သော နေစင်ဓားဝှက်ဓားကို အားဟူကို ပေးထားသည်။
အားဟူက ဝိညာဉ်ခန္ဓာကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည့်အတွက် အလယ်ဆင့်မှော်ဝင်ဓားတစ်လက်၏စွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်စွမ်းမရှိဘဲ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
အားဟူက ဓားသိုင်းကျင့်ကြံသူမဟုတ်သော်လည်း အခုတော့ သူ့လက်ထဲတွင် နေစင်ဓားဝှက်ဓားကို ကိုင်ဆောင်ထားသည်။ သူ၏သိုင်းစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် အနက်ရောင်မုန်တိုင်းအလယ်တွင် ထိုမှော်ဝင်ဓားက ဖုံးကွယ်လျှက် ရှိ၏။
နေစင်ဓားဝှက်ဓားသည် ထက်ရှသည့်ဓားမြှောင်ငယ်များဖြင့် ရောယှက်လျှက် လေထုထဲတွင် လွင့်ပျံနေပြီး ရန်သူကို အပြင်းအထန် ခုခံကာကွယ်ထားသည်။
လက်ရှိတွင် အားဟူက သိုင်းဆရာသခင် (၃)ယောက်ဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်အပြင် နောက်ထပ်ရောက်လာသည့် သိုင်းဆရာသခင် (၂)ယောက် ရှိနေသည်။ ထိုသိုင်းဆရာသခင်များအားလုံးက အလွန်လျှင်မြန်စွာပင် အားဟူကို တိုက်ခိုက်နေကြ၏။
သူတို့ (၃)ယောက်၏ စုပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ အားဟူ မကျေမနပ် ဖြစ်လာသည်။ သို့ပေသိ အချိန်ကြာလာသည့်တိုင် အားဟူက ပိုပြီးအသာစီးရလာလေရာ ရန်သူ (၃)ယောက်မှာ အနည်းငယ် ထိတ်လန့်ကြောက်ရွံ့လာသည်။
ရန်သူ (၃)ယောက်ဝိုင်းနေသဖြင့် အားဟူမှာ ရန်ကျောက်ကဲကိုကူညီရန် သက်ကယ်မိုးတဲငယ်လေးဆီသို့ မသွားရောက်နိုင်ခဲ့ပေ။
အားဟူ အလွန်စိတ်ပျက်စွာဖြင့် တွေးလိုက်သည်။
“သခင်လေးနဲ့ငါနဲ့ ဒီကိုဝင်လာတဲ့တံခါးအပြင် နောက်ထပ်တံခါးတစ်ချပ် ရှိဦးမယ်ထင်တယ် ၊ ဒါကြောင့် ဒီထဲကို သိုင်းဆရာသခင်တွေ တဖွဲဖွဲရောက်လာကြတာ ၊ ဟုတ်တယ် ၊ စောစောက ခိုးကြောင်ခိုးဝှက်ရောက်နေတဲ့ သိုင်းပညာရှင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ၊ သူက ငါတို့ကို မယှဉ်နိုင်တာနဲ့ ဒီလူတွေ အထဲဝင်သွားအေင် ဆွဲဆောင်လိုက်တာ ဖြစ်ရမယ်”
***
သက်ကယ်မိုးထားသည့် တဲငယ်လေးထဲတွင်တော့ ရန်ကျောက်ကဲက အနက်ရောင်ဝတ်သိုင်းဆရာသခင်နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နေသည်။ ရန်ကျောက်ကဲ ခန္ဓာကိုယ်ထက်တွင် မြင့်မားတောင်တန်း မှော်ဝင်သံချပ်ကာကို ဝတ်ဆင်ထားသည်။
တိုက်ခိုက်ရင်းဖြင့် အနက်ရောင်ဝတ်လူ၏ မျက်ဝန်းများကို ကြည့်လိုက်ရာ ထိုမျက်ဝန်းများထဲတွင် နာကျည်းမှုများကို ရန်ကျောက်ကဲ တွေ့မြင်လိုက်ရသည်။
သက်ကယ်မိုးတဲငယ်ထဲတွင် ရန်ကျောက်ကဲက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ အနက်ရောင်ဝတ်သိုင်းဆရာသခင်ခင်နှင့် တိုက်ခိုက်နေချိန် အပြင်ဘက်တွင်တော့ အားဟူက သိုင်းဆရာသခင် (၃)ယောက်နှင့် တိုက်ခိုက်နေသည်။ သိုင်းဆရာသခင်များ၏ တိုက်ပွဲကတော့ မိုးမြေတစ်ခုလုံး တုန်ခါသွားစေပြီး အရှိန်အဟုန်က ပူလောင်လွန်းသည်။
ကြိုးကြာငှက်မွေးဝတ်ရုံသာ ကာကွယ်ပေးမထားလျှင် သက်ကယ်မိုးတဲလေးမှာ ထိုတိုက်ပွဲကြောင့် အစောကြီးကပင် ပျက်ဆီးသွားနိုင်ပေသည်။
ဤသီးခြားကမ္ဘာငယ်သို့ သိုင်းဆရာသခင် အများအပြား ဝင်ရောက်လာချိန် အစောပိုင်း ခိုးကြောင်ခိုးဝှက်ရောက်ရှိနေသည့် သိုင်းပညာရှင်ကတော့ ဉာဏ်ရှိစွာပင် ပြန်လည်ထွက်ခွာသွားပြီ ဖြစ်၏။
ဤနေရာတွင် ရှားပါးအဖိုးတန်သော ရတနာပစ္စည်းများရှိနေသော်လည်း ယခုကဲ့သို့ အခြေအနေတွင် ထိုပစ္စည်းများကို လက်လှမ်းမီရန် ခက်ခဲလွန်းသည်။
သိုင်းဆရာသခင်များနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့မည်ဆိုလျှင် ရန်ကျောက်ကဲနှင့်အားဟူတို့ သူတို့ကိုယ်သူတို့ ဘယ်လိုသေသွားမှန်းပင် သိခွင့်ရမည် မဟုတ်ပေ။
သို့ပေသိ ခြွင်းချက်တစ်ခုတော့ရှိသည်။
ဤနေရာတွင် ရတနာပစ္စည်းများလည်းရှိနေသလို ရန်ကျောက်ကဲလည်းရောက်နေကြောင်း သိရှိသူမှာ ‘လင်ကျိုး’ တစ်ယောက်သာ ရှိသည်။
လင်ကျိုးက ဗလာနယ်တံခါးမှ သီးခြားကမ္ဘာငယ်သို့ ပြန်လည်ဝင်ရောက်လာပြီး သိုင်းဆရာသခင် (၄)ယောက်၏ တိုက်ပွဲကို ဂရုတစိုက်ရှောင်တိမ်းကာ သက်ကဲမိုးတဲငယ်လေးဆီသို့ ချဉ်းကပ်လာသည်။
ရန်ကျောက်ကဲနှင့် အားဟူတို့က တိုက်ပွဲတွင်ပါဝင်နေလေရာ သူ့အနေဖြင့် ရတနာပစ္စည်းများကို ယူငင်ရန် အခွင့်အလမ်း အလွန်များပြားသည်။
အတိအကျဆိုရသော် သက်ကယ်မိုးတဲငယ်လေးအတွင်း ချိတ်ဆွဲထားသည့် ကြိုးကြာတောင်ပံဝတ်ရုံသည် လင်ကျိုး အဓိကရှာဖွေနေသည့် ရတနာပစ္စည်း ဖြစ်သည်။
အခွင့်အရေးရလျှင်တော့ ထိုပစ္စည်းအပြင် ဤနေရာရှိ အခြားသောရတနာပစ္စည်းများအားလုံးကိုသိမ်းယူသွားရန် ဆုံးဖြတ်ထားသည်။
ထို့ပြင် ဤ သီးခြားကမ္ဘာငယ်လေးက မကြာမီပျက်စီးတော့မည် ဖြစ်လေရာ ရန်ကျောက်ကဲကိုပါ ဤနေရာတွင် ဇီဝိန်ခြွေလိုက်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်၏။
လင်ကျိုးက ပွင့်နေသော ပြတင်းတံခါးမှတစ်ဆင့် တဲငယ်လေးအတွင်းသို့ ကြည့်လိုက်သည်။
သူ့မျက်ဝန်းများက အမတကြိုးကြာတောင်ပံကို စူးစိုက်ကြည့်နေရင်း...
“ဒီပစ္စည်းကိုယူပြီးတာနဲ့ သွားမှဖြစ်မယ် ၊ ငါကတော့ ရန်ကျောက်ကဲကို လုပ်ကြံဖို့ မဖြစ်နိုင်ဘူး”
သို့ပေသိ ရှေ့မတိုးမီမှာပင် လင်ကျိုး၏မျက်ဝန်းများက ရုတ်တရက် ပြူးကျယ်ဝိုင်းစက်သွားသည်။
အဘယ်ကြောင့်ဆိုသော မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာဖြင့် မျက်နှာဖုံးစွပ်သိုင်းဆရာသခင်၏ တိုက်ခိုက်မျုကို ထိပ်တိုက်ရင်ဆိုင်နေသော ရန်ကျောက်ကဲက သူ၏စွမ်းအားကို အသုံးပြုကာ နောက်သို့ ခုန်ဆုတ်သွားသည်ကို တွေ့မြင်ရသောကြောင့်ပင်။
ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ လျှပ်စီးအလင်းရောင်များတောက်နေပြီး မိုကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အမတကြိုးကြာတောင်ပံကို လှုပ်ရှားနိုင်ခြင်းမရှိအောင် ယာယီထိန်းချုပ်ထားသည်။ ထို့နောက် ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံရှိရာသို့ ဝင်ရောက်သွားပြီး ငှက်မွှေးဝတ်ရုံကို သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်ခြုံလွှမ်းရန် ကြိုးစားလိုက်သည်။
“မင်းတော့ အမတကြိုးကြာတောင်ပံကို သန့်စင်ဖို့ အချိန်မီမှာ မဟုတ်ဘူး”
လင်ကျိုးက အေးစက်စွာပြုံးရင်း တွေးသည်။
“အဲဒီအစား ရန်သူက မင်းကိုဓားနဲ့ထိုးသွားလိမ့်မယ်”
အမှန်ပင် ဖြစ်သည်။
မျက်နှာဖုံးစွပ်သိုင်းဆရာသခင်၏ ဓားအလင်းရောင်က ရန်ကျောက်ကဲရှိရာသို့ တည့်မတ်စွာဝင်ရောက်လာသည်။ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာသည်ပင် ထိုဓားချက်ကို ရပ်တန့်နိုင်ခြင်း မရှိခဲ့ပေ။
မှန်ဖျော့ဖျော့ဓားအလင်းရောင်သည် ရန်ကျောက်ကဲ အဝတ်အစားများကို ဖြတ်ကျော်ပြီး သူ့ရင်ဘတ်ဆီသို့ ရောက်ရှိလာသည်။ သူ့ နှလုံးသားတည်ရှိရာ လက်ဝဲဘက်ရင်အုံထက် အေးစိမ့်မှုကို ရန်ကျောက်ကဲ ခံစားလိုက်ရလေ၏။
***