သွေးအန်မတတ်ခံစားလိုက်ရသည့်’လင်ကျိုး’
Vol. 17 Ch. 240
ရန်ကျောက်ကဲ ခဏမျှ တုံ့ဆိုင်းသွားပြီး အမတကြိုးကြာတောင်ပံကို ဆက်လက်ထိန်းချုပ်ရင်း ရန်သူကို အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။
ဓားအလင်းရောင်က မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို ဖြတ်ကျော်ဝင်ရောက်လာပြီး ရန်ကျောက်ကဲ အဝတ်အစားများကို ထိုးဖြတ်ခုတ်ပိုင်းကာ နှလုံးသားတည်ရှိရာ ဘယ်ဘက်ရင်အုံတည့်တည့်သို့ ဝင်ရောက်လာသည်။ ရန်ကျောက်ကဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ အေးစိမ့်မှုက ဖြတ်သန်းသွား၏။
သို့သော် ရန်ကျောက်ကဲက ထိတ်လန့်တခြားဖြစ်မသွားဘဲ တည်ငြိမ်သည့်အမူအရာဖြင့် သူ့အရှေ့မှရန်သူကို အာရုံစူးစိုက် ကြည့်နေသည်။
ထို့နောက် သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။
ထိုရွှေရောင်အလင်းတန်း လင်းလက်လာသည်နှင့် ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံးအား ရွှေရောင်အလင်းအလွှာပါးတစ်ခုက ဖုံးအုပ်သွားပြီး သူ့ပုံစံက ရွှေရောင်ရုပ်တုတစ်ခုအလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲ၏ ရင်ဘတ်အလယ်ဗဟိုတွင် ရိုးရှင်းသော်လည်း လေးနက်သည့် သင်္ကေတတစ်ခု ပေါ်လာပြီး ရန်သူ၏ဓားချက်ကို တားဆီးထားလိုက်သည်။
အမှောင်ဘက်ခြမ်းမှသိုင်းဆရာသခင်၏ အဝါရောင်မျက်လုံးများထဲတွင် သွေးနီရောင်အလင်းတန်းများ တောက်ပသွားသည်။
သူက လက်ထဲမှဓားကို ပိုမိုအားစိုက်ပြီး ရန်ကျောက်ကဲ ရင်ဝတည့်တည့်သို့ ထိုးသွင်းရန် ကြိုးစားလိုက်သည်။ ထိုအချိန် မှေးမှိန်သည့်ဓားအလင်းရောင် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အဆုံးမရှိ စူးရှသောအလင်းတန်းများက အခန်းငယ်တစ်ခုလုံး ပြည့်နက်သွားသည်။ အမတကြိုးကြာတောင်ပံဖြင့် ကာကွယ်ထားသည့် သက်ကယ်မိုးတဲငယ်လေးသည်ပင် ပြိုကျတော့မည့်အလား တုန်ခါလှုပ်ယမ်းသွား၏။
ရန်ကျောက်ကဲက ပါးစပ်ကိုဖွင့်လိုက်ပြီး ရှုတ်ထွေးသည့်အသံထွက်ပါဝင်သော ရှေ့ဟောင်းမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ထိုမန္တန်ကို မည်သူမှ နားမလည်ကြသည့်တိုင် မိုးကြိုးနယ်မြေမှ လင်ကျိုးကတော့ ထူးဆန်းသောမန္တန်မှာ မိုးကြိုးနယ်မြေ မြောက်ဖျားအစွန်းရှိ ‘ကျင်း’ ဒေသမှ အလွန်ရှားပါးသော ဒေသိယစကားတစ်ခုဖြစ်ကြောင်း ယောင်ဝါးဝါး ခန့်မှန်းလိုက်မိသည်။
သို့သော် လောလောဆယ်တွင် လင်ကျိုးမှာ အမတကြိုးကြာတောင်ပံရရှိရေးတစ်ခုတည်းကိုသာ အာရုံစိုက်နေရသောကြောင့် ထိုမန္တန်၏အဓိပ္ပါယ်ကို ဘာမှန်းမသိလိုက်ပေ။
ရန်ကျောက်ကဲ ရှေးဟောင်းမန္တန်ကို ရွတ်ဆိုလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်များတောက်ပလာပြီး သူ့ရင်ဘတ်ထက်တွင် ရှင်းလင်းလေးနက်သည့် သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းအလွှာက ရန်ကျောက်ကဲတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်နှင့် ရန်သူ၏ဓားအလင်းရောင်က ဘေးသို့ လွဲချော်သွားသည်။
လင်ကျိုးမျက်မှောင်ကြုတ်လိုက်ရင်း...
“အဲဒါက ဘာလဲဟ”
ရန်ကျောက်ကဲခန္ဓာကိုယ်က ကြိုးကြာငှက်မွှေးဝတ်ရုံထဲသို့ အပြည့်အဝရောက်ရှိသွားပြီး ဝတ်ရုံမှာ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ ထိန်းချုပ်ခြင်းကို ခံထားရသည်။
ငှက်မွှေးဝတ်ရုံက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေစဉ် ရန်ကျောက်ကဲက လက်ကိုဆန့်တန်းလိုက်ပြီး အရှေ့ဆီသို့ လက်သီးဖြင့် ထိုးချလိုက်သည်။
ထိုအခါ ရန်ကျောက်ကဲ၏ သွေးစွမ်းအား ၊ ချီစွမ်းအားနှင့် သိုင်းစွမ်းဝိညာဉ်တို့ တဟုန်ထိုးမြင့်တက်လာပြီး အမတကြိုးကြာတောင်ပံဟု ခေါ်ဆိုသော ထူးခြားသည့်ရတနာပစ္စည်းနှင့် စတင်ချိတ်ဆက်ပေါင်းစပ်သွားသည်။
အမတကြိုးကြာတောင်ပံတွင် ဝိညာဉ်စွမ်းအားတည်ရှိနေဆဲ ဖြစ်သည့်တိုင် လွတ်လပ်သမားတော်ဆုံးပါးကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သဖြင့် တဖြည်းဖြည်း ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ယခင်ပိုင်ရှင်၏ နောက်ဆုံးဆန္ဒဖြစ်သော ဤ သက်ကဘ်မိုးတဲငယ်ကို ကာကွယ်ခြင်းကသာ ထို ကြိုးကြာငှက်မွှေးဝတ်ရုံ၏ပင်မဗီဇတစ်ခုပမာ ဖြစ်လာနေသည်။
သို့ပေသိ အမတကြိုးကြာတောင်ပံက ရန်ကျောက်ကဲ သန့်စင်ပေးခြင်းကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။
ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံနှင့် သူ၏လက်သီးသိုင်းဝိညာဉ်ကို ပေါင်းစပ်လိုက်လေရာ ကြိုးကြာငှက်မွှေးများက ညင်သာစွာ တုန်ခါသွားသည်။
ရန်ကျောက်ကဲ၏ အနောက်ဘက်တွင် အဖြူရောင်ကြိုးကြာငှက်တစ်ကောင်၏ ပုံသဏ္ဌန် တဖြည်းဖြည်းထွက်ပေါ်လာပြီး သူ၏လက်သီးသိုင်းဝိညာဉ်သည် ရောင်ဝါတစ်ခုအလား မိုးမြေတစ်ခွင်သို့ ပေါင်းစပ်သွားသည်။
ရန်ကျောက်ကဲ၏ မျက်ဝန်းများကတော့ သူ့ရှေ့မှ မျက်နှာဖုံးစွပ်သိုင်းဆရာသခင်ကို စူးရှစွာ စိုက်ကြည့်နေသည်။
သူ့တွင် လုံလောက်သည့်ယုံကြည်ချက်မရှိလျှင် ရန်သူ၏ဓားသွားကို အသက်ဘေးနီးကပ်သည်အထိ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။
မိုးကြိုးဧကရာဇ်မျက်လုံးက အမတကြိုးကြာတောင်ပံကို ထိန်းချုပ်ထားချိန် ရန်သူ၏ဓားချက်က သူ၏ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာကို ဖြတ်ကျော်သွားသော်လည်း ရန်ကျောက်ကဲတွင် “ရွှေသင်္ကေတခန္ဓာ” ရှိနေဆဲဖြစ်သည်။
ရန်ကျောက်ကဲပိုင်ဆိုင်ထားသည့် “ရွှေသင်္ကေတခန္ဓာ” ဆိုသည်က -
ကြည်လင်လျှို့ဝှက်ရေကန်တွင် အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသော ရှဲ့ကျစ်ယီကို သတ်ဖြတ်ပြီးနောက် ရွှေဒင်္ဂါးလေးတစ်ခု ရန်ကျောက်ကဲ ရရှိခဲ့သည်။ ထိုဒင်္ဂါးပြားလေးထက်တွင် အင်းသင်္ကေတပုံစံများ ရေးထွင်းထား၏။
ထိုပစ္စည်းလေးကို မည်သို့အသုံးပြုရမည်ကို နားမလည်သော်လည်း မိုးကြိုးနယ်မြေ၏ ဒေသ (၆)ခုတွင် မြောက်ဖျားအကျဆုံးဒေသမှာ မြောက်ပိုင်းရေခဲပင်လယ်နှင့် နယ်စပ်ဖြစ်သော ကျင်းဒေသမှစာအုပ်စာပေများစွာကို ဖတ်ရှုပြီးနောက် ထိုရွှေဒင်္ဂါးလေးကို မည်သို့အသုံးပြုရမည်ကို အောင်မြင်စွာပုံဖော်နိုင်ခဲ့သည်။
ထိုဒင်္ဂါးလေးက မြောက်ဖျားဒေသ၏ လျှို့ဝှက်နည်းပညာဖြစ်ပြီး ချီစွမ်းအားဖြင့် ရွှေရောင်အင်းသင်္ကေတကို သန့်စင်ရသည်။ ထို့နောက် သိုင်းကျင့်ကြံသူက ထိုဒင်္ဂါးလေးကို ခန္ဓာကိုယ်အတွင်း စုပ်ယူလိုက်သည့်အခါ ရွှေရောင်သံမဏိအရိုးအသားများဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်ကို ရရှိနိုင်ပြီး သိုင်းကျင့်ကြံသူ၏ စွမ်အားကို တိုးမြှင့်သွားစေပေမည်။
အသက်အန္တရယ်နီးကပ်သည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ မိမိကိုယ်ကိုယ်ကာကွယ်ရန်အတွက် ခန္ဓာကိုယ်အတွင်းမှ ရွှေသင်္ကေတချီစွမ်းအားက “ရွှေသင်္ကေတခန္ဓာ” အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ရန်သူ၏တိုက်ခိုက်မှုက ပြင်းထန်လေ ရွှေသင်္ကေတခန္ဓာစွမ်းအားက ပိုမိုထုတ်လွှတ်လေဖြစ်ပြီး ရွှေသင်္ကေတချီစွမ်းအား ပိုမိုကုန်ခမ်းလေဖြစ်သည်။ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ အသုံးပြုပါက တစ်နေ့တွင် ရွှေသင်္ကေတချီစွမ်းအား ခမ်းခြောက်သွားနိုင်သည်မှာ အသေအချာပင်။
သို့ပေသိ ထိုချီစွမ်းအား၏ ခံစစ်စွမ်းအားက ရယ်စရာတစ်ခု မဟုတ်ပေ။
ဝိညာဉ်ခန္ဓာကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော အနက်ရောင်ဝတ်သိုင်းသမား၏ စွမ်းအားအပြည့်ထုတ်ဖော်ထားသော အဆင့်နိမ်မှော်ဝင်ဓား ဝင်ရောက်လာမှုကို ရွှေသင်္ကေတခန္ဓာက အပြည့်အဝ တွန်းလှန်နိုင်ခဲ့သည်။
ရန်သူကို ခဏမျှတားဆီးနိုင်သည့်အချိန်တွင် ရန်ကျောက်ကဲက အစွမ်းရှိသမျှဖြင့် အမကကြိုးကြာတောင်ပံကို ပြန်လည်သန့်စင်ကာ သူ့ကိုယ်ပိုင်အသုံးပြုရန် ပြုပြင်နိုင်ခဲ့သည်။
ဤသီးခြားကမ္ဘာငယ်သို့ရောက်လာချိန်တွင် ရန်ကျောက်ကဲ ပစ်မှတ်ထားသည်က ဘဝအလင်းအမတကျောက်တုံးကို ရှာဖွေရန် ဖြစ်သည်။ သို့သော် အမတကြိုးကြာတောင်ပံကို တွေ့ရှိပြီး သေသေချာချာ လေ့လာကြည့်သည့်အခါ ထူးခြားသောအဖိုးတန်ရတနာတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ထိုသို့သောပစ္စည်းမျိုးက ရရှိရန်အတော်ခက်သည်။
လက်နက်ပစ္စည်းများ အဆင့်သတ်မှတ်ချက်များအတိုင်း အဆင့်မသတ်မှတ်နိုင်သော်လည်း အဆုံးမရှိ အံ့ဖွယ်ရတနာတစ်ခုဖြစ်သည်ကတော့ အသေအချာပင်။
ထို့ကြောင့် ရန်ကျောက်ကဲက ထိုပစ္စည်းကို ကျေးဇူးတင်စွာဖြင့်လက်ခံပြီး သန့်စင်ပေးခဲ့သည်။
အမတကြိုးကြာတောင်ပံအတွင်းမှ သဘောတရားများကို နားလည်သဘောပေါက်အောင် ခွဲခြမ်းစိတ်ဖြာပြီးနောက် ချီစွမ်းအားစီးဆင်းမှုကို လေ့လာရင်း ရန်ကျောက်ကဲက သူ့အရှေ့မှ အနက်ရောင်ဝတ်သိုင်းဆရာသခင်ကိုလည်း အေးစက်စွာပင် သတိမပြတ် အာရုံစိုက်နေခဲ့သည်။
တစ်ဖက်လူကလည်း အေးစက်မှုများဖြင့် ပြည့်နက်နေသည့် အဝါရောင်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။
ထိုအေးစက်မှုက ရန်ကျောက်ကဲတစ်ယောက်တည်းအပေါ်တွင်သာ မဟုတ်ဘဲ ၊ ဝါဒတောင်မှ သိုင်းသမားတိုင်းအတွက် ဖြစ်သည်။
ထိုအချိန် ရန်ကျောက်ကဲကို ဖုံးလွှမ်းရစ်ပတ်ထားသည့် ကြိုးကြာငှက်မွှေးဝတ်ရုံမှ ကျယ်လောင်စူးရှသည့် ကြိုးကြာအော်သံတစ်သံ ထွက်ပေါ်လာသည်။
ခဏအတွင်းမှာပင် အမတကြိုးကြာတောင်ပံက ရန်ကျောက်ကဲပတ်ပတ်လည်သို့ လွင့်ပျံသွားလေရာ ရန်ကျောက်ကဲမှာ လက်များပင် တုန်ခါသွားသည်။ သူ့ပုံစံက အတောင်ပံများဖြန့်ကာ ပျံသန်းနေသည့် အမတကြိုးကြာတစ်ကောင်အလား ထင်မှတ်ရသည်။
တစ်ချိန်တည်းပင် ငှက်မွှေးဝတ်ရုံအစွန်းမှ အလင်းရောင်တစ်ချက် တောက်ပသွားပြီး ထိုအလင်းရောင်က ငှက်မွှေးများအားလုံးသို့ ပျံ့နှံ့သွားကာ ရန်ကျောက်ကဲရှေ့မှ သိုင်းဆရာသခင်ဆီသို့ ငှက်မွှေးဆူးတောင်များဖြင့် ထိုးစိုက်ချလိုက်သည်။
အလင်းရောင်တောက်ပနေသည့် ငှက်မွှေးများက ဓားသွားများအလား စူးရှချွန်ထက်နေပြီး ပြင်းထန်သော မိုးကြိုးမုန်တိုင်းတစ်ခုပမာ အနက်ရောင်ဝတ်သိုင်းဆရာသခင်ရှိရာသို့ ပစ်လွှတ်ဝင်ရောက်သွားသည်။
အမှောင်ဘက်ခြမ်းမှ သိုင်းဆရာသခင်က ညည်းညူသံတစ်ချက်ပြုလုပ်ရင်း ဓားကိုဝှေ့ယမ်း ခုခံလိုက်သည်။ သူ၏မှေးမှိန်သော ဓားအလင်းရောင်က အလင်းစက်ဝန်းအဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခုပမာ ဝင်ရောက်လာသည့် ငှက်မွှေးဆူးချွန်များကို ကာကွယ်ရင်း နောက်သို့ အဆက်မပြတ်ဆုတ်ခွာသွားသည်။
ရန်ကျောကက်ကဲက အမတကြိုးကြာတောင်ပံများကို ဖြည်းဖြည်းချင်း သန့်စင်နိုင်ခဲ့ပြီဖြစ်သောကြောင့် ထိုသူက ပြန်လည်ဆုတ်ခွာသွားခြင်း ဖြစ်သည်။ အမတကြိုးကြာတောင်ပံကို သန့်စင်ပြီးလျှင် ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို လွတ်လပ်စွာအသုံးပြုပြီး တိုက်ပွဲဝင်နိုင်တော့မည်ကို အနက်ရောင်ဝတ်သိုင်းသမား ခန့်မှန်းမိသည် မဟုတ်ပါလား။
ထို့ကြောင့် ယခုချိန် လွတ်အောင်မပြေးလျှင် ဤသီးခြားကမ္ဘာငယ်ထဲတွင် အသက်ပျောက်ပြီးကျန်ရစ်ခဲ့သူမှာ ရန်ကျောက်ကဲမဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေပေလိမ့်မည်။
သို့ပေသိ ရန်ကျောက်ကဲက နောက်ဆုတ်သွားသည့်ရန်သူကို လွယ်လွယ်နှင့်အလွတ်မပေးခဲ့ပေ။
သူက လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ ခပ်တိုးတိုးဓားခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီး သူ၏အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းနဂါးဓားက လျှင်မြန်သောအရှိန်အဟုန်ဖြင့် လျှပ်တပြက် ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်စိမ်းနဂါးဓား၏ ကျောက်စိမ်းရောင်ဓားအလင်းတန်းက ရန်သူကို ခုတ်ပိုင်းပစ်လိုက်သည်။
တိုးလျသည့်အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး လေထဲတွင် သွေးစများ ပျံ့ကျဲသွားသည်။
ရန်ကျောက်ကဲ၏ဓားချက်ဖြင့် အမှောင်ဘက်ခြမ်းမှ သိုင်းဆရာသခင်၏ အနက်ရောင်သတ္တုမျက်နှာဖုံးတစ်ခြမ်း ပြတ်ကျသွားပြီး မျက်နှာထက်တွင် ဓားဒဏ်ရာရရှိသွားသည်။ ထိုဓားဒဏ်ရာမှ သွေးများစီးကျလျှက် ရှိသည်။
အနက်ရောင်ဝတ်သိုင်းဆရာသခင်သည် အသံတစ်စက်မှမထွက်ဘဲ လက်ကိုအမြန်ပင့်မြှောက်ပြီး မျက်နှာကိုဖုံးကွယ်ကာ နောက်ပြန်လှည့်ပြေးသွားလေတော့သည်။
အမတကြိုးကြာတောင်ပံများကို အပြီးထိမသန့်စင်ရသေးသောကြောင့် ထိုသူနောက်သို့ ရန်ကျောက်ကဲ လိုက်ပါသွားနိုင်ခြင်း မရှိပေ။ သို့သော် သူ့မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နက်နေသည်။
“မျက်နှာတစ်ဝက်ပဲ မြင်လိုက်ရပေမယ့်... ဒီ... ဒီမျက်နှာက အတော်လေးရင်းနှီးနေတာပဲ”
ထို့နောက် ရန်ကျောက်ကဲက ပြတင်းတံခါးရှိရာသို့ လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ စောစောက ရန်သူနှင့် တိုက်ခိုက်နေစဉ် ပြတင်းတံခါးတွင် လူတစ်ယောက်ရှိနေကြောင်း ရိပ်မိခဲ့သည်။ ယခု ထိုသူက သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပေပြီ။
သက်ကယ်မိုးတဲငယ်လေးအပြင်ဘက်တွင်တော့ လင်ကျိုးသည် မရပ်မနား လျှင်မြန်စွာဖြင့် ထွက်ပြေးလာသည်။
ရန်ကျောက်ကဲက အနက်ရောင်ဝတ်သိုင်းဆရာသခင်၏ သေလောက်သည့်တိုက်ခိုက်မှုကို ရွှေသင်္ကေတခန္ဓာဖြင့် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အမတကြိုးကြာတောင်ပံကို သန့်စင်လိုက်နိုင်ကြောင်း တွေ့မြင်သည်နှင့် လင်ကျိုးက လှုပ်ရှားမှုပြုလုပ်ရန် တစ်ချက်ပင် စိတ်မကူတော့ဘဲ ထွက်ပြေးလာခြင်း ဖြစ်သည်။
ဤနေရာတွင် အမတကြိုးကြာတောင်ပံကို သန့်စင်နေသည့် ရန်ကျောက်ကဲပြီးလျှင် လင်ကျိုးက ထိုရတနာပစ္စည်းနှင့် အကျွမ်းဝင်ဆုံးဖြစ်သည်။
ထို့ပြင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစလည်း ရန်ကျောက်ကဲထံတွင် ရှိနေသေးသည်။
ထိုအကြောင်းကို စဉ်းစားမိသည့်အခါ လင်ကျိုးနှလုံးသားထဲ စူးရှစွာနာကျင်လာပြီး သွေးများစီးကျလာသည့်အလား ခံစားရသည်။
သူ ပိုင်ဆိုင်ချင်သည့် အဖိုးတန်ရတနာပစ္စည်းတိုင်းက ရန်ကျောက်ကဲလက်ထဲ ကျရောက်သွားစမြဲပင်။
ပထမ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ ၊ ယခု ဒုတိယအကြိမ် အမတကြိုးကြာတောင်ပံသည်လည်း ရန်ကျောက်ကဲလက်ထဲကျရောက်သွားခြင်းကို ရင်ထုမနာဖြင့် ဒီအတိုင်းကြည့်နေခဲ့ရသည်။
အလွန်အမင်းစိတ်ဓာတ်ကျနေသော လင်ကျိုးသည် သူ့နံဘေးမှ ဧရာမသစ်ပင်ကြီးနှင့် ကိုယ့်ခေါင်းကိုယ်သာ ပြေးစောင့်ချင်စိတ် ဖြစ်မိသည်။
ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုပြီး အမတကကြိုးကြာတောင်ပံများကို ထိန်းချုပ်ပြီး ပြန်လည်သန့်စင်နိုင်ခဲ့သည်သာမက အနက်ရောင်ဝတ်သိုင်းဆရာသခင်ကိုပင် နောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။
သူကတော့ ရန်ကျောက်ကဲလက်မှလွတ်အောင် တတ်နိုင်သမျှ အမြန်ပြေးနေရသည်။
လင်ကျိုးမှာ သူ့ကိုယ်သူ သောက်သုံးမကျလေခြင်းဟု အပြစ်တင်ရင်း သွေးအန်လုမတတ် ဖြစ်လျှက်ရှိတော့၏
***