← Chapters

ရာဇဝင်တွင်တဲ့ကျီးပါးစပ်ပုတ်

Vol. 17 Ch. 241

ရာဇဝင်တွင်တဲ့ကျီးပါးစပ်ပုတ်

Vol. 17 Ch. 241

“ကောင်းကင်မိုးကြိုးခန်းမက သိုင်းသမားပဲ...”

သက်ကယ်မိုးတဲငယ်လေးအနားသို့ စူးစမ်းရှာဖွေရန် ရောက်လာသူ၏ အသက်ရှူသံအား ပြန်လည်အာရုံခံကြည့်လိုက်သည့်အခါ မည်သည့်ဂိုဏ်းမှဖြစ်ကြောင်း ရန်ကျောက်ကဲ ခန့်မှန်းမိသည်။

သူ့မျက်နှာအမူအရာက ပြုံးသလိုလိုနှင့် တကယ်တမ်းတွင် ပြုံးနေခြင်း မရှိပေ။

“ဘာလဲ... မိတ်ဆွေဟောင်းတွေလား”

ထို့နောက် ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း အတွေးများကို ရုတ်သိမ်းကာ အမတကြိုးကြာတောင်ပံကို သန့်စင်ရန် ပြန်လည်အာရုံစိုက်လိုက်၏။

အချိန်ခဏအတွင်း အမတကြိုးကြာတောင်ပံထက်မှ ကြိုးကြာအမွှေးများသည် အသက်ဝင်လာသည့်အလား အနည်းငယ်တုန်ယင်သွားသည်။

ရန်ကျောက်ကဲက ဆက်လက်သန့်စင်သည့်အခါ ငှက်မွှေးတစ်ခုစီတိုင်းမှ ကြိုးကြာငှက်အော်မြည်သံများ ပြတ်သားစူးရှစွာ ထွက်ပေါ်လာသည်။

အဆုံးသတ်တွင် ကြိုးကြာငှက် အော်မြည်သံများပျောက်ကွယ်သွားသည်။ ရန်ကျောက်ကဲက စူးရှသည့်အကြည့်ဖြင့် အမတကြိုးကြာတောင်ပံကို ကြည့်လိုက်ချိန် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီ ဖြစ်သည်။ ထို့နောက် ကြိုးကြာတောင်ပံတစ်စုံက ကြိုးကြာငှက်မွှေးဝတ်ရုံအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲခန္ဓာကိုယ်ထက် လွှမ်းခြုံကျဆင်းသွားသည်။

ယခုတော့ ရန်ကျောက်ကဲကို အနှောက်အယှက်ပေးမည့်သူ မရှိတော့ပေ။ သူက ချက်ချင်းပင် စားပွဲတိုလေးထက်မှ ဘဝအလင်းအမတကျောက်တုံးအပါအဝင် အခြားသောရတနာပစ္စည်းများကို သိမ်းယူလိုက်သည်။

ပစ္စည်းများကိုသိမ်းဆည်းပြီးနောက် ရန်ကျောက်ကဲက နေရာတွင်ရပ်ကာ လက်နှစ်ဖက်ဆုပ်ဦးညွှတ်ဂါရဝပြုလိုက်ရင်း...

“သမားတော်’ဟယ်’... ကျွန်တော် ရန်ကျောက်ကဲ သမားတော်ကို ကျေးဇူးအများကြီးတင်ပါတယ်”

ထို့နောက် ရန်ကျောက်ကဲက ငှက်မွှေးဝတ်ရုံကိုခြုံလျှက် သက်ကယ်မိုးတဲငယ်လေးအတွင်းမှ ထွက်လာခဲ့သည်။ တိုက်ပွဲများကြောင့် ပျက်စီးနေသည့် အပြင်ဘက်နယ်မြေသည် သူပင်မမှတ်မိလောက်အောင် စုတ်ပြတ်လျှက်ရှိသည်။

အမှောင်ဘက်ခြမ်းမှ မျက်နှာဖုံးစွပ်သိုင်းဆရာသခင် ထွက်ပြေးသွားသည်ကိုတွေ့သည်နှင့် အားဟူနှင့် တိုက်ခိုက်နေသည့် ရန်သူ (၃)ယောက်မှာ ကျောရိုးတစ်လျှောက်အေးစိမ့်သွားကြသည်။

ရန်ကျောက်ကဲကို မနိုင်သောကြောင့် ထိုသိုင်းဆရာသခင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အားလုံးသဘောပေါက်ကြသည်။

လက်ရှိတိုက်ပွဲတွင် သူတို့ရှေ့မှ လူထွားကြီးက သွေးဆာနေသည့် ကျားတစ်ကောင်အလား ဖြစ်သည်။ (၃)ယောက် (၁)ယောက် တိုက်ပွဲဖြစ်သည့်တိုင် ထိုလူထွားကြီးက အသာစီးရနေပြီး သူတို့က တိုက်ပွဲအခြေအနေကို ခက်ခက်ခဲခဲဖြင့် ထိန်းထားရသည်။

သူတို့အနေဖြင့် သက်ကယ်မိုးတဲငယ်လေးအတွင်းမှ အဖိုးတန်ရတနာပစ္စည်းများကိုရရှိရန် မျှော်လင့်ချက်မရှိတော့သည်မှာ ထင်ရှားသည်။

အဖိုးတန်ပစ္စည်းများမရသည့်အတူတူ ဤနေရာတွင် အသက်ဆုံးခံ၍ မဖြစ်ပေ။

ထို့ကြောင့် (၃)ယောက်သား ချက်ချင်းပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ပြီး အခြေအနေမှ ရုန်းထွက်ရန် စတင်စဉ်းစားကြသည်။

အားလုံး၏ ဘုံရန်သူဖြစ်သော အားဟူကိုတိုက်ခိုက်ရန်အတွက် သူတို့အားလုံး လက်တွဲပူးပေါင်းခဲ့ကြသည်။

သို့သော် ဆုတ်ခွာထွက်ပြေးရန် ကြိုးစားရာတွင်တော့ သူတို့က လက်တွဲပူးပေါင်းခြင်းမပြုကြတော့ဘဲ ကိုယ်အန္တရယ်ကင်းရေးကိုသာ အဓိကထားပြီး ဦးစားပေးမည် ဖြစ်သည်။

အစကတည်းက သူတို့က တစ်ဖွဲ့တည်းမဟုတ်ကြလေရာ အခြားတစ်ယောက် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အရေးစိုက်ကြမည် မဟုတ်ပေ။

တစ်ယောက်လွတ်မြောက်ရန်အတွက် အခြားတစ်ယောက် အသက်ဆုံးရလျှင်တောင်မှ သူတို့စိတ်ထဲ မည်သို့မှသဘောထားမည် မဟုတ်ပေ။

ထိုသို့ဖြင့် သိုင်းဆရာသခင် (၃) ယောက် ပြေးပွဲကြီးစတင်ကြတော့သည်။

သူတို့အနေဖြင့် အာဟူထက်ပိုပြီး လျှင်မြန်စရာမလိုပေ။ ကျန် သိုင်းဆရာသခင် (၂)ယော်ကထက် လျှင်မြန်အောင်ပြေးနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

နောက်ကျကျန်ရစ်ခဲ့သူက အားဟူလက်ချက်ဖြင့် အသက်ပျောက်မည်ဖြစ်ရာ နောက်ကျသည့်ခြေထောက် သစ္စာဖောက်သာပင်။

ကျင့်ကြံခြင်းအဆင့် အခိုင်မာဆုံးဖြစ်သည့် နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်က စွမ်းအားမြင့်မားသည့် နေမင်းခုန်ပျံသိုင်းပညာကို အသုံးပြုကာ အရင်ဆုံး ထွက်ပြေးသွားသည်။

သို့ပေသိ အားဟူက အစကပင် သူ့ကို အာရုံစိုက်နေသည်ဖြစ်ရာ ထိုသူ၏ နှလုံးသားတည့်တည့်သို့ နေစင်ဓားဝှက်ဓားဖြင့် ထိုးစိုက်ပစ်လိုက်သည်။

ကျန်ရှိသည့် သိုင်းဆရာသခင် (၂)ယောက်တွင် တစ်ယောက်ကတော့ လွတ်မြောက်သွားပြီး ကျန်တစ်ယောက်မှာ အားဟူ၏ နတ်ကျားတစ္ဆေလက်သည်းသိုင်း လက်ချက်ဖြင့် အသက်ပျောက်သွားသည်။

ရန်ကျောက်ကဲက အားဟူရှေ့ရောက်လာပြီး ပြုံးလိုက်သည်။

“မင်းပုံစံကြီးကလည်းကွာ... ညဘက်ကလေးတွေငိုရင်တောင် မင်းကိုမြင်ရင် အငိုရပ်သွားနိုင်တယ်”

ဟုတ်ပေ၏။ သေမင်းတစ်ပါးအလား အားဟူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများစွန်းထင်းလျှက် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လျှက်ရှိသည်။

သူက ပြုံးလိုက်ရင်း...

“ကျွန်တော်က အကုန်လုံးကို သတ်မပစ်နိုင်လို့ စိတ်မကောင်းဖြစ်နေတာ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ညည်းညူရေရွတ်သည်။

“အေးကွာ... ငါတို့တွေ အကုန်လုံးကို သတ်မပစ်နိုင်တာ စိတ်မကောင်းစရာပဲ”

အားဟူက စူးစမ်းဟန်ဖြင့်...

“သခင်လေး... အဲဒါဘာလဲ”

ရန်ကျောက်ကဲလက်ထဲတွင်ကိုင်ထားသည့် အနက်ရောင်သတ္တုမျက်နှာဖုံးအပိုင်းအစကိုကြည့်ရင်း အားဟူက မေးလိုက်ခြင်းပင်။

ရန်ကျောက်ကဲ စိတ်အာရုံထဲတွင် လျှို့ဝှက်ပြီး ထူးဆန်းလွန်းသော အနက်ရောင်ဝတ်သိုင်းသမား၏ မျက်နှာဖုံးတစ်ဝက် ပြတ်ကျသွားသည့်မြင်ကွင်းကို ပြန်လည်စဉ်းစားနေမိသည်။ ထိုသူ၏ လှစ်ဟထွက်ပေါ်လာသည့်မျက်နှာတခြမ်းကို ပြန်လည်မြင်ယောင်ရင်း ခေါင်းခါယမ်းမိ၏။

ထိုသူက သူ့မျက်နှာကို လက်ဖြင့်အလျှင်အမြန်ကာကွယ်လိုက်သော်လည်း ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအင့်ဖြင့် ထိုသူ၏မျက်နှာကို ဖျတ်ခနဲ တွေ့မြင်လိုက်ရသည်သာ။

“ဒါက အဲဒီလူရဲ့ မျက်နှာဖုံးလေ...”

ရန်ကျောက်ကဲ ပြန်ဖြေသည်။

“သူ့မျက်နှာတစ်ဝက်ကိုပဲ မြင်လိုက်ရပေမယ့်... အဲဒီလူကို ငါ သေချာပေါက် သိနေသလိုပဲ”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စူးစမ်းရင်း မေးစေ့ကို တစ်ချက်ပွတ်သပ်သည်။

“ဒီနေရာမှာ ဝိညာဉ်စွမ်းအားယိုယွင်းမှုတွေက နောက်ဆုံးအဆင့်ရောက်နေပြီ ၊ မကြာခင် ဒီသီးခြားကမ္ဘာတစ်ခုလုံး ပြိုကျတော့မယ် ၊ ငါတို့ အချိန်နည်းနည်းယူပြီး လုပ်စရာရှိတာတွေ လုပ်ပြီးရင် ဝိညာဉ်အစီအရင်တံခါးဆီ အမြန်ပြန်ရမယ်”

ထို့နောက် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း သူ့ပခုံးထက်ခြုံလွှမ်းထားသည့် ကြိုးကြာငှက်မွှေးဝတ်ရုံကို တစ်ချက်ပွတ်သပ်လိုက်သည်။

“ဒါပေမဲ့ ဒီပစ္စည်းနဲ့ဆိုရင်တော့ အများကြီး အချိန်ကုန်သက်သာသွားမှာပါ”

အားဟူက ရန်ကျောက်ကဲအနား ရောက်လာပြီး...

“သခင်လေး... ဒါကဘာပစ္စည်းလဲ”

ဟု စူးစမ်းမေးမြန်းပြန်၏။

ရန်ကျောက်ကဲက...

“ဟိုးအရင်တုန်းက သမားတော်ကြီးတစ်ယောက်က သူ့ရဲ့ လက်သီးသိုင်းဝိညာဉ်ကို အမတကြိုးကြာတစ်ကောင်ရဲ့ ငှက်မွှေးတွေနဲ့ပေါင်းစပ်ပြီး ဒီဝတ်ရုံကို ပုံဖော်ပြုလုပ်ခဲ့တယ် ၊ ဒီပစ္စည်းက ဝိညာဉ်ပစ္စည်းနဲ့ မှော်ဝင်ပစ္စည်းအမျိုးအစားတွေထဲမှာ မပါဝင်ပေမယ့် ထူးခြားတဲ့ ရတနာပစ္စည်းတစ်ခုလို့ ယူဆလို့ရတယ် ၊ သူ့ရဲ့ အားနည်းချက်ကတော့ အသုံးပြုပြီးတာနဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားတာပဲ ၊ ပိုင်ရှင်က ဝိညာဉ်စွမ်းအားတွေ ပြန်လည်ဖြည့်တင်းပေးရတယ် ၊ ခမ်းခြောက်သွားတဲ့ ဝိညာဉ်စွမ်းအားတွေ ပြန်ပြည့်လာတော့မှ နောက်တစ်ကြိမ်အသုံးပြုလို့ရတယ်လေ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ပုံစံကသိမ်မွေ့ပြီး အရမ်းလည်းအသုံးဝင်တော့ ဒီပြစ်ချက်ကို ဘယ်သူမဆို လျစ်လျူရှုလိုက်ကြတာပါပဲ”

ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။

“ငါ ဒီနေရာကိုလာရတဲ့အကြောင်းရင်းက ဘဝအလင်းအမတကျောက်တုံးလိုချင်လို့လာခဲ့တာ ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ ဒီပစ္စည်းကို ရလိုက်တာကတော့ အတော်လေးကံကောင်းတယ်လို့ ပြောလို့ရတယ်”

အားဟူက...

“အမှန်ပဲ ၊ ဒါပေမဲ့ ဒီနေရာကို ဒီလောက်များတဲ့လူတွေ ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး”

သူက ဆက်ပြောသည်။

“စောစောက ဒီနေရာကို ခိုးကြောင်ခိုးဝှက်ရောက်လာတဲ့ မျိုးမစစ်ကောင်က ကျွန်တော်တို့ကို မယှဉ်နိုင်လို့ ပြန်ပြေးသွားတာဖြစ်ရမယ် ၊ သူက ကျွန်တော်တို့နဲ့ယှဉ်ပြီး ရတနာပစ္စည်းတွေကို လုယူနိုင်စွမ်း မရှိဘူးလေ ၊ ပြီးတော့ ဒီထဲကို ရေဝင်လာအောင် မြောင်းတူးလိုက်တော့ သတင်းကပျံ့သွားပြီး ငါးတွေပါဝင်လာကြတာနေမှာပေါ့ ၊ ချီး... သိုင်းဆရာသခင်တွေ အများကြီးပဲ ဝင်လာလိုက်ကြာတာ”

ရန်ကျောက်ကဲက သက်ကယ်မိုးတဲငယ်လေး အနောက်ဘက်ရှိ ဆေးပင်စိုက်ခင်းဆီသို့ အားဟူနှင့်အတူ ထွက်ခွာလာသည်။

“အင်း... မင်းရဲ့ခန့်မှန်းချက်က အမှန်တရားနဲ့ နီးစပ်ပါတယ်”

အားဟူက အံတင်းတင်းကြိတ်လိုက်ရင်း...

“အဲဒီကောင် ကျွန်တော့်လက်ထဲမရောက်တာ သက်သာသွားတာ ၊ မဟုတ်လို့ကတော့ သေချာပေါက် သင်ခန်းစာ ပေးပစ်လိုက်မယ်”

ရန်ကျောက်ကဲက...

“ဒီနေရာက သိပ်မကြာခင် ပြိုကျတော့မယ် ၊ နောက်ထပ်ဝင်လာမယ့် ရန်သူတွေကိုလည်း သတိထား ၊ ငါတို့လည်း မြန်မြန်လေး လှုပ်ရှားကြတာပေါ့”

ထို့နောက် ရန်ကျောက်ကဲက ဆေးပင်စိုက်ခင်းမှ ဝိညာဉ်ဆေးပင်များကို အလျှင်အမြန် တူးထုတ်နေသည်။

“ဝါး... မဟာကပ်ဘေးကြီးမတိုင်ခင်က ဆေးပင်မျိုးစိတ်တွေ အများကြီးပဲ ၊ တချို့ဆိုရင် အခုခေတ်မှာ မျိုးတုံးပျောက်ကွယ်နေပြီဖြစ်တဲ့ ဆေးပင်တွေပဲ ၊ ဒီတစ်ခါတော့ ငါတို့ခရီးထွက်လာတာ အလကားမဖြစ်ဘူးပဲ”

ရန်ကျောက်ကဲနှင့်အတူ ဆေးပင်များကို ကူညီတူးဖော်ပေးနေသည့် အားဟူက...

“ဟုတ်ပ ၊ ပြီးတော့... ဒီထဲဝင်လာတဲ့ သိုင်းဆရာသခင် (၄)ယောက်လုံးက ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တွေဖြစ်နေတာလည်း ကံကောင်းတယ် ၊ သူတို့သာ ကျင့်ကြံခြင်းအဆင့် နည်းနည်းပိုမြင့်မယ်ဆိုရင် ကျွန်တော် ထိန်းထားနိုင်မှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်သာ ရောက်လာခဲ့ရင်... ဟာ... အခု မကောင်းတော့ဘူး”

အားဟူ စကားလမ်းကြောင်းပြောင်းသွားသလို မျက်နှာလည်း ပျက်သွားသည်။ တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးတွင် စူးရှသည့်နာကျင်ခြင်းကို ခံစားလိုက်ရပြီး လျှပ်စီးများလင်းလက်လာသည်။

မိုးကုတ်စက်ဝိုင်း အဝေးတစ်နေရာတွင် ရုတ်တရက် အလင်းတန်းများတောက်ပလာပြီး ကောင်းကင်တစ်ခုလုံး သွေးနီရောင်လွှမ်းသွားသည်။

အလင်းရောင်က သက်ကယ်မိုးတဲငယ်အနားသို့ လျှင်မြန်စွာရောက်ရှိလာပြီး ပြင်းထန်သည့် ချီစွမ်းအားလှိုင်းလုံးများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထို့နောက် ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာ၏။

“’ရန်’ မျိုးနွယ်ကောင်... ၊ ဒီတစ်ခါတော့ မင်းကို ဘယ်သူလာကယ်မလဲ ကြည့်ကြတာပေါ့”

ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသဖြင့် ရန်ကျောက်ကဲ ခဏမျှ မှင်တက်သွားသည်။

“သွေးနီရောင်အလံသခင်...”

ရောက်လာသူမှာ ဖျက်ဆီးခံလိုက်ရသည့် ဝိညာဉ်အလံငါးပါးဂိုဏ်းမှ ကြွင်းကျန်သူတစ်ယောက်ဖြစ်သော “သွေးနီရောင်အလံသခင်” ပင် ဖြစ်သည်။ သူက ဝိညာဉ်အလံငါးပါးဂိုဏ်း၏ လက်ကျန်များထဲတွင် ကျင့်ကြံခြင်း အမြင့်မားဆုံး ဖြစ်၏။

ထိုစဉ်က ရန်ကျောက်ကဲ၏ဖခင် ရန်တိ လက်ချက်ဖြင့် ဝိညာဉ်အလံငါးပါးဂိုဏ်း ဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် သွေးနီရောင်အလံသခင်က နှစ်ပေါင်းများစွာ အမုန်းပွားကာ ရန်ငြိုးထားခဲ့သည်။ အရှေ့ထန်နိုင်ငံတွင် ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ခြေရာဖျောက် ပျောက်ကွယ်သွားခဲ့သည်။

ယနေ့ ဤသီးခြားကမ္ဘာငယ်တွင် ထိုသူ ပြန်ပေါ်လာမည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။

ရန်ကျောက်ကဲမှာ ထိုသူ ဤနေရာသို့ အဘယ့်ကြောင့် ရောက်လာရသည်ကို မစဉ်းစားနိုင်အားပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။

သွေးနီရောင်အလံသခင်သည် အမတဝိညာဉ် ကနဦးအဆင့် သိုင်းဆရာသခင်ဖြစ်ပြီး သိုင်းဆရာသခင်အဆင့်၏ စတုတ္ထအဆင့်တွင် ရှိသည်။

အားဟူမှာ ပါးစပ်အဟောင်းသားမျက်လုံးအပြူးသားဖြင့် ၊ တကယ်တော့ သူ့မှာ ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရသည်။

“ဒါကြီးက... တကယ် ပြောတဲ့အတိုင်းဖြစ်လာတားလားဟ...”

***

All Chapters