မြေရှိုးမိုးပျံ
Vol. 17 Ch. 242
ပတ်ဝန်းကျင်တစ်ခုလုံး တောက်လောင်နေသည်။ လှိမ့်တက်လာသည့် အပူလှိုင်းကြီးများက အသက်ရှူကြပ်လောက်အောင် တဟုန်းဟုန်း ပူလောင်နေသည်။
သို့သော် ရန်ကျောက်ကဲနှင့် အားဟူတို့ကတော့ ပူလောင်မှုကို မခံစားရဘဲ အေးစိမ့်သည့် အအေးဒဏ်ကို ခံစားနေကြရသည်။
သိုင်းဆရာသခင်ဖြစ်လာပြီးနောက်ပိုင်း သိုင်းကျင့်ကြံသူများအနေဖြင့် ပုံရိပ်ယောင်မိုးမြေကို အစစ်အမှန်လောကအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း ရှိလာကြသည်။ အတုအယောင်မှ အစစ်အမှန်သို့ ပြောင်းလဲနိုင်ပြီး လောက၏အရင်းခံမူဝါဒများကို အမှန်တကယ် သိမြင်လာကြသည်။
ဝိညာဉ်ခန္ဓာ ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်များ အဆင့်ဆင့် ရွေ့လျားပြောင်းလဲခြင်းတွင် ဝိညာဉ်အာဟာရဖြည့်ခြင်း ၊ ဝိညာဉ်မျိုးစေ့တည်ဆောက်ခြင်း ၊ ဝိညာဉ်အညွန့်အဖူးများ မွေးဖွားခြင်းများက ဤ အစစ်အမှန်လောက မွေးဖွားဖြစ်တည်ရန်အတွက် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
ဝိညာဉ်ခန္ဓာအဆင့်အထွတ်ထိပ် သိုင်းဆရာသခင်တစ်ယောက်သည် အစစ်အမှန်လောကကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက အမတဝိညာဉ်သိုင်းဆရာအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ထို့နောက် ဝိညာဉ်စွမ်းအားက ကြယ်တာရာချီစွမ်းအားဖြင့်ပေါင်းစပ်ကာ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထွက်ပေါ်လာသည်။ ကြယ်တာရာချီစွမ်းအားအနှစ်သာရထွက်ပေါ်လာသည်နှင့် စွမ်းအားအရှိန်အဟုန် အလွန်တရာမြင့်မားလာကြောင်း တွေ့ကြုံရပေမည်။
သွေးနီရောင်အလံသခင်သည် ထိုသို့သော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်၏။
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ပြင်ပသို့ထွက်ပေါ်လာသည်နှင့် မိုးမြေတစ်ခွင်လုံး လောင်ကျွမ်းနေသည့် မီးတောက်များ ဖုံးလွှမ်းသွားသည့်ပမာ ပြောင်းလဲသွားပေမည်။
ရန်ကျောက်ကဲက မျက်လုံးတစ်ချက်လှန်လိုက်ရင်း အားဟူကို မကျေမနပ်ဖြင့်ဆိုသည်။
“မင်းက တကယ့်ကို ကျီးပါးစပ်ပုတ်ကြီးပဲ”
အားဟူမှာ မျက်နှာညှိုးငယ်လျှက် မည်သည့်စကားမှ မဆိုနိုင်ရှာပေ။
ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။
သူက တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။ ခြုံလွှမ်းထားသာ သူ့ပခုံးထက်မှ ကြိုးကြာငှက်မွှေးဝတ်ရုံက အလွန်ကြီးမားသည့် အမတကြိုးကြာတောင်ပံတစ်စုံအဖြစ် ပြေင်းလဲသွားသည်။
ကြိုးကြာငှက်မွှေးတိုင်းသည် သလင်းကျောက်များပမာ ဝိညာဉ်စွမ်းအားအလင်းရောင်များ တောက်ပလာပြီး တဖျတ်ဖျတ်လင်းလက်သွားကြသည်။
ရန်ကျောက်ကဲက ဝိညာဉ်ဆေးပင်များကို ရောနှောသိမ်းယူကာ ထုပ်ပိုးလိုက်သည်။ ယခုအချိန်တွင် ဆေးပင်အမျိုးအစားခွဲခြားနေရန် အချိန်မရှိတော့ပေ။
ထို့နောက် သူက ဆေးပင်အထုပ်ကို သိမ်းဆည်းလိုက်ပြီး လက်တစ်ဖက်ဖြင့် အားဟူကိုဖမ်းကိုင်ကာ အတောင်ပံများ တဖျတ်ဖျတ်ခတ်ရင်း ကောင်းကင်ထက် အဝေးဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံသန်းထွက်ခွာသွားလေတော့၏။
သူနှင့်အတူ အားဟူကို သယ်ဆောင်လာသည့်တိုင် ရန်ကျောက်ကဲ၏ ပျံသန်းမှုအမြန်နှုန်းက အလွန်လျှင်မြန်နေဆဲ ဖြစ်သည်။ အမတကြိုးကြာတောင်ပံက အမှန်တကယ်ပင် မြင့်မြတ်သောအမတရတနာတစ်ခု ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲနောက်မှလိုက်ပါလာသည့် မီးတောက်အလင်းလှိုင်းများကလည်း သမုဒ္ဒရာလှိုင်းလုံးများပမာ လုံးဝ အရှိန်နှေးကွေးခြင်း မရှိပေ။
မီးတောက်လှိုင်းလုံးများကြားမှ သွေးနီရောင်အလံသခင်၏ ကြိမ်းမောင်းအောင်ဟစ်သံ ထွက်ပေါ်လာသည်။
“’ရန်’မျိုးနွယ်ကောင် ၊ မင်း အဖေ ရန်တိ လုပ်ခဲ့တဲ့အလုပ်အတွက် မင်း ဒီနေ့ ပြန်ပေးဆပ်ရမယ်”
ရန်ကျောက်ကဲက သူ့ကိုအရေးမစိုက်ဘဲ အမတကြိုးကြာတောင်ပံများကိုသာ အရှိန်အဟုန်အပြည့်ဖြင့် ရှေ့ဆက်ပျံသန်းရန် အပြည့်အဝ အာရုံစိုက်နေသည်။
အလွန်မြင့်မားသောနေရာသို့ ရောက်ရှိလာပြီး သူတို့ရှေ့တွင် တိမ်ခိုးတိမ်ငွေ့များစုဝေးလာကာ တိမ်တိုက်များပင် ဖြစ်တည်လာသည်။ ရန်ကျောက်ကဲက ထိုအရာများအားလုံးကို မရပ်မနား ဖြတ်ကျော်ခဲ့သည်။
သူ့နောက်မှ လိုက်ပါလာသည့် မီးတောက်လှိုင်းလုံးများကလည်း တိမ်ပင်လယ်ကို ဖြတ်သန်းကာ အဆက်မပြတ် တောက်လောင်လျှက် ရှိသည်။
ရန်ကျောက်ကဲ လျှင်မြန်စွာ ပျံသန်းနေစဉ် မီးတောက်များအတွင်းမှ မီးနဂါးတစ်ကောင်ထွက်ပေါ်လာပြီး သူ့ထံသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးသို့အသာတိမ်းကာ ဝင်ရောက်လာသည့် မီးနဂါးကို ရှောင်တိမ်းလိုက်သည်။
မီးနဂါးက တိမ်တိုက်ပင်လယ်အတွင်းသို့ ထိုးဆင်းသွားပြီး တိမ်တိုက်များကို ထက်ရှသည့်ဓားသွားပမာ အလွှာလိုက်ဖြတ်တောက်ပစ်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။
ထို့နောက် ပြင်းထန်လှသောအရှိန်အဟုန်ဖြင့် လေထုထဲတွင် သွေးနီရောင်မီးတောက်များထွက်ပေါ်လာပြီး ရန်ကျောက်ကဲရှေ့မှ တိမ်ပင်လယ်ကြီးတစ်ခုလုံး မီးလောင်ကျွမ်းသွားသည်။
ထို့နောက် မီးတောက်များက အထက်သို့ မြင့်တက်လာပြီး တံတိုင်းတစ်ခုပမာ ရန်ကျောက်ကဲသွားမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ထိုအချိန် တိမ်တိုက်ပင်လယ်ကြီးမှာ အပူရှိန်ကြောင့် အငွေ့ပျံပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက ချက်ချင်းပင် အတောင်ပံများကို အောက်သို့နှိမ့်လိုက်ပြီး သူသွားမည့်လမ်းကို ပိတ်ဆို့ထားသော မီးတောက်တံတိုင်းကြီးကို ရှောင်လွှဲလိုက်သည်။
ထိုသို့ပြုလုပ်ခြင်းက မီးတောက်တံတိုင်းကြီးကို ရှောင်တိမ်းနိုင်သည့်တိုင် ပျံသန်းနေသည့် အရှိန်အဟုန် အနည်းငယ်လျော့ကျသွားသဖြင့် သူ့နောက်မှလိုက်လာသည့် သွေးနီရောင်အလံသခင်က သူနှင့်ပိုမိုနီးကပ်သွားသည်။
အားဟူက အနောက်သို့လှည့်ကြည့်ရင်း...
“သခင်လေး... သူ့ကိုတိုက်ခိုက်ဖို့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို သုံးလို့မရဘူးလား”
ရန်ကျောက်ကဲက...
“အနောက်ဘက်သဲကန္တာရကြီးထဲမှာ နဂါးနက်မုန်တိုင်းကို တွန်းလှန်ဖို့နဲ့ အခု အမတကြိုးကြာတောင်ပံကို ထိန်းချုပ်ဖို့ အဲဒါကို အသုံးပြုလိုက်ရတယ် ၊ ဒါကြောင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အပြည့်အဝ အားပြန်မပြည့်သေးဘူး ၊ သူ့အစွမ်း ဘယ်လောက်ပဲကျန်တော့လဲဆိုတာ ပြောရခက်တယ် ၊ ပြီးတော့ သွေးနီရောင်အလံသခင်လိုမျိုး သိုင်းဆရာသခင်ကို ရင်ဆိုင်ဖို့က မိုးကြိုးစွမ်းအားကိုထုတ်လွှတ်ပြီး ချက်ကောင်းကို တစ်ချက်တည်းထိအောင် တိုက်ခိုက်နိုင်မှ အဆင်ပြေမှာ”
ရန်ကျောက်ကဲက ပျံသန်းရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“ပြီးတော့... ကြည်လင်လျှို့ဝှက်ရေကန်မှာ တိုက်ခိုက်ရတာနဲ့ မတူတာက... အခုက သက်မဲ့အရာဝတ္ထုတစ်ခုကို တိုက်ခိုက်ရမှာ မဟုတ်ဘူး ၊ သက်မဲ့ပစ္စည်းဆိုလို့ကတော့ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက မိစ္ဆာနယ်မြေထဲက အစီအရင်ဗဟိုချက်ကို ရိုက်ချတာထက်တောင် သူ့ကို အေးအေးဆေးဆေး ရိုက်ချလို့ရတယ် ၊ ဒါပေမဲ့ ဒီတစ်ခေါက် ပစ်မှတ်က လှုပ်ရှားသက်ဝင်နေတဲ့ လူတစ်ယောက် ဖြစ်နေတယ်”
သူက ဆက်ပြောသည်။
“သက်ရှိလူတစ်ယောက်ဖြစ်နေရုံသာမကဘူး သူက သိုင်းဆရာသခင်တစ်ယောက် ဖြစ်တဲ့အတွက် အရမ်းသတိရှိသလို လျှင်လည်းလျှင်မြန်တယ် ၊ တစ်ချက်တည်းတိုက်ခိုက်ရုံနဲ့ သူ့ကိုထိနိုင်မှာမဟုတ်ဘူး ၊ ဒါဆိုရင် ငါတို့ကြိုးစားအားထုတ်မှုက အလကားဖြစ်သွားလိမ့်မယ်”
ပြောရင်း ရန်ကျောက်ကဲ၏ ပုံရိပ်က လေထဲတွင်တစ်ချက်တုံ့ဆိုင်းသွားကာ အောက်သို့ နှိ့မ်ဆင်းပျံသန်းလိုက်ပြီး အနောက်မှ ပစ်လွှတ်လိုက်သည့် မီးတောက်နဂါးကို ရှောင်တိမ်းလိုက်ရပြန်သည်။
သူ ရောက်ရှိနေသော သီးခြားကမ္ဘာမှာလည်း အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ မိုးကုတ်စက်ဝိုင်းဆီတွင် မရေမတွက်နိုင်သော အနက်ရောင်မျဉ်းကြောင်းများ ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
ထိုအနက်ရောင်မျဉ်းကြောင်းများက တောက်ပသည့်အလင်းရောင်လည်း မရှိသလို တကယ့်အစစ်အမှန်လည်း မဟုတ်ပေ။
ပန်းချီကားတစ်ချပ်ကွဲအက်သွားသဖြင့် ထွက်ပေါ်လာသည့် အက်ကွဲကြောင်းများပမာ သာဖြစ်သည်။
သီးခြားကမ္ဘာငယ်သည် ပျက်ဆီးခြင်းဆီသို့ စတင်ဦးတည်နေပေပြီ။
သွေးနီရောင်အလံသခင်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ မှေးမှိန်သွားသည်နှင့် မီးတောက်များသည်လည်း မှေးမှိန်သွားပြီး ကောင်းကင်တစ်ခွင်မှောင်မိုက်သွားသည်။
ကြမ်းတမ်းသည့်လေပြင်းများက အဆက်မပြတ်တိုက်ခတ်နေပြီး အမတကြိုးကြာတောင်ပံများကို ထိန်းချုပ်ပျံသန်းနေသည့် ရန်ကျောက်ကဲသည်ပင် အနည်းငယ် ဟန်ချက်ပျက်သွားရသည်။
အောက်ဘက်မှကမ္ဘာမြေကြီးက ပြင်းထန်စွာလှုပ်ခတ်နေပြီး မြေပြင်ထက်မှ ကျောက်တုံးနှင့် ရွှံနွံများက ပင့်ကူအိမ်များပမာ အဆက်မပြတ် အက်ကြောင်းများထင်လျှက်ရှိသည်။
ရန်ကျောက်ကဲသည် မြင်ကွင်းကိုကြည့်နေရင်း ရေအောက်မြို့တော်ကြီးတစ်ခု ပျက်စီးသွားသည့်ပုံရိပ်နှင့်ဆင်တူကြောင်း တွေ့လိုက်ရသည်။ သူ့အရှေ့မှ မြင်ကွင်းများ ပုံစံပြောင်းကာ ပုံပျက်သွားပေပြီ။
ရန်ကျောက်ကဲနောက်သို့ ဇွဲမလျှော့ဘဲလိုက်လာသည့် သွေးနီရောင်အလံသခင်သည်လည်း ဤကမ္ဘာငယ် မကြာခင်ပျက်ဆီးတော့မည်ကို ရိပ်မိလိုက်သည်။
ရန်ကျောက်ကဲက ဤနေရာတွင်ရှိနေသည်ဖြစ်ရာ သူက အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာသည်။ အန္တရယ်ကို ခံနိုင်ရည်ရှိရန် သူ့ကိုယ်သူ အားတင်းထားပြီး ရန်ကျောက်ကဲကို သတ်ဖြတ်ကာ ဤနေရာတွင် မြှုပ်နှံပစ်ချင်ခဲ့သည်။
ဤသီးခြားကမ္ဘာငယ်က အရှိန်အဟုန်ဖြင့် ပျက်ဆီးနေပြီး အဆုံးသတ်မြင်ကွင်းများကိုကြည့်ရင်း သွေးနီရောင်အလံသခင်က အရှိန်ကို မြှင့်တင်ကာ ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။ သူက မီးတော်ကနဂါးပေါင်းများစွာဖြင့် ရန်ကျောက်ကဲကို ပစ်ခတ်နေသည်။
လက်ရှိတွင် သူ့စိတ်က ဒေါသပြင်းထန်နေသည့်တိုင် သွေးနီရောင်အလံသခင်၏ တိုက်ခိုက်မှုများက မျက်ကန်းတစ္ဆေမကြောက် ကမူးရှူးထိုး တိုက်ခိုက်နေခြင်းမျိုး မဟုတ်ပေ။
မိုးမြေတစ်ခွင်ပျံနှံ့နေသည့် မီးတောက်များကြောင့် ရန်ကျောက်ကဲမှာ လှုပ်ရှားမည့်နယ်မြေ တဖြည်းဖြည်း ကျင်းမြောင်းလာသည်။ မီးတောက်များက ရန်ကျောက်ကဲပတ်ပတ်လည်တွင် ကြီးမားသည့်လှောင်အိမ်ကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ထူထဲသော မီးတော်ကအလင်းရောင်များက တညီတညွတ်တည်း ပေါင်းစည်းသွားကာ ကြီးထွားသည်ထက် ကြီးထွားလာပြီး မိုးမြေတစ်ခွင်ကို ဖုံးလွှမ်းသွားသည်။ ဤသည်က သီးခြားကမ္ဘာငယ်၏ ကြောက်မက်ဖွယ်ရာအတိပြီးသော အဆုံးသတ်မြင်ကွင်းများပင် ဖြစ်သည်။
ရန်ကျောက်ကဲ၏ အကြည့်များကတည်ငြိမ်နေသည့်တိုင် အမတကြိုးကြာတောင်ပံဖြင့် ရှေ့ဆက်ပျံသန်းနေခြင်းက အနည်းငယ် အစီအစဉ်မကျ ဖြစ်လာသည်။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။
သို့သော် မဝေးတော့သည့်တစ်နေရာရှိ လေထုထဲတွင် အလင်းရောင်များတောက်ပနေသည့် တံခါးတစ်ချပ်ကို တွေ့မြင်လိုက်ရသည်။
ထိုတံခါးက ရန်ကျောက်ကဲနှင့်အားဟူတို့ ဝိညာဉ်အစီအရင်မှတစ်ဆင့် သီးခြားကမ္ဘာငယ်အတွင်း ဝင်ရောက်လာသည့် တံခါးဖြစ်ပြီး မူလနေရာတွင် တည်ရှိနေဆဲ ဖြစ်သည်။
သို့ရာတွင် သီးခြားကမ္ဘာငယ်က ပျက်ဆီးခြင်းသို့ ဦးတည်နေလေရာ ဝိညာဉ်အစီအရင်တံခါးမှာလည်း ကန်ရေပြင်တွင်အရိပ်ထင်သည့်ပမာ သက်ရောက်မှုကို ခံစားရပြီး အဆက်မပြတ် တုန်ခါလျှက် မတည်မငြိမ် ဖြစ်နေသည်။
ဝိညာဉ်အစီအရင်တံခါးကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲက ချက်ချင်းပင် ထိုနေရာသို့ တဟုန်ထိုး ပျံသန်းသွားသည်။
သို့ပေသိ သူ့နောက်မှ လိုက်လာသော သွေးနီရောင်အလံသခင်ကလည်း သူနှင့်နီးကပ်လာပြီဖြစ်သည်။ ထိုသိုင်းဆရာသခင်က ရန်ကျောက်ကဲရှိရာသို့ လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်ရာ တောက်ပသည့်မီးတောက်များက ရန်ကျောက်ကဲရှိရာနေရာတစ်ခုလုံးကို တိုက်ရိုက်ဖုံးလွှမ်းသွားသည်။
ရန်ကျောက်ကဲမျက်ဝန်းများက ခရမ်းရောင်လျှပ်စီးများဖြင့် လင်းလက်တောက်ပသွား၏။
သူက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ စွမ်းအားကို အသုံးပြုကာ အမတကြိုးကြာတောင်ပံများကို ပိုမိုအားကောင်းစေလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သွေးနီရောင်အလံသခင်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ပြင်းထန်လွန်းသောအရှိန်အဟုန်ဖြင့် ရှေ့သို့ဆက်လက်ပျံသန်းသွားသည်။
သို့သော် သွေးနီရောင်အလံသခင်က ရရှိသည့်အခွင့်အရေးကို အပြည့်အဝ အသုံးပြုကာ ရန်ကျောက်ကဲကို ဖြတ်ကျော်တက်သွားပြီး မီးတောက်လှိုင်းလုံးကြီးများက ဝိညာဉ်အစီအရင်တံခါးကို လှည့်ပတ်ဖုံးလွှမ်းသွားလေတော့သည်။
ထိုသိုင်းဆရာသခင်က သူ့ကိုယ်ပိုင်ပြေးလမ်းကို သေချာစေပြီး ရန်ကျောက်ကဲ၏လမ်းကိုတော့ပိတ်ဆို့လိုက်သည်။
ရန်ကျောက်ကဲ၏ပခုံးထက်မှ အမတကြိုးကြာတေင်ပံက တုန်ခါသွားပြီး များပြားလှစွာသော ဓားသွားပမာအလင်းတန်းများက မီးပင်လယ်ကို မုန်တိုင်းပမာ ထိုးဖောက်ဝင်ရောက်သွားသည်။
သွေးနီရောင်အလံသခင်၏ အေးစက်သောရယ်မောသံက မီးတော်ပင်လယ်အတွင်းမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ တောက်ပသည့်မီးတောက်များက ဓားသွာအလားထက်ရှနေသည့်ငှက်မွှေးများကို လောင်ကျွမ်းသွားပြီး သံသံချင်းထိခတ်သံများပမာ တချွင်ချွင်မြည်သံများ ထွက်ပေါ်လာသည်။
သွေးနီရောင်အလံသခင်က မီးတောက်များကို ထိန်းချုပ်ထားသည့် နတ်ဆိုးတစ်ကောင်ပမာ မီးတောက်ပင်လယ်ထဲမှ ထွက်ပေါ်လာသည်။
အဘိုးကြီးက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း ထီမထင်ဟန် အော်ဟစ်ရယ်မောလိုက်သည်။
“တီကောင်လေး... မင်းအခု ဘယ်ကိုပျံမလို့လဲ”
***